အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) ကိုယ့်တွင်းကိုယ်တူးခြင်း
ကျောက်တုန်းလိုင်သည် မာနတခွဲသားဖြင့် နှာခေါင်းရှုံ့ကာ အထက်စီးမှ ပြောဆိုလိုက်၏။
"ရှန်ယန်းယန်း... ငါ့ကို ငတုံးလို့ မထင်နဲ့... မင်းက သူ့ကို ရည်းစားလို့ ပြောရုံနဲ့ သူက မင်းရည်းစား ဖြစ်မလာဘူး...
ဒီကောင်လေးက ရုပ်လေးတော့ ချောပါတယ်...
ဒါပေမဲ့ ရုပ်ချောတာက ထမင်းစားလို့ ရလို့လား... သူက ငါ့ထက် ပိုချမ်းသာနိုင်ပါ့မလား... မင်းလို ရှန်ယန်းယန်းက မျက်နှာပွင့်စားတဲ့ မိန်းမလျာကောင်ကို တွဲချင်လိမ့်မယ်လို့ ငါ မယုံဘူး…”
ဘေးတွင် ရပ်နေသော ချန်ဖုန်းက သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်ပေသည်။
"ဟုတ်တယ်... ဟုတ်တယ်... ငါက မင်းလောက်လည်း မချောဘူး... မင်းလောက်လည်း မချမ်းသာဘူး... ရှန်ယန်းယန်းက ငါ့ကို သဘောကျဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး..."
"ငါက သူနဲ့ ဘာပတ်သက်မှုမှ မရှိဘူး... ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့..."
ကျောက်တုန်းလိုင် "မင်း..."
ထိုစကားများကို ကြားချိန်တွင် ကျောက်တုန်းလိုင်မှာ အတော်လေး ဒေါသထွက်သွားခဲ့လေ၏။
"မင်းတို့နှစ်ယောက်က ဘာပတ်သက်မှုမှ မရှိဘူးလို့သာ ပြောနေတာ... ဒီလောက်တောင် နီးနီးကပ်ကပ် ရှိနေကြတာကို..."
အစပိုင်းက သူသည် ကောလာဟလများကို မယုံကြည်ခဲ့ချေ။ ကောလာဟလဆိုသည်မှာ များသောအားဖြင့် ချဲ့ကားပြောဆိုလေ့ရှိပြီး အမြဲတမ်း မှန်ကန်နေမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို သူ စတင်ယုံကြည်လာခဲ့ပြီ ဖြစ်၏။
ရှန်ယန်းယန်းသည်လည်း ချန်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ ချန်ဖုန်းက သူမကို ကူညီဖြေရှင်းပေးမည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ဤကောင်လေးက မိန်းကလေးများအပေါ် နူးညံ့ညင်သာစွာ ဆက်ဆံရမည်ကို လုံးဝ နားမလည်ကြောင်း သူမ မထင်မှတ်ထားခဲ့ချေ။
ချန်ဖုန်း ထွက်သွားတော့မည့်ပုံစံကို မြင်လိုက်ရသဖြင့် ရှန်ယန်းယန်းသည် သူ့ကို နာကြည်းသော အမူအရာဖြင့် ကြည့်ကာ ရင်ဘတ်ကို ကော့လိုက်ပြီး တိုးတိတ်စွာ ပြောဆိုလိုက်ပေ၏။
"နင့်ကို ထွက်သွားခွင့် မပြုဘူး..."
သူ၏ လက်မောင်းထက်မှ နူးညံ့သောအထိအတွေ့ကြောင့် ချန်ဖုန်း၏ နှလုံးသားမှာ တစ်ချက် ခုန်ပေါက်သွားခဲ့ပြီး သူ၏ပတ်ဝန်းကျင်ရှိ လူများ၏ မျက်လုံးများထဲမှ သိသာထင်ရှားသော ရန်လိုမှုများကို သူ ခံစားလိုက်ရလေသည်။
ကျောက်တုန်းလိုင်သည် သူတို့နှစ်ဦး၏ သိမ်မွေ့သော လှုပ်ရှားမှုများကို မျက်လုံးပြူးကာ စိုက်ကြည့်နေခဲ့ပေ၏။
"ထိုရင်ဘတ်က..."
"ချီးပဲ..."
"မင်းရဲ့လက်တွေက ဘယ်နေရာကို ရောက်နေတာလဲ... ဘယ်နေရာကို သွားထားထားတာလဲ..."
