အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) ချမ်းသာရတာ တကယ်ကို အံ့သြဖို့ကောင်းတာပဲ
မန်နေဂျာချုပ်ချောင်က ရယ်မောလျက် ပြောဆိုလိုက်၏။
"ဈေးကွက်ကောင်းတဲ့ အချိန်ဆိုရင် တစ်နှစ်ကို ယွမ်သန်းဆယ်ဂဏန်းလောက်ပဲ မြတ်နိုင်တာပါ... ဈေးကွက်ဆိုးတဲ့ အချိန်ဆိုရင်တော့ ရှုံးတောင် ရှုံးနိုင်သေးတယ်...
လူတိုင်းက မစ္စတာချန် လို အမြဲတမ်း နိုင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... ဒါကြောင့် ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ရမှာပါ..."
သူပြောတာ မှန်ပေ၏။ စတော့ရှယ်ယာဈေးကွက်မှာဖြစ်စေ၊ ကြိုပွိုင့်ဈေးကွက်မှာဖြစ်စေ အမြဲတမ်း အမြတ်ရလိမ့်မည်ဟု မည်သူမျှ အာမခံနိုင်ခြင်း မရှိချေ။
အမြတ်ငွေ ယွမ် သန်း ၂၀၀...
သူ့ရဲ့ လစာနဲ့ ဘောနပ်စ်တွေ ပေါင်းရင်တောင် ဒီလောက် ပမာဏကို ရဖို့ နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူရနိုင်ပေသည်။ ဒါပေမဲ့ ကြိုပွိုင့်ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ကိုပဲ အားကိုးမယ်ဆိုရင်တော့ အရင်းပြန်ရဖို့ ဆယ်နှစ်လောက်တောင် အချိန်ယူရနိုင်တယ်။
[ မန်နေဂျာချုပ်ချောင်ထံမှ ကျေးဇူးတင်စကား ၂ ကြိမ် လက်ခံရရှိပါသည်၊ စနစ်ပွိုင့် ၂ ပွိုင့် ရရှိပါသည်…]
ချန်ဖုန်းသည် စနစ်ပွိုင့် နှစ်ပွိုင့်ကို ဝမ်းသာအားရ ရရှိလိုက်ပြီးနောက် ပြုံးလျက် ပြောဆိုလိုက်၏။
"မန်နေဂျာချုပ်ချောင်... အပြင်က လုပ်ဖော်ကိုင်ဖက်တွေလည်း ပိုက်ဆံအများကြီး မြတ်သွားကြမှာပဲနော်... ကျွန်တော် သွားနှုတ်ဆက်ပြီး သူတို့နဲ့ ရင်းနှီးအောင် လုပ်သင့်သလား..."
"သေချာတာပေါ့..."
မန်နေဂျာချုပ်ချောင်က ချက်ချင်းပင် နားလည်သွားလေသည်။ သူသည် အပြင်ဘက်ရှိ ဝန်ထမ်း သုံးဆယ်ခန့်ကို အလျင်အမြန် စုစည်းလိုက်၏။
"အားလုံးပဲ... ငါ့ဘေးမှာ ရပ်နေတဲ့ လူကြီးမင်းကို မိတ်ဆက်ပေးပါရစေ... သူကတော့ ချန်ဖုန်း ပါ... မစ္စတာချန် လေ... မင်းတို့ထဲက တချို့တွေ အခုလေးတင် သန်းနဲ့ချီ မြတ်သွားတယ်လို့ ငါ ကြားတယ်...
တချို့တွေဆို သိန်းနဲ့ချီ မြတ်သွားကြတာ... ဒါတွေ အကုန်လုံးက မစ္စတာချန် ကျေးဇူးကြောင့်ချည်းပဲလေ... ငါတို့အားလုံး မစ္စတာချန် ကို ကျေးဇူးမတင်သင့်ဘူးလား..."
