အခန်း ၅၀
Vol. 5 Ch. 50
အခန်း (၅၀) အမြတ်အစွန်းများစွာ ရရှိခြင်း
"မစ္စတာချန်ရဲ့ အကြံပေးချက်အတိုင်း ကြိုပွိုင့်ဈေးကွက် မှာ ဝယ်ရင် ပိုက်ဆံရနိုင်မယ်လို့ ထင်လား..."
"သေချာပေါက် ရတာပေါ့... မစ္စတာချန်က အရောင်းအဝယ် ငါးကြိမ်လုပ်ခဲ့ပြီး အကြိမ်တိုင်းမှာ အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းလောက် အမြတ်ရခဲ့တာ... တိကျမှုနှုန်းက ၁၀၀ ရာခိုင်နှုန်းတောင်... အဲဒါ အမြတ်အစွန်းရနိုင်တယ်လို့ မထင်ဘူးလား..."
"မစ္စတာချန် က လူကောင်းတစ်ယောက်ပဲ... လူတိုင်းကို ချမ်းသာအောင် လမ်းပြပေးနေတာ..."
"ဟုတ်တယ်... မင်းတို့ ပိုက်ဆံတွေ အမြန်ပြင်ထားတာ ကောင်းမယ်... တစ်မိနစ်နေရင် စတော့မယ်..."
မည်သူကမျှ မနှောင့်နှေးရဲကြဘဲ ငွေရှာရန် စတင်လုပ်ဆောင်ကြတော့၏။
အမေရိကန် A-အဆင့် ကော်ဖီ ကြိုပွိုင့်ဈေးကွက် တွင် အရောင်းအဝယ်ပြုလုပ်ရန် အနည်းဆုံး တစ်အုပ် ဝယ်ယူရန် လိုအပ်ပေသည်။ အမေရိကန် A-အဆင့် ကော်ဖီ တစ်အုပ်လျှင် ပေါင် ၃၇,၅၀၀ အလေးချိန်ရှိပြီး တစ်အုပ်၏ ဈေးနှုန်းမှာ အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၁၂၀ ခန့် ဖြစ်၏။
ဒါကြောင့်...
သူတို့ အနည်းဆုံး ဒေါ်လာ ၄.၅ သန်းလောက် ပြင်ဆင်ထားဖို့ လိုတယ်...
အဲဒါက ယွမ် သန်း ၃၀ ကျော်တောင်...
သာမန် ဝန်ထမ်းများတွင် ထိုမျှလောက် ငွေအများကြီး မရှိကြချေ။ ၎င်းတို့သည် ဝန်ထမ်း ဒါဇင်ပေါင်းများစွာထံမှ ငွေများကို စုပေါင်းရပေသည်။
ဤအချိန်၌
လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဝမ်ဖန်းချောင်အား ရုတ်တရက် ကြည့်ကာ ဇဝေဇဝါဖြစ်စွာဖြင့် မေးမြန်းလိုက်၏။
"အစ်မဝမ်... ဘာလို့ မပါတာလဲ... ဒါက ပိုက်ဆံရှာဖို့ အခွင့်အရေးကောင်းကြီးလေ...
ပိုက်ဆံရှိရင် သန်းအနည်းငယ်လောက် ထည့်ဝင်လို့ရတယ်... မရှိရင်လည်း သိန်းအနည်းငယ်လောက်ဆို ရပါတယ်...
မကြာခင် ပြန်ရမှာပဲလေ..."
"နင်တို့တွေပဲ ဆော့ကြပါ... ငါ ကိုယ်ပိုင်အကောင့် ဖွင့်လိုက်မယ်..."
ဝမ်ဖန်းချောင်က ပြုံးလျက် ပြောဆိုလိုက်သည်။
"ငါ့ဆွေမျိုးတချို့က အရမ်း ဆင်းရဲကြတယ်... အခု ပိုက်ဆံရှာဖို့ အခွင့်အရေးရလာတော့ သူတို့ကို ကူညီပေးရမယ်လေ...
ဆွေမျိုးတွေရဲ့ ရန်ပုံငွေတွေ အကုန်ပေါင်းလိုက်ရင် တစ်အုပ် ဝယ်ဖို့ အတိအကျ လုံလောက်တယ်…
လုပ်ဖော်ကိုင်ဖက်က မျက်မှောင်ကြုတ်လိုက်၏။
"အစ်မဝမ်... မစ္စတာချန် က ကုမ္ပဏီ ဝန်ထမ်းတွေပဲ ပါဝင်ခွင့်ရှိတယ်လို့ ပြောထားတာလေ... အဲဒါ နည်းနည်းလေး မသင့်တော်ဘူးလို့ မထင်ဘူးလား..."
