အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇) အကုန်လုံး ငါဒေါင်းလိုက်မယ်ကွ
တက္ကသိုလ်နယ်မြေအတွင်း၌။
"မင်းကတော့ ဘဝကို အပြည့်အဝ ပြောင်းလဲပစ်နိုင်ခဲ့ပြီပဲ... မင်းမှာ ကားရော စုဆောင်းငွေရော ရှိနေပြီလေ... တစ်ကျောင်းလုံးမှာ မင်းက နာမည်အကြီးဆုံးပဲ... မိန်းကလေး အများကြီးက မင်းကို သဘောကျနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး..."
ယန်ချီက သက်ပြင်းချလျက် ပြောဆိုလိုက်၏။
"ငါ့ကို အားကျမနေပါနဲ့... ငါက ဂန္ထဝင်တစ်ယောက်သက်သက်ပါ..."
ချန်ဖုန်းက ရယ်မောလိုက်သည်။
ဤအရာများမှာ အပေါ်ယံ အသွင်အပြင်များသာ ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိထားပေ၏။
လူအများစုက သူ၏ငွေကိုသာ စိတ်ဝင်စားကြခြင်း ဖြစ်သည်။
သူ ငွေကုန်သွားသည်နှင့် တစ်ပြိုင်နက် ထိုလူများသည် ရှန်ချင်ကဲ့သို့ပင် သူ့ကို သေချာပေါက် စွန့်ပစ်သွားကြလိမ့်မည်။
ဤသည်မှာ လက်တွေ့ဘဝပင် ဖြစ်ပေ၏။
ယန်ချီက မျက်လုံးလှန်ကြည့်ကာ ပြောလိုက်သည်။
"အရမ်း ဘဝင်မြင့်မနေနဲ့ဦး... ဟန်ရေးပြတဲ့အကြောင်း ပြောရရင် ဒီနေ့ တကယ်ကို လူလုံးထွက်ပြသွားတဲ့ တစ်ယောက်ရှိတယ်... ကျောက်တုန်းလိုင်ကို မှတ်မိသေးလား..."
"မှတ်မိတာပေါ့... သူက ရှန်ယန်းယန်းကို လိုက်နေတဲ့သူတွေထဲက တစ်ယောက်လေ…
ပြီးခဲ့သည့်အကြိမ်က ကျောင်းဂိတ်ဝတွင် ကျောက်တုန်းလိုင် ဖွင့်ပြောခဲ့စဉ်က ၎င်းကို ဖျက်ဆီးခဲ့သူမှာ ချန်ဖုန်းပင် ဖြစ်လေ၏။
ဤသူဌေးသားလေးအပေါ် သူ၏ မှတ်ဉာဏ်များက ပြင်းထန်နေဆဲပင်။
ယန်ချီက သူ့ကို ဘတ်စကက်ဘောကွင်းဘက်သို့ ဆွဲခေါ်သွားရင်း ပြောဆိုလိုက်သည်။
"လာ... ကျောက်တုန်းလိုင် ဟန်ရေးပြနေတာကို သွားကြည့်ရအောင်... အဲဒီကောင်က ဘတ်စကက်ဘော တော်တော်ကစားနိုင်တယ်လို့ ပြောကြတယ်... အခု မိန်းကလေးတစ်အုပ်က သူ့ကို အားပေးနေကြတယ်ကွ..."
"သူက ဘတ်စကက်ဘော ကစားတတ်တယ် ဟုတ်လား..."
ချန်ဖုန်းက မနေနိုင်ဘဲ မေးမြန်းလိုက်၏။
"အဲဒီကောင်က ပုံမှန်ဆို ကျောင်းမှာ မရှိဘူး မဟုတ်လား... ဘာလို့ ဒီကို ရောက်နေတာလဲ..."
