← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅) စကားစမြည် စတင်ပြောဆိုရန် မှန်ကန်သော နည်းလမ်း

အခန်းဖော်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။

"ယန်းယန်း... နင် တုံးလိုက်တာဟာ... ချန်ဖုန်းက နင့်ကို ပိုးပန်းနေတာလေ... နင့်အဖေဆီမှာ သူက ဘာလို့ ယွမ် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရတာလဲ... အကုန်လုံး နင့်ကြောင့်ပေါ့..."

"အာ..."

ရှန်ယန်းယန်း ချက်ချင်းပင် အံ့အားသင့်သွားလေသည်။ ချန်ဖုန်း ရင်းနှီးမြှုပ်နှံခဲ့တာ တကယ်ပဲ သူမကြောင့်လားဟု တွေးမိသွား၏။

"ယန်းယန်း... ငါ နင့်ကို အရမ်း အားကျတာပဲ... တကယ်လို့ နင်သာ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း မဟုတ်ခဲ့ရင် ငါ သေချာပေါက် ချန်ဖုန်းကို နင့်ဆီကနေ လုယူမှာပဲ…

နင် မသိပါဘူး... ချန်ဖုန်းလို သူဌေးမျိုးတွေက အများကြီး မရှိတော့ဘူး... သူက နင့်အတွက် ပိုက်ဆံသုံးဖို့ ဆန္ဒရှိရုံတင်မကဘူး... နင့်ကိုလည်း အရမ်း သက်တောင့်သက်သာ ဖြစ်စေတယ်လေ..."

"ပိုက်ဆံတွေကို ဘယ်လိုဖြုန်းရမလဲဆိုတာပဲ သိပြီး ကားတွေ၊ အိမ်တွေ၊ အိတ်တွေကို အမြဲတမ်း ဝယ်ပေးတတ်တဲ့ သူဌေးတချို့နဲ့ မတူဘူး...

အဲဒါက အရမ်း ရွံစရာကောင်းတယ်... သူတို့က ငါတို့ မိန်းမတွေကို ဘယ်လိုများ ထင်နေကြတာလဲ..."

"ချန်ဖုန်းကတော့ မတူဘူး... သူက နင့်မိသားစုရဲ့ စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်... အဲဒါက နင့်အဖေကို အခက်အခဲကနေ ကူညီပေးနိုင်ရုံသာမကဘဲ နင့်ကိုလည်း လုံလောက်တဲ့ ဂုဏ်သိက္ခာကို ပေးစွမ်းနိုင်တယ်လေ...

ဒါက ပိုက်ဆံပေးတဲ့ သွယ်ဝိုက်သော နည်းလမ်းတစ်ခုပဲ..."

"စဉ်းစားကြည့်... အနာဂတ်မှာ နင် ပိုက်ဆံတွေကို ဇိမ်ကျကျ သုံးတဲ့အခါ အဲဒါတွေကို တခြားသူတွေ ပေးတာမဟုတ်ဘဲ နင့်ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ရှာထားတာလို့ ပြောလို့ရတယ်လေ...

ဒါက လုံးဝ မတူညီတဲ့ ခံစားချက်တစ်ခုပဲ...

ဒီခေတ်မှာ မိန်းမတွေက ဘာလိုချင်ကြတာလဲ... ဂုဏ်သိက္ခာ မဟုတ်ဘူးလား..."

သူမ၏ အခန်းဖော်က မရပ်မနား ဆက်တိုက် ပြောဆိုနေခဲ့၏။ သူမသည် တကယ်ကို အားကျနေခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်လူ၏ စကားများကို ကြားပြီးနောက် ရှန်ယန်းယန်းသည်လည်း အတိုင်းအတာတစ်ခုအထိ ယုံကြည်လာခဲ့ပေ၏။

"ဒါပေမဲ့ အခု ဥက္ကဋ္ဌယွင်ထင် က ချန်ဖုန်းရဲ့ ဗီလာမှာ ရောက်နေတယ်... ပြီးတော့ သူက အခုကစပြီး အဲဒီမှာ အမြဲတမ်း နေတော့မယ့်ပုံပဲ..."

သူမ၏ အခန်းဖော်က ချက်ချင်းပင် ပေါက်ကွဲသွားလေ၏။

“ ဘာ…”

"ယန်းယန်း... နင် အိတ်တွေ၊ အဝတ်အစားတွေကို အရှုံးပေးလို့ရပေမဲ့ နင်အချစ်ကိုတော့ အရှုံးပေးလို့ မရဘူးနော်...

