အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များ
သို့သော်လည်း
အံ့အားသင့်စရာ ကောင်းသည်မှာ
ချန်ဖုန်းသည် တည်ငြိမ်နေဆဲဖြစ်ပြီး လုံးဝသက်ဆိုင်မှုမရှိသော မေးခွန်းတစ်ခုကို မေးလိုက်၏။
"အခု အချိန်ဘယ်လောက် ရှိပြီလဲ..."
အချိန်ဘယ်လောက် ရှိပြီလဲ ဟုတ်လား…
အထွေထွေမန်နေဂျာ ချောင်မု မှာ အံ့အားသင့်သွားခဲ့သည်။
သူ၏ အနောက်ဘက်ရှိ ရှောင်လန်မှာလည်း မှင်တက်သွား၏။
သူတို့က အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်း အတက်အကျများကို ကြည့်နေကြတာလေ။ အဲဒါက အချိန်နဲ့ ဘာသက်ဆိုင်လို့လဲ...
အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီကို လက်ထဲတွင် ကိုင်ဆောင်ထားရသဖြင့် အထွေထွေမန်နေဂျာ ချောင်မု မှာ အနည်းငယ် ထိတ်လန့်နေခဲ့ပေသည်။
သူ နားမလည်နိုင်ခဲ့ချေ။
ဘာကြောင့် ချန်ဖုန်းက ဒီလောက်အထိ တည်ငြိမ်နေနိုင်ရတာလဲ...
အဲဒါက မယုံနိုင်လောက်အောင်ကို တည်ငြိမ်နေတာပဲ...
သူတို့နှစ်ဦး လုံးလုံးလျားလျား ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ…
ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်၏။
"အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့... သက်တောင့်သက်သာ နေပါ... ဘာပဲဖြစ်ဖြစ် ကျွန်တော့် ပိုက်ဆံတွေ ဆုံးရှုံးသွားရင်တောင် ခင်ဗျားတို့ကို ပြန်လျော်ခိုင်းမှာ မဟုတ်ပါဘူး... အခုမှ ၉ နာရီခွဲပဲ ရှိပါသေးတယ်... စောင့်ကြည့်ကြတာပေါ့... အရောင်းအဝယ် လုပ်ဖို့ မလောပါနဲ့ဦး..."
ကျုပ်တို့က စောင့်ရဦးမှာလား...
အထွေထွေမန်နေဂျာ ချောင်မု မှာ စိတ်မရှည်တော့ချေ။
ချန်ဖုန်းက ရင်းနှီးမြှုပ်နှံမှုကို လုံးဝ ဂရုမစိုက်သည့်အလား သူ၏ ဖုန်းထဲတွင်သာ အာရုံစိုက်နေသည်ကို မြင်သောအခါ သူသည် အနီးသို့ မတိုးသွားဘဲ မနေနိုင်ခဲ့ချေ။
သူ ကြည့်ချင်မိသည်။
အခြားတစ်ဖက်ကို ဤမျှလောက် အလေးအနက်ထားစရာ အကြောင်းရင်းက ဘာများဖြစ်နိုင်သနည်း။
သူ မြင်လိုက်ရချိန်တွင် စကားပြောစရာမဲ့ဖြစ်သွားတော့၏။
ချန်ဖုန်းဖက်က ဝတ္ထုတစ်ပုဒ် ဖတ်နေတာပါလား...
"အနာဂတ်ကို ကြိုတင်ခန့်မှန်းခြင်းဖြင့် စတင်သော ထရီလီယံနာ သူဌေးကြီးများ" ဆိုတဲ့ အရာကို ဖတ်နေတာလေ…
အထူးသဖြင့် သူ၏ လက်ညှိုးသည် မျက်နှာပြင်၏ အောက်ခြေတွင် အဆက်မပြတ် နှိပ်နေခဲ့ပြီး သူက လက်ဆောင်များကို အဆက်မပြတ် ပေးနေသည့်အလားပင်။
ချန်ဖုန်းသည် နောက်တစ်ကြိမ် ခေါင်းမော့လာပြီး ပြုံးလိုက်၏။
"အထွေထွေမန်နေဂျာ ချောင်မု... စာရေးဆရာက ဒီနေ့ အပိုင်းသစ် မတင်သေးဘူးလေ... ကျွန်တော်က ဆက်မစောင့်နိုင်တော့လို့ သူ အပိုင်းသစ်မြန်မြန်တင်အောင် သန်းအနည်းငယ်လောက် လက်ဆောင်ပေးလိုက်တာ..."
