အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃) အိမ်တော်ထိန်းနဲ့ အဆင့်မြင့် စီမံခန့်ခွဲမှု ကျွမ်းကျင်သူ
"အိုကေ အိုကေ... ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေရုံလေးပါ... သိပ်အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာ..."
ချန်ဖုန်းက အရေးမကြီးသလို ပြောဆိုလိုက်၏။ တကယ်လို့ သူ တစ်နေ့တည်းနဲ့ ယွမ် ၃ ဘီလီယံ မြတ်ခဲ့တာကိုသာ သူတို့ သိခဲ့မယ်ဆိုရင် ငါ နေ့တိုင်း ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတော့မှာပဲ...
သူ ဖုန်းချပြီးနောက် ငါးမိနစ်ပင် မကြာမီ နောက်ထပ် ဖုန်းတစ်ကော ဝင်လာခဲ့ပြန်သည်။
အမည်မသိ နံပါတ်တစ်ခုပင်။
"မင်္ဂလာပါ မစ္စတာချန်... ကျွန်မက ဟွာရီ မီဒီယာကုမ္ပဏီ က ကိုယ်စားလှယ်တစ်ယောက်ပါ... လူကြီးမင်း မင်းသားလုပ်ဖို့ စိတ်ဝင်စားမှု ရှိပါသလားရှင်...
ကျွန်မတို့ဆီမှာ အကောင်းဆုံး အရင်းအမြစ်တွေ ရှိပါတယ်... လူကြီးမင်းသာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်မတို့က လူကြီးမင်းကို တစ်နှစ်အတွင်းမှာ ထိပ်တန်း အနုပညာရှင် တစ်ယောက်ဖြစ်လာအောင် လုပ်ပေးနိုင်ပါတယ်..."
ဘာတွေဖြစ်နေတာလဲ... ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ကုမ္ပဏီတွေကတောင် ငါ့ကို လာဆက်သွယ်နေကြတာလား...
ချန်ဖုန်း လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားခဲ့၏။
"စိတ်မဝင်စားဘူး..."
သူက ဖုန်းကို တိုက်ရိုက် ချလိုက်သည်။
ဆယ်မိနစ်အကြာတွင် နောက်ထပ် ဖုန်းတစ်ကော ဝင်လာခဲ့ပြန်၏။
"မင်္ဂလာပါ မစ္စတာချန်... ကျွန်တော်က Douyin က ဝန်ထမ်းတစ်ယောက်ပါ... လူကြီးမင်း ကျွန်တော်တို့ ကုမ္ပဏီနဲ့ Live လွှင့်တဲ့သူအဖြစ် စာချုပ်ချုပ်ဖို့ စိတ်ဝင်စားမှု ရှိပါသလား... ကျွန်တော်တို့က ကြည့်ရှုသူ သန်းဆယ်ဂဏန်းလောက်ရအောင် ထောက်ပံ့ပေးနိုင်ပါတယ်..."
ချန်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ငါက တစ်နေ့ကို ယွမ် ၃ ဘီလီယံတောင် ရှာနိုင်တာ... ယွမ် ၃ ဘီလီယံအောက် နည်းတဲ့ စီးပွားရေး ကိစ္စတွေဆိုရင် ငါ့ဆီ လာမပြောနဲ့..."
တစ်ဖက်တွင် ရုတ်တရက် တိတ်ဆိတ်သွားလေ၏။ သူက ဖုန်းကို ထပ်ချလိုက်ပြန်သည်။
ထို့နောက် နောက်ထပ် ဖုန်း ငါးကော၊ ခြောက်ကောလောက် ဝင်လာခဲ့ပြန်သည်။ တိုက်ကွမ်ဒိုနဲ့ သိုင်းပညာနည်းပြ အလုပ်ခေါ်စာတွေ ပါသလို၊ ဆေးရုံကလည်း တက်ရောက်ကုသပေးမယ့် ဆရာဝန်တွေကို ရှာဖွေနေကြသည်။
ချန်ဖုန်းကို အံ့သြစကားမဲ့ဖြစ်သွားစေခဲ့တာက ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွေကတောင် အဆင့်မြင့် စီမံခန့်ခွဲမှု ကျွမ်းကျင်သူတွေကို ခေါ်ယူနေတာပဲ...
ဘာတွေလဲဟ... တကယ်ကို အံ့သြဖို့ကောင်းတာပဲ...