စဉ်းစားကြည့်လေ... တကယ်လို့ သူတို့နှစ်ယောက်တည်း ဗီလာထဲမှာ အတူတူနေမယ်ဆိုရင် အထူးသဖြင့် နွေရာသီ အလယ်မှာ ရေချိုးပြီးရင် အေးအေးဆေးဆေး ဝတ်ချင်ကြမှာ မဟုတ်ဘူးလား...

မီးပွားတွေလွင့်လာရင် နင် နောင်တရလိမ့်မယ်..."

"ဒါဆို ဘယ်လိုလုပ်ရမလဲ..."

ရှန်ယန်းယန်းတွင်လည်း ချန်ဖုန်းအပေါ် ခံစားချက်အချို့ ရှိနေပေ၏။ သဘာဝကျကျပင် သူမ၏ ချစ်သူကို အခြားအမျိုးသမီးများနှင့်အတူ မမြင်ချင်ခဲ့ချေ။

သူမ၏ အခန်းဖော်က အလျင်အမြန် အကြံပေးလိုက်သည်။

"နင်လည်း အဲဒီကို ပြောင်းသွားလေ...

အဲဒီ စီအီးအို အကြောင်း ငါ ကြားဖူးတယ်... သူက အရမ်းလှတယ်ဆိုပေမဲ့ ယန်းယန်း... နင်ကလည်း မဆိုးပါဘူး... နင်က ကျောင်းရဲ့အလှလေးပဲလေ...

ပြီးတော့ နင်က သူ့ထက် အသက်နည်းနည်း ပိုငယ်သေးတယ်... ချန်ဖုန်းနဲ့ သိတာလည်း ပိုကြာပြီလေ...

နင် သေချာပေါက် အနိုင်ရမှာပါ...

ပီးတော့ မမေ့နဲ့ဦး... နောက်ရက်အနည်းငယ်နေရင် နင့်မှာ ပါတီပွဲ ရှိသေးတယ်လေ...

ချန်ဖုန်းကိုသာ ငါတို့ဘက် ပါလာအောင် လုပ်နိုင်ရင် သူ့ကို ခေါ်သွားတာက နင့်ကို သေချာပေါက် မျက်နှာပန်းလှစေမှာပဲ..."

"ငါ... ငါ နည်းနည်းလောက် ထပ်စဉ်းစားကြည့်ဦးမယ်..."

ရှန်ယန်းယန်းက ရှုပ်ထွေးသော အမူအရာဖြင့် ဖုန်းချလိုက်၏။

သူမ၏ အခန်းဖော် ပြောသည်မှာ မှန်သော်လည်း သူမသည် မည်သည့် အကြောင်းပြချက်ဖြင့် ထိုနေရာသို့ ပြောင်းသွားရမည်ကို မသိခဲ့ချေ။ ဒါက တကယ်ကို ခက်ခဲတာပဲဟု သူမ မှတ်ချက်ချလိုက်သည်။

သူမ ဧည့်ခန်းထဲသို့ ပြန်ရောက်လာချိန်တွင် ယွင်ထင်သည် အရာအားလုံးကို ရှင်းလင်းထားပြီး ရေချိုးပြီးပုံရပေ၏။

သူမသည် ရေစိုနေသော ဆံပင်များကို တဘက်ဖြင့် သုတ်နေစဉ် ရှန်ယန်းယန်းကို မြင်တွေ့လိုက်ပြီး ပြုံးလိုက်လေ၏။

"မိန်းကလေးရှန်... ငါ့လို မိန်းမသားတစ်ယောက်တည်း ဒီမှာနေရတာ တကယ်ကို အဆင်မပြေဘူး... နင်ပါ ဒီကိုပြောင်းလာပြီး ငါ့ကို အဖော်ပြုပေးပါလား..."

"ရှင်..."

ရှန်ယန်းယန်းသည် ဤကိစ္စကို မည်သို့ စတင်ပြောဆိုရမည်ကို တွေးတောနေဆဲ ဖြစ်၏။ မထင်မှတ်ဘဲ သူတို့က သူမအတွက် ဆင်ခြေတစ်ခုကို ချက်ချင်း ရှာဖွေပေးလိုက်လေသည်။

ယွင်ထင်သည် ခေါင်းလေးကို စောင်းကာ ချန်ဖုန်းဘက်သို့ နှုတ်ခမ်းဖြင့် အရိပ်အမြွက်ပြလိုက်ပြီး ပြောဆိုလိုက်သည်။

"မောင်လေး... မင်း စိတ်မဆိုးဘူး မဟုတ်လား..."