ကျောက်တုန်းလိုင်သည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
တစ်ဖက်လူက ရှန်ယန်းယန်းကို မည်သို့မည်ပုံ လှည့်စားထားသည်ကို သူ မသိခဲ့ချေ။
ဒါပေမဲ့ အဲဒီတော့ ဘာဖြစ်လဲ...
ဒီခေတ်ကြီးမှာ ရည်းစားရှိတဲ့ မိန်းကလေးတွေသာ လမ်းခွဲနိုင်တာ မဟုတ်ဘူး... လင်ရှိမယားတွေတောင် ကွာရှင်းနိုင်သေးတာပဲလေ...
ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ ရုပ်ရည်က အဓိက မဟုတ်တော့ချေ။
လူမှုရေး အဆက်အသွယ် သို့မဟုတ် လူမှုအဆင့်အတန်းထက် ဘဏ်အကောင့်ထဲရှိ ငွေပမာဏကသာ အဓိကကျပေ၏။
ကျောက်တုန်းလိုင်သည် ဒုတိယမျိုးဆက် သူဌေးသားတစ်ဦး ဖြစ်သည်။ သူ၏ မိသားစုမှာ ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားပြီး အဆက်အသွယ်နှင့် အဆင့်အတန်းအရ ချန်ဖုန်းထက် မည်သို့မျှ မသာလွန်ဘဲ နေမည်နည်း။
ကျောက်တုန်းလိုင်က"မင်းက ချန်ဖုန်း မဟုတ်လား... ရှန်ယန်းယန်းကို မင်းဆီပါလာအောင် ဘယ်လို လှည့်စားလိုက်လဲဆိုတာ ငါ မသိဘူး... ဒါပေမဲ့ မင်းကို တစ်ခုလောက် သတိပေးချင်တယ်..."
"သူ့ရဲ့ တစ်ကိုယ်လုံး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက အနည်းဆုံး ယွမ် သောင်းနှစ်သောင်း သုံးသောင်းလောက် တန်တယ်... မင်း အဲဒါတွေကို တတ်နိုင်လို့လား... သူ့ကို ရှာကျွေးနိုင်လို့လား..."
"မင်းက တကယ်ကြီး ရုပ်ရည်လေးအားကိုးပီး သူရှာကျွေးတာကို ထိုင်စားနေဖို့ မတွေးထားပါဘူးနော်..."
စကားပြောနေစဉ်မှာပင် သူသည် သူ၏အနောက်ရှိ ပြိုင်ကားတန်းကို လက်ညှိုးထိုးပြလိုက်လေ၏။
"ငါကတော့ မတူဘူး... ငါ့မိသားစုက ချမ်းသာတယ်... ငါ့အနောက်က ကားတွေကို ကြည့်လိုက်... တစ်စီးကို အနည်းဆုံး ယွမ် သန်းတစ်သန်းကျော် တန်တယ်..."
"ငါဝတ်ထားတဲ့ နာရီတွေကို ကြည့်လိုက်... ဘယ်နာရီမဆို ယွမ် သန်းတစ်သန်းကျော် တန်တယ်..."
"သူ့ကို ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဘဝတစ်ခုကို ငါ ပေးနိုင်သလို ပျော်ရွှင်မှုကိုလည်း ငါ ပေးနိုင်တယ်..."
"မင်းကတော့ ဘာမှပေးနိုင်မှာ မဟုတ်ဘူး... လက်လျှော့လိုက်စမ်းပါ..."
"ဆင်းရဲတာက မင်းရဲ့အမှား မဟုတ်ပါဘူး... အမှားက မင်းမှာ ပိုက်ဆံမရှိမှန်း သိရက်နဲ့ ရှန်ယန်းယန်း လို ကျောင်းရဲ့အလှလေးကို လိုက်နေတာပဲ..."
ကျောက်တုန်းလိုင်သည် ယနေ့တွင် အလွန် အထင်ကြီးစရာကောင်းသော ပြကွက်တစ်ခုကို ပြသနိုင်ခဲ့သည်ဟု ခံစားလိုက်ရသည်။
ဒါကို ကြည့်လိုက်လေ... မြေပြင်ပေါ်က ပန်းတွေ... အနောက်က ဇိမ်ခံကားတွေ...
ပြီးတော့ သူ ဝတ်ဆင်ထားတဲ့ နာရီ...
