အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉) မင်းတို့ကို ငါ ဝိုင်းထားပြီ
ဘားထဲ၌…
ဤအချိန်တွင် ဘားထဲ၌ လူရှင်းလင်းထားပြီး ဖြစ်လေ၏။
အထဲရှိ လူနှစ်ရာကျော်စလုံးသည် ကျားနက် ၏ လူများသာ ဖြစ်ကြပေသည်။
နတ်မင်းကြီးလေးပါးအနက်မှ သုံးဦးလည်း ပါဝင်နေပေ၏။
ဝူးယာ၊ လန် နှင့် ရှုံးအာ တို့ပင် ဖြစ်ကြလေ၏။
ဤလူများသည် ကျားနက် ပေ့ဟူ ရှိ မြေအောက်လောက သူဌေးကြီး ဖြစ်လာစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများ ဖြစ်ပေသည်။
"ကျားနက်... ဒီဗီဒီယိုကို ကြည့်လိုက်ပါဦး..."
ဝူးယာ သည် သူ၏ ဖုန်းထဲမှ ဗီဒီယိုတစ်ခုကို ဖွင့်ကာ ကမ်းပေးလိုက်၏။
၎င်းမှာ ယနေ့နံနက်က လူသန်ကြီးတစ်ဦးအား ချန်ဖုန်း ကန်ထုတ်လိုက်သည့် ရေပန်းစားနေသော ဗီဒီယိုဖိုင်ပင် ဖြစ်လေသည်။
"ကျားနက်... ဗီဒီယိုထဲက လူက ချန်ဖုန်း ပဲ..."
ဝူးယာ ၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီးနောက် ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"သိုင်းပညာကို လေ့ကျင့်ဖူးသူတိုင်း ချန်ဖုန်း က သာမန်လူ မဟုတ်ဘူးဆိုတာကို မြင်နိုင်တယ်..."
"အဲဒီကန်ချက်ရဲ့ စွမ်းအားနဲ့ နည်းစနစ်ကို သူ ထိန်းချုပ်သွားတာ အရမ်းကို ကျွမ်းကျင်လွန်းလို့ ငါတောင် မလုပ်နိုင်ဘူး..."
"ပြီးတော့ သူ့ရဲ့ မျက်လုံးတွေ... သူ့မျက်လုံးတွေထဲမှာ သတ်ဖြတ်ချင်တဲ့ အရိပ်အယောင်တွေ ရှိနေတယ်..."
"မှန်တယ်..."
ဘေးတွင် ရပ်နေသော လန် ၏ မျက်နှာအမူအရာမှာလည်း အလွန် တည်ကြည်လေးနက်နေပေ၏။ "ငါ စစ်မြေပြင်ကို ရောက်ဖူးတယ်... အလောင်းတောင်တွေနဲ့ သွေးပင်လယ်တွေထဲကနေ ထွက်လာခဲ့တာ... ဒါတောင် ငါက သူ့ကို စိုက်မကြည့်ရဲဘူး..."
"ဒီလိုလူမျိုးက စစ်မြေပြင်ကနေ အနားယူလာတာ သေချာတယ်..."
"ဒါ့အပြင် စစ်တပ်မှာ သူ့ရဲ့ ရာထူးက တော်တော်လေး မြင့်မားခဲ့လိမ့်မယ်..."
"မင်း ဆိုလိုတာက..."
ကျားနက် ပြင်းထန်စွာ မျက်မှောင်ကြုတ်သွားလေ၏။
သူက စကားတစ်ဝက်ဖြင့် ရုတ်တရက် ရပ်တန့်သွားခဲ့ပေသည်။
လန် သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။ "ငါ စစ်မြေပြင်မှာ စစ်သည်ဘုရင်တွေကို မြင်ဖူးတယ်... ဒါပေမဲ့ သူတို့ ငါ့အပေါ် ပေးတဲ့ ဖိအားက ဒီလူနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး..."
"ဒီ ချန်ဖုန်း က သာမန်လူ မဟုတ်ဘူး..."
