အခန်း ၂၆
Vol. 3 Ch. 26
အခန်း (၂၆) မြင့်တက်လာသော ပိုင်ဆိုင်မှုများ... လျှို့ဝှက်သူဌေးကြီး
"ချန်ဖုန်း ပါ... ပေ့ဟူတက္ကသိုလ် က နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ပါ..."
ချန်ဖုန်းသည် ထိုနူးညံ့ပြီး အရိုးမပါသကဲ့သို့ ထင်ရသော လက်လေးကို ဆုပ်ကိုင်ထားရင်း နက်နက်ရှိုင်းရှိုင်း ခံစားနေရပေ၏။
ယခင်က ဤနာမည်ကြီးများကို တီဗီပေါ်တွင်သာ မြင်တွေ့နိုင်ခဲ့သည်။
ယခုအခါ ၎င်းတို့နှင့် အနီးကပ် တွေ့ဆုံနိုင်ရုံသာမကဘဲ သူတို့ရဲ့ လက်လေးတွေကိုတောင် ကိုင်ခွင့်ရနေပြီလေ...
ဒီလိုဆက်ဆံခံရတာမျိုးက...
စနစ်... မင်း တကယ်ကို အလုပ်ကောင်းကောင်း လုပ်ပေးခဲ့တာပဲ…
"တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတဲ့လား..."
ရွှီချင်းချန်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
ဟွာရှန်းဆေးရုံ၏ ပိုင်ရှင်သစ်မှာ ကျောင်းသားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
စိတ်ဝင်စားစရာပဲ...
သူမသည် ချန်ဖုန်းအပေါ် ရုတ်တရက် စိတ်ဝင်စားမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့လေသည်။
ရွှီချင်းချန်"မစ္စတာချန်... ကျွန်မ တက္ကသိုလ်ကျောင်းသား အများကြီးနဲ့ တွေ့ဖူးပါတယ်... ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ ရှင်လိုမျိုး စိတ်ဓာတ်နဲ့ စွမ်းရည်မျိုး မရှိကြဘူး..."
ဘယ်တက္ကသိုလ်ကျောင်းသားက ယွမ်သန်းဆယ်ဂဏန်းလောက်ပေးပြီး ဆေးရုံတစ်ခုလုံးကို တစ်ထိုင်တည်းနဲ့ ဝယ်နိုင်မှာလဲ။
ရွှီချင်းချန်မှာလည်း နက်နက်ရှိုင်းရှိုင်း တုန်လှုပ်နေခဲ့ပေ၏။
တကယ်တော့ အဲဒီလို လုပ်နိုင်တဲ့ လူတစ်မျိုးတော့ ရှိပါတယ်။
ဒုတိယမျိုးဆက် သူဌေးသားတွေပေါ့။
သို့သော် သူမသည် သာမန်လယ်သမားများဖြစ်ကြသော ချန်ဖုန်း၏ မိဘများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ဒါကြောင့် ချန်ဖုန်း၏ လက်ရှိ ငွေကြေး အရင်းအမြစ်များနှင့် စွမ်းရည်များ အားလုံးမှာ သူကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်ပေ၏။
"ကျွန်တော် ကံကောင်းသွားလို့ ပိုက်ဆံ နည်းနည်းရခဲ့တာပါ..."
ချန်ဖုန်းက ရယ်မောလျက် ပြောဆိုလိုက်၏။ "အင်း... အတူတူ ဓာတ်ပုံလေး တစ်ပုံလောက် ရိုက်လို့ ရမလား..."
ချန်ဖုန်း၏ တောင်းဆိုမှုကို ကြားချိန်တွင် ရွှီချင်းချန်က ရယ်မောလိုက်သည်။ "ပြဿနာမရှိပါဘူး... ဒီနေ့ မိတ်ကပ် မလိမ်းထားတော့ ရှင် အပြစ်မတင်ရဘူးနော်..."
"အပြစ်မတင်ပါဘူး..."
ချန်ဖုန်းသည် အရူးအမူး ဓာတ်ပုံများ စတင်ရိုက်ကူးတော့၏။
သူတို့နှစ်ဦးသည် မိနစ်အနည်းငယ်ခန့် စကားစမြည် ပြောဆိုကြပြီး ဆက်သွယ်ရန် အချက်အလက်များ ဖလှယ်ခဲ့ကြသည်။
ထို့နောက် ချန်ဖုန်း ထွက်ခွာလာခဲ့လေသည်။
သူသည် WeChat Moments တွင် စာတစ်ကြောင်းတည်းဖြင့် အမှတ်တမဲ့ ပို့စ်တစ်ခု တင်လိုက်၏။ "ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းတဲ့ ပျင်းစရာ နေ့ရက်လေးပါပဲ..."
