အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) ပြဇာတ်စပြီ
ဆယ်မိနစ်ခန့် အကြာတွင်
အထွေထွေမန်နေဂျာ ချောင်မု ပြန်ရောက်လာခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် အားနာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
"မစ္စတာချန်... ခင်ဗျားရဲ့ အကောင့်ထဲက ယွမ် ၂.၅ ဘီလီယံကို အကန့်အသတ်မရှိ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပါတယ်... ဒါပေမဲ့…”
သူ စကားပြောနေစဉ်မှာပင်...
သူ၏ အားနာမှုက ပိုမိုနက်ရှိုင်းလာခဲ့သည်။
"ခင်ဗျားက အသုံးပြုသူအသစ် ဖြစ်နေတဲ့အတွက် ရုံးချုပ်က လီဗာရေ့ချ် ကန့်သတ်ချက် ကို အတည်မပြုပေးခဲ့ပါဘူး..."
"ဒါပေမဲ့ ကျွန်တော်တို့က အရောင်းအဝယ် အခကြေးငွေနဲ့ ကော်မရှင်တွေကို ၀.၃ ရာခိုင်နှုန်းကနေ ၀.၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်..."
"ရပါတယ်..."
ချန်ဖုန်းက ဂရုမစိုက်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်၏။
သူက သက်ဆိုင်ရာ အချက်အလက်တချို့ကို အမြန် ရှာဖွေကြည့်လိုက်သည်။
လီဗာရေ့ချ် ကန့်သတ်ချက် သည် ပကတိ အရင်းအနှီးဖြစ်ပြီး ထုတ်ယူ၍မရနိုင်ချေ။ ၎င်းကို ကုန်သွယ်မှု ပလက်ဖောင်းအတွင်း ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့အတွက်သာ အသုံးပြုနိုင်ပေသည်။
အမြတ်အစွန်းများ ဖန်တီးရန် အသုံးပြုခြင်းပင်။
ပုံမှန် ခွင့်ပြုငွေ ကန့်သတ်ချက်များတွင် ငါးဆ၊ ဆယ်ဆ စသည်တို့ ပါဝင်လေ၏။
ဥပမာအားဖြင့်
လီဗာရေ့ချ် ကန့်သတ်ချက် ငါးဆ ရရှိပါက ချန်ဖုန်းတွင် လက်ရှိ ယွမ် ၂.၅ ဘီလီယံ ရှိနေသဖြင့် ထိုပမာဏ၏ ငါးဆဖြစ်သော ယွမ် ၁၂.၅ ဘီလီယံကို အသုံးပြု၍ အရောင်းအဝယ် ပြုလုပ်နိုင်ပေမည်။
ပမာဏက ငါးဆ တိုးလာပြီး အမြတ်ကလည်း ငါးဆ တိုးလာမည် ဖြစ်၏။
သို့သော် အရှုံးပေါ်သွားခဲ့မည်ဆိုပါက ငွေကြေးကုမ္ပဏီများသည်လည်း သက်ဆိုင်ရာ အရှုံးများကို ခံစားရမည် ဖြစ်ပေသည်။
ထို့ကြောင့် ချန်ဖုန်းသည် အရေးကြီးသော ဖောက်သည်တစ်ဦး ဖြစ်သော်လည်း သူ၏ စွမ်းရည်များကို မသိရှိမီ Future ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ၏ ရုံးချုပ်သည် လီဗာရေ့ချ် ကန့်သတ်ချက် များကို ပေါ့ပေါ့ဆဆ ခွင့်ပြုပေးရန် မရဲဝံ့ခဲ့ချေ။
"အထွေထွေမန်နေဂျာ ချောင်မု... အခု စကြမလား..."
ချန်ဖုန်းက အချိန်ကို စစ်ဆေးကြည့်လိုက်သည်။ ကြိုတင်ခန့်မှန်းချက် ဗီဒီယို အချိန်မရောက်မီ ငါးမိနစ်အောက်သာ လိုတော့ပေ၏။
ဘာပဲဖြစ်ဖြစ် သူက ငွေရှာတာ အရမ်းမြန်တော့ လီဗာရေ့ချ် ကန့်သတ်ချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရေးမကြီးချေ။
"ကောင်းပါပြီ... စကြတာပေါ့..."