ဘယ်အရာကများ ငွေကြေးရဲ့ သင်္ကေတ မဟုတ်လို့လဲ…
အကယ်၍ ရှန်ယန်းယန်းက ယခုအချိန်တွင် သဘောမတူသေးလျှင်ပင် ဘာဖြစ်သနည်း။ သူမ၏ ပတ်ဝန်းကျင်ရှိ အမျိုးသားများအားလုံးကို မောင်းထုတ်နိုင်သရွေ့ သူမ နောက်ဆုံးတွင် သဘောတူလာမည်သာ ဖြစ်ပေ၏။
ရှန်ယန်းယန်း "ကျောက်တုန်းလိုင်... ဒီနေရာမှာ လာပြီး အရူးမလုပ်စမ်းပါနဲ့..."
သူမသည် ချန်ဖုန်း၏ နောက်ခံကို သိရှိထားပြီး သူက ယွမ် ၄၅ သန်းကျော်တန် ပါဂါနီ ကားကို တစ်ကြိမ်တည်းဖြင့် ဝယ်ယူခဲ့သူ ဖြစ်ပေ၏။
‘နင့်ရဲ့ ကားဆယ်စီးစလုံးကို ပေါင်းလိုက်ရင်တောင် သူ့ကားတစ်စီးလောက် တန်ကြေးမရှိဘူးလေ...
ဘာတွေများ ဝင့်ကြွားစရာ ရှိနေလို့လဲ…’
"ဟားဟား... ရှန်ယန်းယန်း... မင်း စိတ်မရှည်ဖြစ်လာပြီ မဟုတ်လား..."
ကျောက်တုန်းလိုင်မှာ ပြောရင်းအလွန် ဝမ်းသာသွားခဲ့သည်။ သူ၏ နည်းလမ်းက တကယ်ပင် အလုပ်ဖြစ်သွားခဲ့လေပြီ မဟုတ်လား သူက ချန်ဖုန်းအား ထပ်မံ ပြောဆိုလိုက်သည်။
"မင်းကို ယွမ် တစ်သောင်း ပေးမယ်... ရှန်ယန်းယန်း အနားကနေ အခုချက်ချင်း ထွက်သွားလိုက်... ဒီပိုက်ဆံနဲ့ မင်းကြိုက်တဲ့ မိန်းကလေးကို ရှာလို့ရတယ်... မင်း တစ်ခဏလောက်တော့ ပူပင်သောကကင်းကင်းနဲ့ နေဖို့ လုံလောက်ပါလိမ့်မယ်..."
ထို့နောက် သူသည် အိတ်ကပ်ထဲမှ ငွေစက္ကူတစ်ထပ်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်လေ၏။
ချန်ဖုန်းက ခေါင်းခါရင်းပြောလိုက်တယ်
"တကယ်လို့ ငါ့ရဲ့ လက်ရှိ ပိုင်ဆိုင်မှုက ဆင်းရဲတယ်လို့ သတ်မှတ်ခံရမယ်ဆိုရင် မင်းကတော့ တောင်းရမ်းစားသောက်တဲ့ သူတောင်းစားပဲ ဖြစ်လိမ့်မယ်..."
"မင်းနောက်က ကားတွေနဲ့ ပတ်သက်ပြီး ပြောရရင် ငါ့မှာ သေချာပေါက် အဲဒီလို ကားမျိုးတွေ မရှိဘူး..."
"ဘာလို့လဲဆိုတော့ အဲဒါတွေ အကုန်လုံးက အမှိုက်တွေချည်းပဲလေ... ငါ တကယ်ကို ဂရုမစိုက်ဘူး..."
တစ်ဖက်လူက သူ့ကို အထပ်ထပ်အခါခါ နှိမ့်ချနေခဲ့သည်။ ရွှံ့ရုပ်မှာတောင် ဒေါသရှိသေးသည် မဟုတ်လော။ ချက်ချင်းဆိုသလိုပင်
သူ၏ အကြည့်များသည် ကျောက်တုန်းလိုင်၏ လက်ထဲရှိ ငွေစက္ကူများထံသို့ ပြန်လည်ရောက်ရှိသွားရင်း ဆက်ပြောလိုက်တယ်
"တောင်းပန်ပါတယ်... ဒီယွမ် တစ်သောင်းကို မင်းကိုယ်တိုင်ပဲ သိမ်းထားလိုက်ပါ..."
"ငါ မလိုအပ်ဘူး... ငါ့မှာ တခြားအရာတွေ အများကြီး လိုအပ်ကောင်း လိုအပ်နေနိုင်ပေမဲ့ ငါ့ဆီမှာ ပေါများနေတဲ့ တစ်ခုတည်းသောအရာက ပိုက်ဆံပဲ..."
"ငါ ကြွားနေတာ မဟုတ်ဘူး... မင်းရဲ့ ချမ်းသာကြွယ်ဝမှုကို ငါနဲ့ လာမယှဉ်ပါနဲ့... ဒီနေရာမှာ ရှိတဲ့ဟာတွေ အကုန်လုံးက အမှိုက်တွေပဲ..."
