အခန်း ၆၉
Vol. 7 Ch. 69
အခန်း (၆၉) ရူးသွပ်ဖွယ်ရာ လက်ဆောင်ပေးခြင်း
"ငါက ချန်ဖုန်းပါ..."
ရှန်ယန်းယန်းသည် ချန်ဖုန်း၏ စာပြန်မှုကို မြင်လိုက်ရချိန်တွင် အလွန်အမင်း အံ့အားသင့်သွားခဲ့ပေ၏။
ချန်ဖုန်းက သူမ၏ လိုက်ဗ်လွှင့်မှုကို ကြည့်နေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
သူမ၏ ရင်ထဲတွင် လျှို့ဝှက်သော ပျော်ရွှင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဟေး... ကြည့်ကြစမ်း... နတ်ဘုရားမယန်းယန်းက ဟိုမှာ အရူးတစ်ယောက်လို ပြုံးဖြီးနေတယ်... သူက အစ်ကိုဖုန်းကို ကြွေသွားတာများလား..."
"အို... မဟုတ်ဘူး... သူဌေးဖုန်းက ယွမ်သန်းအနည်းငယ်လောက် ဆုချလိုက်တာနဲ့တင် သူမရဲ့ နှလုံးသားကို သိမ်းပိုက်သွားပြီ..."
"နှမြောစရာကြီးကွာ... တကယ်လို့ ငါသာ အဲဒီလောက် ပိုက်ဆံရှိရင် နတ်ဘုရားမယန်းယန်းကို အိမ်ခေါ်သွားတာ ကြာလှပေါ့..."
"အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောကြနဲ့... နတ်ဘုရားမယန်းယန်းက အဲဒီလိုလူမျိုး မဟုတ်ဘူး..."
ပရိသတ်များသည် ကွန်မန့်ပေးသည့် နေရာတွင် ရေပန်းစားလာအောင် ရေးသားနေကြပေ၏။
ထိုအချိန်မှသာ ရှန်ယန်းယန်းသည် သတိပြန်ဝင်လာပြီး အလျင်အမြန် ရှင်းပြလိုက်သည်။
"ပြဿနာမရှာကြနဲ့နော်... ဒီအစ်ကိုဖုန်းက ငါ့ရဲ့ သူငယ်ချင်းကောင်းပါ... ငါတို့က အချင်းချင်း သိကြတယ်..."
"အားလုံးပဲ... အစ်ကိုဖုန်း ဆုချပေးတာကို ငါနဲ့အတူ လာပြီး ကျေးဇူးတင်ပေးကြပါဦး..."
"အို ဘုရားရေ... သူမက အစ်ကိုဖုန်းလို့တောင် ခေါ်နေကြပြီ... ငါ တကယ်ကို မနာလိုဖြစ်မိတာပဲ..."
"ကောင်းပြီ အားလုံးပဲ... နတ်ဘုရားမယန်းယန်းကို စနေတာတွေ ရပ်ကြတော့... သူဌေးဖုန်း ဆုချပေးတာကို မြန်မြန် ကျေးဇူးတင်လိုက်ကြရအောင်..."
"နတ်ဘုရားမယန်းယန်းကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဖုန်း... အစ်ကိုဖုန်းမှာ ပိုက်ဆံတွေ အများကြီး ရှိနေတာလား... ကျွန်တော့်ကိုရော ဘာလို့ ဆုမချတာလဲ..."
"နတ်ဘုရားမယန်းယန်းကို ဆုချပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေးဖုန်း... သူဌေးဖုန်းအနေနဲ့ မွေးစားသားတွေများ လိုအပ်သေးလား..."
"ဆုချပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေးဖုန်း... သူဌေးဖုန်းက အရမ်းမိုက်တာပဲ..."
"..."
[ ရှန်ယန်းယန်းထံမှ ကျေးဇူးတင်စကား အကြိမ် ၂၀ ရရှိပါတယ်... စနစ်ပွိုင့် ၂၀ ရရှိပါတယ်…]
"
[ ခြင်တစ်ကောင် ဖမ်းမိတဲ့အတွက် ကျေးဇူးတင်ပါတယ်... စနစ်ပွိုင့် ၅ ပွိုင့် ရရှိပါတယ်…]
[ မောက်မာသော နတ်ဘုရား၏ ကျေးဇူးတင်မှုကို ရယူနိုင်ခဲ့ပါတယ်... စနစ်ပွိုင့် ၃ ပွိုင့် ရရှိပါတယ်…
"..."