ဝမ်ဖန်းချောင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ကြည့်ရဆိုးသွားခဲ့သည်။
"ဘာလို့ မကောင်းရမှာလဲ...
ချန်ဖုန်းက ငါ့ရဲ့ သမက်လေ... သူက ငါ့ကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ...
ဒါ့အပြင်...
ငါ ဘယ်စည်းကမ်းကိုမှ မဖောက်ဖျက်ပါဘူး... ဒီပိုက်ဆံတွေက ဆွေမျိုးတစ်ယောက်ဆီက ချေးလာတာ... ဒါကို စီမံခန့်ခွဲဖို့ ငါ့ကိုယ်ပိုင် အကောင့်ဖွင့်တာက ပြဿနာမဖြစ်နိုင်ဘူး မဟုတ်လား..."
ထိုသို့ပြောဆိုပြီးနောက် သူမသည် အခြားတစ်ဖက်ကို လျစ်လျူရှုထားလိုက်၏။
သူမသည် ဆွေမျိုးများထံ အလျင်အမြန် ဖုန်းခေါ်ဆိုလိုက်သည်။
"အစ်ကို... ငါ့ကို ယွမ် ၅၀၀,၀၀၀ လောက် ချေးပါ... မနက်ဖြန်ကျရင် အတိုး ၃၀,၀၀၀ နဲ့ ပြန်ဆပ်ပါ့မယ်... အရေးတကြီး လိုနေလို့ပါ..."
"တတိယအစ်ကို... ယွမ် နှစ်သန်းလောက် ချေးပါ... တစ်ရက်ကို အတိုး တစ်သိန်း ပေးပါ့မယ်... အရေးတကြီး လိုနေလို့ပါ..."
"ဦးလေး... ဥက္ကဋ္ဌကြီးတို့ အိမ်ဖြိုဖျက်ခံရလို့ လျော်ကြေးငွေ သန်းသုံးဆယ်ကျော် ရတယ်လို့ ကြားတယ်... တစ်ရက်လောက် ချေးလို့ရမလား... မနက်ဖြန်ကျရင် အတိုး ၁၅၀,၀၀၀ နဲ့ ပြန်ဆပ်ပါ့မယ်..."
ဝမ်ဖန်းချောင် နေရာအနှံ့ ငွေလိုက်ချေးနေစဉ်မှာပင်…
ချန်ဖုန်းသည် လုပ်ငန်းစဉ်များကို စတင် ညွှန်ကြားနေပြီ ဖြစ်၏။
ဤအချိန်၌ အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်းမျဉ်းကွေးသည် အလွန် မတည်မငြိမ် ဖြစ်နေပြီး အလွန် လျင်မြန်စွာ အတက်အကျ ဖြစ်ပေါ်နေခဲ့ပေသည်။
ပိုက်ဆံရနိုင်တာ မှန်ပေမဲ့...
ဈေးနှုန်းကွာဟချက်မှာ အလွန်သေးငယ်လွန်းပြီး လုပ်ဆောင်မှုမှာ အလွန် လျင်မြန်ရန် လိုအပ်ပေ၏။
မဟုတ်ရင် အခွင့်အရေးကို လွတ်သွားလိမ့်မယ်...
ဒါက ပိုက်ဆံ နည်းနည်းလေးပဲ...
သူက ဒါကို ရှာဖို့တောင် ပျင်းနေတာ...
နောက်ဆုံးတွင် မျဉ်းကွေးသည် အလှည့်အပြောင်း တစ်ခုသို့ ရောက်ရှိသွားပြီးနောက် ဈေးနှုန်းများ စတင် ကျဆင်းလာခဲ့သည်။
ချန်ဖုန်းသည် သူ၏ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းလိုက်၏။
"၁၂၅.၉၇ မှာ အကုန်လုံးကို Short Selling လုပ်လိုက်..."
ဤအချိန်၌ သူ၏ အကောင့်ထဲတွင် ဒေါ်လာ သန်း ၆၀၀ ရှိနေပြီ ဖြစ်သည်။
တစ်အုပ်လျှင် ပေါင် ၃၇,၅၀၀ အလေးချိန်ရှိသော အုပ်ရေ ၁၂၇ အုပ်ခန့်ကို ဝယ်ယူလိုက်၏။
သူ၏ အလုပ်များ ပြီးစီးသွားပြီးနောက် အထွေထွေမန်နေဂျာ ချောင်မု သည် သူ၏ နောက်ထပ် အမိန့်များကို ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင်
သူသည် ဘေးရှိ ရှောင်လန်ကို တစ်ချက်ကြည့်လိုက်ရာ သူမသည်လည်း အလုပ်များ ပြီးစီးသွားပြီ ဖြစ်၏။
သူသည် သူ၏ ကိုယ်ပိုင်ငွေ ဒေါ်လာ သန်း ၁၀၀ ကို ရင်းနှီးမြှုပ်နှံခဲ့ပြီး ၎င်းမှာ သူ၏ ရန်ပုံငွေ အားလုံးပင် ဖြစ်ပေသည်။
ဘဏ္ဍာရေးလုပ်ငန်းသည် လစာမြင့်မားသည် မှန်သော်လည်း...