ချီးပဲ…
ဤအခိုက်အတန့်တွင် လူတိုင်းမှာ ဆွံ့အသွားကြလေသည်။
ကျောက်တုန်းလိုင်မှာလည်း လုံးလုံးလျားလျား အံ့အားသင့် မှင်တက်သွားခဲ့၏။ သူသည် မောက်မာသောသူများကို ယခင်က မြင်ဖူးခဲ့သော်လည်း ဤမျှ မောက်မာသောသူကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
"ဒီမှာရှိတဲ့ဟာတေ အကုန်လုံးက အမှိုက်တွေတဲ့လား..."
ရှန်ယန်းယန်းသည် ချန်ဖုန်းအား မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကြည့်ရှုလိုက်သည်။ ဤကောင်လေးက တကယ်ကို စိတ်ပျက်စရာ မကောင်းလှချေ။ စကားပြောဆိုမှု စွမ်းရည်နဲ့ ပတ်သက်လာရင်တော့ ချန်ဖုန်းကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလေ…
"ငါ့ရှေ့မှာ လာဟန်ဆောင်မနေနဲ့..."
ကျောက်တုန်းလိုင်မှာ အတော်လေး ဒေါသထွက်နေခဲ့ပြီး အထူးသဖြင့် ချန်ဖုန်းကို ကြည့်နေသော ရှန်ယန်းယန်း၏ ညို့ယူဖမ်းစားနိုင်သည့် အကြည့်က သူ့ကို ပို၍ပင် ဆိုးရွားစွာ ခံစားရစေခဲ့သည်။
သူ တကယ်ကို နားမလည်နိုင်ခဲ့ချေ။
ရှန်ယန်းယန်းက ဘာလို့ ဒီကောင်လေးကို သဘောကျရတာလဲ... သူက ကြွားတတ်လို့များလား…
ထိုအချိန်မှာပင် ချန်ဖုန်း၏ ဖုန်းမြည်လာခဲ့ပေ၏။
ဖုန်းခေါ်ဆိုလာသူမှာ ကျန်တဝေ ဖြစ်သည်။ ချန်ဖုန်းသည် ဖုန်းကို ချက်ချင်း စပီကာဖွင့်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်၏။
"လောင်ကျန်... ဘာကိစ္စများလဲ..."
ကျန်တဝေ "ရှောင်ချန်... ဟွာရှန်းဆေးရုံ အတွက် စာချုပ်နဲ့ စာရွက်စာတမ်းတွေ အကုန်လုံး လုပ်ပြီးသွားပြီ... မင်းဆီ ပို့ပေးဖို့ ငါ့ရဲ့ လက်ထောက်ကို လွှတ်လိုက်ပြီ... အခု မင်း ကျောင်းမှာလား..."
ချန်ဖုန်း "ဟုတ်တယ်... ကျွန်တော် ကျောင်းပေါက်ဝမှာ ရှိနေတယ်..."
ကျန်တဝေ "ကောင်းပြီ... လက်ထောက်က မကြာခင် ရောက်လာလိမ့်မယ်... မင်းက တကယ်ကို လက်ဖွာတာပဲ... ဆေးရုံကို ဝယ်ဖို့ ယွမ် သန်း ၄၀ သုံးပြီး နောက်ထပ် ယွမ် သန်း ၁၀၀ ထပ်ရင်းနှီးမြှုပ်နှံသေးတယ်..."
"အဲဒီပိုက်ဆံက မြို့ထဲမှာ ဆေးရုံတစ်ရုံ တည်ဆောက်ဖို့ လုံလောက်တယ်ကွ... မင်းကို ငါ တကယ် နားမလည်နိုင်တော့ဘူး..."
ဘာ...
ဖုန်းပြောဆိုမှု ပါဝင်သောအကြောင်းအရာများကို ကြားလိုက်ရချိန်တွင် ကျောက်တုန်းလိုင်မှာ အံ့အားသင့် မှင်တက်သွားခဲ့ပေသည်။
ချန်ဖုန်းသည် ကောလိပ်ကျောင်းသား တစ်ယောက်သက်သက်သာ ဖြစ်၏။
ဆေးရုံကို ဝယ်ပြီး ယွမ် သန်း ၁၀၀ ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံတွေကို သူတို့က ဘယ်ကနေ ရလာတာလဲ...