ချန်ဖုန်းလည်း စူးစမ်းချင်စိတ် ဖြစ်လာခဲ့၏။ ဒီအရာတွေက ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတာနဲ့ သက်ဆိုင်နေမလား...
သူ Weibo ကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။ ပထမဆုံး သတင်းခေါင်းစဉ်က သူ့အကြောင်းပင် ဖြစ်နေလေ၏။
{ပေ့ဟူမြို့မှာလည်း စူပါဟီးရိုးတွေ ရှိတယ်…}
ဒီခေါင်းစဉ်ကို နှိပ်လိုက်ချိန်မှာ တောက်ကော နဲ့ နွားသိုးမိစ္ဆာဘုရင် ကို သူ ပညာပေးနေတဲ့ ဗီဒီယိုဖိုင်ကို တွေ့လိုက်ရသည်။ ဘယ်သူ ရိုက်လိုက်မှန်းတော့ သူ မသိခဲ့ချေ။ အဲဒါကို အွန်လိုင်းပေါ် တင်လိုက်တာပဲ...
အောက်က မှတ်ချက်တွေ အားလုံးက သူ့ဘက်ကချည်း ဖြစ်နေပေသည်။
"ဒီ တောက်ကော နဲ့ နွားသိုးမိစ္ဆာဘုရင် ကို ငါ သိတယ်... သူတို့က ပေ့ဟူမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူဆိုးတွေလေ... လူတွေကို အမြဲ အနိုင်ကျင့်နေကြတာ..."
"ပြီးတော့ ဒီနှစ်ယောက်က မြေအောက်လောကက အကြီးအကဲတချို့နဲ့လည်း သိထားတော့ သာမန်လူတွေက သူတို့ကို မစော်ကားရဲကြဘူး... ဒီတစ်ကြိမ်တော့ အဲဒီရုပ်ဖြောင့်ဖြောင့် ကောင်လေးက သူတို့ကို ပညာပေးလိုက်တာ တကယ်ကို အားရစရာပဲ..."
"ဟုတ်တယ်... ဒီတစ်ခေါက်တော့ သူတို့ ဆေးရုံမှာ အနည်းဆုံး သုံးလ၊ ငါးလလောက် နေရမှာ သေချာတယ်... ပြဿနာ ထပ်ရှာနိုင်တော့မှာ မဟုတ်ဘူး..."
"အဲဒီရုပ်ဖြောင့်တဲ့ ကောင်လေးမှာ သိုင်းပညာတွေ ရှိတယ်လို့ ထင်လား... ဗီဒီယိုထဲမှာ ကြည့်ကြည့်... သူက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ပေါင် ၂၀၀ လောက်ရှိတဲ့ လူသန်ကြီးကို လေထဲ နှစ်မီတာ၊ သုံးမီတာလောက် မြင့်အောင် ခြေတစ်ချက်တည်းနဲ့ ကန်တင်လိုက်နိုင်တယ်..."
ဗီဒီယိုထဲ၌
နွားသိုးမိစ္ဆာဘုရင် လို့ခေါ်တဲ့ သူက အနည်းဆုံး ပေါင် ၂၀၀ လောက် အလေးချိန်ရှိသည်။ ပုံမှန် အခြေအနေဆိုရင် မင်း ဘယ်လောက်ပဲ သန်မာပါစေ ပေါင် ၂၀၀ ကျော် အလေးချိန်ရှိတဲ့ အရာဝတ္ထုတစ်ခုကို လေထဲ မြောက်တက်သွားအောင် ကန်ဖို့ဆိုတာ လုံးလုံးလျားလျား မဖြစ်နိုင်ဘူး...
အဝေးကို လွင့်သွားအောင်တော့ ကန်လို့ရနိုင်ပေမဲ့ အပေါ်ကို မြောက်တက်သွားအောင် ကန်ဖို့ဆိုတာက အခက်အခဲကို အဆဆယ်ဆလောက် တိုးသွားစေတယ်လေ... ဒါပေမဲ့ ဗီဒီယိုထဲက ရုပ်ဖြောင့်ဖြောင့် ကောင်လေးက အဲဒါကို လုပ်နိုင်ခဲ့တယ်... တစ်ဖက်လူက လွယ်လွယ်ကူကူပဲ လုပ်လိုက်ပုံရပေမဲ့ တခြားဘယ်သူမှ မလုပ်နိုင်တဲ့ အရာတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာပဲ...
စူပါပါဝါတွေ ရှိနေသလိုပဲ...