"အကုန်လုံးက မင်းကြောင့်လေ... ပြီးခဲ့တဲ့တစ်ခေါက်က သူ ရှန်ယန်းယန်းကို ဖွင့်ပြောတာကို မင်းက ဝင်ဖျက်ခဲ့တယ်လို့ ကြားတယ်... နောက်ပိုင်းကျတော့ သူက သူ့အဖေ ကုမ္ပဏီက ဖောက်သည်တစ်ယောက်ကိုပါ စော်ကားမိသွားတယ်လေ..."
ဤသည်က သူ့ဖခင်၏ ကုမ္ပဏီအတွက် အခက်အခဲအချို့ ဖြစ်ပေါ်စေခဲ့သည်။ သူ၏ဖခင်မှာ ဒေါသထွက်သွားပြီး သူ့ကို ကျောင်းသို့ ပို့ပစ်လိုက်ကာ ဘွဲ့မရမချင်း အိမ်ပြန်မလာရန် တားမြစ်လိုက်ခြင်း ဖြစ်ပေ၏။
ယန်ချီက သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
"ကျောက်တုန်းလိုင်က အရင်က တစ်ခါမှ အရှုံးမပေးခဲ့ဖူးဘူး... ဒါပေမဲ့ ဒီမှာ လဲကျသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းက သူ့ရဲ့ ရန်သူတော်ကြီးလို့ ငါ ခံစားရတယ်..."
"ငါက သူ့ရဲ့ ရန်သူတော်ကြီး ဖြစ်ကောင်းဖြစ်နိုင်တာပေါ့..."
ချန်ဖုန်းက ရယ်မောလိုက်ပြီး ဘတ်စကက်ဘောကွင်းဘက်သို့ အေးအေးဆေးဆေး လျှောက်သွားလေ၏။
ထိုအချိန်၌ ဘတ်စကက်ဘောကွင်းမှာ လူများဖြင့် စည်ကားနေပေသည်။
ဘတ်စကက်ဘောကွင်း တစ်ခုလုံးမှာ အမိုးပွင့်ဖြစ်ပြီး တော်တော်လေး ကျယ်ဝန်းလှ၏။
ထိုနေရာတစ်ဝိုက်တွင် လူတစ်ရာနီးပါး ဝိုင်းရံနေကြပြီး ၈၀ ရာခိုင်နှုန်းခန့်မှာ မိန်းကလေးများ ဖြစ်ကြပေသည်။
ကွင်းအတွင်း၌ အသင်းနှစ်သင်း ယှဉ်ပြိုင်ကစားနေကြ၏။
ကျောက်တုန်းလိုင်သည် အနက်ရောင် ဘတ်စကက်ဘောဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက တော်တော်လေး ရုပ်ဖြောင့်ပြီး မိန်းကလေးများကို ညှို့ယူရန်အတွက် အားကစားရုံသို့ မကြာခဏ သွားလေ့ရှိပေ၏။
အချိန်ကြာလာသည်နှင့်အမျှ သူသည် တောင့်တင်းသော ခန္ဓာကိုယ်ကို ရရှိလာခဲ့ခြင်း ဖြစ်သည်။
သူ၏ ကြွက်သားအမြှောင်းများနှင့် ထူးချွန်သော ဘတ်စကက်ဘော စွမ်းရည်တို့ ပေါင်းစပ်သွားမှုက ပရိသတ်ထဲရှိ မိန်းကလေးများထံမှ အော်ဟစ်အားပေးသံများကို ဆွဲဆောင်နိုင်ခဲ့လေ၏။
ထိုအချိန်၌ ကျောက်တုန်းလိုင်သည် အားပါသော ဘတ်စကက်ဘော သွင်းချက်တစ်ခုကို ပြုလုပ်လိုက်သည်။
ပြီးပြည့်စုံသော သွင်းချက်တစ်ခုဖြစ်ပြီး ချက်ချင်းပင် နှစ်မှတ် ရရှိသွားပေ၏။
"ဘုရားရေ... စီနီယာကျောက် ထပ်သွင်းလိုက်ပြန်ပြီ... သူ အရမ်းမိုက်တာပဲ..."
