အခန်း ၂၅
Vol. 3 Ch. 25
အခန်း (၂၅) လူမဆန်စွာ ငွေဖြုန်းနိုင်သော သူဌေး (၂)
"ဟွာရှန်းဆေးရုံ ကို ကျွန်တော် လွှဲပြောင်းယူလိုက်ပြီဆိုတော့ ပြုပြင်ပြောင်းလဲရမယ့် အရာတချို့ ရှိနေတယ်..."
ချန်ဖုန်းက မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။ "ပထမဆုံးအနေနဲ့ ဆေးရုံရဲ့ ပတ်ဝန်းကျင်က အရမ်းကို ဆိုးရွားလွန်းတယ်... ဒီဆေးရုံကို တည်ဆောက်ထားတာ အနည်းဆုံး ဆယ်နှစ်လောက် ရှိနေပြီ...
အဲဒါကို ပြန်လည်မွမ်းမံဖို့ လိုတယ်…”
ဆေးရုံ၏ အပြင်ဘက် အဆောက်အအုံ များသည် ပြင်ပလူနာခန်းများနှင့် လူနာဆောင်များအထိ ထိပ်တန်းဆေးရုံကြီးတစ်ခု၏ စံချိန်စံညွှန်းများနှင့်အညီ အလှဆင်ရမည် ဖြစ်ပေ၏။
ချန်ဖုန်းက"ဆေးရုံအုပ်ကြီး... ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲဆိုတာ ခန့်မှန်းပေးလို့ ရမလား..."
"ပြင်ဆင်မွမ်းမံမှုအတွက် ခန့်မှန်းခြေ ယွမ်သန်း ၁၅ သန်းလောက် ကုန်ကျနိုင်ပါတယ်..."
ဆေးရုံအုပ်ကြီးက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပေသည်။
ဤသူဌေးသစ်က ကြီးမားသော အရာတစ်ခုခုကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သူ ခံစားလိုက်ရ၏။
ဆရာဝန်များအတွက်ရော လူနာများအတွက်ပါ သာယာသော ပတ်ဝန်းကျင်တွင် ဆေးကုသမှု ခံယူလိုကြသည်ချည်းသာ ဖြစ်ပေ၏။
ကောင်းမွန်သော ပတ်ဝန်းကျင်ဆိုသည်မှာ သန့်ရှင်းသပ်ရပ်မှုရှိခြင်းကို ဆိုလိုပြီး အတွေ့အကြုံကလည်း ကွာခြားသွားစေမည် ဖြစ်သည်။
၎င်းမှာ ပြီးဆုံးသွားပြီဟု သူ ထင်မှတ်ထားခဲ့သော်လည်း ထိုသို့မဟုတ်သေးချေ။
ချန်ဖုန်းက ဆက်လက်ပြောဆိုလိုက်၏။ "နောက်ထပ် တွက်ကြည့်ပေးပါဦး... ဟွာရှန်းဆေးရုံ က ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတွေ အကုန်လုံးကို အသစ်လဲချင်တယ်..."
"နောက်ဆုံးပေါ် မော်ဒယ်တွေနဲ့ အတိကျဆုံး အမှန်ကန်ဆုံး စက်ပစ္စည်းတွေပဲ လိုချင်တာ... ဒီအတွက်ဆိုရင် ခန့်မှန်းခြေ ဘယ်လောက်လောက် ကုန်ကျနိုင်မလဲ..."
လူတိုင်းမှာ အသက်ရှူမှားသွားကြပေသည်။
ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများမှာ အလွန် ဈေးကြီးလှပေ၏။
အထူးသဖြင့် အချို့သော စက်ပစ္စည်းများမှာ နိုင်ငံခြားမှ တင်သွင်းရခြင်းဖြစ်ပြီး စက်တစ်လုံး၏ တန်ဖိုးမှာပင် ယွမ်သန်းချီ၍ ရှိနိုင်လေသည်။
သူ့ရည်ရွယ်ချက်က ဟွာရှန်းဆေးရုံကို ပေ့ဟူ တစ်မြို့လုံးမှာ အမိုက်ဆုံး ဆေးရုံဖြစ်လာစေဖို့လား…
"သူဌေး... ဒီကိစ္စအတွက် ကျုပ် အရင်ဆုံး စုံစမ်းကြည့်ဖို့ လိုပါလိမ့်မယ်..."
