အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) ချိုမြိန်ပြီး ဆွဲဆောင်မှုရှိသော ရှောင်မန်ချီ
"မရွှေ့ရဘူးလား..."
လူတိုင်းက ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ကြ၏။
ထို့နောက် စာသင်ခန်း၏ ထောင့်တစ်နေရာမှ လျှောက်လာသော ကောင်မလေးတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ယောကျာ်းလေးများအားလုံး အသက်ရှူမှားသွားကြပေ၏။
သူတို့၏ မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှပင် ကျွတ်ထွက်လာမတတ် ဖြစ်နေခဲ့သည်။
လူမှုသိပ္ပံဌာနမှ ရှောင်မန်ချီ ပင်။
ရှန်ယန်းယန်း ကဲ့သို့ပင် တစ်ဖက်လူမှာလည်း ကျောင်းရဲ့အလှလေး လေးဦးအနက်မှ တစ်ဦး ဖြစ်ပေသည်။
သူမတို့၏ ရုပ်ရည်များမှာ အကြွင်းမဲ့ အံ့မခန်းပင်။
စာသင်ခန်းထဲတွင် လှပသော ကောင်မလေးများ အများအပြား ရှိနေသော်လည်း ရှောင်မန်ချီ နှင့် ယှဉ်လိုက်ပါက အားလုံးမှာ ဖျော့တော့သွားကြပြီး ဖော်ပြရန်ပင် မထိုက်တန်တော့ချေ။
သူမသည် တီရှပ်အဖြူရောင်နှင့် ဂျင်းဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး အလွန် ရိုးရှင်းသော ဝတ်စုံဖြစ်သော်လည်း လတ်ဆတ်ပြီး သန့်စင်သော ခံစားချက်ကို ပေးစွမ်းနေပေ၏။
ရှန်ယန်းယန်း ၏ ဆွဲဆောင်မှုရှိခြင်းနှင့် နှိုင်းယှဉ်ပါက ရှောင်မန်ချီ သည် ပိုမို နူးညံ့ပြီး အေးစက်စက်နိုင်ပုံရလေသည်။
သူမသည် ကြည့်လေလှလေဖြစ်သော မိန်းကလေးမျိုး ဖြစ်၏။
သူမ၏ မျက်ခုံးများမှာ ပန်းချီကားတစ်ချပ်အလား လှပနေပေသည်။
သူမသည် လတ်ဆတ်ပြီး သဘာဝကျသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
အထူးသဖြင့် ထိုရှည်လျားသော ခြေတံများက လူများကို တွေးတောစိတ်ကူးယဉ်မှုများ ဖြစ်ပေါ်လာစေသည်။
"ရှောင်မန်ချီ ပဲ... သူမက ဒီပူးပေါင်းအတန်းမှာ ဘာလုပ်နေတာလဲ..."
"အို ဘုရားရေ... ငါက ဘာလို့ စောစောက သတိမထားမိပါလိမ့်... သူမက ထောင့်မှာ ပုန်းနေခဲ့တာကိုး..."
ယောကျာ်းလေး တစ်စုမှာ နောင်တများဖြင့် ပြည့်နှက်နေကြလေ၏။
အကယ်၍ ကျောင်းရဲ့အလှလေး ဒီမှာရှိနေမှန်းသာ သိခဲ့လျှင် သူမဘေးတွင် ဝင်ထိုင်ခဲ့သင့်သည်။
စကားပြောခွင့် မရရင်တောင်...
တစ်ဖက်လူရဲ့ မွှေးပျံ့တဲ့ရနံ့လေးကို ရှူရှိုက်ရတာက ကောင်းတယ်လေ…
ရှောင်မန်ချီ သည် လူအုပ်၏ တီးတိုးပြောဆိုမှုများကို လျစ်လျူရှုကာ အလျင်အမြန် လျှောက်လာပြီး တိုးတိတ်စွာ ပြောဆိုလိုက်၏။
"ဆရာချန် မှာ သွေးတိုးရောဂါ ရှိတယ်... ဒါကြောင့် ဒီလေဖြတ်တာက သွေးတိုးကြောင့် ဖြစ်နိုင်တယ်...