ဗီဒီယိုက အာရုံစိုက်မှုတွေ ရရှိနေသည်။ Likes တွေနဲ့ Shares တွေက တစ်သန်းတောင် ရောက်နေပြီ... ရေပန်းစားမှုမှာ နံပါတ်တစ် နေရာမှာ ဆက်ရှိနေတုန်းပဲ…
နိုင်ငံသားတွေရဲ့ တုံ့ပြန်မှုတွေအပြင် အေဂျင်စီ ကုမ္ပဏီတချို့ကလည်း ဒီရေပန်းစားမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားနေကြသည်။ ဗီဒီယိုထဲက ရုပ်ဖြောင့်ဖြောင့် ကောင်လေးကို စာချုပ်ချုပ်ချင်တယ်လို့ ကြေညာထားကြတာ... အဲဒါက ရေပန်းစားမှု ရှာဖွေမှုတွေမှာ နံပါတ်နှစ် နေရာကို ရောက်နေတယ်...
အဲဒါကလည်း ချန်ဖုန်းနဲ့ သက်ဆိုင်နေသေးတယ်…
{ယင်ယန် အပ်ကိုးချောင်း ထွက်ပေါ်လာပြီ... တရုတ်တိုင်းရင်းဆေးပညာ နိုးထလာတော့မယ့် လက္ခဏာပဲ…}
တရုတ်တိုင်းရင်းဆေးအသင်း ဥက္ကဋ္ဌ ပရော်ဖက်ဆာ ရှားဟွာ ဟာ ပေ့ဟူတက္ကသိုလ်မှာ ချန်ဖုန်းကို အချိန်အတော်ကြာ လိုက်ရှာနေခဲ့ပေမဲ့ ရှာမတွေ့ခဲ့ပါဘူး။
တခြား ရွေးချယ်စရာ မရှိတော့တဲ့အဆုံး ယင်ယန် အပ်ကိုးချောင်း သတင်းကို သူနဲ့အတူ ပြန်သယ်သွားခဲ့လေသည်။ အဲဒါက တရုတ်တိုင်းရင်းဆေးပညာ လောကမှာ ချက်ချင်းပဲ ဂယက်ရိုက်သွားစေခဲ့၏။ ရေပန်းစားတဲ့ သတင်းတစ်ခု ချက်ချင်း ဖြစ်လာခဲ့သည်။
လူတိုင်း သိကြသည်။ နည်းပညာ တိုးတက်လာမှုတွေကြောင့် ရောဂါကုသတဲ့နေရာမှာ အနောက်တိုင်းဆေးပညာက တရုတ်တိုင်းရင်းဆေးပညာထက် အားသာချက်တချို့ ရှိနေတယ်ဆိုတာကိုပဲ... တရုတ်တိုင်းရင်းဆေးပညာက အခုအချိန်မှာ တော်တော်လေး အခြေအနေ ဆိုးရွားနေသည်။
အဓိက အကြောင်းရင်းကတော့ ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ အံ့သြဖို့ကောင်းတဲ့ ဆေးပညာတချို့ ပျောက်ဆုံးသွားလို့ပါပဲ... ဥပမာအနေနဲ့ ယင်ယန် အပ်ကိုးချောင်း ကို ကြည့်လိုက်ပါ... အဲဒါက သေလုမြောပါး လူကိုတောင် အသက်ပြန်ရှင်လာအောင် ကယ်တင်နိုင်တဲ့ အစွမ်းရှိတယ်လို့ ဆိုကြသည်။ အတိုင်းအတာတစ်ခုအထိ အနောက်တိုင်းဆေးပညာထက်တောင် ပိုအစွမ်းထက်နေသေးတယ်...
ချန်ဖုန်းက Weibo ကို ဆက်လက် ကြည့်ရှုလိုက်သည်။
ရေပန်းစားတဲ့ သတင်းတွေရဲ့ အောက်ဆုံးမှာ သူနဲ့ သက်ဆိုင်တဲ့ နောက်ထပ် သတင်းတစ်ခု ရှိနေပြန်၏။
{ခွဲစိတ်မှု အတွေ့အကြုံ မရှိတဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်က လူနာကို ကိုယ်တိုင် ခွဲစိတ်ဖို့ သင့်တော်ရဲ့လား…}
ဒါက ဆောင်းပါးတစ်ပုဒ် ဖြစ်သည်။
ဟွာရှန်းဆေးရုံမှာ ရွှီချင်းချန် ကို ချန်ဖုန်း အူအတက်ဖြတ် ခွဲစိတ်မှု လုပ်ပေးခဲ့တဲ့ အချိန်အကြောင်း ဖော်ပြထားတာ... ချန်ဖုန်းက ခွင့်ပြုချက်မရှိဘဲ လူတွေကို ခွဲစိတ်ပေးခဲ့တယ်လို့ မလိုမုန်းထားတဲ့ စွပ်စွဲမှုတွေ လုပ်ထားသည်။ ဒီလိုလုပ်ရပ်က လူ့အဖွဲ့အစည်းနဲ့ လူနာတွေအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိစေနိုင်တယ်ပေါ့...