ချန်ဖုန်းသည် ရေတွက်ကြည့်လိုက်ရာ ဤတစ်ကြိမ်တွင် သူသည် စနစ်ပွိုင့် ၁၂၀၀ ရရှိခဲ့ကြောင်း တွေ့ရှိလိုက်ရပေ၏။
"တခြားတစ်ယောက်ဆီကို ထပ်သွားလိုက်မယ်..."
ချန်ဖုန်းသည် ရှန်ယန်းယန်း၏ လိုက်ဗ်လွှင့်မှုမှ ထွက်ခွာသွားလေသည်။
အကယ်၍ လူတစ်ယောက်တည်းကိုသာ ဆက်တိုက် ကျေးဇူးတင်နေမည်ဆိုပါက ရရှိမည့် ကျေးဇူးတင်မှုများမှာ ပိုမိုနည်းပါးလာမည် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရိုးသားသော ကျေးဇူးတင်မှုများကသာ စနစ်ပွိုင့်များကို ရရှိစေနိုင်သောကြောင့် ဖြစ်၏။
နောက်ထပ် အခြားလူတစ်ယောက်ဆီသို့ ထပ်မံရောက်ရှိသွားခဲ့သည်။
"ပွဲတော် ဆယ်ခုလောက် ပေးလိုက်ရအောင်..."
ဤတစ်ကြိမ်တွင်
နောက်ထပ် စနစ်ပွိုင့် ၈၇၀ ကို ထပ်မံရရှိခဲ့လေပြီ။
ထို့နောက် အချိန်များတွင်
ချန်ဖုန်းသည် အစဉ်လိုက် အဆက်မပြတ် ရီဖရက်ချ်လုပ်နေခဲ့ပြီး လိုက်ဗ်လွှင့်သူတိုင်းကို အနည်းဆုံး ပွဲတော် ဆယ်ခုစီ ပေးအပ်ခဲ့ပေ၏။
နာရီဝက်ခန့် အချိန်အတွင်းမှာပင်
လိုက်ဗ်လွှင့်သူ သုံးဆယ်ကို ဆုချပေးခဲ့ပြီး ဖြစ်လေသည်။
စုဆောင်းရရှိထားသော စုစုပေါင်း စနစ်ပွိုင့်များသည် အံ့မခန်းဖွယ် ၃၀,၀၀၀ အထိ ရောက်ရှိသွားခဲ့ပေပြီ။
သို့သော်
ချန်ဖုန်း အံ့အားသင့်သွားရသည်မှာ စနစ်က ဆုချီးမြှင့်သင့်သော်လည်း မည်သည့် အသံမျှ မရရှိခဲ့ခြင်းပင် ဖြစ်သည်။
"ငါက အရမ်းမြန်မြန် ပွတ်ဆွဲလိုက်လို့ စနစ်က တုံ့ပြန်ဖို့ အချိန်မရလိုက်တာများလား..."
ချန်ဖုန်းက မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ပွဲတော်များကို ဆက်လက်ရှာဖွေကြည့်ရှုနေခဲ့၏။
တစ်ချိန်တည်းမှာပင်
Douyin တစ်ခုလုံးသည် ဆူညံပွက်လောရိုက်သွားတော့သည်။
အစ်ကိုဖုန်း ဟုခေါ်သော အကောင့်တစ်ခုက လိုက်ဗ်လွှင့်သူများကို ပွဲတော် လက်ဆောင်များ ပေးပို့နေကြောင်းကို လူတိုင်းနီးပါး သိရှိသွားကြလေ၏။
စုစုပေါင်း ပမာဏမှာ ယွမ်သန်းဆယ်ဂဏန်းအထိ ရောက်ရှိနေပြီ ဖြစ်ပေသည်။
အချို့လူများသည် Douyin ဝန်ထမ်းများထံမှ အစ်ကိုဖုန်း၏ အကောင့်ထဲတွင် ယွမ် သန်း ၁၀၀ ရှိနေကြောင်းကိုပင် သိရှိခဲ့ကြ၏။
လူတိုင်း လုံးလုံးလျားလျား အံ့အားသင့်သွားကြလေသည်။
"မင်းတို့ ကြားပြီးကြပြီလား... အစ်ကိုဖုန်းက ငါတို့ကို လက်ဆောင်တွေ မိုးရွာချပေးနေတာ... တကယ်လို့ နေရာမှာတင် သူ့ကို ကျေးဇူးတင်လိုက်ရင် အနည်းဆုံး ပွဲတော် ဆယ်ခုလောက် ရနိုင်တယ်..."
