အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) မင်း ကြောက်နေပြီလား
"တစ်ယောက်မှ ထွက်သွားလို့ မရဘူး ဟုတ်လား..."
တောက်ကော သည် အားရပါးရ ရယ်မောလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... အာထရာမန်း လား... စူပါမန်း လား... ဒီမှာ ငါတို့ လူတစ်ဒါဇင်ကျော်တောင် ရှိတာနော်...
မင်းက တိုက်ခိုက်ရေးမှာ အရမ်းတော်နေရင်တောင် ငါတို့ အကုန်လုံးကို တစ်ယောက်တည်းနဲ့ ဘယ်လိုမှ မရင်ဆိုင်နိုင်ဘူး မဟုတ်လား...
မင်းကို အမှန်အတိုင်း ပြောပြရရင်... ငါတို့ရဲ့ အစ်ကိုကြီးက မြေအောက်လောကက သူဌေးကြီး ကျားနက် ပဲကွ... မင်း ကြောက်နေပြီလား..."
"မင်းဘာမင်း ကျားနက် ပဲဖြစ်ဖြစ် ကြောင်နက် ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ငါ သိတာကတော့ မင်းရဲ့ နံရိုးနှစ်ချောင်း ထပ်ကျိုးတော့မယ် ဆိုတာပဲ... မင်းရော ကြောက်နေပြီလား..."
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
“မင်း ငါ့ကားကို ရိုက်ခွဲခဲ့တာ... အတိုးနဲ့ပါ ပြန်ဆပ်ရမယ်လေ…”
"ချီးပဲ..."
တစ်ဖက်လူ၏ အပြုံးက တောက်ကော အား အနည်းငယ် စိုးရိမ်မကင်း ဖြစ်သွားစေခဲ့၏။
သူသည် သူ၏ ရင်ဘတ်ကို မထိဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
ငါ့ဒဏ်ရာတွေက တော်တော်လေး သက်သာသေးလို့ အနည်းဆုံးတော့ ကုတင်ပေါ်ကနေ ထနိုင်သေးတယ်... အပြင်းထန်ဆုံး ဒဏ်ရာရထားတဲ့ကောင်ဆိုရင် ဟွာရှန်းဆေးရုံ မှာ လှဲနေရတုန်းပဲ…
သူ ပိုတွေးလေလေ ပိုဒေါသထွက်လေလေ ဖြစ်လာပြီး အော်ဟစ်လိုက်ပေ၏။
"ညီအစ်ကိုတို့... သူ့ကို သတ်လိုက်ကြစမ်း..."
"တောက်ကော... ငါတို့ကိုသာ လွှဲထားလိုက်ပါ... သေချာပေါက် ကျေနပ်စေရမယ်..."
သံတုတ်များ ကိုင်ဆောင်ထားသော လူတစ်ဒါဇင်ကျော်သည် ချန်ဖုန်းထံသို့ ပြေးဝင်လာကြလေသည်။
သူတို့၏ အမြင်တွင်
ချန်ဖုန်းသည် အလွန်ဆုံးမှ ခန္ဓာကိုယ် အနည်းငယ် သွက်လက်သော ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်သာ ဖြစ်ပေ၏။
တစ်ယောက် နှစ်ယောက်ကို ရိုက်နှက်နိုင်တာက အဆင်ပြေပါတယ်။
ဒါပေမဲ့ လူတစ်ဒါဇင်ကျော်ကို ရင်ဆိုင်ဖို့ဆိုတာ လုံးလုံးလျားလျား မဖြစ်နိုင်ဘူးလေ။
"ဟွန်း... ငါ့ကို ပြဿနာ လာရှာရဲတယ်ပေါ့လေ..."
