အခန်း ၃၈
Vol. 4 Ch. 38
အခန်း (၃၈) အံ့သြသွားလား… မမျှော်လင့်ထားဘူးလား
"အော်... ဘာမှမဟုတ်ပါဘူး..."
ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်၏။ "ခုနက ငါပြောသလိုပါပဲ... အဲဒီ အဓိက ရှယ်ယာရှင်က လူကောင်းတစ်ယောက်ပါ... ရုပ်ချောတယ်... စိတ်သဘောထား ကောင်းတယ်... ပြီးတော့ လူကြီးသူမတွေကို ရိုသေပြီး မိဘကို လုပ်ကျွေးပြုစုတတ်တယ်လေ...
သူက ယွမ်ဘီလီယံချီပြီး ချမ်းသာနေပေမဲ့ သူ့ရဲ့ ကြွယ်ဝမှုကို ဘယ်တော့မှ ကြွားလုံးထုတ်လေ့မရှိဘူး
သူ့လို ထူးချွန်ပြီး သဘောကောင်းတဲ့ သူမျိုးဆီကို... အစ်ကိုလျို က ရင်းနှီးမြှုပ်နှံမှု တောင်းဆိုရင် သူ သေချာပေါက် သဘောတူမှာပါ…
"...”
လျိုမင်လျန်သည် သူ့အား ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ပေ၏။
ဒီကောင် ဘာဖြစ်နေတာလဲ...
အဓိက ရှယ်ယာရှင်က ဒီမှာတောင် ရှိမနေတာကို မင်းက ဖားယားနေတော့ ဘာထူးမှာလဲ...
ဘေးတွင် ရပ်နေသော ရှန်ယန်းယန်းမှာလည်း ဆွံ့အသွားခဲ့လေသည်။
‘ဟူးးး… ဒေါသထွက်စရာကောင်းလိုက်တာ…’
လျိုမင်လျန်ကို သူမ ဖခင်၏ ကုမ္ပဏီတွင် အလုပ်မလုပ်စေချင်ခဲ့ချေ။ အကယ်၍ ရင်းနှီးမြှုပ်နှံမှု အမှန်တကယ် လိုအပ်မည်ဆိုပါက ချန်ဖုန်းက သူမဖခင်၏ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံပေးသည်ကို ပိုလိုလားပေသည်။
ဒါနဲ့... ချန်ဖုန်းဆီမှာ အဲဒီလောက် ပိုက်ဆံအများကြီး ရှိလို့လား...
ရှန်ယန်းယန်းက ခေါင်းစောင်းကာ တွေးတောနေပုံရ၏။
လျန်မင်လျန်က "အဲဒီ အဓိက ရှယ်ယာရှင်ကို ကျွန်တော်တို့ တောင်းပန်နေစရာ မလိုပါဘူး... ဦးလေးရှန် ကုမ္ပဏီရဲ့ အလားအလာတွေနဲ့ အားသာချက်တွေကို ချပြလိုက်ဖို့ပဲ လိုတာပါ...
အဲဒီ အဓိက ရှယ်ယာရှင်ရဲ့ ကြိုတင်မြင်နိုင်စွမ်းနဲ့ဆိုရင် သူက သေချာပေါက် ကိုယ်တိုင် ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းလာမှာပါ...
သူတို့က သာမန်လူတွေမှ မဟုတ်တာ...
အဲဒီလိုမှ မဟုတ်ရင် လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် မှာ ရှယ်ယာတွေ ရယူထားနိုင်မှာ မဟုတ်ဘူးလေ...