သို့သော် အများစုမှာ စွမ်းဆောင်ရည်နှင့် ဆုကြေးများအပေါ် မူတည်နေပြီး အထွေထွေမန်နေဂျာ ချောင်မု ၏ ရန်ပုံငွေများသည် နှစ်များတစ်လျှောက် ပြားစေ့လေးများမှ စုဆောင်းထားခဲ့ရခြင်း ဖြစ်ပေ၏။
ထို့နောက်...
မျှော်လင့်ထားသည့်အတိုင်းပင် အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်းများ ကျဆင်းသွားခဲ့သည်။
၁၂၂.၃၃... ၁၂၁.၈၁...
Short Selling ဝယ်ထားတာဆိုတော့...
ဈေးကျလေလေ ပိုက်ဆံပိုရလေလေပဲ...
သို့သော် ဆယ်မိနစ်ခန့် ကျဆင်းပြီးနောက် ၎င်းသည် ရုတ်တရက် ပြန်လည် မြင့်တက်လာခဲ့သည်။
အထွေထွေမန်နေဂျာ ချောင်မု ချက်ချင်းပင် ပြာယာခတ်သွားခဲ့၏။
"မစ္စတာချန်..."
"မလောပါနဲ့..."
ဖုန်းဆော့နေစဉ်မှာပင် ချန်ဖုန်းက ပြောဆိုလိုက်သည်။
"အခုရောင်းရင် ဒေါ်လာ နည်းနည်းလေးပဲ ရဦးမှာ... အထွေထွေမန်နေဂျာ ချောင်မု ပင်ပန်းနေရင် ခဏနားလိုက်ပါ..."
"ကျွန်တော်..."
အထွေထွေမန်နေဂျာ ချောင်မု မှာ စကားပြောစရာမဲ့ဖြစ်သွားပြီး ရယ်ရမလို ငိုရမလိုပင် ဖြစ်နေခဲ့၏။
ဒါက ပိုက်ဆံ ဘယ်လောက်တောင်လဲ...
တကယ်လို့ ငါသာ ကိုယ်တိုင် လုပ်ခဲ့မယ်ဆိုရင် အနည်းဆုံး ဒေါ်လာ သုံးသန်းလောက် ရနိုင်တယ်လေ...
ဒါပေမဲ့ တစ်ဖက်က ဒါကို သဘောမကျဘူး...
တော်ပါပြီ…
သူ၏ မျက်လုံးများသည် ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် စွဲကပ်နေပြီး သူ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့၏။
ဘာမှလုပ်လို့ မရဘူးလေ...
သူက သူ့ရဲ့ စုဆောင်းငွေတွေ အကုန်လုံးကို ရင်းနှီးမြှုပ်နှံထားတာ။
မစ္စတာချန်ရဲ့ အကဲဖြတ်မှုက ၁၀၀ ရာခိုင်နှုန်း မှန်ကန်တယ်ဆိုပေမဲ့ တကယ်လို့ အခြားတစ်ဖက်က အိပ်ငိုက်သွားပြီး လွတ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ...
သူက ချမ်းသာတော့ ဒေါ်လာ သန်း ၆၀၀ ရှုံးသွားလည်း ကိစ္စမရှိဘူးလေ။
ဒါပေမဲ့ ငါသာ ရှုံးသွားရင် ကောင်းကင်ကြီး ပြိုကျသလို ဖြစ်သွားမှာ...
သူ တစ်ယောက်တည်း မဟုတ်ချေ။
ဧည့်ခန်းမထဲရှိ လူတိုင်းလည်း ပြာယာခတ်နေခဲ့ကြ၏။
၎င်းတို့သည် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း အရောင်းအဝယ် ပြုလုပ်ခဲ့ကြပြီး ဈေးနှုန်းသည် ၁၂၅.၉၇ သို့ ပြန်လည်ရောက်ရှိသွားသည်နှင့် ၎င်းတို့ အရှုံးပေါ်မည် ဖြစ်ပေသည်။
အချို့လူများ စတင် နောင်တရလာကြ၏။
သူတို့ရဲ့ စုဆောင်းငွေတွေကို အကုန်နီးပါး ထုတ်သုံးလိုက်ကြတာ... ဒီပိုက်ဆံရှာဖို့ အခွင့်အရေးလေးအတွက်လေ...