"သေချာတာပေါ့... မစ္စတာချန် ကို သေချာပေါက် ကျေးဇူးတင်ရမှာပေါ့..."
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... မစ္စတာချန် သာ မရှိရင် ကျွန်တော် ဒီ ယွမ် နှစ်သန်းကို ရနိုင်မှာ မဟုတ်ပါဘူး... သူက ကျွန်တော့်ဘဝကို လုံးလုံးလျားလျား ပြောင်းလဲပေးလိုက်တာပါပဲ..."
"ကျွန်တော် ယွမ် ၃ သိန်းပဲ မြတ်ခဲ့ပေမဲ့လည်း အများကြီး ကျေးဇူးတင်ချင်ပါတယ်..."
"..."
လူတိုင်းက ၎င်းတို့၏ ကျေးဇူးတင်စကားများကို ဖော်ပြလိုက်ကြသည်။
[ပင်လယ်ငါးစင်း ထံမှ ကျေးဇူးတင်စကား ၃ ကြိမ် လက်ခံရရှိပါသည်၊ စနစ်ပွိုင့် ၃ ပွိုင့် ရရှိပါသည်…]
[လီယွီထံမှ ကျေးဇူးတင်စကား ၁ ကြိမ် လက်ခံရရှိပါသည်၊ စနစ်ပွိုင့် ၁ ပွိုင့် ရရှိပါသည်…]
[ရှောင်လန်ထံမှ ကျေးဇူးတင်စကား ၂ ကြိမ် လက်ခံရရှိပါသည်၊ စနစ်ပွိုင့် ၂ ပွိုင့် ရရှိပါသည်…]
"..."
ချန်ဖုန်း ချက်ချင်းပင် စနစ်ပွိုင့် ၅၈ ပွိုင့် ရရှိသွားခဲ့လေပြီ။ ဒါပေမဲ့ အဲဒီမှာ ရှိနေတဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်ဆီကတော့ စနစ်ပွိုင့် မရခဲ့ချေ။
ထိုသူမှာ အခြားသူမဟုတ်ဘဲ ဝမ်ဖန်းချောင်ပင် ဖြစ်လေ၏။
ချန်ဖုန်းလည်း အကြောင်းရင်းကို သိရှိသွားပေသည်။ တစ်ဖက်လူက အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးကို လက်လွတ်သွားပြီး နောက်ဆုံး ဝယ်ယူချိန်တွင် လောဘကြီးလွန်းခဲ့သောကြောင့် ရှုံးသွားခဲ့ခြင်း ဖြစ်၏။ အဲဒါကြောင့်ပဲ ဖြစ်ရမယ်... ဝမ်ဖန်းချောင်က ချန်ဖုန်းအပေါ် ဘယ်လို ကျေးဇူးတင်စကားမှ မပြောဆိုခဲ့ခြင်း ဖြစ်သည်။
ချန်ဖုန်းကလည်း ဂရုမစိုက်ခဲ့ချေ။ သူ၏ အကြည့်များကို သူ့ရှေ့ရှိ လူအုပ်ကြီးထံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီး ဤအခွင့်အရေးကို အသုံးချကာ စနစ်ပွိုင့်များကို တတ်နိုင်သမျှ များများစုဆောင်းရန် ဆုံးဖြတ်လိုက်လေ၏။
"အဟမ်း... အားလုံးပဲ... အရမ်း အားနာနေစရာ မလိုပါဘူး... ဘာလို့ ကျွန်တော့်ကို ထပ်ပြီး ကျေးဇူးမတင်ကြတာလဲ..."
ဟင်...
လူတိုင်း အံ့အားသင့်သွားကြ၏။ ဘာတွေ ဖြစ်နေတာလဲ... အရမ်း ထူးဆန်းတဲ့ တောင်းဆိုချက်ကြီးပဲ…
ဘေးတွင် ရပ်နေသော မန်နေဂျာချုပ်ချောင်ပင်လျှင် သူ့ကို ထူးဆန်းစွာ ကြည့်လိုက်မိပေသည်။ ဒါက ဘယ်လို ထူးဆန်းတဲ့ ဝါသနာမျိုးလဲ...