ဒီလိုအခြေအနေမျိုးမှာ သူ့ကို မလိုအပ်ဘဲ ဟိုရွှေ့ဒီရွှေ့ မလုပ်သင့်ဘူး... ဘေးတစောင်း လှဲသိပ်ထားဖို့ လိုတယ်…”
သူမတွင် ဆရာဝန်ဖြစ်သော ဆွေမျိုးများရှိပြီး ကလေးဘဝကတည်းက တရုတ်တိုင်းရင်းဆေးပညာကို လေ့လာခဲ့ပေသည်။
ထို့ကြောင့် အဖြစ်များသော ရောဂါများနှင့် ရှေးဦးသူနာပြုစုနည်းများကို အနည်းငယ် သိရှိထားလေ၏။
"မန်ချီ... ဆရာချန် ကို မင်းလက်ထဲ အပ်ခဲ့ပါ့မယ်... တက္ကသိုလ်ဆေးခန်း ကို အကြောင်းကြားထားပြီးပြီ... သူတို့ မကြာခင် ရောက်လာလိမ့်မယ်..." ကျောင်းသားကောင်စီဝင် တစ်ဦးက အလျင်အမြန် ပြောဆိုလိုက်သည်။
"မန်ချီ... အကူအညီ လိုအပ်ရင် အားမနာဘဲ ပြောပါနော်..."
"ဟုတ်တယ်... ဟုတ်တယ်... ငါတို့က တခြားဟာတွေ သိပ်မတော်ပေမဲ့ ခွန်အားတော့ ရှိတယ်..."
ယောကျာ်းလေး တစ်စုသည် ဖားယားနေကြ၏။
ရှောင်မန်ချီ ထံမှ အမြင်ကောင်း အနည်းငယ် ရယူလိုကြပေသည်။
"မလိုပါဘူး... ကျေးဇူးတင်ပါတယ်..."
ရှောင်မန်ချီ က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
သူမသည် ဖြည်းညင်းစွာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဆရာချန် ၏ ခန္ဓာကိုယ်ကို ညင်သာစွာ ရွှေ့ကာ ဘေးတစောင်း လှဲနေစေရန် ကြိုးစားလိုက်၏။
တစ်ချိန်တည်းမှာပင်
စာအုပ်အချို့ကို ထုတ်ယူကာ တစ်ဖက်လူ၏ ခေါင်းကို ပင့်တင်ရန် အသုံးပြုလိုက်ပေသည်။
အရေးပေါ် တုံ့ပြန်မှု တစ်ခုလုံးမှာ အတော်လေး စံချိန်စံညွှန်းမီလှ၏။
ဤအချိန်၌ ရှောင်မန်ချီ အပေါ် ယောကျာ်းလေးများအားလုံး၏ အထင်အမြင်သည် အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားခဲ့လေပြီ။
ကြည့်လိုက်စမ်း...
သူမက လှပရုံသာမကဘဲ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားလည်း ကောင်းမွန်သေးတယ်…
အခြေခံ ရှေးဦးသူနာပြုစုနည်းတွေကိုလည်း သိထားသေးတယ်...
ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးပဲ…
"မန်ချီ... WeChat လေးများ အက်ဒ်ထားလို့ ရမလား... တကယ်လို့ ငါ နေမကောင်းဖြစ်ရင် ငါ့ရဲ့ ကျန်းမာရေးကို ကြည့်ပေးလို့ ရမလား..."
ယောကျာ်းလေး တစ်ယောက်က အရှက်မရှိဘဲ ပြောဆိုလိုက်သည်။
အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကောင်မလေးများကို လိုက်ရာတွင် သတ္တိနည်းသူများ ငတ်မွတ်၍ ရဲတင်းသူများ ရှင်သန်ကြီးပွားကြသည် မဟုတ်လော။
ရှောင်မန်ချီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ "တောင်းပန်ပါတယ်... ငါက အခြေခံ ရှေးဦးသူနာပြုစုနည်းကိုပဲ သိတာပါ... တကယ်လို့ နင် နေမကောင်းဖြစ်ရင် ဆေးရုံသွားတာက ပိုသင့်တော်လိမ့်မယ်..."
