အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄) လူမဆန်စွာ ငွေဖြုန်းနိုင်သော သူဌေး
ချန်ဖုန်းက ခေါင်းခါလိုက်၏။ "လူနာတွေကို ကြည့်ပေးဖို့ ကျွန်တော် စိတ်မဝင်စားဘူး... ဒါပေမဲ့ အရင်ဆုံး ဆွေးနွေးလို့ရမယ့် တခြားကိစ္စတစ်ခုတော့ ရှိနေတယ်..."
"မစ္စတာချန်... ပြောပါဦး..."
ဆေးရုံအုပ်ကြီးမှာလည်း အလွန် သိချင်နေခဲ့သည်။
တစ်နှစ်ကို ယွမ်ငါးသိန်း လစာကိုတောင် ဂရုမစိုက်နိုင်လောက်အောင် ဘယ်လိုကိစ္စကများ အဲဒီလောက် အရေးကြီးနေရတာလဲ...
ချန်ဖုန်းက ပြုံးလိုက်၏။ "ဟွာရှန်းဆေးရုံ ကို... ရောင်းမလား..."
"......"
လူတိုင်း မှင်တက်သွားကြပေသည်။
တစ်စုံတစ်ယောက်က ဆေးရုံတစ်ခုလုံးကို ဝယ်ယူချင်နေသည်ဆိုခြင်းမှာ ၎င်းတို့အဖို့ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လောက်ပေ၏။
သူ့ဘေးတွင် ရပ်နေသော ချန်ရွှမ်းရွှမ်း ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပေ၏။
ဘာတွေ ဖြစ်နေတာလဲ…
ချန်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ပွင့်ပွင့်လင်းလင်းပဲ ပြောရရင် ဟွာရှန်းဆေးရုံ ကို ကျွန်တော် ဝယ်ချင်တယ်...
ဒီဆေးရုံက ပုဂ္ဂလိကပိုင်ဆိုတာ ကျွန်တော် သိပါတယ်... ဆေးရုံအုပ်ကြီးအနေနဲ့ ခင်ဗျားတို့ရဲ့ သူဌေးက ကျွန်တော့်ကို ရောင်းဖို့ စိတ်ဝင်စားမှု ရှိမရှိ မေးပေးလို့ ရမလား..."
ထိုအချိန်မှသာ ဆေးရုံအုပ်ကြီး သတိပြန်ဝင်လာခဲ့လေ၏။
သူသည် ချန်ဖုန်းအား ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် တစ်ချက်ကြည့်ကာ သတိပေးလိုက်သည်။ "မစ္စတာချန်... ဟွာရှန်းဆေးရုံ က သိပ်မကြီးပေမဲ့ ဆေးရုံတစ်ခုလုံးကို ဝယ်ဖို့ဆိုတာ ငွေကြေးအရ တော်တော်လေး ဝန်ပိစေလိမ့်မယ်..."
"ဆေးရုံအုပ်ကြီး အပြင်ဘက်က ပါဂါနီ ကားကို မြင်လိုက်လား..."
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်၏။
သူက သူ့ကိုယ်သူ လက်ညှိုးထိုးကာ ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့်ဆက် ပြောဆိုလိုက်သည်။ "အဲဒါ ကျွန်တော့်ကားလေ... ယွမ် ၄၅ သန်းတန်တယ်... လက်ငင်းပေးချေထားတာ..."
ဘုရားရေ...
ဆေးရုံအုပ်ကြီးမှာ ချက်ချင်း ပါးစပ်ပိတ်သွားရတော့၏။
အဲဒီ ဇိမ်ခံကားကြီးက ဘယ်သူ့ကားလဲလို့ သူ တွေးနေခဲ့တာ။
တစ်နှစ်ကို ယွမ်ငါးသိန်း လစာကိုတောင် အထင်သေးနေတာ မဆန်းပါဘူးလေ။
ချီးပဲ...
ဒီကောင်လေးက တကယ့် သူဌေးကြီးအစစ်ပဲ…
"ခဏလောက် စောင့်ပါဦး... သူဌေးဆီ အခုချက်ချင်း ဖုန်းဆက်လိုက်ပါ့မယ်..."