ပူးတွဲပါ ဓာတ်ပုံမှာ သူနှင့် ရွှီချင်းချန်တို့ အတူရိုက်ထားသော ဓာတ်ပုံပင် ဖြစ်ပေသည်။
နောက်တစ်စက္ကန့်တွင်။
သူ၏ WeChat Moments မှာ ချက်ချင်း ပေါက်ကွဲထွက်သွားတော့၏။
ထိုပို့စ်သည် မရေမတွက်နိုင်သော Like များနှင့် ကွန်မင့်များ ရရှိခဲ့လေသည်။
အတန်း အုပ်စုဖွဲ့ချတ် (Group Chat) ထဲတွင်လည်း မဖတ်ရသေးသော မက်ဆေ့ခ်ျ တစ်ရာနီးပါး ရှိနေပေသည်။
"ဘုရားရေ... ဒါက တကယ့် သတင်းထူးကြီးပဲ... ချန်ဖုန်းက ရွှီချင်းချန် ကို တကယ် သိနေတာလား... ပြီးတော့ သူတို့ အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံတောင် ရှိသေးတယ်... ငါတို့ဆီမှာ ဓာတ်ပုံနဲ့ သက်သေအထောက်အထား ရှိတယ်ဟေ့..."
"နောက်မနေနဲ့... ရွှီချင်းချန် က ထိပ်တန်း နာမည်ကြီး မင်းသမီးလေ... သူက ဘယ်လိုလုပ် ချန်ဖုန်းကို သိနိုင်မှာလဲ..."
"ဟုတ်တယ်လေ... ငါတို့က အဲဒီနာမည်ကြီးတွေကို တီဗီပေါ်မှာပဲ မြင်ဖူးတာ... သူတို့နဲ့ ဓာတ်ပုံအတူတူ ရိုက်ရမယ်... ဘယ်သူ့ကို လာနောက်နေတာလဲ..."
နောက်တစ်စက္ကန့်တွင် အုပ်စုထဲ၌ ဓာတ်ပုံတစ်ပုံ ပို့လာခဲ့ပေ၏။
အုပ်စုတစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားတော့သည်။
"ဘုရားရေ... တကယ်ကြီး ရွှီချင်းချန် ပဲ..."
"ဟုတ်တယ် ဟုတ်တယ်... သူမက မိတ်ကပ်မလိမ်းထားရင်တောင် ငါက သူမရဲ့ ပရိသတ်ပဲလေ... သူမကို တခြားတစ်ယောက်နဲ့ ဘယ်တော့မှ မှားမှာ မဟုတ်ဘူး..."
"@ချန်ဖုန်း... ဘာတွေ ဖြစ်နေတာလဲ... အခုချက်ချင်း ထွက်ခဲ့စမ်း..."
"@ချန်ဖုန်း... ပုန်းမနေနဲ့တော့... မင်းနဲ့ ရွှီချင်းချန် က ဘာပတ်သက်မှု ရှိတာလဲဆိုတာ ငါတို့ကို ပြောပြစမ်း..."
"ဒီကောင်လေးက တကယ်ကို ဟန်ရေးပြလွန်းတယ်... ရိုးရိုးရှင်းရှင်းလေး ဟန်ဆောင်နေတာ... တကယ်လို့ ငါသာ ရွှီချင်းချန် ကို သိခဲ့ရင် အရမ်းတွေ ပျော်နေမှာပဲ..."
အုပ်စုတစ်ခုလုံးက ချန်ဖုန်းကို Tag တွဲနေကြလေ၏။
ချန်ဖုန်းကတော့ ရယ်မောရင်းတွေးလိုက်၏။
‘မင်းတို့ သိတာက ငါ အတူတူ ဓာတ်ပုံရိုက်ထားတယ် ဆိုတာလောက်ပါပဲ...