ထင်ထားသည့်အတိုင်းပင် ငြင်းပယ်ခံလိုက်ရသည်။
လူအုပ်ထဲတွင်
ချန်ဖုန်းလည်း ရှေ့ထွက်၍ ကူညီလိုခဲ့၏။
သို့သော် ရှောင်မန်ချီ လုပ်ဆောင်နေသည်ကို မြင်ပြီးနောက် သူ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပေသည်။
လတ်တလောတွင် ရှောင်မန်ချီ ကဲ့သို့ပင် သူသည် ရိုးရှင်းသော ရှေးဦးသူနာပြုစုမှု အချို့ကိုသာ ပေးစွမ်းနိုင်ပြီး နောက်ထပ် ကုသမှုများကို ဆေးရုံတွင် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပေသည်။
ထိုအချိန်၌ သူ ရုတ်တရက် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
【ဒင်... စနစ်က ပြင်းထန်တဲ့ ဟန်ရေးပြလိုစိတ်ကို ထောက်လှမ်းတွေ့ရှိရပါတယ်... စနစ်က နတ်သမားတော်စွမ်းရည် ကို အလိုအလျောက် ပေးအပ်လိုက်ပြီး တရုတ်တိုင်းရင်းဆေးပညာ ဂန္ထဝင်စာအုပ်တစ်အုပ်ကို လက်ဆောင်ပေးလိုက်ပါတယ်...】
【ဒင်... နတ်သမားတော်စွမ်းရည် ကို အောင်မြင်စွာ ရယူနိုင်ခဲ့ပါတယ်... စနစ်ပွိုင့်များ -၁၀ ဖြတ်တောက်လိုက်ပါတယ်...】
【ဒင်... အခမဲ့ ငွေအပ်တစ်စုံကို လက်ဆောင်အဖြစ် ပေးအပ်လိုက်ပါတယ်...】
【ပိုင်ရှင် လက်ရှိ ကျန်ရှိနေသော စနစ်ပွိုင့်များ - ၆၀】
"လခွမ်း…”
ချန်ဖုန်းမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်အောင် ဖြစ်သွားရပေ၏။
ပြင်းထန်တဲ့ ဟန်ရေးပြလိုစိတ် ဆိုတာက ဘာအဓိပ္ပာယ်လဲ...
ငါက ဝယ်ယူမယ်လို့ မပြောရသေးဘဲ စနစ်ကနေ ပွိုင့်တွေကို တိုက်ရိုက် ဖြတ်တောက်သွားတာလား...
ဒီလိုလုပ်လို့ ရလို့လား…
"စနစ်... မင်း သွားသေလိုက်ပါလား..."
【ပိုင်ရှင်၏ လက်ရှိ တောင်းဆိုချက်ကို ဖြည့်ဆည်းပေး၍ မရနိုင်ပါ...】
ဘုရားရေ...
သူမက အခု ပြန်တောင် ပြောတတ်နေပြီလား...
စနစ်က သူ့အား အမှန်တကယ် တုံ့ပြန်နိုင်ကြောင်း ပထမဆုံးအကြိမ်အဖြစ် ချန်ဖုန်း ရှာဖွေတွေ့ရှိလိုက်၏။
အသေအချာပဲ...
တစ်နေ့နေ့တော့ ငါ ရူးသွားတော့မှာပဲ...
သူသည် ဖုန်းထဲရှိ 【ကျောပိုးအိတ်】 ရွေးချယ်စရာကို အလျင်အမြန် ဖွင့်ကာ နတ်သမားတော်စွမ်းရည် နှင့် ငွေအပ်များကို ရယူလိုက်လေသည်။
ယခင်က အနောက်တိုင်းဆေးပညာ စွမ်းရည်များကို သူ လေ့လာခဲ့ပြီး ဖြစ်သည်။
ယခု တရုတ်တိုင်းရင်းဆေးပညာကိုပါ တတ်မြောက်သွားပြီဆိုတော့...
အနောက်တိုင်းရော တိုင်းရင်းဆေးကိုပါ ကျွမ်းကျင်သွားပြီပေါ့...
ချန်ဖုန်း ထွက်သွားသည်ကို မြင်သောအခါ အခန်းဖော် ယန်ချီ က ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။ "တတိယညီ... ဘယ်သွားမလို့လဲ..."
ချန်ဖုန်း"သွားဟန်ရေးပြမလို့..."
ယန်ချီ "......"