"ဟုတ်တယ်... ဟုတ်တယ်... အစ်ကိုဖုန်းက နတ်ဘုရားမယန်းယန်းအတွက် တစ်ကြိမ်တည်းနဲ့တင် ယွမ်သန်းနှစ်သန်းကျော် သုံးခဲ့တယ်လို့လည်း ငါ ကြားတယ်..."
"ချီးပဲ... သူက တကယ်ကို မယုံနိုင်လောက်အောင် ချမ်းသာတာပဲ..."
"ဟုတ်တယ်... သူ အများဆုံး သုံးဖူးတာက ယွမ်သန်းအနည်းငယ်လောက်ပဲ ဆိုပေမဲ့ အရေအတွက်ကတော့ တကယ်ကို အံ့မခန်းပဲ... သူက အခုဆို လိုက်ဗ်လွှင့်တဲ့သူ အယောက်တစ်ရာနီးပါးလောက်ကို ပိုက်ဆံတွေ သုံးခဲ့ပြီးပြီ..."
"ဒါဆို မင်းတို့အကုန်လုံး အဲဒီမှာ ဘာရပ်လုပ်နေကြတာလဲ... သွားပြီး လိုက်ဗ်လွှင့်ကြတော့လေ..."
ဤအခိုက်အတန့်၌
လူတိုင်းသည် ၎င်းတို့ လုပ်နေသောအရာများကို ချထားလိုက်ကြပြီး နေရာမှာတင် လိုက်ဗ် စတင်လွှင့်ကြလေတော့၏။
နာမည်ကြီး ဘလော့ဂါများမှသည် သာမန် ရုံးဝန်ထမ်းများအထိ ဖြစ်ပေသည်။
ကျောင်းသားအချို့ပင် လိုက်ဗ်လွှင့်ခြင်း ရူးသွပ်မှုထဲသို့ ပါဝင်လာခဲ့ကြလေပြီ။
Douyin ၏ လူကြိုက်များမှုသည် ကောင်းကင်အထိ ထိုးတက်သွားခဲ့ပြီး အမျိုးသမီး အသုံးပြုသူ ၈၀ ရာခိုင်နှုန်းနီးပါးခန့်မှာ လိုက်ဗ်လွှင့်မှုများတွင် ပါဝင်လာခဲ့ကြ၏။
ဒါတင်မကသေးချေ
အခြားသော လိုက်ဗ်လွှင့်သည့် ပလက်ဖောင်းများမှ လိုက်ဗ်လွှင့်သူများသည်လည်း Douyin သို့ ဝင်ရောက်လာခဲ့ကြပေသည်။
အဘယ်ကြောင့်ဆိုသော် ဤအစ်ကိုဖုန်းသည် Douyin တွင်သာ ဆုချလေ့ရှိပြီး အခြား ပလက်ဖောင်းများတွင် အကောင့် လုံးဝမရှိသောကြောင့် ဖြစ်၏။
ဘတ်စကက်ဘောကွင်းပေါ်တွင်
မူလက ကျောက်တုန်းလိုင်အား အားပေးနေခဲ့ကြသော မိန်းကလေးများသည်လည်း ဤအချိန်၌ သတင်းကို ကြားသိသွားခဲ့ကြလေသည်။
၎င်းတို့ အော်ဟစ်နေခြင်းကို ရပ်တန့်လိုက်ကြ၏။
ထပ်ပြီး အားမပေးတော့ချေ။
၎င်းတို့အားလုံး ဖုန်းများကို ထုတ်ယူလိုက်ကြပြီး နေရာမှာတင် လိုက်ဗ် စတင်လွှင့်ကြလေတော့သည်။
ဤသည်မှာ နောက်ပြောင်ခြင်း လုံးဝမဟုတ်ချေ။
ပွဲတော် ဆယ်ခုဆိုလျှင် ယွမ် ၃၀,၀၀၀ တန်ကြေးရှိပေ၏။
ပလက်ဖောင်းက ဖြတ်တောက်ပြီးနောက် အနည်းဆုံး ယွမ် ၁၅,၀၀၀ ရရှိမည် ဖြစ်သည်။
မိနစ်အနည်းငယ်အတွင်း ယွမ် ၁၅,၀၀၀ ရရှိခြင်းက အလွန်ကောင်းမွန်သည် မဟုတ်လော။ ဘာအတွက်ကြောင့် အားပေးဖို့ ဒုက္ခခံနေရတော့မည်နည်း။
ကျောက်တုန်းလိုင်သည် ဘတ်စကက်ဘောကို ပိုက်ထဲသို့ သွင်းတော့မည့်အချိန်တွင် မိန်းကလေးများ၏ အားကျနေသော မျက်နှာအမူအရာများကို မြင်တွေ့ချင်သဖြင့် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်၏။
အသေအချာ ကြည့်ရှုလိုက်ချိန်တွင်
မိန်းကလေး တစ်ဝက်နီးပါးခန့်မှာ ဘတ်စကက်ဘောပြိုင်ပွဲကို ကြည့်ရှုမနေကြတော့ကြောင်း သူ တွေ့ရှိလိုက်ရပေသည်။
ထိုအစား ၎င်းတို့သည် ဖုန်းများကို ကိုင်ဆောင်ကာ လိုက်ဗ်လွှင့်ရင်း ဘေးဘက်၌ ရပ်နေကြလေ၏။
သူမတို့က သူ့ကို တစ်ချက်ပင် မကြည့်ကြချေ။
အားပေးသံများ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး လေထုမှာ တိတ်ဆိတ်ကာ လူသူကင်းမဲ့သွားသကဲ့သို့ ဖြစ်သွားတော့သည်။
"ဘာတွေဖြစ်နေတာလဲ..."