ဆေးရုံအုပ်ကြီးသည် ပေါ့ပေါ့ဆဆ မနေရဲတော့ဘဲ သက်ဆိုင်ရာ အချက်အလက်များကို စုံစမ်းရန် ဖုန်းတစ်ကော အလျင်အမြန် ခေါ်ဆိုလိုက်သည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက်
သူ၏ စိတ်လှုပ်ရှားနေသော ခံစားချက်များကို တည်ငြိမ်အောင် လုပ်ကာ ပြောဆိုလိုက်၏။ "စက်ပစ္စည်းတွေအတွက် ယွမ်သန်း ၄၅ သန်းလောက် ကုန်ကျပါမယ်... အဆောက်အအုံ ပြင်ဆင်မွမ်းမံစရိတ်တွေနဲ့ပါ ပေါင်းလိုက်ရင် စုစုပေါင်း ယွမ်သန်း ၆၀ သန်းလောက် ဖြစ်သွားပါလိမ့်မယ်..."
ဆေးရုံကို ဝယ်ယူခဲ့တဲ့ ကုန်ကျစရိတ်ကိုပါ ထည့်တွက်မယ်ဆိုရင်...
စုစုပေါင်း ယွမ်သန်း ၁၀၀ တိတိ တောင်ရှိနေပီပဲ...
လူတိုင်းက လှည့်ကြည့်လိုက်ကြပေသည်။
ချန်ဖုန်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး ပေါ့ပေါ့ပါးပါးဖြင့် ပြောဆိုလိုက်၏။
"ပြန်ရောက်ရင် ဆေးရုံအတွက် ဘဏ်အကောင့်အသစ် တစ်ခု ဖွင့်လိုက်ပါ... ပြီးရင် ကျွန်တော့်ကို အကြောင်းကြားလိုက်..."
"ယွမ်သန်း ၁၀၀ ကို လွှဲပေးလိုက်ပါ့မယ်... ပိုတဲ့ပိုက်ဆံကိုတော့ နေ့စဉ် အသုံးစရိတ်တွေအတွက် သုံးလို့ ရတာပေါ့..."
ယွမ်သန်း ၁၀၀ တဲ့လား...
ဘုရားရေ...
ဒီကောင်လေးက တကယ့်ကို သန်းကြွယ်သူဌေးကြီးပါလား...
ဘေးတွင် ရပ်နေသော ကျန်တဝေမှာ ဤကဲ့သို့သော လက်လွတ်စပယ် အသုံးအဖြုန်းကြီးမှုများကို ယဉ်ပါးနေခဲ့ပြီ ဖြစ်လေ၏။
သူသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
ဒီကောင်လေးက...
ဆေးရုံကို ပြန်လည်တည်ဆောက်ဖို့ ယွမ်သန်း ၁၀၀ တောင် သုံးတယ်တဲ့လား...
တစ်ခုခုများ ထူးဆန်းနေသလား...
သူက ဆေးရုံကို ရောင်းလိုက်ရသည်ကိုပင် နောင်တရနေသလို ဖြစ်သွားခဲ့သည်။
သို့သော် ကျန်တဝေက ခေါင်းခါလျက် ပြောဆိုလိုက်၏။ "ညီလေးချန်... မင်းတို့တွေ ဆက်လုပ်ကြပါဦး... ငါ မြို့ထဲကို အမြန်ပြန်ရဦးမယ်... အားတဲ့အချိန်ရှိရင် ထျန်ပေါင်ဂရု ကို လက်ဖက်ရည်လာသောက်လှည့်ပါဦး..."
"ပြဿနာမရှိဘူး..."