"စီနီယာကျောက်... ကျွန်မ ရှင့်ရဲ့ ကလေးတွေကို မွေးပေးချင်တယ်..."
"စီနီယာကျောက်... ရှန်ယန်းယန်းကို လိုက်နေတာ ရပ်ပြီး ကျွန်မကို လာလိုက်ပါလား... ကျွန်မ ရှင့်ကို သဘောကျတယ်..."
သူတို့ပတ်ဝန်းကျင်ရှိ မိန်းကလေးများက ရူးသွပ်စွာ အော်ဟစ်နေကြလေသည်။
ယခင်က ကျောက်တုန်းလိုင်သည် သူဌေးသားတစ်ဦးဖြစ်ပြီး ရှန်ယန်းယန်းကို လိုက်နေသူတစ်ဦးအဖြစ်သာ ၎င်းတို့ သိရှိခဲ့ကြသည်။ သူဌေးသားများအပေါ် ၎င်းတို့၏ အမြင်မှာ အလွန် အထင်သေးစရာ ဖြစ်ခဲ့ပေ၏။
သို့သော် ယခုမှသာ ၎င်းတို့ သဘောပေါက်သွားခဲ့ကြသည်။
ဤသူဌေးသားလေးတွင် ကောင်းမွန်သော အရည်အချင်းများစွာ ရှိနေပြီး အထူးသဖြင့် ဘတ်စကက်ဘော ကစားချိန်တွင် သူက အလွန် ချောမောနေခြင်း ဖြစ်ပေသည်။
မိန်းကလေးများ၏ ရူးသွပ်လှသော အော်ဟစ်သံများကြောင့် ကျောက်တုန်းလိုင်သည် ဤအခြေအနေကို အလွန်အမင်း နှစ်သက်သဘောကျနေခဲ့ပြီး ပို၍တိတိကျကျ ဆိုရလျှင် သူသည် အားကျခံရခြင်းကို တကယ်ပင် နှစ်သက်နေခဲ့ခြင်း ဖြစ်လေ၏။
သူက ပတ်ပတ်လည်ကို လက်ဝှေ့ယမ်းပြကာ အော်ဟစ်လိုက်သည်။
"ဟေး ကောင်မလေးတို့... ပွဲပြီးရင် မင်းတို့အကုန်လုံးကို အသားကင် ဝယ်ကျွေးမယ်... အကုန်လုံးကို သခင်လေးကျောက် က ဒေါင်းလိုက်မယ်ကွ..."
"ဝိုး... စီနီယာကျောက် က အရမ်းမိုက်တာပဲ..."
"ရှေ့ဆက်သွား စီနီယာကျောက်... ရှင်က အကောင်းဆုံးပဲ... ရှင့်ကို အရမ်း သဘောကျတာပဲ..."
"အားတင်းထား... အားတင်းထား..."
မိန်းကလေးများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။
ဤအခိုက်အတန့်တွင် ကျောက်တုန်းလိုင်အပေါ် ၎င်းတို့၏ အမြင်များ ပိုမိုကောင်းမွန်လာခဲ့ပြီး အချို့ဆိုလျှင် သူ၏ ရင်ခွင်ထဲသို့ပင် ခုန်ဝင်ချင်နေကြလေသည်။
ကျောက်တုန်းလိုင်က အားရပါးရ ရယ်မောလိုက်၏။
ရှန်ယန်းယန်း၏ နှလုံးသားကို မရနိုင်တော့ရော ဘာဖြစ်လဲ။
အခု ငါ့အခြေအနေကို ကြည့်လိုက်ဦး။
ပတ်ဝန်းကျင်မှာ မိန်းကလေးတွေ အများကြီးပဲလေ။
တစ်နေ့ကို ဆယ်ယောက်လောက် တွဲလို့ရတယ်... သူတို့ထဲက တစ်ယောက်မှ မင်းလောက် မလှပေမဲ့ ဆယ်ယောက် ဒါမှမဟုတ် အယောက်တစ်ရာလောက် ပေါင်းလိုက်ရင် တကယ်ကို မိုက်သွားပြီပေါ့။
ကြည့်ရှုနေသော မိန်းကလေးများထဲတွင် အချို့မှာ ရှန်ယန်းယန်းထက် အနည်းငယ်မျှသာ အလှလျော့ကြောင်းကိုပင် သူ တွေ့ရှိလိုက်ရသည်။
သူတို့လည်း လှတာပဲလေ
ထိုအချိန်၌ လူအုပ်ထဲတွင် ချန်ဖုန်းကို ကျောက်တုန်းလိုင် ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် သူ၏ မျက်မှောင်များ ပြင်းထန်စွာ တွန့်ချိုးသွားတော့၏။
"ဒီကောင် ထပ်ပေါ်လာပြန်ပြီပဲ..."