ဆေးရုံအုပ်ကြီးက သူ၏ဖုန်းကို အလျင်အမြန် ထုတ်ယူကာ သူဌေးဖြစ်သူထံ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်လေသည်။
သူ့ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များလည်း ဖြစ်ပေါ်နေခဲ့၏။
‘မူလက ငါက မင်းရဲ့ သူဌေးဖြစ်ချင်ခဲ့တာလေ... အခုတော့ ငါက မင်းရဲ့ ဝန်ထမ်း ဖြစ်သွားရတော့မှာလား…’
ဘဝဆိုတာ တကယ်ကို ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါလား…
မကြာမီမှာပင် ဆေးရုံအုပ်ကြီးက ပြန်လည်ဖြေကြားလာခဲ့သည်။ "မစ္စတာချန်... ကျုပ်တို့ သူဌေးက ဟွာရှန်းဆေးရုံ ကို ရောင်းဖို့ အရမ်း စိတ်ဝင်စားနေပါတယ်..."
သူ အခု မြို့ထဲကနေ လာနေပြီ... နာရီဝက်လောက်ဆို ရောက်လာပါလိမ့်မယ်…
"ပြဿနာမရှိဘူး..."
ချန်ဖုန်းက ခေါင်းညိတ်လိုက်၏။
တကယ်လို့ တစ်ဖက်လူကသာ လိုလိုလားလား ရှိနေမယ်ဆိုရင် ကိစ္စတွေက လွယ်ကူသွားမှာပဲ...
သူသည် ၎င်းတို့အဖွဲ့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီး သူ၏ မိဘများက ဆေးရုံအုပ်ကြီးနှင့် အခြားသူများအတွက် လက်ဖက်ရည်များ ငှဲ့ပေးလိုက်ကြသည်။
မည်သူမျှ သတိမထားမိသော အချိန်ကို အခွင့်ကောင်းယူလျက်
ချန်ဖုန်း၏ မိခင်ဖြစ်သူက သူ့ကို ဘေးသို့ဆွဲခေါ်ကာ ဆူပူကြိမ်းမောင်းလိုက်၏။
"သားက ဆေးရုံကို ဘာလို့ ဝယ်ချင်ရတာလဲ... ပိုက်ဆံတွေကို အဲဒီလို လွယ်လွယ်နဲ့ ဖြုန်းပစ်လို့ မဖြစ်ဘူးလေ..."
ချန်ဖုန်းက လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
"ဒီပိုက်ဆံတွေကို သုံးလိုက်တာ တန်ပါတယ်...အမေနဲ့ အဖေက နယ်မှာပဲ နေကြတော့မှာဆိုတော့ နောင်တစ်ချိန်ကျရင် ဖျားနာတာတွေ ဘာတွေ သေချာပေါက် ရှိလာနိုင်တယ်လေ..."
ဆေးရုံကို အပြီးအပိုင် ဝယ်ထားလိုက်ရင် နောင်ကျရင် ဆေးကုသဖို့ ပိုပြီး အဆင်ပြေသွားမှာပေါ့…
"ဆေးကုဖို့ ပိုပြီး အဆင်ပြေရုံလေးအတွက်နဲ့ ဒီလောက် ပိုက်ဆံတွေ အများကြီး သုံးရတယ်လို့..."
မိခင်ဖြစ်သူက ခေါင်းခါယမ်းလိုက်၏။
သားဖြစ်သူ၏ စေတနာကို သိရှိနားလည်သော်လည်း ၎င်းမှာ ကြီးမားလှသော ကုန်ကျစရိတ်ကြီး တစ်ခုဖြစ်နေဆဲပင်။
ချန်ဖုန်းက ရယ်မောလျက် ပြောဆိုလိုက်သည်။ "သား ပြောဖို့ မေ့နေတဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်... ဒီနေ့ ကျေးရွာလူကြီးကျန်း ဆီ သွားပြီး လမ်းဖောက်ဖို့ ယွမ်ရှစ်သန်း လှူခဲ့တယ်..."
အဲဒီအချိန်ကျရင် ရွာမှာ ကျယ်ဝန်းတဲ့ ခြောက်လမ်းသွား ကားလမ်းကြီး ဖြစ်လာတော့မှာ...
နောင်ကျရင် လူတွေ ဆေးရုံမှာ ဆေးကုသဖို့ ပိုပြီး အဆင်ပြေလာလိမ့်မယ်...
ဒါ့အပြင် ဒါက ရင်းနှီးမြှုပ်နှံမှု တစ်ခုလည်း ဖြစ်တယ်လေ...
ဆေးရုံက လူနာတွေကို ကုသပေးပြီး ပိုက်ဆံရှာလို့ရတယ်... တစ်နှစ်ကို အနည်းဆုံး ယွမ်သန်းချီပြီး မြတ်တယ်…
"အော်..."