ထို့နောက် သူသည် အက်ပ်ထဲမှ ထွက်လိုက်သည်။
Douyin ကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်၏။
အမျိုးသမီးငယ်တစ်ဦး Live လွှင့်နေသည်ကို မြင်လိုက်ရချိန်တွင် သူသည် ချတ်ထဲ၌ "Carnival" များကို အဆက်မပြတ် ပေးပို့လိုက်လေသည်။
မျက်နှာပြင်တစ်ခုလုံး Carnival များဖြင့် ပြည့်နှက်သွားတော့၏။
"ဖွီး..."
အထွေထွေမန်နေဂျာ ချောင်မု သည် သွေးတစ်လုတ်အပြည့် ထွေးထုတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။
ဒါက ချမ်းသာတဲ့သူတွေရဲ့ ဘဝလား...
မကြာခဏ လက်ဆောင်တွေ ပေးနေတာလား...
ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ သူက နည်းနည်းလေးတောင် ဂရုမစိုက်ဘူးလေ...
တစ်ချိန်လုံး...
အထွေထွေမန်နေဂျာ ချောင်မု သည် သူ့ကိုယ်သူ နှစ်စဉ် ယွမ်သန်းဆယ်ဂဏန်းလောက် ရရှိနေသော ချမ်းသာသူတစ်ဦးအဖြစ် သတ်မှတ်ထားခဲ့၏။ အကယ်၍ သူ၏ စွမ်းဆောင်ရည်သာ ကောင်းမွန်ပါက နှစ်ကုန်ဆုကြေးများနှင့် အခြားသော အကျိုးခံစားခွင့်များနှင့်အတူ ယွမ် သန်း ၁၀၀ ကျော်ကို အလွယ်တကူ ရှာဖွေနိုင်ပေသည်။
ဒါပေမဲ့ အခု ချန်ဖုန်းနဲ့ ယှဉ်လိုက်ရင် သူက ကလေးလေးတစ်ယောက်လို ဖြစ်သွားပြီပဲ...
သူ့ကို ကြည့်ပါဦး...
သူသည် အမေရိကန်ဒေါ်လာ သန်း ၃၆၀ ဖြင့် ပေါ့ပေါ့ပါးပါး လောင်းကစားနိုင်ပေသည်။ အကယ်၍ သူ ရှုံးသွားလျှင်လည်း ဖြစ်ပါစေတော့... သူ လုံးဝ ဂရုစိုက်မည် မဟုတ်ချေ။
စိတ်ကူးပေါက်တဲ့အခါတိုင်း စာရေးဆရာကို လက်ဆောင်တွေ ပေးမယ်... ပြီးတော့ စိတ်ကူးပေါက်တဲ့အခါတိုင်း Live လွှင့်တဲ့ ကောင်မလေးကို လက်ဆောင်တွေ ပေးမယ်…
သူက တစ်ခါပေးရင် သန်းချီပြီး ဒါမှမဟုတ် သန်းဆယ်ဂဏန်းလောက် ပေးတာလေ…
‘ငါကရော ဘယ်လိုလဲ...