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
ဖီးနစ်တောင် (ဖုန်းဟွမ်တောင်) သည် ရေပန်းစားသော ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံး၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
မြို့လယ်တွင် တည်ရှိသော ဟွာရှန်းဆေးရုံ၏ တန်ဖိုးမှာလည်း အဆမတန် မြင့်တက်လာမည် ဖြစ်၏။
ယခု ရင်းနှီးမြှုပ်နှံထားခြင်းက ဘယ်တော့မှ အရှုံးပေါ်မည် မဟုတ်ချေ။
ထို့အပြင်...
ဆေးရုံကို ဘက်စုံ အဆင့်မြှင့်တင်ပြီးသွားပါက ဆရာဝန်များနှင့် သူနာပြုများ အားလုံးသည် အမြင့်ဆုံး စံချိန်စံညွှန်းများဖြင့် ဝန်ဆောင်မှုများ ပေးရတော့မည် ဖြစ်သည်။
၎င်းတို့သည် အားထုတ်မှုများစွာ ပြုလုပ်ရမည်ဖြစ်ရာ လစာတိုးပေးခြင်းမှာ တရားမျှတလှပေ၏။
ချန်ဖုန်းက ကိစ္စများကို ရှင်းပြပြီးနောက် ဆေးရုံအုပ်ကြီးသည် ခဏတာ တုံ့ဆိုင်းသွားပြီး မေးမြန်းလိုက်သည်။ "သူဌေး... ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင် ရဲ့ ကိစ္စကို ဘယ်လိုလုပ်ရမလဲ..."
ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်က သူ၏ ဂုဏ်ကျေးဇူးကို ယူဆောင်သွားခဲ့ကြောင်း ချန်ဖုန်းလည်း ကြားသိထားခဲ့ပေ၏။
ချန်ဖုန်းက လှောင်ပြောင်လျက် ပြောဆိုလိုက်သည်။
"သူ့ကို ဒီကနေ နှင်ထုတ်လိုက်... အခုကစပြီး ဟွာရှန်းဆေးရုံ မှာ အလုပ်ခန့်ဖို့အတွက် စံနှုန်းတစ်ခုပဲ ရှိမယ်..."
"အဲဒါကတော့ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့ပဲ..."
ဆေးရုံဆိုတာ အသက်တွေကို ကယ်တင်ပေးရတဲ့ နေရာလေ... တကယ်လို့ ဆရာဝန်တွေက ကိုယ်ကျင့်တရား မကောင်းဘူးဆိုရင်...
ကျွန်တော့်ဆေးရုံ က ဒေဝါလီခံရဖို့ပဲ ရှိတော့မှာပေါ့…
ဆေးရုံအုပ်ကြီး"စိတ်မပူပါနဲ့ သူဌေး... ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး သေချာပေါက် တင်းကြပ်စွာ စိစစ်ရွေးချယ်သွားပါ့မယ်..."
အကယ်၍ အခြား လူငယ်တစ်ဦးဦးသာ သူဌေးဖြစ်လာခဲ့ပါက ဆေးရုံအုပ်ကြီးအနေဖြင့် ကျေနပ်မည် မဟုတ်ချေ။
သို့သော် ချန်ဖုန်းကမူ ကွာခြားလှပေ၏။
တစ်ဖက်လူသည် ကျန်တဝေ၏ အသိအမှတ်ပြုမှုကို ရရှိရုံသာမကဘဲ ထူးချွန်သော ဆေးပညာစွမ်းရည်များကိုပါ ပိုင်ဆိုင်ထားသေးသည်။
သူ တကယ်ကို အထင်ကြီးလေးစားမိကြောင်း ဝန်ခံရပေမည်။
ချန်ရွှမ်းရွှမ်းမှာလည်း ချန်ဖုန်းအား မျက်လုံးများထဲတွင် ကြယ်ပွင့်လေးများ တောက်ပလျက် ကြည့်ရှုနေခဲ့သည်။
ဤသူဌေးက ရုပ်ဖြောင့်ရုံသာမက သဘောထားလည်း ကြီးလှပေ၏။
ရည်းစားများ လိုအပ်နေမလား မသိဘူး…
ထိုအချိန်၌ ချန်ဖုန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားလေ၏။
"နောက်ထပ် ခွဲစိတ်မှုတစ်ခု လုပ်ဖို့ ရှိသေးတယ် မဟုတ်လား... ပြန်ပြီး ပြင်ဆင်ထားလိုက်ကြ... ကျွန်တော် မကြာခင် လိုက်ခဲ့မယ်..."