သူက ကျားနက် ကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "ကျားနက်... ချန်ထျန်ပေါင် ကလည်း ငါတို့ကို မျက်စိကျနေတာ... တကယ်လို့ ငါတို့ ချန်ဖုန်း နဲ့ ပဋိပက္ခ ဖြစ်မယ်ဆိုရင်..."
"ချန်ထျန်ပေါင် သာ အခွင့်ကောင်းယူပြီး ပြဿနာရှာလာရင် ငါတို့အတွက် အရမ်း အရှုံးပေါ်လိမ့်မယ်..."
"ဟုတ်တယ် ကျားနက်..."
ရှုံးအာ ကလည်း ဖျောင်းဖျရန် ကြိုးစားကာ ပြောဆိုလိုက်၏။ "ချန်ဖုန်း က ပိုက်ဆံပဲ လိုချင်တာလေ... ငါတို့ သူ့ကို ပေးလိုက်ရုံပေါ့... ယွမ် ၄၅ သန်းဆိုတာ အများကြီး မဟုတ်ပါဘူး... တကယ်လို့ ကျားနက် က များတယ်လို့ ထင်ရင် ငါတို့ ညီအစ်ကိုတွေ စုပြီး ပေးလိုက်မယ်လေ..."
"ချီးပဲ..."
ကျားနက် ၏ မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်ထွက်လာပေ၏။ "ချန်ဖုန်း က ငါ့မျက်နှာကို ဖြတ်ရိုက်သွားပြီလေ... တကယ်လို့ ငါက သူနဲ့ ပြေလည်အောင် လုပ်လိုက်ရင် အနာဂတ်မှာ ပေ့ဟူ မှာ ငါ ဘယ်လိုလုပ် ဆက်နေလို့ ရတော့မှာလဲ...ဒါ့အပြင်...
ဒီကောင်လေးက ရုတ်တရက် ပေါ်လာတာ... သူက ချန်ထျန်ပေါင် လွှတ်လိုက်တဲ့သူလည်း ဖြစ်နိုင်တယ်လေ...
ငါက အလျှော့ပေးမယ်လို့ မင်းတို့ ထင်နေလား...
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာအလျှော့ပေးမှုမှ မရှိဘူး... လူရာပေါင်းများစွာက လူတစ်ယောက်ကို မနိုင်ဘူးဆိုတာကို ငါ လုံးဝ မယုံဘူး...
လက်နက်တွေ ပြင်ထားကြ... သူ့ကို သွားရှင်းမယ်..."
"ဟူး..."
တစ်ဖက်လူကို ဖျောင်းဖျ၍ မရနိုင်သဖြင့် သူတို့အဖွဲ့သည် ကူကယ်ရာမဲ့စွာ သက်ပြင်းသာ ချလိုက်နိုင်ကြလေ၏။
တကယ်လို့ ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာခဲ့ပြီဆိုရင်...
တစ်ယောက်တည်း သွားရင် နိုင်ဖို့ အခွင့်အရေး လုံးဝမရှိဘူး... အတူတူ ပူးပေါင်းတိုက်ခိုက်မှသာ အခွင့်အရေး ရှိနိုင်မှာပဲ ဟု တွေးလိုက်ကြသည်။
"တော်ပြီ... တော်ပြီ..."
သူတို့သည် လက်နက်များကို ပြင်ဆင်ကာ ကျင်းလင် ဈေးဝယ်စင်တာ ၏ မြေအောက်ကားပါကင်သို့ သွားရန် ပြင်ဆင်နေကြစဉ်မှာပင်
ဝုန်း...
ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့၏။
ဘား၏ တံခါးသည် ကြီးမားသော အားအင်တစ်ခုဖြင့် ရိုက်ခတ်ခံလိုက်ရပြီး တံခါးဘောင်တစ်ခုလုံး လွင့်စဉ်ထွက်သွားတော့သည်။
"ဘယ်သူလဲ..."
ကျားနက် ၏ မျက်နှာမှာ မှောင်မိုက်သွားလေ၏။
သူသည် မူလကတည်းက စိတ်အခြေအနေ အလွန် ဆိုးရွားနေခဲ့ခြင်း ဖြစ်ပေသည်။
ဤအချိန်၌ ပြဿနာလာရှာရဲသူ ရှိနေသေးသည်ကိုး…
"သူတို့က တကယ် သေချင်နေတာပဲ..."