ရလဒ်ကတော့...
ဘေးတွင်ရပ်နေသော ဝမ်ဖန်းချောင်သည် သက်ပြင်းကြီးတစ်ချက် ချလိုက်သည်။
သူမက ပိုက်ဆံလိုက်ချေးနေရတာနဲ့ ဘာမှမလုပ်လိုက်ရဘူး...
ကျေးဇူးတင်စရာပဲ ငါ လိုက်မလုပ်မိလို့...
ဒီချန်ဖုန်းက တကယ့် လူယုတ်မာပဲ…
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည်မှာ...
အမေရိကန် A-အဆင့် ကော်ဖီ ၏ ဈေးနှုန်းသည် ဒေါ်လာ ၁၂၅.၁၁ သို့ မြင့်တက်လာပြီးနောက် ထပ်မံ ကျဆင်းသွားခဲ့သည်။
ဤတစ်ကြိမ် ကျဆင်းမှုမှာ အလွန် လျင်မြန်လှပေ၏။
ချောက်ကမ်းပါးပေါ်က ပြုတ်ကျသလိုပဲ...
၎င်းသည် ၁၀၀.၆၇ သို့ အလျင်အမြန် ကျဆင်းသွားပြီး ရပ်တန့်မည့် အရိပ်အယောင်မျှ မပြခဲ့ချေ။
ချီးပဲ...
လူတိုင်း အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားကြလေ၏။
ဝမ်ဖန်းချောင်ပင်လျှင် မှင်တက်သွားခဲ့သည်။
သူမ၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွားရ၏။
အချိန်အတော်ကြာသည်အထိ မှင်တက်နေခဲ့သည်။
သူမ သတိပြန်ဝင်လာချိန်တွင် ဈေးနှုန်းမှာ ဒေါ်လာ နှစ်ဆယ်ကျော်အထိ ကျဆင်းသွားခဲ့လေပြီ။
သူမသည် အကောင့်ကို အလျင်အမြန်ဖွင့်ကာ Short Selling စတင်လုပ်ဆောင်လိုက်ရင်း
အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
တွက်ချက်မှု မှားသွားတာပဲ...
VIP အစည်းအဝေးခန်း အတွင်း၌
အထွေထွေမန်နေဂျာ ချောင်မု သည် ကွန်ပျူတာ မျက်နှာပြင်ကို မှင်တက်စွာ စိုက်ကြည့်နေပြီး သူ၏ စိတ်ထဲတွင် လုံးဝ ဗလာကျင်းနေခဲ့၏။
သူ နားလည်သွားပုံရပေသည်။
ချန်ဖုန်းသည် ထိုသေးငယ်သော ငွေကြေးများကို အမှန်တကယ်ပင် အထင်သေးနေခဲ့သဖြင့် Short Selling အတွက် ဈေးနှုန်း ၁၂၅.၉၇ သည် အမြင့်ဆုံးအမှတ် ဖြစ်နေခဲ့ခြင်းပင်
ထို့နောက် ဈေးနှုန်း မည်သို့ပင် အတက်အကျ ဖြစ်ပေါ်စေကာမူ ဤအမှတ်ထက် ဘယ်သောအခါမှ ကျော်လွန်သွားမည် မဟုတ်ချေ။
အနိမ့်ဆုံး ဈေးနှုန်းနဲ့ ရောင်းချနိုင်သရွေ့...
ဒီလိုလုပ်ခြင်းက အရောင်းအဝယ်တစ်ခုချင်းစီကနေ အမြတ်အစွန်းကို အများဆုံး ရရှိစေနိုင်တယ်...
ဘုရားရေ...
အထွေထွေမန်နေဂျာ ချောင်မု ချက်ချင်းပင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
ချန်ဖုန်းက ဗေဒင်ဆရာလား...
ဈေးနှုန်း အတက်အကျတွေကို အချိန်တိုင်း ဘယ်လိုလုပ် ကြိုတင် ခန့်မှန်းနိုင်ရတာလဲ...
သူ များများစားစား တွေးတောရန် အချိန်မရခဲ့ချေ။ ဈေးနှုန်းသည် အနိမ့်ဆုံးဖြစ်သော ၈၅.၃၂ သို့ ကျဆင်းသွားခဲ့လေပြီ။
တစ်ချိန်တည်းလောက်မှာပင်…
ချန်ဖုန်း ရုတ်တရက် ခေါင်းမော့လာပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"အကုန်လုံး အသုံးပြုလိုက်..."