ငါ ဘယ်တော့မှ အဲဒီလောက် ပေါ့ပေါ့ပါးပါး မနေနိုင်ဘူး... ပြီးတော့ ငါ့မှာ အဲဒီလောက် ဖြုန်းတီးပစ်စရာ ပိုက်ဆံ အများကြီးလည်း မရှိဘူး…’
ဘေးတွင်ရပ်နေသော ရှောင်လန်မှာ ချန်ဖုန်းကို အားကျစွာဖြင့် ကြည့်နေခဲ့၏။
တကယ်လို့ မစ္စတာချန် သာ ငါ့ကို သဘောကျသွားခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ…
ထိုအချိန်၌
ချန်ဖုန်းက ရုတ်တရက် ခေါင်းမော့လာပြီး ပြောဆိုလိုက်သည်။
"အဆင်သင့်ပြင်ထား..."
အထွေထွေမန်နေဂျာ ချောင်မု ချက်ချင်းပင် အသိဝင်လာခဲ့ပြီး ကွန်ပျူတာ မျက်နှာပြင်ပေါ်သို့ အာရုံစိုက်လိုက်၏။
အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်းသည် ယခုအခါ ဒေါ်လာ ၁၂၇.၃၆ သို့ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ပြီးတော့ ဆက်တိုက် တက်နေတုန်းပဲ...
၁၂၈.၁၁... ၁၂၉.၅၇...
သူသည်လည်း အလွန် ဇဝေဇဝါ ဖြစ်နေခဲ့၏။
တစ်ခုခုတော့ ထူးဆန်းနေပြီ...
ဘဏ္ဍာရေးလုပ်ငန်းတွင် ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့သော အထွေထွေမန်နေဂျာ ချောင်မု တွင် စတော့ရှယ်ယာများနှင့် ကြိုပွိုင့်ဈေးကွက် နှစ်ခုလုံးနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ အကဲဖြတ်နိုင်စွမ်း ရှိပေသည်။
သို့သော် ယနေ့တွင် ထိုအကဲဖြတ်မှုများ အားလုံး ကျရှုံးသွားခဲ့ပြီ ဖြစ်၏။
ဈေးကျမည်ဟု သူ ယုံကြည်ထားချိန်တွင် အမှန်တကယ် ဈေးတက်သွားခဲ့သည်။
အခုလိုမျိုးပေါ့...
အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်းသည် ၁၃၀.၀၂ သို့ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
ချန်ဖုန်းက သူ၏ ဖုန်းကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး ညင်သာစွာ အမိန့်ပေးလိုက်၏။
"အားလုံး အသုံးပြုပြီး ရောင်းချလိုက်တော့..."
အထွေထွေမန်နေဂျာ ချောင်မု မှာ လန့်ဖြတ်သွားခဲ့သည်။
မည်သည့်စကားမျှ မဆိုဘဲ
ဒေါ်လာ ၁၃၀.၀၂ ဈေးနှုန်းဖြင့် ၎င်းတို့ အားလုံးကို ရောင်းချလိုက်ကြ၏။
တစ်ပေါင်လျှင် အမြတ်ငွေ ဒေါ်လာ ၁၇.၅၁...
စုစုပေါင်း အမြတ်ငွေမှာ ၁၇.၅၁ အမြှောက် ၈၃ အမြှောက် ၃၇၅၀၀ ဖြစ်ပြီး ၅၄,၄၉၉,၈၇၅.၀၀ ဒေါ်လာ ဖြစ်ပေသည်။
ချီးပဲ...
အမေရိကန်ဒေါ်လာ သန်းငါးဆယ်ကျော်တောင်...
အထွေထွေမန်နေဂျာ ချောင်မု သည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရ၏။
သူ လုံးဝ အံ့အားသင့်သွားရသည်မှာ... အရောင်းအဝယ် ပြီးစီးသွားသည့် အခိုက်အတန့်မှာပင် အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်းသည် နောက်တစ်ကြိမ် ကျဆင်းသွားခြင်းပင်။
၁၂၉.၇၄... ၁၂၈.၃၃...
"ဒါက..."