အထွေထွေမန်နေဂျာ ချောင်မု က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
သူက အစည်းအဝေးခန်းထဲသို့ ကွန်ပျူတာ ယူဆောင်လာရန် တစ်စုံတစ်ဦးအား အလျင်အမြန် ခိုင်းစေလိုက်၏။
ရောက်တာနဲ့ ဆော့ဖ်ဝဲလ်ကိုဖွင့်ပြီး အကောင့်ထဲသို့ ဝင်လိုက်သည်...
အရာအားလုံး အဆင်သင့်ဖြစ်နေပြီ။
ထို့နောက် သူက သတိမပေးဘဲ မနေနိုင်ခဲ့ချေ။
"မစ္စတာချန်... ရေနံစိမ်းနဲ့ ရွှေတွေက လောလောဆယ်မှာ သိသိသာသာ အတက်အကျ ရှိနေတယ်... ဒါပေမဲ့ အဲဒါတွေကို အများအားဖြင့် ညဘက်မှာပဲ အရောင်းအဝယ် လုပ်ကြတယ်..."
"အမေရိကန် A-အဆင့် ကော်ဖီ ကြိုပွိုင့်ဈေးကွက် မှာ အတက်အကျတွေ ရှိပေမဲ့ ငွေအများကြီး ရှာဖို့တော့ ခက်တယ်နော်..."
"အဲလိုတော့ မဟုတ်လောက်ဘူးနော်..."
ချန်ဖုန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။
ထို့နောက် သူက လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"တစ်..."
"နှစ်..."
"သုံး..."
နောက်တစ်ခဏတွင်…
အထွေထွေမန်နေဂျာ ချောင်မု သည် အမေရိကန် A-အဆင့် ကော်ဖီ စာမျက်နှာကို ဖွင့်လိုက်ရုံသာ ရှိသေးချိန်တွင် ဂရပ်ဖ်သည် ဝမ်းလျှောနေသူတစ်ဦးကဲ့သို့ ထိုးကျသွားသည်ကို မြင်တွေ့လိုက်ရ၏။
အဟမ်း... အဟမ်း...
ထိုဖော်ပြချက်မှာ သိပ်မတိကျသော်လည်း အဓိက အချက်ကတော့ ထိုအတိုင်းပင်။
အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်းသည် တစ်ပေါင်လျှင် ၁၂၀ ဒေါ်လာ ဝန်းကျင်တွင် အဆက်မပြတ် ရှိနေခဲ့သော်လည်း ယခုအခါ ၁၁၈.၇၅၊ ၁၁၇.၂၃၊ ၁၁၆.၁၇ ဒေါ်လာ သို့ ထိုးကျသွားခဲ့လေပြီ...
ပြင်းထန်စွာ ထိုးကျလာခြင်းပင်။
"ချီးပဲ..."
အထွေထွေမန်နေဂျာ ချောင်မု မှာ လုံးလုံးလျားလျား ဆွံ့အသွားခဲ့သည်။
သူသည် ဤလုပ်ငန်းတွင် ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့သော်လည်း ဤကဲ့သို့သော အရာမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
မှားတယ်
ဒီလို ပြင်းထန်တဲ့ ထိုးကျမှုမျိုးကို အရင်က မြင်ဖူးတယ်။
ဒါပေမဲ့ အရမ်း ရှားပါးတယ်လေ...
သူ့ကို ပို၍ ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်မှာ... ချန်ဖုန်းသည် ဤအချိန်တွင် အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်း ကျဆင်းသွားမည်ကို အစကတည်းက သိရှိနေပုံရခြင်းပင်။
"Omaha ရဲ့ နတ်ဘုရား" ဟု လူသိများသော Warren Buffett ပင်လျှင် ဤမျှလောက် အံ့သြဖွယ်ကောင်းမည် မဟုတ်ချေ။
တစ်ချိန်တည်းလောက်မှာပင် ရင်းနှီးမြှုပ်နှံသူ အများအပြားသည်လည်း အမေရိကန် A-အဆင့် ကော်ဖီ ၏ ပုံမှန်မဟုတ်မှုများကို သတိပြုမိသွားကြပြီး ငွေကြေးအမြောက်အမြားကို လောင်းထည့်လိုက်ကြလေ၏။
ဤအချိန်၌ Short Selling ပြုလုပ်နေသရွေ့ ငွေရှာနိုင်မည် ဖြစ်ပေသည်။
အထွေထွေမန်နေဂျာ ချောင်မု သည် ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေချိန်၌…
ချန်ဖုန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။
"ခဏနေဦး... ကျွန်တော် ပြောတဲ့အတိုင်း လုပ်..."