စိတ်ထဲတွင် ထိုသို့တွေးလိုက်မိသော်လည်း သူက ဆက်လက်ပြောဆိုလိုက်၏။
"မစ္စတာချန် က အားလုံးကို ပိုက်ဆံအများကြီး မြတ်အောင် ကူညီပေးခဲ့တာပဲ... အားလုံး ထပ်ပြီး ကျေးဇူးတင်လိုက်ကြပါ... တကယ်လို့ မစ္စတာချန် သဘောကျသွားရင် နောက်တစ်ကြိမ် မင်းတို့ကို အခွင့်အရေးပေးကောင်း ပေးနိုင်တယ်လေ..."
ဒီစကားကို ကြားချိန်မှာ လူတိုင်းက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြတော့သည်။ အကယ်၍ နောက်ထပ် အခွင့်အရေးသာ ရှိလာပါက ၎င်းတို့ သေချာပေါက် ပိုမို ရင်းနှီးမြှုပ်နှံကြမည် ဖြစ်၏။
သူတို့အားလုံး ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ကြသည်။
ဒီတစ်ကြိမ်မှာ ချန်ဖုန်း တကယ်ပဲ စနစ်ပွိုင့် ၈၇ ပွိုင့် ရရှိသွားခဲ့လေ၏။
အားလုံးပေါင်းလိုက်ရင် သူ့မှာ စုစုပေါင်း ကျန်ရှိနေတဲ့ စနစ်ပွိုင့် ၃၀၅ ပွိုင့် ရှိနေပြီ ဖြစ်သည်။
အခုတော့ ဒီလူတွေကို ကျေးဇူးတင်စကား ထပ်ပြောဖို့ တောင်းဆိုရမှာကို သူ အလွန် အရှက်ရနေခဲ့ပေပြီ။ သူ ရူးနေတယ်လို့ ထင်သွားမှာကို စိုးရိမ်မိ၍ ဖြစ်၏။
မန်နေဂျာချုပ်ချောင်နှင့် စကားပြောပြီးနောက် ချန်ဖုန်းသည် Future ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ မှ ကားမောင်းထွက်ခွာလာခဲ့သည်။
ဒါပေမဲ့ သူ့ရဲ့ ပါဂါနီ ကားလေး ကားပါကင်ကနေ ထွက်လာတာနဲ့ တစ်စုံတစ်ယောက်က သူ့ကို တားဆီးလိုက်လေ၏။
တကယ်ပဲ ဝမ်ဖန်းချောင် ဖြစ်နေသည်။ ဤသည်က သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေခဲ့၏။
ဤအချိန်၌ ဝမ်ဖန်းချောင်၏ မျက်နှာပေါ်တွင် ဖားယားသော အပြုံးတစ်ခု ရှိနေပေသည်။
"ချန်လေး... မင်းကို နောက်ဆုံးတော့ တွေ့ရလို့ အရမ်း ဝမ်းသာတာပဲ... အဒေါ်က မင်းကို ဒီမှာ စောင့်နေခဲ့တာ..."
ချန်ဖုန်းက ကားပြတင်းပေါက်ကို မှန်ချလိုက်ပြီး မျက်ခွံကို အနည်းငယ် ပင့်လိုက်၏။
"ဘာကိစ္စ ရှိလို့လဲ..."
"ချင်အာ က မင်းနဲ့ လမ်းခွဲခဲ့တာ မှားမှန်း အဒေါ်သိပါတယ် ချန်လေးရယ်...အဒေါ် မျက်နှာကို ထောက်ပြီး သူ့ကို ဒီတစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါလား ဟင်...