‘ဟွန့်... ဒီနေ့ ငါ ကျောက်တုန်းလိုင် ဘယ်လောက် ထူးချွန်လဲဆိုတာ မင်းကို ပြသရမယ်... တစ်ကွင်းလုံးရဲ့ အာရုံစိုက်မှု အကုန်လုံး ငါ့ဆီမှာပဲ ရှိနေစေရမယ်…’
ဤအကြောင်းကို တွေးမိပြီးနောက် သူသည် ဘေးဘက်သို့ ရုတ်တရက် လျှောက်သွားကာ…
သူ၏ အသင်းဖော်များကို ပြောဆိုလိုက်သည်။
"အခုကစပြီး မင်းတို့ ဘောလုံးရတာနဲ့ ငါ့ဆီကိုပဲ အကုန်ပေး... ငါ တစ်ယောက်တည်း ကစားပြမယ်..."
"တုန်းလိုင်... ဘေးကင်းအောင် ကစားတာ ပိုကောင်းမယ်ထင်တယ်..."
"ဟုတ်တယ်... ဘာပဲဖြစ်ဖြစ် ဒါက အသင်းလိုက် ပြိုင်ပွဲလေ... မင်းရဲ့ ခံနိုင်ရည်က မီပါ့မလား... ပြီးတော့ ငါတို့ အချင်းချင်းလည်း စွမ်းရည်ပြဖို့ အခွင့်အရေး ပေးရဦးမယ်လေ..."
"ဟုတ်တယ်... ဒီမှာ ကျောင်းသူတွေ အများကြီး ရှိနေတာ... မင်း တစ်ယောက်တည်း အကုန်သိမ်းပိုက်ထားလို့ မရဘူးလေ..."
အသင်းဖော်များမှာလည်း အလွန် မကျေမနပ် ဖြစ်နေကြ၏။
ကျောက်တုန်းလိုင်က ရုတ်တရက် လက်ကာပြလိုက်ပြီး အာဏာရှင်ဆန်ဆန် ပြောဆိုလိုက်သည်။
"ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး... ဒီနေ့က ငါ့ရဲ့ တစ်ကိုယ်တော်ပွဲပဲ... မင်းတို့ ကန့်ကွက်စရာ ရှိသေးလို့လား..."
"ကောင်းပြီ... ကောင်းပြီ... မင်း အကုန်ယူလိုက်တော့..."
မည်သူကမျှ သူနှင့် ပဋိပက္ခ မဖြစ်ချင်ကြချေ။
၎င်းတို့အနေဖြင့် အလျှော့ပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
ထို့နောက်တွင် ကျောက်တုန်းလိုင်သည် ပိုမို တက်ကြွစွာ စွမ်းဆောင်ပြလေတော့၏။
လူအုပ်ကြီးထံမှ အော်ဟစ်အားပေးသံများမှာ ပိုမို ကျယ်လောင်လာခဲ့ပြီး အာရုံစိုက်မှုအားလုံးသည် ကျောက်တုန်းလိုင်အပေါ်သို့သာ ကျရောက်နေခဲ့ပေသည်။
"ဒီကောင်က အရမ်း ဟန်ရေးပြလွန်းတယ်..."
