အခန်း ၂၉
Vol. 3 Ch. 29
အခန်း (၂၉) မျှော်လင့်ချက် ရှိသေးရဲ့လား
ချန်ဖုန်း"အပိုတွေ ပြောမနေနဲ့... တစ်ခုခုဖြစ်ရင် ငါ တာဝန်ယူတယ်..."
ချန်ဖုန်းက သူတို့နှင့် ငြင်းခုံနေရန် ပျင်းရိနေခဲ့၏။
သူသည် မြေပြင်ပေါ်တွင် လဲကျနေသော ဆရာချန် ကို တိုက်ရိုက်ကြည့်ရှုလိုက်ပြီး ငွေအပ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ အပ်ဖျားကို လှည့်ကာ ချွီချီ အပ်စိုက်မှတ်ထဲသို့ စိုက်သွင်းလိုက်လေ၏။
"ဟေး... ချန်ဖုန်း... နင် ဘာလုပ်နေတာလဲ..."
ကောင်မလေးတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ငွေအပ်များကို အသုံးပြု၍ ကုသခြင်းကို ၎င်းတို့ ပထမဆုံးအကြိမ် မျက်မြင်တွေ့ရှိဖူးခြင်း ဖြစ်ပေသည်။ ဤမျှ ရှည်လျားသော အပ်ကြီးဖြင့် အရေပြားကို ထိုးဖောက်ဝင်ရောက်သွားခြင်းက မည်မျှ နာကျင်လိုက်မည်နည်း။
ရှောင်မန်ချီ က သူ့ကို တားဆီးရန် ပြင်လိုက်၏။
သို့သော် ချန်ဖုန်း၏ နည်းစနစ်ကို မြင်လိုက်ရချိန်တွင် သူမ ရုတ်တရက် မှင်တက်သွားခဲ့ပေသည်။
"ဒီနည်းစနစ်က..."
တရုတ်တိုင်းရင်းဆေးဆရာအချို့ လူနာများကို ကုသပေးသည်ကို သူမ မြင်ဖူးထားပြီး ၎င်းတို့၏ နည်းလမ်းများမှာ ချန်ဖုန်း ပြသနေသည့် နည်းလမ်းများနှင့် အတော်လေး ဆင်တူနေခဲ့သည်။
တိတိကျကျ ပြောရလျှင်
ချန်ဖုန်းက ပို၍ပင် ကျွမ်းကျင်နေသေး၏။ အပ်စိုက်မှတ်များရော အပ်စိုက်သွင်းမှုပါ အလွန် တိကျသေချာလှပေသည်။
ဤသည်မှာ သေချာပေါက် လေလုံးထွားနေခြင်း မဟုတ်ချေ။
မကြာမီမှာပင်
ချန်ဖုန်းသည် ငွေအပ်ဆယ်ချောင်းကို စိုက်သွင်းပြီးသွားခဲ့ပြီ ဖြစ်သည်။ ထျန်းကျင်းမှတ်၊ ပိုင်ဟွေးမှတ်၊ နိုင်ထင်မှတ်...
အစပိုင်းတွင် သူသည် အပ်ကို ဖြည်းညင်းစွာ လှည့်ပြီးနောက် စိုက်သွင်းရန်အတွက် အကြိမ်ကြိမ် ညင်သာစွာ ပင့်မြှောက်လိုက်၏။ ထို့နောက် နည်းစနစ်မှာ ပို၍ပို၍ မြန်ဆန်လာခဲ့ပေသည်။
ဆရာချန် ၏ မျက်နှာနှင့် လက်ချောင်းများတွင် ငွေအပ်များ ဖုံးလွှမ်းနေပြီး ကျောချမ်းစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေလေ၏။
လူအုပ်ထဲတွင်
ဤသည်ကို မြင်သောအခါ ယန်ချီ က မနေနိုင်ဘဲ လျှာသပ်လိုက်မိသည်။ "တတိယညီ က ဘယ်တုန်းက ဆေးပညာတွေ သင်ထားတာလဲ... ငါက ဘာလို့ မသိရတာလဲ..."
"ဟုတ်တယ်... ငါတို့က နေ့တိုင်း အတူတူရှိနေတာကို... သူ ဆေးပညာ တတ်တယ်ဆိုတာ အရင်က တစ်ခါမှ မကြားဖူးဘူး..."