ချန်ဖုန်း ဒုက္ခိတဖြစ်သွားသည်ကို တောက်ကော မျက်မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ ရန်ငြိုးကို ကလဲ့စားချေရန် ချန်ဖုန်း၏ နံရိုးအချို့ကို ချိုးပစ်မည်ဟု သူ ဆုံးဖြတ်ထားလေသည်။
ဤလူတစ်ဒါဇင်ခန့်သည် အစ်ကိုကြီး ကျားနက် ၏ လက်အောက်မှ အထူး ရွေးချယ်ထားသူများ ဖြစ်ကြပေ၏။
သူတို့၏ စွမ်းရည်များက သေချာပေါက် မဆိုးလှချေ။
သို့သော်
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့်အရာက သူ့ကို မှင်တက်သွားစေခဲ့သည်။
ရုတ်တရက် ချန်ဖုန်း လှုပ်ရှားသွား၏။
အမြန်နှုန်းမှာ အလွန်အမင်း မြန်ဆန်လွန်းလှပေသည်။
သူက ရုတ်တရက် ခြေဖြင့် ကန်ထည့်လိုက်ရာ သူ့ထံသို့ ပြေးဝင်လာသော လူတစ်ဦး လွင့်ထွက်သွားတော့၏။
ထိုလူ၏ လက်ထဲမှ သံတုတ်သည် ကန်ချက်ကြောင့် ကွေးကောက်သွားခဲ့လေသည်။
အားအင်မှာ ကြီးမားလွန်းလှ၏။
ပီးတော့အရမ်း မြန်တာပဲ….
၎င်းက လူတိုင်းကို ထိတ်လန့်တကြား အသက်ရှူမှားသွားစေခဲ့ပေသည်။
တကယ်ကို အံ့သြဖို့ကောင်းတာပဲ…
ဒါတင် မကသေးဘူး
လူတစ်ဦးက သံတုတ်ကို ဝှေ့ယမ်းကာ ချန်ဖုန်း၏ ကျောပြင်ကို နောက်ကျောမှနေ၍ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
အားအင်မှာ အလွန် ကြီးမားလှ၏။
ရိုက်ခတ်မှုကြောင့် သူ၏ လက်များပင် ထုံကျင်သွားခဲ့ပေသည်။
တစ်ဖက်လူ အံ့အားသင့်သွားစေခဲ့သည်မှာ
သံတုတ်သည် ကွန်ကရစ်ကို ရိုက်မိသည့်အလား မာကျောနေခဲ့ပြီး ချန်ဖုန်း၏ ကျောပြင်တွင် ခြစ်ရာတစ်ချက်မျှပင် မကျန်ရစ်ခဲ့ခြင်းပင်
ထို့အစား ချန်ဖုန်းက လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
ထိုလူသည် နောက်သို့ လွင့်စဉ်ထွက်သွားတော့သည်။
သူသည် နံရံတွင် လူပုံစံ အပေါက်ကြီးတစ်ခု ဖြစ်သွားသည်အထိ အရှိန်ပြင်းစွာ ဝင်တိုက်မိသွားကြလေ၏။
ဘုရားရေ…
တောက်ကော ၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားရပေသည်။
မနေ့က ချန်ဖုန်း ဒီလောက်အထိ မကြမ်းတမ်းခဲ့ဘူးဆိုတာကို သူ သေချာ မှတ်မိနေ၏။
ခန္ဓာကိုယ်က အရမ်း မာကျောလွန်းနေတယ်လေ
သံတုတ်နဲ့တောင် ရိုက်မရဘူးလား။
"အဲဒီမှာ ဒီတိုင်း ရပ်မနေကြနဲ့... ဝင်တိုက်ကြစမ်း..."
အခြားသူများအားလုံး ကြောင်အမ်းအမ်း ရပ်နေကြသည်ကို မြင်သောအခါ တောက်ကော သည် အလွန်အမင်း စိုးရိမ်ပူပန်လာခဲ့ပေသည်။
ဒီအကူအညီတွေကို ရှာဖို့အတွက် သူ ယွမ်တစ်သန်းတောင် အကုန်ခံထားရတာလေ။
သို့သော်
ဤအချိန်၌ ချန်ဖုန်း၏ ခန္ဓာကိုယ်သည် နှစ်ကြိမ်တိုင်တိုင် ခန္ဓာကိုယ်အားဖြည့်စွမ်းရည် ကို ရရှိထားပြီးဖြစ်ရာ သာမန်လူတစ်ယောက်အနေဖြင့် ကိုင်တွယ်နိုင်စွမ်းထက် များစွာ သာလွန်နေပြီ ဖြစ်ပေ၏။
သူက တောက်ကော ထံသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။
သူ တစ်လှမ်း လှမ်းလိုက်တိုင်း သူ့နောက်တွင် လူတစ်ယောက် လဲကျသွားခဲ့၏။
လူများ ခေါင်းကွဲကာ သွေးများ အဆက်မပြတ် ထွက်ကျလာသည်ကို မြင်တွေ့ရပြီး နာကျင်စွာ အော်ဟစ်သံများက ပတ်ပတ်လည်တွင် ပဲ့တင်ထပ်နေတော့သည်။
"အား... အား... အား..."
မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူတို့သည် ကြီးမားလှသော အားအင်တစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ကြရပေ၏။
နာကျင်မှုမှာ ပြင်းထန်လွန်းလှသဖြင့် တစ်မျက်နှာလုံး တွန့်လိမ်ရှုံ့မဲ့သွားတော့သည်။
တစ်မိနစ်ပင် မပြည့်သေးချေ…
လူတစ်ဒါဇင်ကျော်သည် မြေပြင်ပေါ်သို့ လဲကျသွားကာ နာကျင်စွာ ညည်းတွားနေကြလေ၏။
"မင်း..."
တောက်ကော ၏ မျက်နှာတွင် အလွန်အမင်း ထိတ်လန့်မှုများ ပြည့်နှက်နေပေသည်။
ချန်ဖုန်း၏ လှုပ်ရှားမှုများကို သူ ရှင်းရှင်းလင်းလင်း လုံးဝ မမြင်လိုက်ရချေ။ ထိုသို့သော စွမ်းရည်မျိုးမှာ သာမန်လူများ၏ လက်လှမ်းမီနိုင်သော အရာမဟုတ်ပေ။
မြေအောက်လောကမှ သူဌေးကြီး ကျားနက် ပင်လျှင်
ဤမျှ တိုတောင်းသော အချိန်အတွင်း လူတစ်ဒါဇင်ကျော်ကို အနိုင်ယူရန် ခက်ခဲလှပေမည်။
တိတ်ဆိတ်နေ၏
ကားပါကင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့လေသည်။
ချန်ဖုန်း၏ ခြေသံများကိုသာ ကြားနေရပေ၏။
တောက်... တောက်... တောက်...
ချန်ဖုန်း လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် တောက်ကော ၏ နှလုံးသားကို နင်းချေနေသည့်အလား ဖြစ်နေလေသည်။
၎င်းက သူ၏ နှလုံးကို ပြင်းထန်စွာ ခုန်ပေါက်စေခဲ့၏။
"မင်း... မင်း ဝေးဝေးမှာနေနော်... မင်း ထပ်တိုးလာရင် ငါ အော်လိုက်မှာ..."
တောက်ကော မှာ ထိတ်လန့်လွန်းသဖြင့် စကားများပင် ဗလုံးဗထွေး ဖြစ်နေခဲ့ပေသည်။
သူ ကြောက်နေပြီ…
သူ လုံးလုံးလျားလျား ထိတ်လန့်နေခဲ့ပြီ။
တစ်ဖက်လူသည် သေချာပေါက် သူ ရင်ဆိုင်နိုင်သောသူ မဟုတ်ချေ။
တကယ်လို့ နောက်တစ်ကြိမ်သာ အခွင့်အရေး ရခဲ့မယ်ဆိုရင် သူ ဘယ်တော့မှ ဒီလို မိုက်ရူးရဲဆန်မှာ မဟုတ်ဘူးလေ။
"အော်လေ..."
ချန်ဖုန်းက လှောင်ပြောင်လျက် သူ့ကို ကန်လိုက်ပြီး ပြောဆိုလိုက်၏။
"ငါ မင်းကို ပြောသားပဲ... ဒီနေ့ မင်း နံရိုးနှစ်ချောင်း ထပ်ကျိုးတော့မယ်လို့..."
စကားပြောနေစဉ်မှာပင် ခြေထောက်ဖြင့် ရုတ်တရက် နင်းချေလိုက်ရာ နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
နာကျင်နေသော်လည်း တောက်ကော က အံကြိတ်ကာ ပြောဆိုလိုက်၏။
"မင်း... မင်း ဘာလုပ်ချင်တာလဲ...
ငါ့ရဲ့ အစ်ကိုကြီးက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားနက် ပဲ... ပေ့ဟူ မှာ သူ့ကို ဘယ်သူမှ မစော်ကားရဲဘူးကွ...
မင်း ဒါကို သေချာ စဉ်းစားတာ ပိုကောင်းမယ်... ငါ့ကို ပြဿနာရှာရင် မင်းက ကျားနက် ကို ဆန့်ကျင်နေတာပဲ...
အဲဒီအချိန်ကျရင် ပေ့ဟူ တစ်မြို့လုံးမှာ မင်း နေစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး..."
"ဟုတ်လား..."