‘အခုက ဘယ်လိုအချိန်လဲ... မင်းက နောက်ပြောင်ချင်နေသေးတယ်လား…’
ရှေ့ဘက်တွင်မူ
ရှောင်မန်ချီ တက္ကသိုလ်ဆေးခန်း သို့ မရောက်ရှိမီ ယောကျာ်းလေးတစ်ဦး အနီးသို့ ချဉ်းကပ်လာသည်ကို သူမ မြင်တွေ့လိုက်ရ၏။
သူမ၏ မျက်ခုံးများ တစ်ဖန် တွန့်ချိုးသွားပြန်သည်။
သူမက"အရမ်း အနားမကပ်ပါနဲ့... လေဝင်လေထွက် ကောင်းအောင် နေပေးပါ..."
ချန်ဖုန်းက ပြုံးရင်း ပြန်ပြောလိုက်သည်။ "တက္ကသိုလ်ဆေးခန်းက ရောက်လာရင်တောင် သူ့ကို ဆေးရုံပို့ရဦးမှာပဲ... ဆရာချန် ရဲ့ လေဖြတ်တာက အချိန်သိပ်မကြာသေးဘူးလေ...
တကယ်လို့ တရုတ်တိုင်းရင်းဆေးပညာကို အသုံးပြုမယ်ဆိုရင် မြန်မြန်ဆန်ဆန် သက်သာလာရုံသာမကဘဲ ခန္ဓာကိုယ်ကိုလည်း မထိခိုက်စေဘူး…”
"ဟင်..."
ရှောင်မန်ချီ က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
အတန်းထဲတွင် အတန်းဖော်များ ချန်ဖုန်းအကြောင်း ပြောနေသည်ကို သူမ ကြားခဲ့ရပေ၏။
ဤကောင်လေးနှင့် ပတ်သက်၍ သူမ အတော်လေး သိချင်နေခဲ့သေးသည်။
ဘာပဲဖြစ်ဖြစ် ရှန်ယန်းယန်း သည် သူမနှင့်တန်းတူ ကျောင်းရဲ့အလှလေး လေးဦးအနက် တစ်ဦးဖြစ်သည် မဟုတ်လော။
သူမတို့၏ ဆုံးဖြတ်ချက်များမှာ သိပ်မဆိုးလောက်ချေ။
ချန်ဖုန်းမှာ သူ၏ ရုပ်ဖြောင့်ခြင်းအပြင် အခြား ထူးချွန်သော အရည်အချင်းများ ရှိနေမည်လား။
သူမက တည်ငြိမ်စွာ ပြောဆိုလိုက်၏။ "ဘယ်လို ကုသရမလဲဆိုတာက ဆရာဝန်ရဲ့ အလုပ်ပါ... နင် ဘေးဖယ်ပြီး ဆရာချန် ကို နေရာလေး နည်းနည်း ပေးသင့်တယ်..."
ပတ်ဝန်းကျင်ရှိ ယောကျာ်းလေး အချို့မှာလည်း ဒေါသထွက်နေကြပေသည်။
"ချန်ဖုန်း... မင်းက ဆေးပညာအကြောင်း ဘာမှမသိဘဲနဲ့ ဘာလို့ အနှောင့်အယှက် လာပေးနေတာလဲ..."
"ဟုတ်တယ်... ရှောင်မန်ချီ က တရုတ်တိုင်းရင်းဆေးပညာအကြောင်း နည်းနည်းပါးပါး သိထားတယ်... မင်းထက်တောင် ပိုသိသေးတယ်..."
"ချီးပဲ... ဒီကောင်က သူမကို တမင်သက်သက် လာကြောင်နေတာလား..."
ယောကျာ်းလေး အချို့မှာ ဘာဖြစ်နေသနည်းဆိုတာကို ရုတ်တရက် သဘောပေါက်သွားကြလေ၏။
ပုံမှန်ဆိုရင် ဒါက ရှောင်မန်ချီ ကို နှုတ်ဆက်တဲ့ ပုံစံမျိုးပဲ...
သူတို့က မင်းကို လုံးဝ အာရုံစိုက်မှာ မဟုတ်ဘူးလေ...
အခုတော့ မတူတော့ဘူး... ဆရာချန် ကို ကူညီချင်ဟန်ဆောင်ပြီး ရှောင်မန်ချီ နဲ့ စကားသွားပြောနေတာပဲ...
အနည်းဆုံးတော့ တုံ့ပြန်မှုတစ်ခုခု ရသင့်တယ် မဟုတ်လား…
"အဲဒီကောင်က အရမ်း လည်လွန်းတယ်..."