အစ်ကိုကြီး တိုင်ဖုန်း ပင်လျှင် လုံးဝ ဇဝေဇဝါ ဖြစ်သွားရတော့၏။
ဤအချိန်၌ တက္ကသိုလ်ဆေးခန်း မှ လူများ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပေသည်။
အတန်းဖော်တစ်ဦးက အလျင်အမြန် ပြောဆိုလိုက်၏။
"ဒေါက်တာရှား... ကြည့်ပါဦး... ဒီကောင်က ဆရာချန် ကို အပ်တွေ လိုက်စိုက်နေတာ... တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်မသွားနိုင်ဘူးလား..."
"အပ်စိုက်ကုသတာလား..."
ဒေါက်တာရှား သည် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
ဤသည်ကို ကြားချိန်တွင် သူ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေ၏။ "အဓိပ္ပာယ်မရှိတာ... မင်းတို့ ကျောင်းသားတွေက ဘယ်လိုလုပ် ဒီလောက် လက်လွတ်စပယ် လုပ်ရဲတာလဲ..."
သူသည် အလျင်အမြန် ပြေးသွားခဲ့သည်။
လူနာ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ငွေအပ်များ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရချိန်၌ သူ အလွန် ထိတ်လန့်သွားပြီး ကျိန်ဆဲလုနီးပါးပင် ဖြစ်သွားရတော့၏။
"မင်း တကယ်ကို အလုပ်ကောင်းကောင်း လုပ်လိုက်တာပဲ..."
ဟင်…
လူတိုင်းမှာ ရုတ်တရက် မှင်တက်သွားကြပေသည်။ ဘာကြောင့် အခုမှ သူ့ကို ချီးကျူးနေရတာလဲ... ဒေါက်တာရှား ကတော့ ဒေါသထွက်လွန်းလို့ ရူးသွားပြီဖြစ်ရမယ်ဟု တွေးလိုက်ကြ၏။
ပြီးပြီပဲ... ချန်ဖုန်း ကတော့ တကယ်ကို ပြဿနာရှာလိုက်ပြီ... ကျောင်းသူအလှလေးရှေ့မှာ ဟန်ရေးပြချင်တာနဲ့ ဆရာချန် ကို သွားထိခိုက်မိပြီ ထင်တယ်...
ရှောင်မန်ချီ မှာလည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။
ချန်ဖုန်းက တရုတ်တိုင်းရင်းဆေးပညာကို အနည်းငယ် သိထားရမည်ဖြစ်ပြီး သူ၏ အပ်စိုက်မှတ်များမှာလည်း အတော်လေး တိကျမှန်ကန်ကြောင်း သူမ သိနိုင်ပေ၏။ နည်းစနစ်များ မှားယွင်းနေတာများလား…
သူမက ညင်သာစွာ မေးမြန်းလိုက်သည်။ "ဒေါက်တာရှား... ဆရာချန်... မျှော်လင့်ချက် ရှိသေးရဲ့လား..."
‘မျှော်လင့်ချက် ရှိသေးရဲ့လား ဟုတ်လား…’
ဤစကားက လူတိုင်းကို လန့်ဖြတ်သွားစေခဲ့၏။ အဲဒီလောက်တောင် ကြီးလေးနေတာလား...
ဒေါက်တာရှား သည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပေသည်။
ချန်ဖုန်း ငွေအပ်များ စိုက်သွင်းနေသော လက်ကို သူ၏ အကြည့်များက စူးစိုက်ကြည့်နေပြီး သူ၏ နှလုံးသားထဲတွင် လှိုင်းဂယက်များ ပြင်းထန်စွာ ရိုက်ခတ်နေခဲ့၏။
"ဒီနည်းစနစ်က..."
အကယ်၍ အပ်စိုက်ကုသမှုကို အနှောင့်အယှက်ဖြစ်မည်ကိုသာ မကြောက်ရွံ့ခဲ့ပါက သူ ယခုလောက်ဆိုလျှင် အော်ဟစ်လိုက်မိမည်မှာ သေချာပေသည်။
အချိန်အတော်ကြာပြီးနောက်
ဒေါက်တာရှား သည် သူ၏ ခံစားချက်များကို ဖိနှိပ်ထားလိုက်ပြီး ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်လေ၏။
"ဆရာချန် က... ဆေးရုံသွားဖို့ မလိုတော့ဘူး..."
"ဘာ..."