သူမ မှားမှန်း သူမ သိနေပါပြီ... ပြီးတော့ အဲဒီ ကုမ္ပဏီအရာရှိနဲ့လည်း လမ်းခွဲလိုက်ပြီလေ... သူ ဒီလိုတွေ လုပ်ခဲ့တာ အကုန်လုံး မင်းနဲ့ ပြန်အဆင်ပြေဖို့အတွက်ချည်းပါပဲ..."
ဝမ်ဖန်းချောင်က အလျင်အမြန် ပြောဆိုလိုက်၏။
"ဒီလိုလုပ်ပါလား... ငါတို့ အခု သူ့ဆီသွားပြီး မင်းကို လူချင်းတွေ့ပြီး တောင်းပန်ခိုင်းလိုက်မယ်လေ..."
"မင်းတို့နှစ်ယောက် ဒီလို ခွဲခွာသွားတာကို အဒေါ် တကယ် မမြင်ချင်လို့ပါ..."
စကားပြောနေစဉ်မှာပင် သူမက ပါဂါနီ ကားတံခါးကို ဖွင့်ကာ အထဲဝင်ရန် ပြင်လိုက်သည်။
ဒါပေမဲ့ ချန်ဖုန်း၏ ကားတံခါးများမှာ လော့ခ်ချထားသဖြင့် လုံးဝ ဖွင့်၍မရခဲ့ချေ။ သူက အေးစက်စွာ ပြောဆိုလိုက်၏။
"ပြန်အဆင်ပြေဖို့ဆိုတာ မဖြစ်နိုင်ဘူး... တခြားပြောစရာ မရှိတော့ဘူးဆိုရင် ဖယ်ပေးတော့...
ကျုပ် သွားစရာ ရှိသေးတယ်... အလုပ်ရှုပ်နေတယ်..."
ဝမ်ဖန်းချောင်သည် ၎င်းတို့ ပြန်လည်အဆင်ပြေရန် နည်းလမ်းမရှိကြောင်း သိလိုက်ရသဖြင့် အဓိကကိစ္စကို အလျင်အမြန် ပြောဆိုလိုက်လေ၏။
"ချန်လေး... မင်းနဲ့ ချင်အာ ရဲ့ ကိစ္စကို အဒေါ် မပြောတော့ပါဘူး... ဒါပေမဲ့ မင်း အဒေါ့်ကို ကူညီရမယ်နော်...
အဒေါ် ကြိုပွိုင့်ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံလိုက်တာ ယွမ် ၂၀,၀၀၀ ရှုံးသွားတယ်... အဲဒီပိုက်ဆံ ပြန်ရအောင် မင်း ကူညီပေးရမယ်..."
"ဘာအကြောင်းပြချက်နဲ့လဲ..."
ချန်ဖုန်းက အေးစက်စွာ ရယ်မောလိုက်၏။
ဝမ်ဖန်းချောင်၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ကြည့်ရဆိုးသွားပေသည်။
"အဒေါ်က မင်းရဲ့ ညွှန်ကြားချက်တွေအတိုင်း အရောင်းအဝယ် လုပ်ခဲ့တာလေ... အခု ရှုံးသွားပြီဆိုတော့ မင်းက တာဝန်ယူရမှာပေါ့..."
"ကျုပ်က ဘာလို့ တာဝန်ယူရမှာလဲ..."
"အဒေါ် ဂရုမစိုက်ဘူး... ဒီပိုက်ဆံတွေ ပြန်ရအောင် မကူညီပေးသရွေ့ မင်း ထွက်သွားလို့ မရဘူး..."