ခဏစောင့်ရမယ် ဟုတ်လား...
အထွေထွေမန်နေဂျာ ချောင်မု မှာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့၏။ စောင့်ဆိုင်းနေရသော မိနစ်တိုင်းက ငွေကြေးများကို အလဟဿ ဖြစ်စေနေခြင်းပင်။
အဲဒီအချိန်ကစပြီး ဆက်တိုက် ကျနေခဲ့တာ။ တိုက်ရိုက် Short Selling လုပ်ခြင်းက သေးငယ်သော ဈေးနှုန်းကွာဟချက်မှပင် ကြီးမားသော အမြတ်အစွန်းများကို လွယ်ကူစွာ ဖန်တီးပေးနိုင်ပေသည်။
အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်းသည် ၁၁၂.၅၁ သို့ ကျဆင်းသွားသည်ကို မြင်သောအခါ…
ချန်ဖုန်း နောက်ဆုံးတွင် စကားပြောလာခဲ့၏။
"အထွေထွေမန်နေဂျာ ချောင်မု... ပိုပြီး ဝယ်ဖို့ ကူညီပေးပါ... ယွမ် ၂.၅ ဘီလီယံလုံးကို သုံးလိုက်..."
ထိုငွေဖြင့် အမေရိကန် A-အဆင့် ကော်ဖီ ဘယ်နှစ်အုပ် ဝယ်နိုင်မည် သို့မဟုတ် အမေရိကန် A-အဆင့် ကော်ဖီ တစ်အုပ်လျှင် ဘယ်နှစ်ပေါင် အလေးချိန်ရှိသည်ဆိုသည်ကို သူ မသိခဲ့ချေ။
ဘာပဲဖြစ်ဖြစ် သိဖို့ မလိုအပ်ပါဘူး။
အထွေထွေမန်နေဂျာ ချောင်မု ကိုင်တွယ်နိုင်ပါတယ်လေ…
ဘာဖြစ်ဖြစ် သူ့မှာ ငွေမရှားဘူးလေ…
"ယွမ် ၂.၅ ဘီလီယံလုံး ဟုတ်လား..."
အထွေထွေမန်နေဂျာ ချောင်မု သည် သွေးတစ်လုတ်အပြည့် ထွေးထုတ်မိလုနီးပါး ဖြစ်သွားခဲ့၏။
သူသည် Future ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ၏ ပေ့ဟူ ဒေသဆိုင်ရာ အထွေထွေမန်နေဂျာ ဖြစ်သော်လည်း ဤမျှ ကြီးမားသော ငွေကြေးပမာဏကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကိုင်တွယ်ခဲ့ဖူးချေ။
အထူးသဖြင့်...
အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်း ကျဆင်းနေစဉ်မှာပင် ဈေးကျချိန်တွင် ဝယ်ယူခြင်းက...
ငါတို့ ပိုက်ဆံတွေ ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား…
အရူးသာလျှင် အဲဒီလို လုပ်လိမ့်မည်။
"မစ္စတာချန်... အခု လူတိုင်းက Short Selling လုပ်နေကြတာ... ခင်ဗျားက တကယ်ကြီး ဈေးတက်တာကို ဝယ်ချင်နေတာလား... တကယ်လို့ ဈေးမတက်လာဘူးဆိုရင် ခင်ဗျား ပိုက်ဆံတွေ ဆုံးရှုံးသွားနိုင်တယ်နော်..."
သူ တစ်ယောက်တည်း မဟုတ်ချေ။
သူ၏ အနောက်ရှိ ဧည့်ကြိုဝန်ထမ်းပင်လျှင် အံ့အားသင့်နေပုံရ၏။
ကြိုပွိုင့်ဈေးကွက် အကြောင်း အနည်းငယ် သိသူတိုင်း ၎င်းကို မြင်တွေ့နိုင်ပေသည်။
ဤသည်မှာ တခြားသူများကို ပိုက်ဆံ လက်ဆောင်ပေးနေခြင်းသာ ဖြစ်၏။
"ရပါတယ်... ကျွန်တော့် လိုအပ်ချက်အတိုင်းသာ ဝယ်လိုက်ပါ..."