ယန်ချီသည် ဘတ်စကက်ဘောကွင်းပေါ်ရှိ စွမ်းဆောင်ရည်ကို ကြည့်ရင်း ခေါင်းမခါဘဲ မနေနိုင်ခဲ့ချေ။
လူမိုက်တစ်ဦးပင်လျှင် ကျောက်တုန်းလိုင်၏ ရည်ရွယ်ချက်ကို မြင်နိုင်ပေသည်။
ချန်ဖုန်းက ညည်းတွားလိုက်၏။
"ဒီကောင်က ဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အမှန်တရားတွေကို မကြုံဖူးသေးဘူး... အခု သူ ပိုမြင့်မြင့် ရပ်လေလေ... ကျတဲ့အခါ ပိုနာလေလေပဲ ဖြစ်မှာ..."
"ဘာအဓိပ္ပာယ်လဲ..."
ယန်ချီမှာ ခဏတာ မှင်တက်သွားခဲ့သည်။
ချန်ဖုန်းက ရယ်မောလိုက်ပြီး ပြောဆိုလိုက်၏။
"ဘာဖြစ်လာမလဲဆိုတာကိုသာ စောင့်ကြည့်နေလိုက်ပါ..."
"အရမ်း လျှို့ဝှက်ဆန်းကြယ်နေတာပဲ..."
ယန်ချီသည် ကွင်းအတွင်းရှိ ပွဲစဉ်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"မင်း ဖြည်းဖြည်းချင်း ကြည့်နေလိုက်တော့... ငါ မင်းကို အဖော်မလုပ်ပေးနိုင်တော့ဘူး... ငါ သွားတော့မယ်..."
ထို့နောက်တွင် ချန်ဖုန်းသည် အနီးနားရှိ ခုံတစ်ခုံကို ရှာဖွေကာ ထိုင်လိုက်လေ၏။
ပွဲရလဒ်ကို သူ ဂရုမစိုက်ခဲ့ချေ။ စောစောက ကျောက်တုန်းလိုင် သူ့ကို လက်ခလယ်ထောင်ပြသွားခဲ့ပြီးနောက် ပြန်လည်လက်စားချေရန် နည်းလမ်းတစ်ခု ရှာဖွေရမည်ဟုသာ သူ ခံစားနေရသည်။
ပျင်းရိလာသဖြင့် သူသည် Douyin ကို ဖွင့်လိုက်၏။
Live လွှင့်သူတစ်ဦး လွှင့်နေသည်ကို သူ အမှတ်တမဲ့ မြင်တွေ့လိုက်ရသဖြင့် ပွဲတော် လက်ဆောင်တစ်ခုကို ပေါ့ပေါ့ပါးပါး ပေးပို့လိုက်လေသည်။
Douyin ပေါ်ရှိ ပွဲတော်တစ်ခုသည် ယွမ် ၃၀၀၀ ခန့် တန်ဖိုးရှိပြီး သာမန်လူတစ်ဦး၏ လစာတစ်လစာနှင့် ညီမျှပေသည်။
Live လွှင့်နေသော မိန်းကလေး၏ အမည်မှာ ဖန်ရှီဝူ ဖြစ်ပြီး သူမတွင် ဖော်လိုဝါ သန်းချီ ရှိလေ၏။
ရုတ်တရက် သူဌေးတစ်ဦး ပေါ်လာသဖြင့် ဖန်ရှီဝူ မှာလည်း အလွန် ဝမ်းသာနေခဲ့သည်။
သူမက တစ်ဖက်လူ၏ အကောင့်အိုင်ဒီကို စစ်ဆေးကြည့်လိုက်ရာ အကောင့်သစ်တစ်ခု ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။
တစ်ဖက်လူ၏ အမည်မှာ အစ်ကိုဖုန်း ဖြစ်ပြီး ဖော်လိုဝါ ရာဂဏန်းအနည်းငယ်သာ ရှိပေသည်။
"ပွဲတော် လက်ဆောင်အတွက် အစ်ကိုဖုန်း ကို ကျေးဇူးတင်ပါတယ်နော်..."