ချန်ဖုန်းက ဒီသတင်းကို စိတ်ထဲမထားခဲ့ချေ။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက သူက အခြေအနေအရ မလွှဲမရှောင်သာလို့ ခွဲစိတ်မှု လုပ်ပေးခဲ့ရတာလေ။ ပြီးတော့ သူ့မှာ ဆေးဘက်ဆိုင်ရာ လိုင်စင်လည်း ရှိတယ်နော်... အဲဒါက စနစ်ကနေ ဝယ်ယူထားတာ ဖြစ်ပေမဲ့လည်း... အဲဒါက တရားဝင်တယ်လေ...
ဒီကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ သဘောထားက ဘယ်လိုပဲ လွှမ်းမိုးနေပါစေ... သူ့အပေါ် ဘာသက်ရောက်မှုမှ ရှိလာမှာ မဟုတ်ဘူး...
ချန်ဖုန်း ကားမောင်းပြီး ကျောင်းကို ရောက်လာချိန်မှာ မီဒီယာသတင်းထောက်တွေနဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ကုမ္ပဏီက လူအများအပြား ကျောင်းပေါက်ဝမှာ စောင့်နေကြတာကို သူ ဝေဝါးဝါး မြင်လိုက်ရသည်။
လောလောဆယ်တော့ အဆောင်ကို ပြန်လို့ရမှာ မဟုတ်ဘူး ထင်တယ်…
ဟင်...
ထိုအချိန်၌ နောက်ကျောမှ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသကဲ့သို့ သူ ရုတ်တရက် ခံစားလိုက်ရ၏။ သူ လှည့်ကြည့်လိုက်ချိန်တွင် ထိုခံစားချက်က ပြန်ပျောက်သွားသည်။ ‘ဟမ် ငါ့နောက်မှာ ဘယ်သူမှ မရှိဘူးလား…’
ခန္ဓာကိုယ် အားဖြည့်စွမ်းရည် ကို ရရှိပြီးနောက် ချန်ဖုန်း၏ အာရုံခံစားမှုများသည် သာမန်လူများထက် ပိုမို ထက်မြက်လာခဲ့ပေသည်။ ယခုလေးတင်... သူ့နောက်မှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာ သူ သေချာပေါက် ခံစားမိလိုက်သည်။ လုံးဝ သံသယဖြစ်စရာ မရှိဘူး...
တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ တစ်ဖက်လူက သိုင်းပညာရှင် တစ်ယောက် ဖြစ်နေလို့ပဲ... ဒါကြောင့်မို့လို့ သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘူးပေါ့...
ဘယ်သူများလဲ...
သူ မျက်မှောင်ကြုတ်လိုက်၏။
သူ အခုတလော ပိုပြီး သတိထားနေဖို့ လိုအပ်နေပုံရသည်။
နောက်ဆက်တွဲ အချိန်တွေမှာတော့... ချန်ဖုန်းသည် အလုပ်အကိုင် ရှာဖွေရေး ဈေးကွက်သို့ သွားရောက်ခဲ့သည်။ ယွီလုံအော် မှ ဗီလာအတွက် စီမံခန့်ခွဲပေးမည့် အိမ်တော်ထိန်း တစ်ယောက် လိုအပ်နေပေ၏။
အလုပ်အကိုင် ရှာဖွေရေး ဈေးကွက်တွင် အလုပ်ရှာနေသူ အများအပြား ရှိနေသည်မှာ အမှန်ပင် ဒါပေမဲ့... ချန်ဖုန်း အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း သင့်တော်မည့်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ချေ။
တစ်ချို့က အရမ်း အသက်ကြီးနေကြတယ်။ တစ်ချို့က ပညာအရည်အချင်း အရမ်း နိမ့်နေတယ်။ တစ်ချို့ကလည်း အရမ်း ရုပ်ဆိုးနေတယ်...