"..."

ချန်ဖုန်းမှာ ပြောစရာစကားမဲ့ဖြစ်သွား၏။ ‘ခင်ဗျားတို့ အကုန်လုံး ဒီလောက် ရှင်းရှင်းလင်းလင်း စီစဉ်ထားပြီးမှတော့ ကျွန်တော့်မှာ ဘာကန့်ကွက်စရာ ရှိနိုင်တော့မှာလဲဟု’ သူတွေးလိုက်သည်။

သူက ရှန်ယန်းယန်းကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။

"ဒုတိယထပ်မှာ အခန်းလွတ်တွေ အများကြီး ရှိသေးတယ်... မင်း ကြိုက်တဲ့တစ်ခန်းကို ရွေးလို့ရပါတယ်... တကယ်လို့ ကျောင်းမှာ ဆက်မနေချင်တော့ဘူးဆိုရင် အချိန်မရွေး ပြောင်းလာလို့ ရတယ်လေ..."

"အင်း..."

ရှန်ယန်းယန်းက ခေါင်းကို အားရပါးရ ညိတ်ပြလိုက်၏။

သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာခဲ့ပေသည်။

"အစ်မယွင်... နေ့လယ်စာ မစားရသေးဘူး မဟုတ်လား... ကျွန်မ နေ့လယ်စာ ချက်ပေးမယ်လေ..."

ရှန်ယန်းယန်းက ယွင်ထင်၏ လက်မောင်းကို ပျော်ရွှင်စွာ ချိတ်လိုက်၏။

မိန်းမတွေက တကယ်ကို ထူးဆန်းတဲ့ သတ္တဝါတွေပဲ... တစ်စက္ကန့်လောက်က လုံးဝ သူစိမ်းတွေ ဖြစ်နေပေမဲ့ နောက်တစ်စက္ကန့်မှာတော့ ခွဲမရတဲ့ သူငယ်ချင်းတွေ ဖြစ်သွားနိုင်တယ်လေ...

တကယ်တော့ ရှန်ယန်းယန်းအတွက် သူမနှင့် ယွင်ထင်ကြားတွင် ပြောစရာတွေ အများကြီး ရှိနေပေ၏။ ရှန်ကျွင်း၏ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ကို နောက်ဆုံးတွင် ရှန်ယန်းယန်းထံ လွှဲပြောင်းပေးရမည် ဖြစ်သည်။ သူမသည် ကုမ္ပဏီ စီမံခန့်ခွဲမှုပိုင်းတွင် ယွင်ထင်ထံမှ အများကြီး လေ့လာသင်ယူနိုင်ပေလိမ့်မည်။

သူတို့နှစ်ယောက် ထိုနေရာတွင် စကားပြောနေကြသည်ကို သူ ကြည့်နေလိုက်သည်။ ဖယ်ကြဉ်ခံထားရသလို ခံစားနေရသော ချန်ဖုန်းသည် အနည်းငယ် ကူကယ်ရာမဲ့ဖြစ်နေခဲ့၏။ မိန်းမတွေဆိုတာကတော့ဖြင့်...

နောက်ဆက်တွဲ အချိန်တွေမှာတော့... ရှန်ယန်းယန်းနှင့် ယွင်ထင်တို့သည် ဈေးသို့ ဟင်းသီးဟင်းရွက် သွားဝယ်ကြလေသည်။ အရသာရှိတဲ့ နေ့လယ်စာတစ်နပ် ပြင်ဆင်တော့မည် ဖြစ်၏။ အလွန် လှပလွန်းသော အမျိုးသမီးနှစ်ဦး ဈေးထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့ပေသည်။

တစ်ယောက်က ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းကာ နောက်တစ်ယောက်ကတော့ ကျက်သရေရှိပြီး တင့်တယ်နေလေ၏။ စကားစမြည် စတင်ပြောဆိုလိုသော အမျိုးသားအချို့မှာ ပို၍ပင် စိတ်အားထက်သန်နေကြပေသည်။ ဒါပေမဲ့ မည်သူမျှ သူတို့၏ ဖုန်းနံပါတ်များကို မရရှိခဲ့ကြချေ။

ချန်ဖုန်းကလည်း ပျော်ပွဲဝင်ကာ ရယ်မောလျက် ပြောဆိုလိုက်၏။

"အစ်ကို... ဖုန်းနံပါတ်တောင်းတာ အဲဒီလို မဟုတ်ဘူးလေ... ဒီခေတ်ကောင်မလေးတွေက လူမိုက်ပုံစံတွေကို သဘောကျကြတာ... ကျွန်တော့်ကိုသာ ကြည့်ထား..."