မိခင်ဖြစ်သူမှာလည်း ရင်းနှီးမြှုပ်နှံမှုအကြောင်းကို သိပ်နားမလည်ခဲ့ချေ။
"လမ်းဖောက်ဖို့ ပိုက်ဆံလှူတာကို အမေ သဘောတူပါတယ်... ဒါပေမဲ့ ယွမ်ရှစ်သန်းဆိုတော့... ထားလိုက်ပါတော့... ဒါက သားရဲ့ ဆုံးဖြတ်ချက်ပဲလေ... အမေလည်း ဒါတွေအကြောင်း သိပ်နားမလည်ပါဘူး..."
နာရီဝက် ကြာပြီးနောက်
ဟွာရှန်းဆေးရုံ၏ ပိုင်ရှင် ရောက်ရှိလာခဲ့ပေသည်။
တစ်စုံတစ်ယောက်က ဟွာရှန်းဆေးရုံကို ဝယ်ယူချင်သည်ဟု ကြားလိုက်ရချိန်တွင် သူ အတော်လေး စိတ်လှုပ်ရှားနေခဲ့၏။
တစ်ဖက်လူ ရောက်လာသည်ကို မြင်သောအခါ…
ဆေးရုံအုပ်ကြီးနှင့် အခြားသူများက အလျင်အမြန် မတ်တတ်ရပ်ကာ မိတ်ဆက်ပေးလိုက်သည်။ "အထွေထွေမန်နေဂျာကျန်... ဒါက မစ္စတာချန် ပါ..."
"မစ္စတာချန် က တကယ်ကို အလားအလာရှိတဲ့ လူငယ်လေး တစ်ယောက်ပဲ..."
တစ်ဖက်လူ စကားပြော၍ မပြီးဆုံးမီမှာပင် သူ၏ နှုတ်ခမ်းထောင့်များ ရုတ်တရက် တွန့်ကွေးသွားတော့၏။
ဘုရားရေ...
ဘာလို့ ချန်ဖုန်း ဖြစ်နေရတာလဲ…
ချန်ဖုန်းမှာလည်း လုံးဝ ဇဝေဇဝါ ဖြစ်သွားရပေသည်။ "အထွေထွေမန်နေဂျာကျန်... ဟွာရှန်းဆေးရုံ က ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ကျွန်တော်တို့က တကယ်ကို ရေစက်ဆုံဖို့ ဖန်လာတာပဲ..."
တစ်ဖက်လူမှာ ကျန်တဝေ ပင် ဖြစ်လေ၏။
ထျန်ပေါင်ဂရု ၏ အထွေထွေမန်နေဂျာ။
ယမန်နေ့က ချန်ဖုန်းသည် မြေကွက်အမှတ် (၁) ကို ထျန်ပေါင်ဂရုသို့ ယွမ်တစ်ဘီလီယံဖြင့် ရောင်းချခဲ့သည် မဟုတ်လော။
ကျန်တဝေသည် သူ့အပေါ် အခမ်းအနားလုပ်ကာ ယဉ်ကျေးနေခြင်း မရှိခဲ့ချေ။
ကုလားထိုင်ပေါ်တွင် ပစ်ထိုင်လိုက်ပြီး သူက ပြောစရာစကားမဲ့စွာဖြင့် ဆိုလိုက်၏။ "အပြင်က ပါဂါနီ ကားက ဘယ်သူ့ကားလဲလို့ ငါ တွေးနေခဲ့တာ... အဲဒါ ညီလေးချန် ရဲ့ ကားဖြစ်နေတာကိုး..."
အစကတော့ ရန်ပုံငွေအတွက် ငါ စိုးရိမ်နေခဲ့တာ...
"အခု မင်းဆီမှာ ပိုက်ဆံတွေ အများကြီး ရှိနေပြီဆိုတော့ မင်းရဲ့ အကြွေးကို ပြန်မဆပ်ဘဲ နေဖို့တော့ မကြိုးစားနဲ့နော်..."
ဆေးရုံအုပ်ကြီးနှင့် အခြားသူများက ၎င်းတို့အား ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
သူတို့၏ စကားပြောဆိုမှု လေသံအရ ၎င်းတို့က အချိန်အကြာကြီးကတည်းက သိကျွမ်းခဲ့ကြကြောင်း ထင်ရှားနေပေ၏။
တစ်ဖက်လူရဲ့ နောက်ခံက ဘာများလဲ…
သူက ဘယ်လိုလုပ် သူဌေးနဲ့ သိနေရတာလဲ…
ချန်ဖုန်းက ရယ်မောလျက် ပြောဆိုလိုက်သည်။ "အထွေထွေမန်နေဂျာကျန်... ခင်ဗျားက ထျန်ပေါင်ဂရု ရဲ့ အထွေထွေမန်နေဂျာ မဟုတ်ဘူးလား... ဘယ်တုန်းက ဟွာရှန်းဆေးရုံ မှာ ရင်းနှီးမြှုပ်နှံလိုက်တာလဲ..."