အထွေထွေမန်နေဂျာ ချောင်မု သည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ဖြစ်နေပေ၏။
အခြားတစ်ဖက်မှာ ဂရုမစိုက်သကဲ့သို့ ရှိနေသော်လည်း ရပ်တန့်ရန် ပြောဆိုသော အချိန်တိုင်းမှာ အလှည့်အပြောင်း တစ်ခု၌ တိကျစွာ ရှိနေခဲ့သည်။
တစ်ကြိမ်ဆိုလျှင်တော့ လုံလောက်ပါပြီ...
ဒါပေမဲ့ နှစ်ကြိမ်လုံး အတိအကျ ဖြစ်နေတာလေ...
သူက ဘယ်အချိန်မှာ ဈေးတက်ပြီး ဘယ်အချိန်မှာ ဈေးကျမယ်ဆိုတာကို ကြိုသိနေကြသလိုပဲ…
ချန်ဖုန်းက သူ့အား စဉ်းစားချိန် လုံးဝ မပေးခဲ့ချေ။
သူ ထပ်ပြောလာခဲ့၏။
"ဒီအကြိမ်က အမြတ်တွေ အပါအဝင် စုစုပေါင်း ဒေါ်လာ ၄၁၀ သန်းကို အကုန်လုံး Short Selling လုပ်လိုက်..."
တစ်နည်းအားဖြင့် ပြောရလျှင် ဈေးကျချိန်တွင် ဝယ်ယူခြင်းပင်။
ဤအချိန်၌ အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်းမှာ ၁၂၇.၅၁ ဖြစ်ပေသည်။
အထွေထွေမန်နေဂျာ ချောင်မု က စကားမများတော့ချေ။
တစ်အုပ်လျှင် ပေါင် ၃၇,၅၀၀ အလေးချိန်ရှိသော အုပ်ရေ ၈၄ အုပ်ကို ဝယ်ယူလိုက်၏။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် အရောင်းအဝယ် မလုပ်မီ ဈေးနှုန်းသည် ဒေါ်လာ ၁၁၅.၃၂ တွင် ရပ်တန့်သွားခဲ့သည်။
ဒီတစ်ခါတော့ ဒေါ်လာ ၃,၈၃၉,၈၅၀.၀၀ ရခဲ့တယ်...
နောက်ထပ် အမေရိကန်ဒေါ်လာ သန်းသုံးဆယ်တောင်...
နောက်ပိုင်းကာလများတွင် ချန်ဖုန်းသည် နောက်ထပ် သုံးကြိမ် လှုပ်ရှားခဲ့ပေသည်။
၎င်းတို့သည် ဒေါ်လာ ၂,၈၆၈,၇၅၀.၀၀၊ ၅၈,၇၉၁,၇၅၀.၀၀ နှင့် ၆၃,၃၂၅,၁၂၅.၀၀ အသီးသီး ရရှိခဲ့ကြ၏။
ယခင် နှစ်ကြိမ်မှ အမြတ်ငွေများ အပါအဝင်...
စုစုပေါင်း ၂၄၃,၇၀၂,၇၅၀.၀၀ ဒေါ်လာ ဖြစ်ပေသည်။
ရှူးးး...
အထွေထွေမန်နေဂျာ ချောင်မု သည် သူ၏ ခံစားချက်များကို ဖော်ပြရန် မစွမ်းနိုင်တော့ချေ။
အရောင်းအဝယ် ငါးကြိမ်တောင်လေ...
အရောင်းအဝယ်တိုင်းသည် ဈေးနှုန်းမျဉ်းကွေး၏ အလှည့်အပြောင်းတိုင်းတွင် ပြီးပြည့်စုံသော အချိန်ကိုက်မှုဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ ခင်ဗျားက တစ်စက္ကန့် စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ ခင်ဗျားရဲ့ အကျိုးအမြတ်ကို အများဆုံး ရရှိနိုင်မှာ မဟုတ်ဘူး...
တိကျမှုနှုန်းက ၁၀၀ ရာခိုင်နှုန်းတောင်...