လူအုပ်ကြီးသည် ဒေါသတကြီး ပေါက်ကွဲသွားတော့သည်။ ၎င်းတို့က ချန်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။
ဆရာချန် ကို အပ်တွေ အများကြီး စိုက်ခဲ့တဲ့ ဒီကောင်လေးရဲ့ အမှားတွေချည်းပဲ... အခုတော့ ဆရာချန် က ဒါကြောင့် အသက်ဆုံးရှုံးရတော့မယ် ထင်တယ်... ပြီးတော့ ကယ်ဆယ်ဖို့တောင် မလိုတော့ဘူးတဲ့... ဆရာချန်... ဆရာ သေရတာ တကယ်ကို မတရားလိုက်တာ…
"ချန်ဖုန်း... အခုချက်ချင်း ရပ်လိုက်စမ်း..." ကျောင်းသားတစ်ဦးက ဒေါသတကြီး ပြောဆိုလိုက်ပေသည်။
လူတိုင်းက ငွေအပ်များကို ဖယ်ရှားရန် ပြင်လိုက်ချိန်မှာပင် ဒေါက်တာရှား က ၎င်းတို့ကို အလျင်အမြန် တားဆီးလိုက်လေ၏။
သူက အော်ဟစ်လိုက်သည်။ "အရူးအမူး လျှောက်မလုပ်ကြနဲ့... ငါဆိုလိုတာက ဆရာချန် က အခု နိုးလာတော့မှာမလို့ ဆေးရုံသွားဖို့ မလိုတော့ဘူးလို့ ပြောတာ... ဒီကျောင်းသားက တရုတ်တိုင်းရင်းဆေးပညာကို တကယ် တတ်ကျွမ်းတယ်..."
ထို့အပြင် သူအသုံးပြုခဲ့သော အပ်စိုက်ကုသမှု နည်းစနစ်များမှာ အလွန်အမင်း အဆင့်မြင့်မားပြီး တရုတ်နိုင်ငံရှိ ဝါရင့် တိုင်းရင်းဆေးပညာရှင် အချို့ထက်ပင် သာလွန်နေသေးသည်တကား။
"ဘာ..."
လူတိုင်း မှင်တက်သွားကြပေ၏။ ချန်ဖုန်းက ဘယ်တုန်းက ဒီလောက် အံ့သြဖို့ကောင်းသွားရတာလဲ... သူက ဆေးပညာကို တကယ် တတ်ကျွမ်းနေတာပဲ...
ထို့အပြင် ဒေါက်တာရှား ၏ အဆိုအရ သူ၏ ဆေးပညာစွမ်းရည်များမှာ အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပုံရပေသည်။
ကျော်ကြားသော တရုတ်တိုင်းရင်းဆေးပညာ မာစတာကြီး တစ်ယောက်တဲ့လား...
၎င်းတို့အားလုံး ချန်ဖုန်းထံသို့ ကြည့်ရှုလိုက်ကြသည်။
ဤအချိန်၌
ချန်ဖုန်းသည် အပ်စိုက်ကုသမှုကို ပြုလုပ်ပြီးစီးသွားခဲ့ပြီ ဖြစ်၏။ သူသည် ငွေအပ်များကို ညင်သာစွာ ဖယ်ရှားလိုက်ရာ အပ်များရှိခဲ့သော နေရာများမှ အနီရောင်မျဉ်းများ ထွက်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်တွင် လဲကျနေသော ဆရာချန် ၏ ရွဲ့စောင်းနေသော ပါးစပ်မှာ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး မကြာမီမှာပင် သတိရလာခဲ့ပေ၏။
လူတိုင်း ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။
အားလုံး မှင်တက်သွားကြပေ၏။
သူ တကယ်ကြီး နိုးလာပြီလား...
လေထုမှာ တိတ်ဆိတ်သွားလေ၏။ သူတို့ မြင်တွေ့နေရသည့်အရာကို မယုံကြည်နိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်နေကြပေသည်။
"သူ တကယ် သတိရလာပြီပဲ..."
ရှောင်မန်ချီ ၏ မျက်နှာပေါ်တွင် နက်နက်ရှိုင်းရှိုင်း အံ့အားသင့်မှုများ ပေါ်လာခဲ့သည်။
အစပိုင်းတွင် ချန်ဖုန်းကို သူမ သံသယရှိခဲ့သော်လည်း ယခုအခါတွင်မူ သူ၌ ထူးခြားသော ဆေးပညာစွမ်းရည်များ ရှိနေကြောင်း သူမ တကယ်ပင် ယုံကြည်သွားခဲ့လေပြီ။
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်၏။ "ဆရာချန်... ဆရာ့ရဲ့ စိတ်ခံစားမှုတွေကို ပိုပြီး ဂရုစိုက်သင့်တယ်... အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့... လေဖြတ်တာက သိပ်ပြဿနာ မရှိတော့ပါဘူး...