ဒီလို အမြင်မျိုးက လူတိုင်းဆီမှာ ရှိနေတာ မဟုတ်ဘူး…”
လျိုမင်လျန်က ပြောရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ရှန်ကျွင်းက သဘောတူစွာ ခေါင်းညိတ်လိုက်၏။ တစ်ဖက်လူက အနည်းငယ် စိတ်မြန်လွန်းသော်လည်း သူ၏ ချဉ်းကပ်ပုံမှာ မှန်ကန်နေပြီး အဓိက ရှယ်ယာရှင်အား ဖြောင်းဖျရာတွင် တကယ်ပင် အထောက်အကူ ဖြစ်စေနိုင်ပေသည်။
သူက ချန်ဖုန်းကို မနေနိုင်ဘဲ ထပ်မံ၍ တစ်ချက်ကြည့်လိုက်မိပြန်သည်။
ဤကောလိပ်ကျောင်းသားသည် အခြားသူများနှင့် မတူညီချေ။ သာမန် ကောလိပ်ကျောင်းသားများက သူ့ကို တွေ့ဆုံချိန်တွင် အများအားဖြင့် အလွန် ရှက်ရွံ့နေတတ်ကြ၏။ မည်သို့ပင်ဆိုစေ သူသည် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဖြစ်လေသည်။
ရှန်ကျွင်းအနေဖြင့် သူ့တွင် တိကျသော အာဏာစက် တစ်ခုရှိသည်ဟု ယုံကြည်ထားပြီး လောကအကြောင်း သိပ်မသိသေးသူများအနေဖြင့် ဤအငွေ့အသက်ကို လျစ်လျူရှုရန် ခက်ခဲမည် ဖြစ်ပေသည်။
ဒါပေမဲ့... ချန်ဖုန်းက ဒီကို ရောက်ကတည်းက... သူက အတော်လေး ပေါ့ပေါ့ပါးပါး ပြုမူနေခဲ့တယ်လေ...
လိုအပ်တဲ့ ယဉ်ကျေးမှုလေးတွေကလွဲရင် သူ ပတ်ပတ်လည်ကို ကြည့်နေပုံက တကယ်ပဲ သူ့ရဲ့ ကိုယ်ပိုင် ဟင်းသီးဟင်းရွက်ခြံထဲမှာ လမ်းလျှောက်နေသလိုပါပဲ။
တကယ်ကို နားလည်ရခက်တာပဲ…
ထိုအချိန်၌ ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်၏။
"အဲဒီ အဓိက ရှယ်ယာရှင်က တကယ်ကို အမြင်ကျယ်တာပဲ... သူ့ကို မတွေ့ခင်ကတည်းက သူက ထူးချွန်တဲ့သူ တစ်ယောက်ဖြစ်မယ်ဆိုတာ ငါ သိခဲ့တယ်... သူ့အပေါ် ငါ့ရဲ့ လေးစားမှုက အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေတဲ့ မြစ်တစ်စင်းလို အဆုံးအစမရှိဘူးလေ..."
"ပေါက်ကရတွေ..." လျိုမင်လျန်သည် သူ၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရန် စိတ်မဝင်စားတော့ချေ။
သူက ဖုန်းကို ထုတ်ယူကာ ရှန်ကျွင်းအား ဝှေ့ယမ်းပြလိုက်ပြီး ပြောဆိုလိုက်သည်။
"ဦးလေးရှန်... ကျွန်တော် အခုချက်ချင်း သူ့ကို ဖုန်းဆက်လိုက်တော့မယ်... ဖြည့်စွက်ပြီး ပြောချင်တာများ ရှိသေးလား..."
"မရှိပါဘူး... ကုမ္ပဏီရဲ့ အခြေအနေကို မင်း အကြမ်းဖျင်း သိထားပြီးသားပဲ..."
ရှန်ကျွင်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ သူက အပေါ်ယံတွင် တည်ငြိမ်နေပုံရသော်လည်း အတွင်းစိတ်ထဲတွင်မူ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ပေသည်။
"ကောင်းပြီ... ကျွန်တော် အခု စလိုက်တော့မယ်..."