ဒါကို ခင်ဗျားတို့ အကုန်လုံးနဲ့ အတွေ့အကြုံဖလှယ်ဖို့ အခွင့်အရေးတစ်ခုလို့ပဲ သဘောထားလိုက်ပါ…
"သူဌေး... ဆေးရုံဘက်က အဆင်သင့် ဖြစ်နေပါပြီ... ခွဲစိတ်မှုကို အချိန်မရွေး စတင်လို့ ရပါတယ်..."
ဆေးရုံအုပ်ကြီးမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်လျက် ပြန်လည်ပြောဆိုလိုက်သည်။
အနီးနားတွင် ရပ်နေသော ဆရာဝန်ကြီး ဝမ်ယွီ မှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပေသည်။
သူသည် သူ၏သူငယ်ချင်းများကို ခေါ်ယူရန် အစွမ်းကုန် ကြိုးစားထားခဲ့ပြီး ချန်ဖုန်း၏ ခွဲစိတ်မှု အတွေ့အကြုံမှတစ်ဆင့် လေ့လာသင်ယူကာ ၎င်းတို့အား ရှင်းပြနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်လေ၏။
ဆယ်မိနစ်ခန့် ကြာပြီးနောက်
၎င်းတို့အဖွဲ့သည် ဟွာရှန်းဆေးရုံသို့ အလျင်အမြန် ရောက်ရှိသွားကြသည်။
ခွဲစိတ်ခန်းအတွင်း၌
ချန်ဖုန်းသည် ခွဲစိတ်မှုကို အလွန် ဂရုတစိုက် ပြုလုပ်နေခဲ့၏။
သူ့ပတ်လည်တွင် ဆရာဝန် ခုနစ်ယောက် ရှစ်ယောက်ခန့် ဝိုင်းရံနေကြပြီး အချို့မှာ ဟွာရှန်းဆေးရုံမှ ခွဲစိတ်ဆရာဝန်များ ဖြစ်ကြပေသည်။
အချို့မှာ မြို့ထဲမှ လာရောက်ကြခြင်း ဖြစ်၏။
ဤသူများမှာ အများအားဖြင့် အသက်ငါးဆယ်ကျော်အရွယ်များဖြစ်ကြပြီ လုပ်ငန်းခွင်တွင် ယေဘုယျအားဖြင့် အလွန် ရင့်ကျက်သူများ ဖြစ်ကြလေသည်။
သို့သော် ယခုအချိန်၌
၎င်းတို့သည် ကျောင်းသားများအလား ရံဖန်ရံခါ အံ့သြတုန်လှုပ်ဖွယ် အာမေဍိတ်သံများ ထွက်ပေါ်နေခဲ့ကြပေ၏။
အချို့မှာ မှတ်စုများပင် ယူနေကြပြီး တစ်စုံတစ်ခုကို ကြိုးစားပမ်းစား မှတ်တမ်းတင်နေကြလေသည်။
ချန်ဖုန်းသည် ခွဲစိတ်မှု အတွေ့အကြုံကိုသာမကဘဲ ပုံမှန် ရောဂါရှာဖွေခြင်းနှင့် ခွဲခြမ်းစိတ်ဖြာမှု စွမ်းရည်များကိုပါ ပြသနေခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏ အမြင်အချို့မှာပင် အလင်းရောင်များ ရရှိသွားသကဲ့သို့ ဖြစ်နေခဲ့၏။
ယခင်က နားမလည်နိုင်ခဲ့သောအရာများကို ရုတ်တရက် နားလည်သွားကြတော့သည်။
မိနစ် ၄၀ ခန့် အကြာတွင် ခွဲစိတ်မှု အောင်မြင်စွာ ပြီးစီးသွားခဲ့ပေသည်။
ချန်ဖုန်း ခွဲစိတ်ခန်းထဲမှ ထွက်လာချိန်တွင်…
ရွှီချင်းချန်၏ အမျိုးသမီး လက်ထောက်က လျှောက်လာခဲ့၏။
"မစ္စတာချန်... အချိန်ခဏလောက် ပေးနိုင်မလားရှင်... မစ်ရွှီက လူကြီးမင်းနဲ့ စကားနည်းနည်း ပြောချင်လို့ပါ..."