အားတဲ့အချိန်ရှိရင် ဆေးရုံသွားပြီး အပြည့်အစုံ စစ်ဆေးမှု ခံယူသင့်သေးတယ်နော်…”
"အော်... ကျေးဇူးအများကြီးတင်ပါတယ် ကျောင်းသားလေး..."
ဆရာချန် မှာ အခြေအနေကို သဘောမပေါက်မီ ခဏတာ မှင်တက်သွားခဲ့ပေသည်။
‘ဒီလိုဖြစ်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး...
အတန်းထဲမှာ ဒီလို အံ့သြဖို့ကောင်းတဲ့ ကျောင်းသားတွေ ရှိနေတာပဲ…’
ပုံမှန်ဆိုရင်
ဆေးရုံသွားရင် သေချာပေါက် ဆေးထိုးဆေးသောက် လုပ်ရမှာဖြစ်ပြီး ပြန်ကောင်းလာဖို့ လနဲ့ချီတောင် အချိန်ယူရနိုင်တယ်...
ဒါပေမဲ့ အခု ရိုးရှင်းတဲ့ အပ်စိုက်ကုသမှုလေး တစ်ခုနဲ့ အဆင်ပြေသွားပြီပေါ့...
ဝိုး... တကယ်ကို အံ့သြဖို့ကောင်းလိုက်တာ...
သူသည် အဝတ်အစားများပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်ပြီး ဒေါက်တာရှား ၏ လမ်းညွှန်မှုအောက်တွင် စာသင်ခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားလေ၏။
ဒေါက်တာရှား တွင် ချန်ဖုန်းအား မေးမြန်းလိုသော မေးခွန်းများစွာ ရှိနေသော်လည်း ပတ်ဝန်းကျင်တွင် လူများလွန်းနေသဖြင့် မမေးနိုင်ခဲ့ဘဲ အလောတကြီး ထွက်ခွာသွားရပေသည်။
"ချန်... ချန်ဖုန်း... ငါ ခုနက နင့်ကို နားလည်မှုလွဲသွားတယ်... တောင်းပန်ပါတယ်..."
ရှောင်မန်ချီ မှာ ရှက်ရွံ့နေပုံရ၏။
ကံကောင်းထောက်မစွာဖြင့် လူနာကို ကယ်ဆယ်နေသော တစ်ဖက်လူကို သူမ မတားဆီးခဲ့သဖြင့် တော်သေးသည်။ ထိုသို့မဟုတ်ပါက ဆရာချန် သာ တစ်စုံတစ်ရာ ထိခိုက်မှု ဖြစ်သွားခဲ့လျှင် သူမတွင် ကြီးမားသော တာဝန်ရှိသွားပေလိမ့်မည်။
ချန်ဖုန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး ရုတ်တရက် ပြောဆိုလိုက်သည်။
"ရပါတယ်...တကယ်လို့ အဆင်ပြေမယ်ဆိုရင် WeChat မှာ တစ်ယောက်ကိုတစ်ယောက် အက်ဒ်ထားကြရအောင်... နင်က တရုတ်တိုင်းရင်းဆေးပညာကို တော်တော်လေး စိတ်ဝင်စားပုံရတယ်... ဒါကြောင့် နင်သိချင်တာမှန်သမျှ ငါ့ကို လာမေးလို့ ရပါတယ်..."
သူက တစ်ဖက်လူကို ရိုးရိုးရှင်းရှင်းလေး သိကျွမ်းချင်ရုံ သက်သက်သာ ဖြစ်ပေ၏။
အင်း... ဒါပါပဲ...