ဤကဲ့သို့သော မယုံကြည်နိုင်လောက်အောင် ကြိုတင်ခန့်မှန်းနိုင်စွမ်းမျိုးကို သူ မြင်တွေ့ဖူးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်၏။
နှစ်နာရီမပြည့်မီ အချိန်အတွင်းမှာပင် ၎င်းတို့သည် ဒေါ်လာ သန်း ၂၄၀ ကို ရှာဖွေနိုင်ခဲ့လေပြီ။
Future ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ၏ ကော်မရှင်ကို ၀.၂ ရာခိုင်နှုန်းဖြင့် တွက်ချက်လျှင်ပင် ဒေါ်လာ ၄၉၀,၀၀၀ နီးပါး ရရှိမည် ဖြစ်ပေသည်။
အဲဒါက သုံးသန်းကျော်နဲ့ ညီမျှတယ်လေ...
ဒါက ကော်မရှင်ပဲ ရှိသေးတာနော်…
အထွေထွေမန်နေဂျာ ချောင်မု သည် စိတ်လှုပ်ရှားစွာဖြင့် တုန်ရီနေခဲ့၏။
"မစ္စတာချန်... ခင်ဗျား အရမ်း အံ့သြဖို့ကောင်းတယ်ဗျာ...
ခင်ဗျားရဲ့ လက်ရှိ အရောင်းအဝယ် မှတ်တမ်းနဲ့ဆိုရင် လီဗာရေ့ချ် အဆ ဆယ်ဆအတွက် ကျွန်တော် သေချာပေါက် ကူညီပြီး လျှောက်ထားပေးနိုင်ပါတယ်...အာ
မဟုတ်ဘူး... မဟုတ်ဘူး... အဆ နှစ်ဆယ်အတွက်တောင် လျှောက်ထားပေးလို့ ရတယ်...
ကျွန်တော် ရုံးချုပ်ကို ဖုန်းဆက်နေတုန်း ခဏလောက် စောင့်ပေးလို့ ရမလား..."
ချန်ဖုန်း၏ အကောင့်ထဲတွင် လက်ရှိ ဒေါ်လာ သန်း ၆၀၀ ခန့် ရှိနေပြီး လီဗာရေ့ချ် အဆ ၂၀ ဖြင့်ဆိုပါက အရောင်းအဝယ်ပြုလုပ်ရန် ဒေါ်လာ ၁၂ ဘီလီယံအထိ ရရှိမည် ဖြစ်ပေသည်။
အမြတ်တွေကလည်း အဆ ၂၀ တက်လာမှာ...
Future ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ သည် ထို့နောက် ပိုမိုမြင့်မားသော ကော်မရှင်နှုန်းထားအတွက် စေ့စပ်ညှိနှိုင်းနိုင်မည် ဖြစ်၏။
ကုမ္ပဏီအနေနဲ့ ကော်မရှင် အနည်းဆုံး ယွမ် သန်း ၁၀၀ လောက် ရနိုင်တယ်...
အဲဒါက သေချာပေါက် ဝင်ငွေကောင်းပဲ…
ချန်ဖုန်းက အချိန်ကို စစ်ဆေးကြည့်လိုက်ပြီး ခေါင်းခါလျက် ပြောဆိုလိုက်သည်။
"အချိန်မလောက်တော့ဘူး... လီဗာရေ့ချ် ကန့်သတ်ချက်ကို နောက်တစ်ခါမှ လျှောက်တော့မယ်... အချိန်မကုန်ခင် နောက်ဆုံးတစ်ခေါက် အရောင်းအဝယ် လုပ်လိုက်ကြရအောင်..."
ထိုသို့ပြောဆိုစဉ် သူက ဖျော့တော့စွာ ပြုံးလိုက်၏။
"အထွေထွေမန်နေဂျာ ချောင်မု... ခင်ဗျားရဲ့ ကုမ္ပဏီကို အကျိုးခံစားခွင့် တချို့ ပေးရင်ရော ဘယ်လိုလဲ..."
ဘာအကျိုးခံစားခွင့်တွေလဲ...