တကယ်လို့ ငါက လက်ကိုတောင် ကိုင်ခဲ့တယ်ဆိုတာ သိသွားရင်... မင်းတို့ သေချာပေါက် လန့်သေသွားလောက်တယ်…’
ထိုအချိန်၌ ဖုန်းထဲတွင် ဗီဒီယိုတစ်ခု ရုတ်တရက် ပေါ်လာခဲ့ပေသည်။
[၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင်၊ ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် သည် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး ယွမ် သန်း ၆၀ တန်ဖိုးရှိ ၎င်း၏ ရှယ်ယာ ၅၅% ကို ရောင်းချရန် ဆုံးဖြတ်ခဲ့သည်…]
ဤဗီဒီယိုကို ကြည့်ပြီးနောက်
ချန်ဖုန်းသည် ရုတ်တရက် မှင်တက်သွားခဲ့၏။
ယခင်က သူ၏ ဖုန်းထဲတွင် ပေါ်လာသော အရာများအားလုံးမှာ မဖြစ်ပေါ်သေးသောအရာများဖြစ်ပြီး အခြေခံအားဖြင့် အနာဂတ်ကို ကြိုတင်ခန့်မှန်းပေးခြင်း ဖြစ်ပေသည်။
ဒီတစ်ကြိမ်မှာတော့...
ဒါပေမဲ့ အဲဒါတွေက အတိတ်မှာ ဖြစ်ခဲ့တာလေ...
၂၀၀၅ ခုနှစ် ဇူလိုင်လတဲ့...
အဲဒီအချိန်ကစပြီး ရေတွက်ရင် ဆယ့်ငါးနှစ်တောင် ကုန်ဆုံးသွားခဲ့ပြီပဲ...
ငါက ဘယ်လိုလုပ် ပါဝင်လို့ ရမှာလဲ...
ငါက အတိတ်ကို ပြန်သွားနိုင်လို့လား...
ဒါက ရှင်းရှင်းလင်းလင်းကို မဖြစ်နိုင်ဘူးလေ...
ဤအချိန်၌ ဗီဒီယိုအောက်တွင် "ဝယ်ယူရန်" ဆိုသော ရွေးချယ်စရာတစ်ခု ပေါ်လာသည်ကို ချန်ဖုန်း သတိပြုမိသွားလေ၏။
ဘုရားရေ...
ဘာတွေဖြစ်နေသလဲဆိုတာ သူ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
【ဝယ်ယူရန်】 ကို တိုက်ရိုက် နှိပ်လိုက်၏။
【ဒင်... ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ရဲ့ ရှယ်ယာ ၅၅% ကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ရှယ်ယာစာချုပ်ကို ထုတ်ပေးနေပါပြီ...】
နောက်တစ်စက္ကန့်တွင်
ချန်ဖုန်း၏ လက်ထဲ၌ စာချုပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့ပေသည်။
၎င်းမှာ ယခုလေးတင် လက်မှတ်ရေးထိုးထားသော ရှယ်ယာဝယ်ယူမှု သဘောတူညီချက် ဖြစ်လေ၏။
တစ်ချိန်တည်းမှာပင် သူ၏ ဘဏ်ကတ်ထဲမှ ယွမ် သန်း ၆၀ ဖြတ်တောက်ခံလိုက်ရသည်။
ဒါပဲလား...
ချန်ဖုန်းမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရတော့၏။
သူက စမ်းသပ်ကြည့်ချင်ရုံသာ ဖြစ်သော်လည်း ဤမျှလောက် လွယ်ကူစွာ အောင်မြင်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
သူ၏ လက်ထဲရှိ ရှယ်ယာပိုင်ဆိုင်မှု သဘောတူညီချက်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်များက အလိုအလျောက် တွန့်ကွေးသွားလေသည်။
ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် တဲ့လား...
ဆယ့်ငါးနှစ်တောင် ကုန်သွားပြီဆိုတော့... ဒီကုမ္ပဏီက အခုထိ ရှိနေသေးရဲ့လား မသိဘူး...
တကယ်လို့ ဒေဝါလီခံသွားပြီဆိုရင် ငါ အများကြီး ရှုံးသွားမှာ မဟုတ်ဘူးလား...
ချီးပဲ...