ချန်ဖုန်း၏ မျက်နှာအမူအရာမှာ အလွန် အလေးအနက် ရှိနေခဲ့သည်။
အဓိပ္ပာယ်ကလည်း အလွန် ရှင်းလင်းနေပေ၏။
ကျွန်တော် ပြောတဲ့အတိုင်း လုပ်ပါ...
"နားလည်ပါပြီ..."
အထွေထွေမန်နေဂျာ ချောင်မု သည် ခဏတာ တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်၏။
"ဒီမှာ အရောင်းအဝယ်တွေကို အမေရိကန်ဒေါ်လာနဲ့ လုပ်တာဆိုတော့ မစ္စတာချန် ရဲ့ ရန်ပုံငွေက ဒေါ်လာ သန်း ၃၆၀ ရှိပါတယ်..."
"အင်း..."
ချန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
သူက မူလက ယွမ် ၂.၅ ဘီလီယံကို များပြားသည်ဟု ထင်ခဲ့သော်လည်း ငွေကြေးလဲလှယ်လိုက်ချိန်တွင် ထိုမျှလောက် မများပြားတော့ကြောင်း တွေ့ရပေ၏။
အထွေထွေမန်နေဂျာ ချောင်မု သည် ဘာမျှ ထပ်မပြောတော့ချေ။ ဈေးနှုန်း မပြောင်းလဲမီ ယခုပင် အမြန်ဆောင်ရွက်လိုက်သည်။
ဒေါ်လာ သန်း ၃၆၀ ပမာဏဖြင့် အမေရိကန် A-အဆင့် ကော်ဖီ အုပ်ရေ ၈၃ အုပ်ခန့် ဝယ်ယူနိုင်ပြီး တစ်အုပ်လျှင် ပေါင် ၃၇,၅၀၀ အလေးချိန် ရှိပေ၏။
သူ အရောင်းအဝယ် ပြီးစီးသွားသည့် အခိုက်အတန့်မှာပင်...
အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်းသည် ရုတ်တရက် ကျဆင်းမှု ရပ်တန့်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင်
မျဉ်းကွေးသည် ပြင်းထန်စွာ မြင့်တက်လာပြီး ဈေးနှုန်းများ စတင် ပြန်လည်မြင့်တက်လာတော့၏။
တက်သွားပြီ…
"ဒါက..."
အထွေထွေမန်နေဂျာ ချောင်မု ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ဖြတ်ပြေးသွားခဲ့သည်။
အမေရိကန် A-အဆင့် ကော်ဖီ သည် အခုလေးတင် ပြင်းထန်သော ကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီး သူကိုယ်တိုင်ပင် အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်လက် ကျဆင်းနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။
ဘယ်သူက သိမှာလဲ...
သူ လုပ်ဆောင်ပြီးသည်နှင့် တစ်ပြိုင်နက် ဈေးနှုန်းက ချက်ချင်း ပြန်တက်လာခဲ့သည်။
တိုက်ဆိုင်လိုက်တာ...
သူသည် ချန်ဖုန်းအား ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ကြည့်လိုက်ရာ အခြားတစ်ဖက်မှာ လုံးလုံးလျားလျား တည်ငြိမ်နေသည်ကိုသာ မြင်တွေ့လိုက်ရ၏။
အရာအားလုံးက လုံးဝ သဘာဝကျနေသည့်အလားပင်။
အထွေထွေမန်နေဂျာ ချောင်မု သည် သူ၏ သိချင်စိတ်နှင့် အံ့အားသင့်မှုများကို ဖိနှိပ်ထားကာ ကွန်ပျူတာပေါ်သို့ အာရုံစိုက်လိုက်သည်။
အဲဒါ ဒေါ်လာ သန်း ၃၆၀ လေ...
ဒီအခြေအနေကို သေချာ စောင့်ကြည့်နေဖို့ လိုတယ်...