သူသည် သူ၏ လူများကို ဦးဆောင်ကာ ဖြည်းညင်းစွာ ထွက်လာခဲ့လေ၏။
ပင်မတံခါးဝကိုသာ မြင်တွေ့လိုက်ရသည်။
ကင်းကောင် နှင့် တောက်ကော တို့သည် ဘား၏ ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး အဆက်မပြတ် ညည်းတွားနေကြပေ၏။
သူတို့၏ တည့်တည့်ရှေ့တွင် လူတစ်ယောက် ရပ်နေလေသည်။
ချန်ဖုန်း ပင်။
ဤအချိန်၌ ချန်ဖုန်းသည် သူ၏ ဘေးရှိ ပါဂါနီ ကို ပုတ်ကာ တည်ငြိမ်သောအမူအရာဖြင့် ပြောဆိုလိုက်၏။
"မင်းတို့က သေဖို့အတွက် လူတွေကို ဆက်တိုက် လွှတ်မနေပါနဲ့... ဘယ်သူက သူဌေးကြီး ကျားနက် လဲ... မင်းရဲ့ လူတွေက ငါ့ကားကို ရိုက်ခွဲခဲ့တာ...
မင်း လျော်ပေးမှာလား မပေးဘူးလား...
တကယ်လို့ မလျော်ပေးဘူးဆိုရင် မင်းရဲ့ နေရာကို ငါရိုက်ခွဲပစ်မှာပဲ..."
"တော်တော် မောက်မာတာပဲ... ငါနဲ့ ရင်ဆိုင်ဖို့ မင်းမှာ အသက်ဘယ်နှချောင်း ရှိလဲဆိုတာ ဒီနေ့ ငါ ကြည့်ရသေးတာပေါ့..."
ကျားနက် ၏ နဖူးပေါ်ရှိ သွေးကြောများ ထောင်ထလာခဲ့ပေ၏။
နှစ်ပေါင်းများစွာအတွင်း သူ၏ စီးပွားရေးလုပ်ငန်းကို ဖျက်ဆီးမည်ဟု တစ်စုံတစ်ယောက်က ပြောဆိုခြင်းကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်လေသည်။
အခင်းဖြစ်ပွားရာ နေရာ၏ လေထုမှာ ချက်ချင်းပင် အေးခဲသွားတော့၏။
လူတိုင်းသည် တင်းမာနေကြပြီး အသံတစ်သံမျှပင် မထွက်ရဲကြချေ။
"ချီးပဲ... ကြည့်ရတာ လက်သီးကိုပဲ အားကိုးရဦးမယ့်ပုံပဲ..."
ချန်ဖုန်းသည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေ၏။
သူသည် မျက်စိဖြင့် မြင်တွေ့နိုင်လောက်သော အေးစက်သည့် အရှိန်အဝါတစ်ခုကို ထိန်းချုပ်ထားပုံရပြီး လူတိုင်းကို တုန်ရီသွားစေခဲ့ပေသည်။
နောက်တစ်စက္ကန့်တွင်
သူ ရုတ်တရက် လှုပ်ရှားသွား၏။
ဒုက္ခပဲ...