လျိုမင်လျန်က အသံကို ရှင်းလင်းစေရန် ချောင်းအနည်းငယ် ဆိုးလိုက်သည်။ သူ၏ အသံကို တတ်နိုင်သမျှ နူးညံ့ညင်သာနေစေရန် ကြိုးစားလိုက်၏။
ထို့နောက် သူက ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်လေသည်။
သူသည် ဤနံပါတ်ကို ရရှိရန်အတွက် အလွန် ခက်ခဲစွာ ကြိုးပမ်းခဲ့ရသဖြင့် ယခင်က ရှန်ကျွင်းက တောင်းဆိုခဲ့ချိန်တွင် သူက တိုက်ရိုက် ငြင်းပယ်ခဲ့ခြင်း ဖြစ်ပေ၏။
ထိုအချိန်မှာပင် ချန်ဖုန်း၏ ဖုန်းမြည်လာခဲ့သည်။
လျိုမင်လျန် မျက်မှောင်ကြုတ်သွား၏။
သူက ထိုအဓိက ရှယ်ယာရှင်ကို ဖုန်းဆက်တော့မည် ဖြစ်ပြီး ဤဖုန်းခေါ်ဆိုမှုတွင် ယွမ်သန်းရာနှင့်ချီသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ပါဝင်နေလေသည်။ ၎င်းမှာ သူကိုယ်တိုင်နှင့် ရှန်ကျွင်း နှစ်ဦးစလုံးအတွက် အလွန် အရေးကြီးပေ၏။
ငါက ဘယ်လိုလုပ် အနှောင့်အယှက် အပေးခံနိုင်မှာလဲ...
"ညီလေးချန်... မင်းဆီ ဖုန်းဝင်လာပြီဆိုတော့ သွားကိုင်လိုက်ပါဦး..."
စကားပြောနေစဉ်မှာပင် လျိုမင်လျန်က ဖုန်းချလိုက်သည်။
သို့သော် သူ ဖုန်းချလိုက်သည့် အခိုက်အတန့်တွင် ချန်ဖုန်း၏ ဖုန်းမှာလည်း ငြိမ်သက်သွားခဲ့ပေ၏။
ဟင်... ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ...
လျိုမင်လျန်က သိပ်များများစားစား မတွေးတောခဲ့ချေ။ ဖုန်းကို ထပ်မံ၍ ခေါ်ဆိုလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်လည်း ချန်ဖုန်း၏ ဖုန်းက ထပ်မံ မြည်လာခဲ့ပြန်၏။
ဤသည်က လျိုမင်လျန်အား ဒေါသထွက်သွားစေခဲ့သည်။ "ချန်ဖုန်း... အခုချက်ချင်း ဖုန်းချလိုက်စမ်း... ငါရဲ့ ယွမ်သန်းရာနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုကို မင်းဖျက်ဆီးတာ ခံမှာမဟုတ်ဘူး..."
"ကောင်းပြီလေ... မင်းက ပိုအရေးကြီးတာဆိုတော့..."
ချန်ဖုန်းက ပခုံးတွန့်ပြလိုက်ပြီး ဖုန်းချလိုက်လေသည်။
"ဟင်... သူတို့ ဖုန်းချသွားတယ်..."
လျိုမင်လျန်က ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ ဖုန်းလိုင်း ပြတ်သွားတာလား...
တစ်ဖက်လူက ဖုန်းမကိုင်တာကို နားလည်ပေးလို့ ရပေမဲ့ တိုက်ရိုက်ကြီး ဖုန်းချလိုက်တာက ဘာသဘောလဲ... ပြီးတော့ အဲဒါက ချန်ဖုန်း ဖုန်းချလိုက်တဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာလေ...
ချက်ချင်းဆိုသလိုပင် သူသည် ရုတ်တရက် ချန်ဖုန်းကို ကြည့်လိုက်ပြီး အဓိက ရှယ်ယာရှင်၏ ဖုန်းနံပါတ်ကို ထပ်မံ ခေါ်ဆိုလိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် ချန်ဖုန်း၏ ဖုန်းက ထပ်မံ မြည်လာခဲ့ပြန်၏။
"..." ဧည့်ခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
လူတိုင်း အံ့အားသင့် မှင်တက်သွားကြပြီး ကြောင်အမ်းအမ်း ဖြစ်သွားကြလေ၏။
ဘာတွေ ဖြစ်နေတာလဲ... သောက်ကျိုးနည်း... ဘာတွေ ဖြစ်နေတာလဲ...
လူတိုင်း သူ့ကို စိုက်ကြည့်နေကြသည်ကို မြင်သောအခါ ချန်ဖုန်းမှာ ဖုန်းချရန် အနေရခက်သွားသလို ခံစားလိုက်ရသည်။
ဖြေဆိုမည့် ခလုတ်ကို တိုက်ရိုက် နှိပ်လိုက်လေ၏။ ဖုန်းလိုင်း ချိတ်ဆက်သွားခဲ့သည်...
မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး…
ချိတ်ဆက်သွားသော ဖုန်းခေါ်ဆိုမှုကို ကြည့်ရင်း လျိုမင်လျန်၏ မျက်နှာမှာ ချေးစားထားသကဲ့သို့ ကြည့်ရဆိုးနေခဲ့ပေ၏။
ဘယ်သူဖြစ်ဖြစ် ငါ့ကို ပြောပြကြပါဦး... ဒီမှာ ဘာတွေဖြစ်နေတာလဲ…
ချန်ဖုန်းက တဟားဟားရယ်မောလျက် ပြောဆိုလိုက်သည်။
"အော်... အစ်ကိုလျို က ငါ့ကို ဒီလောက်တောင် အာရုံစိုက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ငါတို့ ဒီနေ့မှ စတွေ့တာကို မင်းက ငါ့ဖုန်းနံပါတ်ကိုတောင် ရနေပြီပဲ...
မင်းက ငါ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ မဟုတ်လား... ငါက မင်းကို အစ်ကိုတစ်ယောက်လို သဘောထားပေမဲ့ မင်းက ငါနဲ့ အိပ်ချင်နေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး…”
"ဖွီး... မင်းက ဘယ်လိုလုပ် အဲဒီလို ပြောထွက်ရတာလဲ..."
"ငါ..." လျိုမင်လျန်မှာ သွေးတစ်ပွက် အန်လုနီးပါး ဖြစ်သွားခဲ့ရ၏။
အရာအားလုံးက ဒီလိုဖြစ်လာလိမ့်မယ်လို့ သူ တကယ် မထင်မှတ်ထားခဲ့ချေ။
ချန်ဖုန်းကများ အဲဒီ အဓိက ရှယ်ယာရှင် ဖြစ်နေမလား...
မဖြစ်နိုင်ဘူး... အဲဒါ လုံးဝ မဖြစ်နိုင်ဘူး...
လျိုမင်လျန်သည် ဤခန့်မှန်းချက်ကို ချက်ချင်း ပယ်ဖျက်လိုက်ပြီး တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ဖုန်းနံပါတ် မှားမှတ်ထားခြင်းသာ ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်လိုက်လေ၏။
"မင်လျန်... မင်းရဲ့ ဖုန်းနံပါတ်က..."
ရှန်ကျွင်း၏ အကြည့်များမှာ ချန်ဖုန်းနှင့် လျိုမင်လျန်တို့ကြားတွင် အဆက်မပြတ် ကူးလူးနေခဲ့သည်။ သူလည်း ထပ်တူ ဇဝေဇဝါ ဖြစ်နေခဲ့၏။
လျိုမင်လျန်၏ ယုံကြည်မှုရှိသော မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်အချို့ နောက်ဆုံးတွင် ပေါ်လာခဲ့ပေသည်။ သူက အလျင်အမြန် ရှင်းပြလိုက်၏။ "ဦးလေးရှန်... ကျွန်တော့် သူငယ်ချင်းက အမှားလုပ်မိတာ ဖြစ်ရမယ်... ကျွန်တော် သူ့ကို သေချာ ပြန်မေးကြည့်လိုက်ပါ့မယ်..."
"ဘာလို့ ငါ မဖြစ်နိုင်ရမှာလဲ..."
ချန်ဖုန်း၏ အပြုံးတွင် အဓိပ္ပာယ်တစ်မျိုး ပါဝင်နေခဲ့သည်။
လျိုမင်လျန်က သွားကြိတ်လျက် ပြောဆိုလိုက်၏။ "မင်း လုံးဝ မဖြစ်နိုင်ဘူး... ပထမအချက်အနေနဲ့ အသက်က လွဲနေတယ်... အဲဒီ အဓိက ရှယ်ယာရှင်က လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ရဲ့ ရှယ်ယာတွေကို ဝယ်ခဲ့တာ...
လွန်ခဲ့တဲ့ ၁၅ နှစ်က မင်းအသက် ဘယ်လောက်ရှိသေးလို့လဲ...
ဒုတိယအချက်အနေနဲ့ စရိုက်လက္ခဏာနဲ့ အမှတ်အသား နှစ်ခုလုံးက မှားယွင်းနေတယ်လေ...