ချန်ဖုန်းသည် ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားခဲ့၏။
‘ခင်ဗျားက ကျုပ် ညွှန်ကြားချက်အတိုင်း အရောင်းအဝယ် လုပ်ခဲ့တာ ဟုတ်လား... တခြားသူတွေ အကုန်လုံး မြတ်နေကြချိန်မှာ ခင်ဗျားက ဘာလို့ ရှုံးနေရတာလဲ... ဘယ်သူက ခင်ဗျားကို အဲဒီလောက် လောဘကြီးခိုင်းလို့လဲ... သူမ ရှုံးသွားတဲ့ ပိုက်ဆံတွေအတွက် ငါ့ကို အပြစ်လာတင်နေတယ်ပေါ့လေ…’
ဤအချိန်၌ သူမနှင့် ငြင်းခုံနေရန် သူ လုံးဝ စိတ်မဝင်စားတော့ဘဲ မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောဆိုလိုက်သည်။
"ကျုပ်ကားကို ခင်ဗျား သိလား... ဒါက ပါဂါနီ လေ... ယွမ် ၄၅ သန်းထက် ပိုတန်တယ်... ၀ ကနေ တစ်နာရီ ကီလို ၁၀၀ ရောက်ဖို့ ၂.၇ စက္ကန့်ပဲ ကြာတယ်...
ဒီအဓိပ္ပာယ်က ဘာလဲဆိုတာ ခင်ဗျား သိလား... အဲဒါက ကျုပ် လီဗာကို နင်းလိုက်တာနဲ့ မျက်စိတစ်မှိတ်အတွင်းမှာ ခင်ဗျားကို ကြေမွသွားအောင် ကြိတ်ပစ်နိုင်တယ်ဆိုတဲ့ သဘောပဲ... ခင်ဗျား ဖယ်မပေးဘူးဆိုတာ သေချာလား..."
ဝမ်ဖန်းချောင်က ခေါင်းမော့လိုက်ပြီး သူ၏ စကားများကို လုံးဝ လျစ်လျူရှုလိုက်၏။
"လာလေ... သတ္တိရှိရင် ငါ့ကို တိုက်ကြည့်လိုက်လေ... အဲဒီလိုလုပ်ပြီးရင် မင်း လွတ်သွားမယ်လို့ ထင်နေလား..."
"ဒါက ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းလေ... မင်းမှာ ပိုက်ဆံရှိတိုင်း မင်းကိုယ်မင်း လုပ်ချင်ရာလုပ်လို့ ရပီ ထင်နေတာလား..."
ဘာပဲဖြစ်ဖြစ် သူမက အရှုံးပေးပြီး ဘာမဆိုလုပ်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။
ချန်ဖုန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။
"ဆောရီးပဲ... ချမ်းသာရတာက တကယ်ကို အံ့သြဖို့ကောင်းတာပဲ..."
"ဒီနေရာမှာ လုံခြုံရေးကင်မရာတွေ အများကြီးရှိတယ်... မှတ်တမ်းကို ကြည့်လိုက်တာနဲ့ ကျုပ်ကားကို တားတာ ခင်ဗျားဆိုတာ သိနိုင်တယ်... တကယ်လို့ တစ်ခုခု မှားယွင်းသွားရင်တောင် ပိုက်ဆံပိုကုန်ရုံလောက်ပဲ ရှိမှာပေါ့...
ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကျရင် ခင်ဗျား ရှိနေတော့မှာ မဟုတ်ဘူးဆိုတော့ ယွမ် သန်း ၁၀၀ လောက်ကို အလွယ်တကူ ထုတ်ပေးလိုက်လို့ ရတယ်...
ခင်ဗျား ယောက်ျားနဲ့ သမီးရဲ့ အကျင့်စရိုက်တွေအရဆိုရင် သူတို့က ဒီကိစ္စကို ဆက်ပြီး အမှုဖွင့်မှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်... နှမြောစရာပဲ... သူတို့က ယွမ် သန်း ၁၀၀ နဲ့ ဇိမ်ကျကျ နေရတော့မှာ... ခင်ဗျားကတော့ အခေါင်းထဲမှာ လှဲနေရပြီး ဘာမှ ခံစားခွင့်ရမှာ မဟုတ်ဘူး..."