ဝူးယာ နှင့် အခြားသူများ အလွန်အမင်း ထိတ်လန့်သွားကြလေသည်။
သူတို့သည် ကျားနက် ၏ ရှေ့တွင် အလျင်အမြန် ဝင်ရပ်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် ချန်ဖုန်းထံသို့ ပြေးဝင်သွားကြ၏။
သူတို့ သုံးဦးသည် မတူညီသော လမ်းကြောင်းသုံးခုမှ တိုက်ခိုက်လိုက်ကြပေသည်။
သူတို့သည် တစ်ဖက်လူကို တားဆီးချင်နေခဲ့ကြ၏။
သို့သော်
သူတို့ စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားလှသော ခြေထောက်တစ်ဖက်က သူတို့ထံသို့ ပြင်းထန်စွာ ရိုက်ချလာလေသည်။
ဘုန်းးး…
ဘာတွေဖြစ်နေသည်ကို ဝူးယာ မသိလိုက်မီမှာပင် သူသည် လင့်စဉ်ထွက်သွားခဲ့လေပြီ။
ကျယ်လောင်သော အသံကြီးနှင့်အတူ
စကျင်ကျောက် စားပွဲခုံသည် နှစ်ပိုင်းကျိုးသွားတော့၏။
တစ်ချိန်တည်းမှာပင်
လန် နှင့် ရှုံးအာ တို့လည်း ကန်ထုတ်ခံလိုက်ရပေသည်။
သူတို့ မတုံ့ပြန်နိုင်မီမှာပင် ချန်ဖုန်းသည် ကျားနက် ထံသို့ ရောက်ရှိသွားပြီး သူ၏ လည်ပင်းကို ဆွဲကိုင်ကာ သန်မာလှသော ခန္ဓာကိုယ်ကြီးကို အပေါ်သို့ မြှောက်မလိုက်လေ၏။
ချက်ချင်းပင်
အခန်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားတော့သည်။
လူတိုင်းသည် ထိတ်လန့်တကြား အသက်ရှူမှားသွားကြပေ၏။
ချန်ဖုန်းသည် သူ့အား ဝိုင်းရံထားသော သူများကို အေးစက်စွာ ကြည့်နေခဲ့သည်။
သူတို့က ချန်ဖုန်းကို ဝိုင်းထားခြင်း မဟုတ်ဘဲ ချန်ဖုန်းကသာ သူတို့ကို ဝိုင်းထားသည့်အလား ဖြစ်နေလေ၏။
အရာအားလုံးက အရမ်း မြန်ဆန်လွန်းလှပေသည်။
ဘာတွေဖြစ်ပျက်သွားမှန်းတောင် သူတို့ မသိလိုက်ကြချေ။
ဝူးယာ နှင့် အခြားသူများ၏ စွမ်းရည်များကို ဘေးဖယ်ထားလိုက်လျှင်ပင်
ကျားနက် သည် သေချာပေါက် သိုင်းပညာရှင် တစ်ဦးဖြစ်သော်လည်း ယခုလေးတင် ချန်ဖုန်းကို လုံးဝ မခုခံနိုင်ခဲ့ချေ။
သူက ဒီတိုင်း မ,တင်ခံလိုက်ရတာလား...
ဘုရားရေ...
ကံကောင်းလို့ သူတို့ ဝင်မပါခဲ့ကြခြင်း ဖြစ်ပေသည်။
စောစောက လူတစ်ရာကျော် အရှုံးပေးလိုက်ရသည်ကို ပြန်တွေးမိချိန်တွင် လူတိုင်းသည် ကြက်သီးမွေးညင်းထသွားသည်ကို ခံစားလိုက်ကြရ၏။
ဒီလူက...
တကယ်ကို ကြောက်စရာကောင်းတာပဲ...
မြေပြင်ပေါ်တွင် သေလုမြောပါး လဲကျနေသော တောက်ကော နှင့် ကင်းကောင် တို့၏ နှုတ်ခမ်းထောင့်များပင် တွန့်လိမ်သွားကြပေသည်။
ကျားနက် သည် ဤလူကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သူတို့ မူလက ထင်မှတ်ထားခဲ့ကြ၏။
ဒီလို ရလဒ်မျိုး ဖြစ်လာမယ်လို့ လုံးဝ မထင်ထားခဲ့ဘူးလေ…
"အခု ငါတို့ သေချာ စကားပြောလို့ ရပြီလား..."
ချန်ဖုန်းသည် သူ မြှောက်မထားသော ကျားနက် ကို ပြုံးစိစိဖြင့် ကြည့်လိုက်သည်။
ဤအချိန်၌ သူကိုယ်တိုင်လည်း အလွန် စိတ်လှုပ်ရှားနေခဲ့၏။ ဒုတိယအကြိမ် ခန္ဓာကိုယ်အားဖြည့်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် သူ ထင်ထားသည်ထက် များစွာ ပိုမို သန်မာနေခဲ့ပေသည်။
"ရ... ရပါတယ်..."