"ဟွန့်... သူက မလည်ဘူးဆိုရင် ဘယ်လိုလုပ် ရှန်ယန်းယန်း နဲ့ ပတ်သက်နိုင်မှာလဲ... သူ ဒီလှည့်ကွက်ကို သုံးခဲ့တာ သေချာတယ်..."
ဤအခိုက်အတန့်တွင်
ချန်ဖုန်းအပေါ် လူတိုင်း၏ အထင်အမြင်များ လုံးဝ ပြောင်းလဲသွားခဲ့ပေ၏။
သူ၏ အခန်းဖော်ပင်လျှင် အံ့အားသင့်နေပုံရသည်။
ချီးပဲ... တတိယညီ ရဲ့ လှည့်ကွက်တွေက အရမ်းကို အဆင့်မြင့်လွန်းတယ်...
တတိယညီ က ကျောင်းရဲ့အလှလေးနဲ့ ဘာလို့ ဒီလောက် အဆင်ပြေနေရတာလဲဆိုတာ သူတို့ကိုယ်သူတို့ သေချာ ပြန်စဉ်းစားကြည့်မိကြသည်။ အကြောင်းရင်းက သူက သူတို့ထက် လှည့်ကွက်တစ်ခု ပိုသိနေလို့ပဲကိုး…
ချန်ဖုန်း၏ မျက်နှာ မှောင်မိုက်သွားကာ ပြောဆိုလိုက်သည်။ "ကျောင်းကနေ ဆေးရုံကိုသွားဖို့ အနည်းဆုံး ဆယ်မိနစ်လောက် ကြာတယ်... ငါ ဆေးပညာအကြောင်း နည်းနည်းသိထားလို့ အရင်ဆုံး စမ်းကြည့်ပါရစေ..."
စကားပြောနေစဉ်မှာပင်
သူ၏ လက်ထဲရှိ ငွေအပ်ကို မြှောက်ပြလိုက်၏။
ရှောင်မန်ချီ သည် သူ့အား မော့ကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် သံသယများ ပြည့်နှက်နေခဲ့သည်။
"နင် ဆေးပညာအကြောင်း တကယ် သိလို့လား..."
သူမကိုယ်တိုင်ပင် တရုတ်တိုင်းရင်းဆေးပညာအကြောင်း အနည်းငယ် သိထားလေ၏။
လေဖြတ်ခြင်းကို အပ်စိုက်ကုသခြင်းဖြင့် ကုသနိုင်ကြောင်း သူမ သိထားသော်လည်း သူမကိုယ်တိုင် တစ်ကြိမ်တစ်ခါမျှ မစမ်းသပ်ဖူးခဲ့ချေ။
လူ့ခန္ဓာကိုယ်တွင် အပ်စိုက်မှတ်များစွာ ရှိပေသည်။
အပ်စိုက်မှတ်များ၏ တိကျမှုနှင့် နည်းစနစ်မှာ အလွန် တင်းကျပ်လှ၏။
တကယ်လို့ နေရာမှားပြီး စိုက်မိရင် သွေးကြောတွေကို ထိခိုက်သွားလိမ့်မယ်...
အခြားသူများကလည်း ချန်ဖုန်းအား စူးစမ်းချင်စိတ်ဖြင့် ကြည့်ရှုလိုက်ကြပေသည်။
တစ်ဖက်လူက ဆေးပညာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိထားကြောင်း ၎င်းတို့ တစ်ခါမျှ မကြားဖူးခဲ့ချေ။ အလှလေး၏ အာရုံစိုက်မှုကို ရရန်အတွက် သူက တမင်သက်သက် ပြောနေခြင်းများ ဖြစ်နိုင်မည်လား။
"ချန်ဖုန်း... ဖြစ်ကတတ်ဆန်း မလုပ်နဲ့နော်... တကယ်လို့ တစ်ခုခု ဖြစ်သွားရင် မင်း တာဝန်ယူနိုင်လို့လား..."
"ဟုတ်တယ်... ဆရာချန် က မူလက အဆင်ပြေနေတာ... မင်းက ဆက်ပြီး အပ်စိုက်နေရင် ပိုဆိုးသွားနိုင်တယ်နော်..."
လူတိုင်းက သူ့ကို တားဆီးရန် ကြိုးစားလိုက်ကြ၏။