ရှောင်မန်ချီ သည် ဘာပဲဖြစ်ဖြစ် ကျောင်းသူအလှလေး လေးဦးအနက် တစ်ဦးဖြစ်ပေသည်။ ချန်ဖုန်းသည် ရှန်ချင် နှင့် မတွဲမီက ဤကဲ့သို့သော နတ်ဘုရားမတစ်ပါးအား လိုက်ရန် စိတ်ကူးယဉ်ခဲ့ဖူးသေး၏။
အဲဒီအချိန်တုန်းကတော့ အဲဒါက စိတ်ကူးယဉ်ယုံ သက်သက်ပါပဲ…
လေးနှစ်ကြာပြီးတဲ့နောက် ရှောင်မန်ချီ နဲ့ ဒီလို မျက်နှာချင်းဆိုင် စကားပြောခွင့် ရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး...
သို့သော် သူ သိပ်ပြီး စိတ်မလှုပ်ရှားနေခဲ့ချေ။
ဘာပဲဖြစ်ဖြစ် စနစ်ပါတဲ့ ဖုန်းလေး ရောက်လာကတည်းက
သူ၏ လက်ရှိ အဆင့်အတန်းနှင့် ရပ်တည်ချက်အရ အရင်က တွေးကြည့်လို့ပင် မရနိုင်သော အရာများစွာကို ယခုအခါ လွယ်ကူစွာ ရရှိနိုင်နေပြီ ဖြစ်လေ၏။
"ရတာပေါ့... ငါ့ကို စကန်ဖတ်လိုက်လေ..."
ရှောင်မန်ချီ သည် မတွေးတောတော့ဘဲ သူမ၏ ဖုန်းကို ထုတ်ယူကာ တစ်ဖက်လူအား စကန်ဖတ်ခိုင်းလိုက်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး
ဘေးနားရှိ ယောကျာ်းလေးများမှာ ဆွံ့အသွားကြတော့၏။
ဒီလှည့်ကွက်က...
ရင်းနှီးနေသလို မခံစားရဘူးလား...
ချီးပဲ... ဒီကောင်လေးရဲ့ အဓိက ရည်ရွယ်ချက်က ရှောင်မန်ချီ ကို WeChat အက်ဒ်ဖို့ပဲကိုး...
ယခင်က အတန်းဖော်တစ်ဦး ရှောင်မန်ချီ ကို WeChat တွင် အက်ဒ်လိုသော်လည်း တိုက်ရိုက် ငြင်းပယ်ခံခဲ့ရသည်။ ယခုအခါ ချန်ဖုန်းက သူမကို တိုက်ရိုက် အက်ဒ်သွားခဲ့ပြီ ဖြစ်၏။
သူတို့ ကြိုးစားပြီး မအောင်မြင်ခဲ့တဲ့ အရာကို ချန်ဖုန်းက လွယ်လွယ်ကူကူပဲ ရယူသွားခဲ့တယ်...
မနာလိုစရာ မကောင်းဘူးလား...
စာသင်ခန်းထဲရှိ လူအုပ်ကြီးကြားတွင်
ရှန်ချင် ၏ မျက်နှာအမူအရာမှာ အလွန် ရှုပ်ထွေးနေခဲ့ပေသည်။
သူမသည် အစကတည်းက ချန်ဖုန်းကို တိတ်တဆိတ် ကြည့်ရှုနေခဲ့ခြင်း ဖြစ်၏။ ချန်ဖုန်း စာသင်ခန်းထဲသို့ ဝင်လာကတည်းက သူ့ဘေးတွင် တိုက်ရိုက် ဝင်ထိုင်ချင်ခဲ့သေးသည်။
သို့သော် တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကိုလည်း သူမ ကြောက်ရွံ့နေခဲ့ပေသည်။
လမ်းခွဲပြီးကတည်းက
ချန်ဖုန်း မည်မျှ ထူးချွန်ကြောင်းကို သူမ ပိုမို သိမြင်လာခဲ့ပြီး အထူးသဖြင့် အခြားမိန်းကလေးများက သူ့အပေါ် သဘောကျကြောင်း ဖော်ပြနေသည်ကို မြင်လိုက်ရချိန်တွင် သူမအား အလွန်အမင်း နေရခက်သွားစေခဲ့၏။
တစ်ယောက်ယောက်က ငါ့ဆီကနေ တစ်ခုခုကို ခိုးယူသွားသလိုပဲ...
လွန်ခဲ့သော နှစ်ရက်က ဟွာရှန်းဆေးရုံ မှ ပြန်ရောက်ကတည်းက သူမ စိတ်ဓာတ်ကျနေခဲ့ခြင်း ဖြစ်ပေသည်။
မဖြစ်ဘူး...
ချန်ဖုန်း ကို ငါ ပြန်ရအောင် ယူရမယ်…