ကျန်တဝေက လက်ကိုဝှေ့ယမ်းလျက်ပြောဆိုလိုက်တယ်
"အဲဒါ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့တာ..."
"ထျန်ပေါင်ဂရု က အခု ကိစ္စတော်တော်များများနဲ့ အရမ်း အလုပ်ရှုပ်နေတာ... ပြီးတော့ ဒီက ဆေးရုံကို စီမံခန့်ခွဲဖို့ သူတို့မှာ အချိန်လည်း မရှိဘူးလေ..."
ငါတို့က သိလာတာလည်း ကြာပြီဆိုတော့...
ဆေးရုံက ယွမ်သန်း ၃၀ ကျော် ရင်းနှီးမြှုပ်နှံမှု ရထားတာ...
မင်း စိတ်ဝင်စားရင် ယွမ်သန်းသုံးဆယ်နဲ့ ယူလိုက်...
ဒါ့အပြင် ဆေးရုံတည်ရှိတဲ့ မြေနေရာကိုလည်း အဲဒီအချိန်တုန်းက မြေကွက်နဲ့အတူတူ တစ်ခါတည်း ဝယ်ခဲ့တာ...
သိပ်တော့ တန်ဖိုးမရှိပါဘူး... အဲဒါကိုပါ လက်ဆောင်အနေနဲ့ တစ်ခါတည်း ပေးလိုက်မယ်...
ဈေးက တကယ်ကို တရားမျှတပါတယ်... ပြီးတော့ လျှော့ဈေးတောင် ပါသေးတယ်…”
ချန်ဖုန်းက လက်ကိုဝှေ့ယမ်းလိုက်သည်။ "အစ်ကိုကြီးကျန်... စီးပွားရေးက စီးပွားရေးပဲ... ခင်မင်မှုက ခင်မင်မှုပဲလေ... ခင်ဗျားကို အမြဲတမ်း အရှုံးခံခိုင်းလို့ မရဘူး..."
ဒီလိုလုပ်ကြတာပေါ့... ကျွန်တော် ခင်ဗျားကို ယွမ်သန်းလေးဆယ် ပေးလိုက်မယ်...
ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ ပိုက်ဆံမှ မရှားတာ…
ကျန်တဝေ"......"
‘မင်းပြောနေတဲ့ စကားတွေကို ကြည့်ပါဦး။
ကျွန်တော့်မှာ ပိုက်ဆံမှ မရှားတာတဲ့လား...ဒါလူတစ်ယောက် ပြောသင့်တဲ့ စကားလားဟ…’
သူတို့က တကယ်ကို ချမ်းသာပြီး
အာဏာရှိတဲ့သူတွေပဲ...
အနီးနားတွင် ရပ်နေသော ဆေးရုံအုပ်ကြီးနှင့် အခြားသူများမှာလည်း အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့၏။
တစ်စုံတစ်ယောက်က ဒီလိုပုံစံမျိုး ဈေးဆစ်တာကို မြင်ဖူးတာ ရှင်းရှင်းလင်းလင်းကို ပထမဆုံးအကြိမ်ပဲ။
ဈေးဆစ်လေလေ ဈေးက ပိုတက်လာလေလေပဲကွ…
"ကောင်းပြီ... ယွမ်သန်းလေးဆယ်ဆို ယွမ်သန်းလေးဆယ်ပေါ့..."
ကျန်တဝေက မျက်လုံးကို လှန်ကြည့်လိုက်ပြီး ဤကောင်လေးက သူ့ကို တမင်သက်သက် စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေသည်ဟု ခံစားလိုက်ရပေသည်။
စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ချန်ဖုန်းက ပိုက်ဆံလွှဲပေးလိုက်၏။
လုပ်ထုံးလုပ်နည်းများ ပြီးစီးရန်အတွက် တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် အချိန်ယူရပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် အလောတကြီး လုပ်စရာ မလိုပါဘူးလေ...
ဤအချိန်၌ ဆေးရုံအုပ်ကြီးနှင့် အခြားသူများမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြပေသည်။
ကျန်တဝေ ပေါ်လာသည့်အချိန်မှစ၍ အရောင်းအဝယ် ပြီးစီးသွားသည့်အချိန်အထိ ငါးမိနစ်ထက်ပင် မပိုခဲ့ချေ။
ယွမ်သန်း ၄၀ ရင်းနှီးမြှုပ်နှံမှုကို တစ်ထိုင်တည်းနဲ့ အကုန် ပြီးသွားတာလား...