ချန်ဖုန်းသည် အလျင်အမြန် ဖုန်းထုတ်ကာ ကုမ္ပဏီနှင့် ပတ်သက်သည့် အချက်အလက်များကို စတင်ရှာဖွေလိုက်တော့၏။
မကြာမီမှာပင်
သူ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် သည် ယခုအခါ လုပ်ငန်းများစွာတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသော လူသိရှင်ကြား စာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်နေပေပြီ။
ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက် စုစုပေါင်း ပိုင်ဆိုင်မှုများမှာ ဘီလီယံဆယ်ဂဏန်းအထိ တိုးတက်လာခဲ့လေ၏။
ချန်ဖုန်းသည် ယခုအခါ အဓိက ရှယ်ယာရှင်ဖြစ်လာပြီး အကယ်၍ ခွဲဝေမှုများ ပြုလုပ်မည်ဆိုပါက သူသည် အနည်းဆုံး ယွမ် ၁၅ ဘီလီယံခန့် ရရှိမည် ဖြစ်သည်။
အရမ်းမိုက်တာပဲ...
သူ အရမ်းကို စိတ်လှုပ်ရှားနေခဲ့၏။
ယွမ် သန်း ၆၀ ကနေ ယွမ် ၁၀ ဘီလီယံကျော်တောင် မြတ်သွားတယ်လေ...
ယွမ် ၁၀ ဘီလီယံကျော်ဆိုသည်မှာ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ ဖြစ်သော်လည်း ၎င်းကို ရောင်းချလိုက်ပါက ငွေသားအဖြစ်သို့ ပြောင်းလဲနိုင်ပေသည်။
【ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ဆုကြေး - စနစ်ပွိုင့်များ +၂၀】
【ပိုင်ရှင် လက်ရှိ ကျန်ရှိနေသော စနစ်ပွိုင့်များ - ၇၀】
【ဒင်... ပိုင်ရှင်က ဗီဒီယိုတာဝန်မှာ ပါဝင်ပြီးမြောက်ခဲ့တဲ့အတွက် စနစ်ရဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ အချိန်ကာလ ပြောင်းလဲသွားပါတယ်... လက်ရှိ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလက ၂၀၀၀-၂၀၂၃ ဖြစ်ပါတယ်...】
အချိန်ကာလ ထပ်ပြီး ပြောင်းလဲသွားပြန်ပြီ...
ချန်ဖုန်းမှာ ၎င်းကို ယဉ်ပါးနေခဲ့ပြီ ဖြစ်၏။
အချိန်ပြောင်းလဲသွားသည်နှင့်အမျှ စနစ်သည် လုပ်ဆောင်ချက်များ ပိုမိုကြွယ်ဝလာခဲ့ပေသည်။
စနစ်ပွိုင့်များကို အသုံးပြု၍ စွမ်းရည်များ ဝယ်ယူနိုင်ကြောင်းကို သူ ရှာဖွေတွေ့ရှိခဲ့သည်။
အခြားအရာများကိုလည်း ဝယ်ယူနိုင်ပေသေး၏။
ဥပမာအားဖြင့် ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ၏ ဝယ်ယူမှု စာမျက်နှာတွင် အကယ်၍ သင့်တွင် စနစ်ပွိုင့်များ အလုံအလောက်ရှိပါက စနစ်ပွိုင့်များဖြင့်လည်း ပေးချေနိုင်ပေသည်။
"ဘာမှမပေးရဘဲ အလကား ရနိုင်တယ်ပေါ့..."
ချန်ဖုန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။
ဗီဒီယို တာဝန်များကို ပိုမိုပါဝင်လေလေ စနစ်ပွိုင့်များ ပိုမိုစုဆောင်းမိလေလေပင်
ဒီလိုဆိုရင်တော့
သူက ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ သူလိုချင်တာမှန်သမျှကို ရနိုင်တော့မှာပေါ့…
ထိုအချိန်၌ သူ၏ ဖုန်းမြည်လာခဲ့သည်။
"ဟလို... ချန်ဖုန်း လားရှင်... မစ္စတာချန် လား..."
ဖုန်းထဲရှိ အသံမှာ ချိုသာနေပြီး သူမက အလွန် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ရမည်။
ချန်ဖုန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။
သူ တစ်ဖက်လူကို လုံးဝ မသိသလို ဖုန်းနံပါတ်မှာလည်း စိမ်းသက်နေပေသည်။
ချန်ဖုန်းက"ဟုတ်ပါတယ်... ကျွန်တော်ပါ...
ဘယ်သူများလဲ..."