ချန်ဖုန်းက မျက်လုံးများ ကျဉ်းမြောင်းလိုက်သည်။
သူ တစ်စုံတစ်ခုကို တွေးတောနေပုံရပေ၏။
တောက်ကော က သူ ကြောက်သွားပြီဟု ထင်မှတ်ကာ အနည်းငယ် ကျေနပ်သွားလေသည်။
"အခုမှ ကြောက်တတ်မှန်း သိသွားပြီလား... ငါ့ကို အခု လွှတ်ပေးတာ ပိုကောင်းမယ်... မဟုတ်ရင် မင်း ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ရလိမ့်မယ်...
လျော်ကြေးအနေနဲ့ နောက်ထပ် ယွမ်ဆယ်သန်း ပေးမယ်ဆိုရင် ပြီးခဲ့တာတွေကို ပြီးခဲ့သလို ထားလိုက်လို့ ရတယ်..."
"ဟင်..."
ချန်ဖုန်း၏ မျက်နှာသည် ရုတ်တရက် မှောင်မိုက်သွားပြီး သူ၏ ခြေထောက်ပေါ်ရှိ ဖိအားကို တိုးမြှင့်လိုက်လေ၏။
"ငါ့ဆီကနေ ပိုက်ဆံတောင်းဖို့ ဘယ်သူက မင်းကို ယုံကြည်မှုတွေ ပေးထားတာလဲ... မင်းရဲ့ ကိုယ်ပိုင် အခြေအနေကို မင်း မသိသေးတဲ့ပုံပဲ..."
ခြေတစ်လှမ်းအကွာတွင် တောက်ကော သည် နာကျင်စွာ ထပ်မံ အော်ဟစ်လိုက်ရပြန်သည်။
တစ်ဖက်လူက ကျားနက် ကို ကြောက်ရွံ့လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့၏။
ဒါပေမဲ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ဘူး။
သူက တစ်ကယ် လုံးဝ ဂရုမစိုက်ဘူးလား…
"အခု ငါတို့ စကားပြောလို့ ရပြီ..."
ချန်ဖုန်းသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ မျက်နှာကို လက်ဝါးဖြင့် ပုတ်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။
"ဒီကားက ယွမ် ၄၅ သန်း တန်တယ်လို့ ငါ ခုနကပဲ ပြောခဲ့တယ်လေ... မင်းတို့ တစ်ပြားမှ မလျှော့ဘဲ ပေးရမယ်... မဟုတ်ရင် ဒီကနေ ထွက်သွားရမှာ မဟုတ်ဘူး..."
တောက်ကော မှာ ငိုလုမတတ် ဖြစ်နေပြီး "ငါ... ငါ့မှာ ပိုက်ဆံမရှိဘူး..." ဟု ပြောလိုက်၏။
"ပိုက်ဆံ မရှိဘူး ဟုတ်လား..."
ချန်ဖုန်း၏ မျက်နှာပေါ်တွင် အေးစက်သော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပေသည်။
သူ၏ အကြည့်များက အခြားသူများထံသို့ ရုတ်တရက် ပြောင်းလဲသွား၏။ “မင်းတို့ကော…”
"ငါတို့လည်း... ပိုက်ဆံမရှိပါဘူး..."
လူတိုင်းက ခေါင်းငုံ့ထားကြပြီး သူ၏ အကြည့်ကို မရင်ဆိုင်ရဲကြချေ။
စဉ်းစားကြည့်လျှင် ၎င်းမှာ ထင်ရှားနေပေသည်။
ဤလူများသည် ပိုက်ဆံမရှိကြချေ။ သူတို့ စုဆောင်းနိုင်လျှင် ယွမ်သိန်းဂဏန်းခန့်သာ ရှိပေမည်။
သန်းဆယ်ဂဏန်း ဆိုတာကတော့ သေချာပေါက် မဖြစ်နိုင်ဘူးလေ
အဲဒီလောက် ပိုက်ဆံရှိရင် ဘာလို့ အောက်ခြေလူတန်းစား လုပ်နေမှာလဲ
သူတို့ သူဌေးဖြစ်နေတာ ကြာပြီပေါ့။
ချန်ဖုန်း၏ အကြည့်များသည် ဓားတစ်လက်အလား စုရှနေခဲ့၏။ "ငါ မင်းတို့ကို ရွေးချယ်စရာ နှစ်ခု ပေးမယ်..."