ထိုအချိန်၌ ချန်ဖုန်းက နောက်ထပ် ပွဲတော် နှစ်ခုကို ထပ်မံပေးပို့လိုက်ရာ Live လွှင့်မှုမှာ ပေါက်ကွဲထွက်သွားတော့၏။
"ဘုရားရေ... ဒီအစ်ကိုဖုန်း က ဘယ်သူလဲ... သူက ပွဲတော် လက်ဆောင်တွေကို ဆက်တိုက် ပေးနေတာပဲ..."
"ဂုဏ်ပြုပါတယ်... ဖန်ရှီဝူ မှာ နောက်ထပ် သူဌေးပရိသတ်တစ်ယောက် တိုးလာပြန်ပြီပဲ..."
"အားလုံးပဲ... အစ်ကိုဖုန်း ကို အတူတူ ကျေးဇူးတင်လိုက်ကြရအောင်..."
ချန်ဖုန်းသည် ပွဲတော် အနည်းငယ်ကို ပေးပို့လိုက်ပြီးနောက် အကောင့်ထဲတွင် ငွေမရှိတော့သဖြင့် ငွေဖြည့်ရန် လော့ဂ်အောက် လုပ်လိုက်လေသည်။
ထိုအချိန်၌ သူ၏ စိတ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်လာခဲ့၏။
[ ဖန်ရှီဝူ ထံမှ ကျေးဇူးတင်စကားကို ဖမ်းယူရရှိပါသည်... စနစ်ပွိုင့် ၅၀ ရရှိပါတယ်…]
[ ဦးလေးလေး ထံမှ ကျေးဇူးတင်စကားကို ရရှိပါသည်... စနစ်ပွိုင့် ၁၀ ရရှိပါတယ်…]
[ အာဂို ထံမှ ကျေးဇူးတင်စကားကို ဖမ်းယူရရှိပါသည်... စနစ်ပွိုင့် ၁၀ ရရှိပါတယ်…]
[ မင်း ဘယ်တော့မှ မရနိုင်တဲ့ မင်းရဲ့အဖေ ထံမှ ကျေးဇူးတင်စကားကို ဖမ်းယူရရှိပါသည်... စနစ်ပွိုင့် ၁၅ ရရှိပါတယ်…]
"......"
ချန်ဖုန်းမှာ မှင်တက်သွားခဲ့ပေသည်။
သူသည် အချိန်ဖြုန်းရန်အတွက် ပေါ့ပေါ့ပါးပါး လက်ဆောင်ပေးရန်သာ ရည်ရွယ်ခဲ့သော်လည်း မထင်မှတ်ဘဲ စနစ်ပွိုင့်များ ရရှိလာခဲ့လေ၏။
သူ အသေအချာ တွက်ချက်ကြည့်လိုက်သည်။
ဤတစ်ကြိမ်တွင် စနစ်ပွိုင့် ၄၂၀ တိတိ ရရှိခဲ့ခြင်း ဖြစ်ပေ၏။
[ဒင်... ပိုင်ရှင်မှာ လက်ရှိတွင် စနစ်ပွိုင့် ၁၁၃၃ ပွိုင့် ကျန်ရှိနေပါတယ်...]
[ဒင်... ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် တစ်ထောင် ကျော်လွန်သွားတဲ့အတွက် ကျပန်းဆုတွေ ချီးမြှင့်ပေးနေပါတယ်...]
ဘုရားရေ... ဘုရားရေ...
တကယ်ကြီး ဆုရှိနေတာပဲ...
ချန်ဖုန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး လေထဲပျံသန်းနိုင်တော့မည့်အလား ခံစားလိုက်ရတော့၏။