သူက တကယ့် လိမ်လည်သူပဲ…
ကျောက်တုန်းလိုင်"ချန်ဖုန်း... မင်းက တကယ်ကို ဟန်ဆောင်ကောင်းတာပဲ... အဲဒီလို သရုပ်ဆောင်စွမ်းရည်မျိုးနဲ့ သရုပ်ဆောင်တစ်ယောက် မဖြစ်လာတာ တကယ်ကို နှမြောစရာပဲ... ငါ့ကို ပြောစမ်းပါဦး... ဒီသရုပ်ဆောင်ကို မင်း ဘယ်လောက် ပေးလိုက်ရလဲ... ဘယ်လောက်လဲ..."
"ဘာကိုသရုပ်ဆောင်လဲ..."
ချန်ဖုန်းသည် သူ့အား ငတုံးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်လေ၏။
ကျောက်တုန်းလိုင်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။
"ဒီဖုန်းခေါ်ဆိုမှုက ငါတို့ကို ပြဖို့ တမင်လုပ်ဇာတ်ခင်းထားတဲ့ ပြကွက်တစ်ခု မဟုတ်ဘူးလား... မင်းကိုယ်မင်း တကယ်ကြီး အရမ်း ချမ်းသာတယ်လို့ ထင်နေတာလား..."
"လောင်ကျန် ဟုတ်လား... ဘေးအိမ်က အဘိုးကြီးဝမ် လို့ ပြောတာကမှ ပိုယုံရဦးမယ်..."
ထိုအခိုက်အတန့်တွင် ဖုန်း၏ အခြားတစ်ဖက်မှ ကျန်တဝေသည်လည်း ဤစကားဝိုင်းကို ကြားလိုက်ရပေ၏။
သူ ချက်ချင်းပင် ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။
"မင်းက ဘယ်ကောင်လဲ ကောင်လေး... ငါက ထျန်ပေါင်ဂရု ရဲ့ အထွေထွေမန်နေဂျာ ကျန်တဝေ ကွ... သတ္တိရှိရင် မင်းနာမည်ကို ပြောစမ်း..."
"ထျန်ပေါင်ဂရု လား..."
ကျောက်တုန်းလိုင်၏ အေးစက်သော အပြုံးမှာ ပိုမိုနက်ရှိုင်းလာခဲ့၏။ သူသည် ဤကုမ္ပဏီအကြောင်းကို သိရှိထားပြီး ၎င်းမှာ စာရင်းဝင် ကုမ္ပဏီကြီးတစ်ခုဖြစ်ကာ သူ၏ ဖခင်သည်လည်း ၎င်းတို့နှင့် စီးပွားရေးအရ အဆက်အသွယ်ရှိလေသည်။
အထွေထွေမန်နေဂျာ၏ နာမည်မှာ တကယ်ပင် ကျန်တဝေ ဖြစ်ပေ၏။
ဒါပေမဲ့ မန်နေဂျာချုပ်ကျန် က ဘယ်လိုလူမျိုးလဲ... သူက ချန်ဖုန်းကို ဘယ်လိုလုပ် သိနိုင်မှာလဲ...
ဒါက သေချာပေါက် အတုပဲ…
ဒါကြောင့်သူက
"မင်းအဘိုးရဲ့ နာမည်က ကျောက်တုန်းလိုင် ကွ... ငါ့ရှေ့မှာ လာပြီး ဆရာကြီး လာမလုပ်နဲ့ မြေးလေး... မင်းက ငါ့ကို အရူးလို့များ ထင်နေတာလား..."
"တကယ်လို့ မင်းကသာ ကျန်တဝေ ဆိုရင် ငါက ကျန်တဝေ ရဲ့ အဖေပဲကွ..."
တစ်ဖက်က ကျန်တဝေ မှာလည်း
"ကျောက်တုန်းလိုင် ဟုတ်လား... မင်း စောင့်နေလိုက်..."
ကျန်တဝေမှာ အလွန်အမင်း ဒေါသထွက်နေပြီး သူ၏ အဆုတ်များပင် ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရလေ၏။ သူသည် ပေ့ဟူမြို့ တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် သာမန် ကောင်လေးတစ်ယောက်၏ စော်ကားခြင်းကို ခံရလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
သူ ဒေါသတကြီးဖြင့် ဖုန်းချပစ်လိုက်သည်။
ဘေးတွင် ရပ်နေသော ချန်ဖုန်းသည် ကျောက်တုန်းလိုင်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပေ၏။ ဤကောင်လေးက ကျန်တဝေကို စော်ကားလိုက်ပြီဖြစ်ရာ သေချာပေါက် ပြဿနာတက်တော့မည် ဖြစ်လေသည်။