ချန်ဖုန်းသည် ဟွာရှန်းဆေးရုံ၏ ပိုင်ရှင်သစ်ဖြစ်လာကြောင်းကို သီးသန့် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်လေ၏။
ယခင်က ရွှီချင်းချန်အပေါ် ပြုလုပ်ခဲ့သော ခွဲစိတ်မှု အပါအဝင်ပင်။
ခွဲစိတ်ဆရာဝန်မှာ ချန်ဖုန်းဖြစ်ကြောင်း လူတိုင်း သိရှိသွားကြပြီဖြစ်ပြီး ယခုအခါ ရွှီချင်းချန်က သူမ၏ အသက်သခင်ကျေးဇူးရှင်အား ကျေးဇူးတင်စကား ပြောကြားရန် ရှာဖွေနေခြင်း ဖြစ်ပေသည်။
"ပြဿနာမရှိပါဘူး..."
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်၏။
သူ VIP လူနာဆောင်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် သိမ်မွေ့သော ရနံ့သင်းသင်းလေးတစ်ခုက တစ်ဖန် လွင့်ပျံလာခဲ့ပြန်သည်။
ရွှီချင်းချန်၏ မျက်နှာအသွင်အပြင်မှာ များစွာ တိုးတက်ကောင်းမွန်လာပြီး ယခင်က ဖရိုဖရဲဖြစ်နေသော သူမ၏ဆံပင်များကို နောက်ဘက်တွင် မြင်းမြီးပုံစံ စည်းနှောင်ထားလေ၏။
သူမမှာ အလွန် တက်ကြွသွက်လက်နေပုံရပေသည်။
"ဒေါက်တာချန်... ကျေးဇူးတင်ပါတယ်ရှင်..."
ရွှီချင်းချန်၏ အသံမှာ ချိုသာပြီး နားထောင်လို့ ကောင်းလှပေ၏။
သူမက အိတ်ကပ်ထဲမှ ဘဏ်ကတ်တစ်ကတ်ကို ထုတ်ယူကာ ညင်သာစွာ ပြောဆိုလိုက်သည်။ "ဒါက ကျွန်မရဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့ သေးငယ်တဲ့ လက်ဆောင်လေးတစ်ခုပါ... အဲဒီထဲမှာ ယွမ်ဆယ်သန်း ပါပါတယ်... ဒေါက်တာချန် လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်...
တကယ်လို့ ရှင်ရဲ့ ထူးချွန်တဲ့ စွမ်းရည်တွေသာ မရှိခဲ့ရင် ကျွန်မ ဘယ်သူ့ကိုမှ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး…”
အစကတော့ သူမသည် ယွမ်ငါးသန်းသာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ချန်ဖုန်း၏ အမှတ်အသားကို သိရှိပြီးနောက် ထိုပမာဏမှာ နည်းလွန်းသည်ဟု ခံစားရသဖြင့် ယွမ်ဆယ်သန်းအထိ တိုးမြှင့်လိုက်ခြင်း ဖြစ်ပေ၏။
ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။
"ဒါက သေးငယ်တဲ့ အကူအညီလေး တစ်ခုပါပဲ...
ဒီပိုက်ဆံတွေကို ကျွန်တော် တကယ် လက်မခံနိုင်ပါဘူး... ဒါက သေးငယ်တဲ့ ခွဲစိတ်မှုလေး တစ်ခုပါပဲ...