နောက်ပိုင်းကာလများတွင် ဈေးနှုန်းများသည် ဖြည်းညင်းစွာ ပြန်လည် မြင့်တက်လာခဲ့၏။ မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် တစ်ပေါင်လျှင် ၁၂၀.၂၆ ဒေါ်လာသို့ ပြန်လည်ရောက်ရှိသွားခဲ့လေပြီ။
အကယ်၍ ယခု ပြန်လည်ယူ ဆောင်ရွက်မည်ဆိုပါက ဒေါ်လာ ၂၄,၁၂၁,၈၇၅ ရရှိနိုင်ပေမည်။
ချီးပဲ...
နာရီဝက်တောင် မကြာသေးဘူးလေ...
သူတို့ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ရနေပြီ။ အဲဒါက ယွမ် သန်း ၁၇၀ နီးပါးနဲ့ ညီမျှတယ်…
အထွေထွေမန်နေဂျာ ချောင်မု မှာ အသက်ရှူမှားသွားခဲ့၏။ လုံးလုံးလျားလျား ဆွံ့အသွားခဲ့သည်။
ဒါ ဓားပြတိုက်နေတာလား... မှားတယ်...
လူတစ်ယောက်ကို ဓားပြတိုက်ရင်တောင် ဒီလောက် ပိုက်ဆံ အများကြီး မရနိုင်ဘူးလေ…
သူသည် ချန်ဖုန်းအား မှင်တက်စွာ ကြည့်လိုက်ပြီး မသိမသာ မေးမြန်းလိုက်သည်။
"မစ္စတာချန်... အခု ကျွန်တော်တို့ အရောင်းအဝယ် လုပ်သင့်ပြီလား... အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော် ရနိုင်တယ်နော်..."
"မလောပါနဲ့... ခဏလောက် ထပ်စောင့်ကြတာပေါ့..."
ချန်ဖုန်း၏ အဖြေမှာ အမြဲတမ်း တည်ငြိမ်နေခဲ့၏။ သူသည် အမြဲတမ်း ဤမျှ ဂရုမစိုက်သကဲ့သို့ ရှိနေခဲ့သလိုမျိုးပင်
ထိုငွေကြေး အနည်းငယ်ကို လုံးဝ ဂရုမစိုက်သည့်အလားပင်။
ခဏလောက် ထပ်စောင့်မယ်...
အထွေထွေမန်နေဂျာ ချောင်မု သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။
သူသည် ချန်ဖုန်းကို အရောင်းအဝယ်များတွင် ကူညီပေးနေရုံသာ ဖြစ်သော်လည်း သူကိုယ်တိုင် ငွေရှာနေရသကဲ့သို့ ခံစားနေရသည်။ အခြားတစ်ဖက်မှ ငွေအများကြီး ရှာနိုင်ရန်လည်း သူ မျှော်လင့်မိပေ၏။
နောင်တစ်ချိန် လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့တဲ့အခါ...
ပေါ့ပေါ့ပါးပါး အရောင်းအဝယ် တစ်ခုတည်းနဲ့ ဘီလီယံချီပြီး ရှာနိုင်တယ်လို့ ပြောလို့ရတယ်လေ။
အဲဒါ အရမ်း မမိုက်ဘူးလား...အယ့်လိုဆို လန့်သွားပြီမလား…
ဤအချိန်၌ VIP အစည်းအဝေးခန်း အတွင်းရှိ လေထုမှာ အလွန်အမင်း တင်းမာနေပြီး မည်သူကမျှ အသံမထွက်ရဲကြချေ။
ချန်ဖုန်း၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးသွားမည်ကို ၎င်းတို့ စိုးရိမ်နေကြခြင်း ဖြစ်ပေ၏။
ချန်ဖုန်းက ပြုံးလိုက်ရင်း သူ၏ လက်ထဲရှိ ကော်ဖီခွက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်၏။
"မမလေး... ကော်ဖီတစ်ခွက်လောက် ငှဲ့ပေးလို့ ရမလား..."
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ..."
ဧည့်ကြိုဝန်ထမ်းက အလျင်အမြန် ရှေ့သို့ တိုးလာခဲ့သည်။
ချန်ဖုန်း၏ ခွက်ကို ယူကာ သူ့အတွက် ကော်ဖီဖျော်ရန် ကမန်းကတန်း ထွက်သွားလေ၏။
ဒီလူက တကယ့် သူဌေးကြီးပဲ...
သူ့အပေါ် အထင်ကြီးအောင် သေချာ လုပ်ရမယ်…