လွန်ခဲ့တဲ့ ၁၅ နှစ်က ယွမ်သန်း ၆၀ ဆိုတာ ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ မင်းသိရဲ့လား…”
"မင်းရဲ့ နောက်ခံနဲ့ အဆင့်အတန်းအရဆိုရင် အဲဒါကို မင်း လုံးဝ မတတ်နိုင်ပါဘူး... ဒါဆို ရှယ်ယာဝယ်ဖို့ ပိုက်ဆံကို မင်းက ဘယ်ကနေ ရလာမှာလဲ..."
ချန်ဖုန်းမှာ စကားတစ်ခွန်းမျှ မပြောဘဲ ပြုံးနေလိုက်၏။
ယုတ္တိဗေဒအရ တွေးကြည့်လျှင် သူ လုံးဝ မဖြစ်နိုင်ချေ။ သူက ပုံမှန်ရော ဟုတ်ရဲ့လား...
လျိုမင်လျန်သည် သူနှင့် စကားပြောနေရသည်ကို အချိန်ဖြုန်းသည်ဟု ထင်မှတ်နေခဲ့၏။ စကားပြောပြီးသည်နှင့် သူသည် ဘေးဘက်သို့ ပြေးသွားကာ ဖုန်းခေါ်ဆိုလိုက်လေသည်။
ရှန်ယန်းယန်းက ချန်ဖုန်းအား ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဒါ ဘာတွေ ဖြစ်နေတာလဲ..."
"ဘာတွေ ဖြစ်နေလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ..."
ချန်ဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်ပြလိုက်၏။ "တကယ်လို့ ငါကများ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အဓိက ရှယ်ယာရှင် ဖြစ်နေမလားပဲ... ငါ့ရဲ့ အပြုအမူကို ကြည့်ပါဦး... အစ်ကိုလျို ပြောပြတာနဲ့ တစ်ပုံစံတည်းပဲလေ..."
"..." ရှန်ယန်းယန်း မျက်လုံးလှန်ကြည့်လိုက်သည်။
နင့်ကို တစ်စက္ကန့်လေးတောင် မယုံဘူး...
လျိုမင်လျန်ကို သူမ ဖခင်၏ ကုမ္ပဏီတွင် အလုပ်မလုပ်စေချင်ခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ရရှိနိုင်စေရန် သူမ မျှော်လင့်နေဆဲပင်။ ထိုအချိန်၌ သူမကိုယ်တိုင်လည်း အလွန် စိုးရိမ်ပူပန်နေခဲ့၏။
မကြာမီမှာပင် လျိုမင်လျန် ဖုန်းပြော၍ ပြီးသွားခဲ့သည်။ သို့သော် သူ၏ အမူအရာမှာ အလွန် စိတ်ဓာတ်ကျနေပုံရပြီး ကနဦးက ရှိခဲ့သော ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့လေပြီ။
လျိုမင်လျန်က"ဦးလေးရှန်... ကျွန်တော့် သူငယ်ချင်းက ဖုန်းနံပါတ်ကို စစ်ဆေးနေပါတယ်... စိတ်မပူပါနဲ့... အဓိက ရှယ်ယာရှင်ရဲ့ ထောက်ပံ့မှု မပါရင်တောင်မှ..."
ကျွန်တော့်အဖေကို ကူညီဖို့ တောင်းဆိုလို့ ရပါတယ်... ကျွန်တော်တို့ ကိုယ်တိုင် ပိုက်ဆံစိုက်ထုတ်ရမယ် ဆိုရင်တောင် ဦးလေး ရန်ပုံငွေရအောင် သေချာပေါက် ကူညီပေးပါ့မယ်…
"အဲဒီလောက် မလိုအပ်ပါဘူး..."
ရှန်ကျွင်းမှာ အလွန် ပါးနပ်လှပေ၏။ တစ်ဖက်လူ၏ စကားများက ဖုန်းနံပါတ်အတွက် မျှော်လင့်ချက် မရှိတော့ကြောင်း ညွှန်ပြနေပြီ ဖြစ်သည်။
ကြည့်ရတာ တခြားနည်းလမ်းတစ်ခု စဉ်းစားမှ ဖြစ်တော့မယ်…