ဒါ့အပြင် ကျွန်တော်က ဆရာဝန်တစ်ယောက်မှ မဟုတ်တာ... ခင်ဗျားက ကျွန်တော့်ကို လိုင်စင်မရှိဘဲ ဆေးကုသမှုနဲ့ တရားမစွဲတာကိုက တော်တော်လေး သဘောကောင်းနေပြီလေ... ကျွန်တော်က ဘယ်လိုလုပ် ပိုက်ဆံ တောင်းရက်မှာလဲ…”
"ဟစ်... ဟစ်... ဟစ်..."
ရွှီချင်းချန်က ရယ်မောလိုက်၏။ "တကယ်လို့ ရှင် လက်မခံဘူးဆိုရင် ရှင်တို့အိမ်မှာ နေ့တိုင်း လာနေပြီး ဘယ်တော့မှ ပြန်မထွက်တော့ဘူးနော်..."
ထိုစကားများကို ပြောလိုက်စဉ်မှာပင် သူမ၏ မျက်နှာသည် ရုတ်တရက် နီရဲသွားခဲ့ပေသည်။
သူမသည် ချန်ဖုန်းအား ခိုးကြည့်လိုက်ပြန်၏။
ထိုအချိန်မှသာ သူမ သတိပြုမိသွားတော့သည်။
သူမရှေ့ရှိ ဤအမျိုးသားမှာ အံ့သြဖွယ်ကောင်းလောက်အောင် ရုပ်ဖြောင့်နေခြင်းပင်
ပီပြင်သော မျက်နှာအသွင်အပြင်နှင့် မော်ဒယ်တစ်ဦး၏ ခန္ဓာကိုယ် အချိုးအစားမျိုး ရှိနေပြီး အချို့သော ရုပ်ရှင်မင်းသားများထက်ပင် ပိုမို ချောမောနေသေးသည်။
သူမ ခဏတာ မှင်တက်သွားခဲ့ရ၏။
ချန်ဖုန်း၏ ထူးဆန်းသော မျက်နှာအမူအရာကို သတိပြုမိသွားသဖြင့်…
သူမ အလျင်အမြန် စကားလွှဲလိုက်လေသည်။
"တကယ်တော့ ဒီပိုက်ဆံက အဲဒီ ခွဲစိတ်မှုအတွက် ကျေးဇူးတင်ရုံ သက်သက် မဟုတ်ပါဘူး..."
ဒီမနက် မြပြိုကျချိန်မှာ တစ်ယောက်ယောက်ကသာ သတိထားဖို့ သတိမပေးခဲ့ရင် ကျွန်မ အသက်ရှင်နိုင်မှာ မဟုတ်ဘူး...
နောက်ပိုင်း စုံစမ်းကြည့်တော့ အဲဒီလူတွေက ရှင့်ရဲ့ မိဘတွေဆိုတာ သိလိုက်ရတယ်...
ဒီယွမ်ဆယ်သန်းက သူတို့အတွက် ကျွန်မရဲ့ ကျေးဇူးဆပ်တဲ့ လက်ဆောင်လေးပါ...
ရွှီချင်းချန်က ဖျော့တော့စွာ ပြုံးလိုက်၏။ "ယွမ်ဆယ်သန်းနဲ့ ကျွန်မရဲ့ အသက်ကို လဲရတာက တန်သေးတယ်လို့ ထင်ပါတယ်ရှင်..."
"ကောင်းပြီလေ... လောလောဆယ်တော့ ယူထားလိုက်ပါ့မယ်..."
ကိစ္စများက ဤအခြေအနေအထိ ရောက်လာပြီဖြစ်ရာ ချန်ဖုန်းတွင် လက်ခံရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
ရွှီချင်းချန်က သူမ၏ လက်တစ်ဖက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။ "ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် အသစ်ပြန်ပြီး မိတ်ဆက်ကြတာပေါ့... ကျွန်မ နာမည်က ရွှီချင်းချန် ပါ... ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား သရုပ်ဆောင် တစ်ယောက်ပါရှင်..."