ကျားနက် သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေ၏။
သူ၏ စိတ်နှလုံးထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ယခုလေးတင် တစ်ဖက်လူထံမှ ထွက်ပေါ်လာသော သွေးဆာနေသည့် သတ်ဖြတ်လိုသော အငွေ့အသက်ကို သူ အမှန်တကယ် ခံစားလိုက်ရပေ၏။
၎င်းက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များကိုပင် ထောင်မတ်သွားစေခဲ့သည်။
ဤအချိန်၌
သူ အမှန်တကယ်ပင် လက်ခံသွားခဲ့လေပြီ။
လူတိုင်း အတူတကွ တိုက်ခိုက်လျှင်ပင် တစ်ဖက်လူကို ယှဉ်နိုင်မည် မဟုတ်ချေ။
အားအင်မှာ လုံးဝ မယှဉ်နိုင်ဘူး...
အမြန်နှုန်းမှာလည်း မယှဉ်နိုင်ဘူး...
ငါ့ရဲ့ အရှိန်အဝါကလည်း သူ့ထက် နိမ့်ကျနေတယ်...
ရှုံးနိမ့်ဖို့က မလွဲမသွေ ဖြစ်လာမှာပဲ...
ငါးမိနစ်အကြာတွင်
ချန်ဖုန်းသည် ဘားရှိ ဆိုဖာပေါ်တွင် ခြေချိတ်ကာ အေးအေးဆေးဆေး ထိုင်နေပြီး သူ၏ နောက်ကျောမှနေ၍ အမျိုးသမီးတစ်ဦးက နှိပ်နယ်ပေးနေလေ၏။
သူ၏ တစ်ဖက်တစ်ချက်စီတွင်
လူရာပေါင်းများစွာသည် ရိုသေစွာ မတ်တတ်ရပ်နေကြပေသည်။
ဦးဆောင်နေသူများမှာ အခြားမဟုတ်ဘဲ ကျားနက် နှင့် သူ၏ နတ်မင်းကြီးလေးပါးပင် ဖြစ်ကြလေ၏။
"မစ္စတာချန်... အရင်က ကျွန်တော်တို့ မှားသွားပါတယ်... ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့... ခင်ဗျားရဲ့ ကားအတွက် မူရင်းဈေးအတိုင်း ကျွန်တော် လျော်ပေးပါ့မယ်..."
ကျားနက် သည် ရိုသေလေးစားစွာဖြင့် ဘဏ်ကတ်တစ်ကတ်ကို ထုတ်ကာ ချန်ဖုန်းအား ကမ်းပေးလျက် ပြောဆိုလိုက်၏။ "ဒီဘဏ်ကတ်ထဲမှာ ယွမ် သန်း ၁၀၀ ရှိပါတယ်... မစ္စတာချန် လက်ခံပေးဖို့ မျှော်လင့်ပါတယ်..."
စကားပြောနေစဉ်မှာပင်
သူက နောက်သို့ လက်ဝှေ့ယမ်းလိုက်သည်။
လက်အောက်ငယ်သား နှစ်ဦးက တောက်ကော ကို ဆွဲခေါ်လာကြ၏။ "ဒီကောင်က မျက်စိကန်းပြီး သူ့နေရာသူ မသိဘူး... မစ္စတာချန့်ကို သူ စော်ကားမိတာပါ... သူ့ကို ခင်ဗျား သဘောရှိသလို လုပ်နိုင်ပါတယ်..."
"မစ္စတာချန်... သနားပါဦး..."
တောက်ကော မှာ ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျလုနီးပါး ဖြစ်နေခဲ့ပေ၏။
သူ၏ အကြီးမားဆုံး အားထားရာမှာ ကျားနက် ပင် ဖြစ်သည်။
ဒါပေမဲ့ အခု မြေအောက်လောက သူဌေးကြီး ကျားနက် ကတောင် ချန်ဖုန်းကို လေးလေးစားစား ဆက်ဆံနေရပြီဆိုတော့ ‘ငါတော့ သေချာပေါက် သေရတော့မှာပဲ’ ဟု သူ တွေးလိုက်မိ၏။