အထွေထွေမန်နေဂျာ ချောင်မု သည် မနှောင့်နှေးရဲဘဲ ချက်ချင်း ဆောင်ရွက်လိုက်သည်။
ငါးမိနစ်အကြာတွင်
အထွေထွေမန်နေဂျာ ချောင်မု သည် သူ၏ အကောင့်ထဲရှိ ပမာဏကို ရေတွက်ကြည့်လိုက်ရာ ဤတစ်ကြိမ်တွင် သူ ဒေါ်လာ ၁၉,၃၅၉,၅၆၂.၀၀ ရရှိခဲ့ကြောင်း တွေ့လိုက်ရ၏။
ရှူးးး...
သူ အသက်ရှူမှားသွားခဲ့သည်။
ဒီအရောင်းအဝယ်ကနေ ဒေါ်လာ သန်း ၂၀၀ နီးပါး ရခဲ့တာ...
အရင်က သူ ရှာခဲ့တာတွေ အပါအဝင်...
သူတို့ စုစုပေါင်း ၄၃,၇၂၉,၈၃၇.၀၀ ဒေါ်လာ ရရှိခဲ့ပြီး ယွမ် ၃ ဘီလီယံ နဲ့ ၂၅ သန်း နဲ့ ညီမျှတယ်...
ချီးပဲ...
အထွေထွေမန်နေဂျာ ချောင်မု သည် ကုလားထိုင်ပေါ်မှ ခုန်ထလိုက်၏။
သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။
လုပ်ငန်းစဉ် အခကြေးငွေနှင့် ကော်မရှင် ခြောက်သန်းကို နုတ်လိုက်လျှင်ပင် ချန်ဖုန်းသည် ယွမ် ၃ ဘီလီယံ အမြတ်ရခဲ့သေးသည် မဟုတ်ပါလော။
နာရီအနည်းငယ်အတွင်းမှာပဲ...
လူအများစု သူတို့ တစ်သက်လုံး ရှာနိုင်တဲ့ ပမာဏထက် ပိုများတဲ့ ပိုက်ဆံတွေ ရသွားတာပဲ...ဒါကြီးကျ မလွန်လွန်းဘူးလား…
သူ စိတ်ကူးပင် မယဉ်နိုင်ခဲ့ချေ။
တကယ်လို့ ချန်ဖုန်းဖက်က လီဗာရေ့ချ် ကိုသာ အသုံးပြုခဲ့မယ်ဆိုရင် အမြတ်က ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်းတစ်ခုအထိ ရောက်သွားမှာပဲ...
အထွေထွေမန်နေဂျာ ချောင်မု သည် သူ၏ အကောင့်ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်၏။
ရှောင်လန်သည်လည်း အရောင်းအဝယ်အတွက် ဤလုပ်ငန်းစဉ်ကို လိုက်နာခဲ့သည်။
ချီးပဲ...
"ချီးပဲ" တစ်ခွန်းတည်းနဲ့တောင် သူရဲ့ ခံစားချက်တွေကို ငြိမ်သက်သွားအောင် လုပ်ဖို့ မလုံလောက်ဘူး...
အမြတ်ငွေ သန်း ၂၂၀ တောင်...
အထွေထွေမန်နေဂျာ ချောင်မု မှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး စကားပင် မှန်အောင် မပြောနိုင်တော့ချေ။
သူ မတ်တတ်ရပ်ကာ ချန်ဖုန်းအား အော်ဟစ်လိုက်၏။
"မစ္စတာချန်... ခင်ဗျားကို ကျွန်တော် လုံးဝကို လေးစားသွားပါပြီ..."
ယွမ် သန်း ၂၀၀ ကျော်ဆိုသည်မှာ သူ၏ နှစ်ပေါင်းများစွာ ဝင်ငွေပင် ဖြစ်ပေသည်။
ဤအချိန်၌
ဧည့်ခန်းမထဲတွင် အံ့အားသင့်စွာ ရေရွတ်သံများ ထွက်ပေါ်လာခဲ့၏။
ဝန်ထမ်းများ အလွန်အမင်း စိတ်လှုပ်ရှားနေကြောင်း သိနိုင်ပေသည်။ ၎င်းတို့သည် ငွေအများကြီး ရှာနိုင်ခဲ့လောက်ပေ၏။
သို့သော် လုံးဝ မပျော်ရွှင်နိုင်သူ တစ်ယောက်တော့ ရှိနေလေသည်…