အထွေထွေမန်နေဂျာ ချောင်မု မှာ အံ့အားသင့်သွားခဲ့သည်။
ချန်ဖုန်းဖက်မှ ပြောဆိုသောစကား၏ အဓိပ္ပာယ်ကို သူ မသိခဲ့ချေ။
ချန်ဖုန်းက ကွန်ပျူတာ မျက်နှာပြင်ကို လက်ညိုးထိုးပြလိုက်၏။
"နောက်ဆုံး အရောင်းအဝယ်ကို ဧည့်ခန်းမထဲက မျက်နှာပြင်ပေါ်မှာ ပြသထားလို့ရပါတယ်... ပြီးရင် ခင်ဗျား ကုမ္ပဏီက လူတွေလည်း လိုက်ဝယ်လို့ရတယ်...
ဒါပေမဲ့ ကျွန်တော့်မှာ စည်းကမ်းချက်တစ်ခုတော့ ရှိတယ်... တစ်သီးပုဂ္ဂလိက နာမည်နဲ့ပဲ ပါဝင်ခွင့်ရှိတယ်... ကုမ္ပဏီအကောင့်တွေတော့ အသုံးပြုခွင့် မပြုဘူး..."
"တကယ်လား..."
အထွေထွေမန်နေဂျာ ချောင်မု ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့၏။
ဒါက လုံးဝကို ကြီးမားတဲ့ အကျိုးခံစားခွင့်ကြီးပဲ...
ချန်ဖုန်း၏ ယခင် လုပ်ဆောင်မှုများအရ ကြည့်လျှင် ဤသည်မှာ သေချာပေါက် ငွေရှာနိုင်မည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။
သူ့ကို ပိုပြီး စိတ်လှုပ်ရှားသွားစေခဲ့တာက...
သူတို့နဲ့အတူ အရောင်းအဝယ် လုပ်လို့ရတယ်ဆိုတာပဲ…
"ရှောင်လန်... ဒီသတင်းကောင်းကို အမြန် သွားပြောလိုက်..."
အထွေထွေမန်နေဂျာ ချောင်မု က စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပွတ်သပ်လိုက်၏။
"ပြီးတော့ ငါ့ စားပွဲပေါ်က ကွန်ပျူတာကို ယူလာပေးပါ... ငါ့ အကောင့်ကို မင်း ကိုင်တွယ်ပေးလို့ ရတယ်..."
သူသည် ချန်ဖုန်း၏ အကောင့်ကို စီမံခန့်ခွဲရန် ကူညီပေးရမည်ဖြစ်ရာ သူ၏ကိုယ်ပိုင်အကောင့်အတွက် ရှောင်လန်ကိုသာ အကူအညီတောင်းနိုင်ပေသည်။
"ရှင်..."
ရှောင်လန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
သူမသည် အခြေခံ လုပ်ငန်းစဉ်အချို့ကို သိရှိထားသော်လည်း ၎င်းမှာ သူမ၏ ကိုယ်ပိုင်အကောင့် မဟုတ်သဖြင့် အမှားတစ်ခုခုလုပ်မိကာ အရှုံးပေါ်သွားမည်ကို သူမ ကြောက်ရွံ့နေခဲ့သည်။
"စိတ်မပူပါနဲ့... မစ္စတာချန် ရဲ့ ညွှန်ကြားချက်တွေအတိုင်းပဲ လုပ်ပါ... ဒါ့အပြင် ငါလည်း ဒီမှာ ရှိနေတာပဲလေ..."
အထွေထွေမန်နေဂျာ ချောင်မု ၏ တိုက်တွန်းမှုကြောင့်...
ရှောင်လန်က ခေါင်းညိတ်လိုက်လေ၏။
ထို့နောက်တွင်
Future ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ မှ ဝန်ထမ်းအားလုံး ဤသတင်းကို သိရှိသွားကြသည်။
သူတို့တွေ ပေါက်ကွဲထွက်မတတ် စိတ်လှုပ်ရှားနေခဲ့ကြလေပြီ။