စကားပြောနေစဉ်မှာပင် သူက သူ၏ အဝတ်အစားများကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် တွန့်လိမ်လိုက်ပြီး ခြေထောက်များကို လှုပ်ယမ်းကာ ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ထံသို့ အေးအေးဆေးဆေး လျှောက်သွားလေသည်။

သူက လေချွန်လိုက်ပြီး ပြောဆိုလိုက်၏။

"ဟေး အလှလေးတို့... WeChat မှာ add ချင်လား..."

မလှမ်းမကမ်းရှိ အမျိုးသားက လှောင်ပြောင်လိုက်သည်။

"အဲဒီလို လူမိုက်ပုံစံမျိုးနဲ့ဆိုရင် သူ ပါးဖြတ်ရိုက်ခံရမှာ မဟုတ်ဘူးလား..."

"မိန်းကလေးတွေကို လိုက်တာ အဲဒီလို မဟုတ်ဘူးကွ..."

သို့သော် လူတိုင်း အံ့အားသင့်သွားစေသည့်အရာမှာ…

ယွင်ထင်က တခစ်ခစ် ရယ်မောလိုက်ပြီး ဖုန်းကို ကမ်းပေးလိုက်ခြင်းပင်။ ဘေးတွင် ရပ်နေသော ရှန်ယန်းယန်းကလည်း နှုတ်ခမ်းဆူကာ သူမ၏ ဖုန်းကို ကမ်းပေးလိုက်ပြီး ယခုလေးတင် ဝယ်လာသော ဟင်းသီးဟင်းရွက်များကိုပါ ပေးလိုက်လေ၏။ ချက်ချင်းပင် သူတို့ သုံးယောက်သည် စကားပြောကာ ရယ်မောလျက် ဟင်းသီးဟင်းရွက်များကို ဆက်လက် ဝယ်ယူနေကြပေသည်။

ဤမြင်ကွင်းက လူတိုင်းကို စကားပြောစရာမဲ့ဖြစ်သွားစေခဲ့၏။

"ဘုရားရေ..."

"ဘုရားရေ..."

"ဒါဆို မင်းက အခုပဲ ရသွားပြီပေါ့..."

"ပြီးတော့ နှစ်ယောက်တောင်တဲ့လား..."

"WeChat ရရုံတင်မကဘူး... အတူတူ ဈေးသွားဝယ်ဖို့တောင် စီစဉ်နေကြသေးတယ်..."

"အတူတူ ထမင်းစားပြီး သောက်ကြစားကြဦးမယ်..."

"အဲဒီနောက်မှာတော့..."

"ချက်ချင်းပဲ ဘဝရဲ့ အမြင့်ဆုံးထိပ်ကို ရောက်သွားတော့မှာပဲ..."

လူတိုင်းက ဘာတွေဖြစ်နေလဲဆိုတာကို ရုတ်တရက် သဘောပေါက်သွားကြလေ၏။ နတ်သမီးလေးတွေကို သူတို့ အနိုင်မယူနိုင်ခဲ့တဲ့ အကြောင်းရင်းက သူတို့ ရုပ်မဖြောင့်လို့ ဒါမှမဟုတ် မချမ်းသာလို့ မဟုတ်ဘူးဆိုတာ ပေါ်လွင်သွားသည်။ ပြဿနာက သူတို့ဆီမှာ စကားစမြည် စတင်ပြောဆိုဖို့ မှန်ကန်တဲ့ နည်းလမ်း မရှိလို့ပဲဟု မှတ်ယူလိုက်ကြ၏။ တချို့လူတွေက သွားရောက် စမ်းသပ်ကြည့်ဖို့ စိတ်အားထက်သန်နေကြပေမဲ့ သူတို့ ရလိုက်တာကတော့ ပါးရိုက်ခံရခြင်းသာ ဖြစ်ပေသည်။

သူတို့ လုံးလုံးလျားလျား ဆွံ့အသွားကြ၏။

"ဘာတွေ ဖြစ်နေတာလဲ..."