ဘာပဲဖြစ်ဖြစ် ဒါက ယွမ် သန်း ၃၀ ကျော်တန်တဲ့ သီးသန့် ဗီလာကြီးလေ... ဒါကြောင့် အိမ်တော်ထိန်းက အဆင့်မြင့် စီမံခန့်ခွဲမှု ကျွမ်းကျင်သူ ဖြစ်ရမယ်...
Liepin.com (အလုပ်အကိုင် ရှာဖွေရေး ဝဘ်ဆိုက်) တွင် သူ အလုပ်ခေါ်စာ တစ်ခု တင်လိုက်သည်။ ထို့နောက် သူသည် ဗီလာသို့ တိုက်ရိုက် ပြန်လည်မောင်းနှင်လာခဲ့ကြ၏။
တစ်နာရီခန့် အကြာတွင် ဗီလာတံခါးကို ခေါက်သံ ကြားလိုက်ရသည်။ ချန်ဖုန်း တံခါးဖွင့်လိုက်ချိန်တွင် သူ ချက်ချင်းပင် အံ့အားသင့်သွားတော့၏။
"ဘာလို့ မင်း ဖြစ်နေရတာလဲ..."
"ငါ ဘာလို့ မဖြစ်နိုင်ရမှာလဲ..."
ယွင်ထင်သည် အဖြူရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများကို ပေါ်လွင်နေစေသည်။
ချန်ဖုန်းက အံ့အားသင့်စွာ ရပ်နေသည်ကို မြင်သောအခါ သူမက ဆံပင်ကို ပွတ်သပ်ကာ မည်သည့် အားနာမှုမျှ မရှိဘဲ အထဲသို့ ဝင်သွားပြီး ရယ်မောလျက် ပြောဆိုလိုက်၏။
"မောင်လေး... ဘာတွေ ကြည့်နေတာလဲ... ဒီလောက်လှတဲ့ အစ်မကြီးကို တစ်ခါမှ မမြင်ဖူးဘူးလား..."
"အာ..."
ချန်ဖုန်းမှာ စကားပြောစရာမဲ့ဖြစ်သွား၏။ သူ နားနေခန်းထဲသို့ သွားကာ တစ်ဖက်လူအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီး မေးမြန်းလိုက်သည်။
"ဥက္ကဋ္ဌယွင်... ကျွန်တော့်နေရာကို ဘယ်လိုရှာတွေ့သွားတာလဲ..."
ယွင်ထင်က သူ့ကို ပြန်မဖြေခဲ့ချေ။ ဗီလာထဲတွင် ခဏတာ လျှောက်ကြည့်ပြီးနောက် အနောက်ဘက်ရှိ ရေကူးကန်ကို ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်၏။
"အလုပ်ခေါ်စာ ဝဘ်ဆိုက်မှာ နင့်ရဲ့ လိပ်စာ တင်ထားတယ် မဟုတ်လား... သိပ်မဝေးဘူးဆိုတာ တွေ့လို့ ငါ တိုက်ရိုက် လာခဲ့တာ..."
ချန်ဖုန်း ချက်ချင်းပင် ဆွံ့အသွားလေသည်။
အလုပ်ခေါ်စာ ဝဘ်ဆိုက် ဟုတ်လား... လွန်ခဲ့တဲ့ တစ်နာရီက သူ အလုပ်ခေါ်စာ ဝဘ်ဆိုက်မှာ ကြော်ငြာတင်ခဲ့တာ အမှန်ပဲ... ဒါပေမဲ့ အိမ်တော်ထိန်း ရှာနေတာလေ... ဖြစ်နိုင်တာက...
သူက ယွင်ထင်ကို ချက်ချင်း လှည့်ကြည့်လိုက်၏။
"ခင်ဗျားက... အိမ်တော်ထိန်း အလုပ် လာလျှောက်တာတော့ မဟုတ်ပါဘူးနော်..."
"အဲဒီလို လျှောက်လို့ မရဘူးလား..."
ယွင်ထင်က သူ့ရှေ့မှာ လှည့်ပတ်သွားလာရင်း ခေါင်းလေးကို စောင်းကာ ပြောဆိုလိုက်သည်။
"ရုပ်ရည်လည်း ရှိတယ်... ပညာအရည်အချင်းလည်း ရှိတယ်... ပြီးတော့ အဆင့်မြင့် စီမံခန့်ခွဲမှု ကျွမ်းကျင်သူလည်း ဖြစ်တယ်... နင် ဘယ်လိုထင်လဲ..."