"မစ္စတာချန်... ကျွန်မက ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ရဲ့ ဥက္ကဋ္ဌ အတွင်းရေးမှူးပါရှင်... ကျေးဇူးပြုပြီး လူကြီးမင်းရဲ့ ဘဏ်အကောင့်နံပါတ်လေး ပေးလို့ရမလားရှင်...
ကုမ္ပဏီရဲ့ ပထမနှစ်ဝက်အတွက် ရှယ်ယာရှင် အမြတ်ဝေစုတွေကို မကြာခင် ခွဲဝေပေးတော့မှာမလို့ပါ... ခဏနေရင် အကောင့်ကို ဝင်စစ်ပေးပါဦးနော်…”
တစ်ဖက်လူ၏ လေသံမှာ အလွန် ရိုသေလေးစားမှု ရှိနေပေ၏။
"ရှယ်ယာရှင် အမြတ်ဝေစု..."
ချန်ဖုန်းမှာ "ဘုရားရေ..." ဟုပင် အော်ဟစ်လုနီးပါး ဖြစ်သွားခဲ့သည်။
ဒါက ကောင်းကင်ပေါ်ကနေ ငွေသားတွေ ကျလာသလိုပဲလေ...
ဘဏ်အကောင့်နံပါတ်ကို အမြန်ပေးလိုက်ရင်း…
"ဒါလေး မှတ်ထားပေးပါ... ကျွန်တော့်ရဲ့ အကောင့်နံပါတ်က ၂၃၃၇..."
အတွင်းရေးမှူးက"ဟုတ်ကဲ့ပါရှင်... နောက်မှ ဝင်စစ်ပေးပါနော်... ဒါ့အပြင် မစ္စတာချန် က ကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင်ပါ...
တကယ်လို့ အချိန်ရရင် တစ်နေ့နေ့ ကုမ္ပဏီကို လာလည်ပါဦး... အခြား ရှယ်ယာရှင်တွေက လူကြီးမင်းနဲ့ တွေ့ချင်နေကြလို့ပါ…”
"ပြဿနာမရှိဘူး..."
ချန်ဖုန်းသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ဖုန်းချလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏အကောင့်ထဲသို့ ငွေများ ဝင်ရောက်လာကြောင်း ဘဏ် SMS အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်သည်။
၂ ဘီလီယံတောင်...
ခြောက်လအတွင်း အမြတ်ဝေစုက ၂ ဘီလီယံတောင် ရှိတာလား...
ဟွာရှန်းဆေးရုံတွင် သူ၏ ရင်းနှီးမြှုပ်နှံမှုကို ဖယ်ထားလိုက်လျှင် လက်ရှိ သူ၏ ဘဏ်အကောင့်ထဲတွင် ၂.၉၁၉ ဘီလီယံ ရှိနေပြီ ဖြစ်လေ၏။
"ချီးပဲ... ငါက ပိုက်ဆံပိုသုံးလေ ပိုရလေ ဖြစ်နေသလိုပဲ..."
ချန်ဖုန်းမှာလည်း စကားပြောစရာမဲ့ ဖြစ်သွားရတော့သည်။
ဤအချိန်၌ ဆေးရုံအုပ်ကြီးသည် ဆေးရုံအတွက် ဘဏ်အကောင့်ဖွင့်ပြီးသွားပြီဖြစ်ရာ သူက ၎င်းထဲသို့ ယွမ်သန်း ၁၀၀ ကို အလျင်အမြန် လွှဲပြောင်းပေးလိုက်၏။
နောက်ပိုင်း အချိန်များတွင်
ဆေးရုံသည် အလုံးစုံ ပြုပြင်မွမ်းမံရန်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။
ပြုပြင်မွမ်းမံမှုများနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများ အားလုံး အစားထိုးလဲလှယ်ရန်အတွက် လုပ်ငန်းစဉ် တစ်ခုလုံးသည် သုံးလခန့် အချိန်ယူရပေလိမ့်မည်။
ဒါပေမဲ့
ဤကိစ္စများကို အပြည့်အဝ ကိုင်တွယ်ဖြေရှင်းရန်အတွက် ဆေးရုံအုပ်ကြီးထံ လွှဲပြောင်းပေးထားပြီးဖြစ်သည်။ ချန်ဖုန်းသည် နောက်ကွယ်မှနေ၍သာ စီမံခန့်ခွဲသူတစ်ဦး ဖြစ်ချင်နေခဲ့ပေ၏။