ဒါက နည်းနည်းလေးများ လောလွန်းမနေဘူးလား...
ဒါပေမဲ့
သူတို့ကို ပို၍ စိတ်ဝင်စားသွားစေခဲ့သည်မှာ...
ချန်ဖုန်းက အဲဒီကတ်ထဲကနေ နောက်ထပ် ပိုက်ဆံ ဘယ်လောက်တောင် ထုတ်နိုင်ဦးမလဲ ဆိုတာပဲ…
မကြာပါဘူး…
ထို့နောက်တွင်တော့ သူတို့၏ အမြင်များကို ပိုမိုကျယ်ပြန့်သွားစေခဲ့သည်။
ကျန်တဝေက လူတိုင်းအား တရားဝင် မိတ်ဆက်ပေးလိုက်၏။ "ဆေးရုံအုပ်ကြီး... ခင်ဗျားတို့ အကုန်လုံး ဒီမှာ ရှိနေကြပြီဆိုတော့ ကြေညာချက်တစ်ခု အရင်ထုတ်ပါရစေ..."
အခုကစပြီး ဟွာရှန်းဆေးရုံ က ချန်ဖုန်း ပိုင်သွားပြီ... အကုန်လုံးကို မစ္စတာချန် က ပိုင်ဆိုင်သွားပြီ...
ဒီနေ့ကစပြီး သူက ခင်ဗျားတို့ရဲ့ တစ်ဦးတည်းသော သူဌေး ဖြစ်လာလိမ့်မယ်…
"နားလည်ပါပြီ..."
ဆေးရုံအုပ်ကြီးက ခေါင်းညိတ်လိုက်သည်။
ချန်ဖုန်းက ဆေးရုံအုပ်ကြီးနှင့် အခြားသူများကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်၏။ "အားလုံးပဲ စိတ်မလှုပ်ရှားကြပါနဲ့... ပိုင်ရှင် ပြောင်းသွားပေမဲ့ ဆေးရုံကတော့ ဆက်ပြီး လည်ပတ်နေဖို့ လိုသေးတယ်လေ..."
ဟွာရှန်းဆေးရုံ ရဲ့ ဝန်ထမ်းဖွဲ့စည်းပုံကို မူလအတိုင်းပဲ ထားရှိသွားမယ်... ဆေးရုံအုပ်ကြီးကပဲ ဆက်ပြီး ဦးဆောင်ပေးပါ...
အားလုံးရဲ့ လစာကို ၅၀ ရာခိုင်နှုန်း တိုးပေးပါမယ်...
ဤသည်ကို ကြားချိန်တွင် ဆေးရုံအုပ်ကြီးမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားခဲ့ပေသည်။
တစ်နည်းအားဖြင့် ပြောရလျှင်...
ဆေးရုံ ပိုင်ရှင်ပြောင်းသွားပြီး ဝန်ထမ်းတွေကို ၅၀ ရာခိုင်နှုန်း လစာတိုးပေးလိုက်တယ်...
တခြားအရာအားလုံးက မူလအတိုင်းပဲ...
ချန်ရွှမ်းရွှမ်း ပင်လျှင် အလွန်အမင်း ဝမ်းသာနေခဲ့၏။
ဝိုး... လစာတိုးပြီဟေ့...
သူမ၏ လစာမှာ မူလက ယွမ်လေးထောင်သာ ရှိသော်လည်း ယခုအခါ ယွမ်ခြောက်ထောင်အထိ တိုးလာခဲ့ပြီ ဖြစ်သည်။
တစ်နှစ်ကို ယွမ် ၇၀,၀၀၀ ကျော်တောင်...
တကယ်လို့ လူနာတွေများပြီး အချိန်ပိုတွေပါ ဆင်းရမယ်ဆိုရင် တစ်နှစ်ကို ယွမ် ၈၀,၀၀၀ ကနေ ၉၀,၀၀၀ လောက်အထိ ရနိုင်တယ်...
မြို့ထဲက ရုံးဝန်ထမ်း အချို့တောင် ဒီလောက် မြင့်မားတဲ့ ဝင်ငွေမျိုးရဖို့ ခက်ခဲလိမ့်မယ်...
ဒါတင်ပဲလား။
ချန်ဖုန်း၏ နောက်ဆက်တွဲ စကားများက ၎င်းတို့အား ပို၍ပြောစရာမဲ့ ဖြစ်သွားစေခဲ့တော့သည်။