"မိန်းကလေးတွေကို ချဉ်းကပ်တဲ့ နည်းလမ်းက မှားနေတာလား..."

ဗီလာသို့ ပြန်ရောက်ချိန်တွင် ရှန်ယန်းယန်းက သူမ၏ ချက်ပြုတ်မှု စွမ်းရည်များကို စတင်ပြသလေသည်။ ယွင်ထင်ကလည်း ကူညီပေးချင်ခဲ့၏။ သို့သော် စီအီးအို တစ်ယောက်အနေဖြင့် သူမသည် ချက်ပြုတ်ရာတွင် သိပ်မကျွမ်းကျင်ဘဲ ကူညီပေးရုံသာ တတ်နိုင်ပေသည်။ မကြာမီမှာပင် မီးဖိုချောင်ထဲမှ တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းပင် နောက်ထပ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြန်၏။

"အာ... မီး... မီးလောင်နေပြီ..."

ရှန်ယန်းယန်းက အော်ဟစ်ကာ ပြေးထွက်လာလေသည်။

သူမသည် လက်ထဲတွင် ယောင်းမတစ်ချောင်းကို ကိုင်ထားပြီး သူမ၏ မျက်နှာတွင် ညစ်ပေနေကာ ကြောင်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပေ၏။ ယွင်ထင်ကို ကြည့်လိုက်ရင်လည်း သူတို့နှစ်ယောက်စလုံးမှာ ထိတ်လန့်နေပုံရပြီး မီးငြှိမ်းသတ်ရန် တစ်ခုခုကို ရှာဖွေနေပုံရပေသည်။

ချန်ဖုန်းက မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်၏။ သေချာစွာ ကြည့်လိုက်ချိန်တွင် အပူချိန် အရမ်းများသွားသဖြင့် ဒယ်အိုးက မီးစွဲလောင်နေခြင်းဖြစ်ကြောင်း သိသာနေပေသည်။

ချန်ဖုန်းက ခေါင်းခါလိုက်ပြီး ဒယ်အိုးအဖုံးကို အသံမမြည်စေဘဲ ဖုံးလိုက်ရာ မီးက ချက်ချင်း ငြိမ်းသွားလေ၏။

"ငါပဲ လုပ်လိုက်ပါ့မယ်...

မင်းတို့ ဧည့်ခန်းထဲ သွားနားနေကြပါ... ခဏနေရင် ပြီးပါပြီ..."

‘ဒီသူဌေးသမီးလေး နှစ်ယောက် ချက်တာကို အားကိုးနေရရင်လေ... ငါတော့ အငတ်ခံရပြီး သေသွားမှာပဲ... မိန်းမတွေ... သူတို့အကုန်လုံးက ဗရုတ်သုတ်ခတွေချည်းပဲဟု’ သူတွေးလိုက်၏။

"နင်က ဟင်းချက်တတ်လို့လား..."

ယွင်ထင်က ခေါင်းလေးကို စောင်းကာ အံ့အားသင့်စွာ ကြည့်လိုက်၏။

ရှန်ယန်းယန်းကလည်း ထပ်တူ ဇဝေဇဝါဖြစ်စွာဖြင့် မေးလိုက်သည်။

"မဖြစ်နိုင်တာ... နင်က ယောက်ျားလေးလေ... ဟင်းချက်တတ်လို့လား..."

"ယောက်ျားလေးတွေ ဟင်းမချက်တတ်ဘူးလို့ ဘယ်သူက ပြောလဲ..."

ချန်ဖုန်းက သူတို့ကို မီးဖိုချောင်ထဲမှ တွန်းထုတ်လိုက်လေသည်။

ထို့နောက်

သူက စားဖိုမှူးနတ်ဘုရားစွမ်းရည် ကို တိုက်ရိုက် ဝယ်ယူလိုက်၏။

[ စားဖိုမှူးနတ်ဘုရားစွမ်းရည် ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် ၁၀ ပွိုင့် နုတ်ယူလိုက်ပါပြီ]

[ ပိုင်ရှင်ရဲ့ လက်ရှိ ကျန်ရှိနေတဲ့ စနစ်ပွိုင့်များ - ၂၉၅]

[ စားဖိုမှူးနတ်ဘုရားစွမ်းရည် ကို အသုံးပြုနေပါသည်။]

All Chapters