"တစ်ခုကတော့ မင်းတို့အားလုံးရဲ့ နံရိုးတွေကို ငါ ချိုးပစ်မယ်... ပြီးရင် ကားကိစ္စကို တစ်ခါတည်း ရှင်းလိုက်လို့ ရပြီ..."
"နောက်တစ်ခုကတော့ မင်းတို့ ဖုန်းဆက်... ဘယ်သူ့ကိုပဲဖြစ်ဖြစ် တောင်း... ယွမ် ၄၅ သန်း ပြည့်တာနဲ့ မင်းတို့ကို လွှတ်ပေးမယ်..."
"ငါတို့ ပိုက်ဆံစုဖို့ လူရှာလိုက်ပါ့မယ်..."
တောက်ကော သည် သူ၏ ဖုန်းကို အလျင်အမြန် ထုတ်ယူလိုက်လေသည်။
သူသည် နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်ပြီး "အစ်ကိုချန်... ကျွန်တော်တို့ ဖမ်းခံထားရလို့ပါ..."ဟုပြောရင်း
သူက စိတ်ထဲမှ အေးစက်စွာ ပြုံးလိုက်၏။
‘ငါတို့ရဲ့ အကူအညီတွေ ရောက်လာတာနဲ့ မင်း နောင်တရလိမ့်မယ်... ကျားနက် ရဲ့ လူတွေက အဲဒီလောက် အနိုင်ကျင့်ရ လွယ်တယ်လို့ မင်း တကယ် ထင်နေတာလား…’
ချန်ဖုန်းသည် သူ၏ သရုပ်ဆောင်မှုကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်နေခဲ့ပေသည်။
မည်သည့် တားဆီးမှုမျှ မပြုလုပ်ခဲ့ချေ။
...
ဘားတစ်ခုရှိ သီးသန့်အခန်းတစ်ခန်း
အမျိုးသားတစ်ဦးသည် အလယ်ဗဟို၌ ထိုင်နေပြီး ကြမ်းတမ်းသော အငွေ့အသက်များကို ထုတ်လွှတ်ကာ အစွမ်းထက်သော အရှိန်အဝါကို ပေးစွမ်းနေပေ၏။
သူ၏ ပါးစပ်ထဲတွင် ဆေးပြင်းလိပ်တစ်လိပ် ရှိနေသည်။
အဝတ်အစား ခပ်ဟဟ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သူ၏ လက်မောင်းကို တွယ်ဖက်ထားပြီး သူတို့သည် ရယ်မောကာ တီးတိုး စကားပြောနေကြလေ၏။
ဤအမျိုးသားမှာ အခြားသူမဟုတ်ဘဲ ကျားနက် ပင် ဖြစ်ပေသည်။
ပေ့ဟူမြို့ ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော မြေအောက်လောက သူဌေးကြီးတစ်ဦး
သူ၏ လက်အောက်တွင် လူရာပေါင်းများစွာ ရှိပြီး တရားဝင်ရော တရားမဝင်သော လောက နှစ်ခုစလုံးတွင် လှုပ်ရှားနေသူ ဖြစ်သည်။
သူသည် ရေတွက်၍မရနိုင်သော စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားပေ၏။
ပေ့ဟူ တစ်မြို့လုံးတွင် သူ့ကို မလေးမစား လုပ်ရဲသူ အလွန် နည်းပါးလှပေမည်။
ဤအချိန်၌
အမျိုးသားတစ်ဦး ဝင်လာပြီး တီးတိုး ပြောဆိုလိုက်သည်။
"ကျားနက်... ပြဿနာတစ်ခု ဖြစ်နေပြီ..."
ဟင်...
ကျားနက် သည် ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်၏။
သူ၏ရှေ့ရှိ လူမှာ သူ၏ လက်အောက်ခံ နတ်မင်းကြီးလေးပါးအနက် တစ်ဦးဖြစ်သော ကင်းကောင် ပင် ဖြစ်ပြီး သူသည် အများအားဖြင့် အတော်လေး ယုံကြည်ရသူ ဖြစ်ပေသည်။
သူက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး မေးလိုက်၏။ "ဘာဖြစ်တာလဲ..."
"ဒီမနက်က တောက်ကော က လူတစ်ဒါဇင်ကျော်လောက် ငှားသွားတယ်... သူဌေးသားလေး တစ်ယောက်ကို သွားရှင်းမယ်ဆိုပြီး... ဒါပေမဲ့ အခု... သူ ဒုက္ခရောက်နေပြီ..."