ဒီစကားကို ပြောပြီးနောက် သူက ကားပြတင်းပေါက်ကို ပိတ်လိုက်ပြီး ပါဂါနီ ကားလေးက နေရာမှနေ၍ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာလေ၏။ မည်သည့်အချိန်တွင်မဆို ပြေးထွက်သွားနိုင်မည့် ပုံစံပင်
ဤမြင်ကွင်းကြောင့် ဝမ်ဖန်းချောင်၏ ပါးစပ်မှာ အထိတ်တလန့်ဖြင့် တွန့်လိမ်သွားတော့သည်။
ဘုရားရေ... အဲဒီကောင်လေးက တကယ် လုပ်မှာပဲ...
ပါဂါနီ ကားလေး စတင်ရွေ့လျားသွားသည်နှင့် တစ်ပြိုင်နက် သူမသည် ဘေးဘက်သို့ အလျင်အမြန် ရှောင်ဖယ်လိုက်ရာ သူမ၏ လှုပ်ရှားမှုမှာ အလွန် ပြင်းထန်လွန်းသဖြင့် မြေပြင်ပေါ်သို့ပင် လဲကျလုနီးပါး ဖြစ်သွားခဲ့လေ၏။
ဤအချိန်၌ ပါဂါနီ ကားလေးသည် ဒရစ်(ဖ်) တစ်ချက် ဆွဲလိုက်သည်။ မီးခိုးငွေ့များကို သူမ မျက်နှာပေါ်သို့ မှုတ်ထုတ်ကာ မောင်းနှင်သွားတော့၏။
ဝမ်ဖန်းချောင်၏ မျက်နှာမှာ မှောင်မိုက်သွားလေပြီ။ ကံကောင်း၍ သူမ မြန်မြန်ဆန်ဆန် ရှောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက တစ်ခုခု အမှန်တကယ် ဖြစ်သွားလျှင် သူမကိုယ်သူမ ရှင်းပြနိုင်မည် မဟုတ်ချေ။
ချန်ဖုန်းသည် ကားကို အရှိန်တင်ကာ မောင်းနှင်လာခဲ့သည်။ စောစောက ဖြစ်ပျက်ခဲ့သည့် ကိစ္စကို သူ စိတ်ထဲမထားခဲ့ချေ။ နေရာတိုင်းတွင် ထိုကဲ့သို့သော ပြဿနာရှာသူများ ရှိစမြဲပင်။
ထိုအချိန်၌ သူ၏ အခန်းဖော် ယန်ချီက ဖုန်းခေါ်လာခဲ့သည်။
"ဟေး တတိယညီ... မနေ့ညက ဘာလို့ အဆောင်မပြန်လာတာလဲ... ဘယ်မှာ မိန်းကလေးတွေ သွားလိုက်နေပြန်ပြီလဲ... တောက်... မင်းက တကယ် သစ္စာမရှိဘူးကွာ... အပြင်မှာ တစ်ယောက်တည်း စားသောက်နေတယ်ပေါ့..."
ချန်ဖုန်းမှာ စကားပြောစရာမဲ့ဖြစ်သွား၏။
"အိုကေ အိုကေ... ဘာကိစ္စ ရှိလို့လဲ..."
ယန်ချီက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"တတိယညီ... မင်းက တကယ် မိုက်တာပဲ... မင်းရဲ့ ဗီဒီယိုတွေက အခု နေရာတိုင်းမှာ ပြန့်နေပြီ... မင်း နာမည်ကြီးနေပြီ သိလား... ဆိုရှယ်မီဒီယာမှာတောင် ရေပန်းစားနေတယ်ကွ..."
"ဘာ..."
ချန်ဖုန်း လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
‘ငါ ဒီရက်ပိုင်း ဘာမှ မလုပ်ထားပါဘူး... ကျောင်းရဲ့အလှလေးနဲ့ ညစာစားပြီး စီအီးအိုအလှလေး နဲ့ ခဏလောက် စကားပြောခဲ့ရုံလေးပဲ ရှိတာကို... ဒါက ရေပန်းစားနေတာလား... မဖြစ်နိုင်ပါဘူး…’