သူ ခြေခေါက်ရက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ပေ၏။
သူ၏ လက်ထဲရှိ ဘတ်စကက်ဘောကိုလည်း ပြိုင်ဘက်က လုယူသွားခဲ့လေသည်။
"တုန်းလိုင်... ဘာဖြစ်တာလဲ..."
"ဘာမှမဖြစ်ပါဘူး... အမှားတစ်ခု ဖြစ်သွားလို့ပါ..."
ကျောက်တုန်းလိုင်က ခေါင်းခါလိုက်၏။
ဘတ်စကက်ဘော ကစားရခြင်း၏ ပျော်ရွှင်မှုမှာ လူတိုင်း၏ အာရုံစိုက်မှုကို ခံရကာ ချန်ဖုန်းထက် သာလွန်ချင်သောကြောင့် ဖြစ်သော်လည်း ယခုအခါတွင်မူ သူ ရုတ်တရက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့ပေသည်။
"ချီးပဲ..."
"တစ်ယောက်ယောက်လောက် ငါ့ကို ဘာတွေဖြစ်နေတာလဲဆိုတာ ပြောပြနိုင်မလား..."
"ဘယ်သူကများ ငါ့ရဲ့ ဇာတ်လိုက်အရှိန်အဝါတွေကို ခိုးယူသွားတာလဲ..."
တစ်ချိန်တည်းမှာပင်
ရှပ်ခ် လိုက်ဗ်လွှင့်သည့် ပလက်ဖောင်း၏ ရုံးချုပ်၌
"ဒုက္ခပါပဲ မန်နေဂျာ... ကျွန်တော်တို့ ပလက်ဖောင်းပေါ်က လိုက်ဗ်လွှင့်တဲ့သူတွေ အကုန်လုံး Douyin ဆီကို ရောက်သွားကြပြီ... အဲဒီမှာ ကျွန်တော်တို့ကို ဗာကျူရယ် လက်ဆောင်တွေ မိုးရွာချပေးနေတဲ့ သူဌေးကြီးတစ်ယောက် ရှိတယ်လို့ ကြားတယ်..."
လက်အောက်ငယ်သား၏ သတင်းပို့ချက်ကို ကြားချိန်တွင် မန်နေဂျာက မျက်မှောင်ကြုတ်လိုက်၏။
"ငါတို့ဆီက လိုက်ဗ်လွှင့်တဲ့သူ ဘယ်လောက်တောင် ဆုံးရှုံးသွားတာလဲ..."
"အနည်းဆုံး လိုက်ဗ်လွှင့်သူ ၅၀ ရာခိုင်နှုန်းလောက် အဲဒီကို ရောက်သွားကြပြီ... တချို့က ကျွန်တော်တို့ ပလက်ဖောင်းနဲ့ စာချုပ်ချုပ်ထားတာဖြစ်လို့ လိုက်ဗ်လွှင့်ဖို့အတွက် အကောင့်ပွားတွေကို သုံးနေကြတယ်..."
"ဒါတင်မကဘူး... ကျွန်တော်တို့ဆီက အသုံးပြုသူ အများအပြားလည်း ဆုံးရှုံးနေရတယ်..."
"ကျွန်တော် အချက်အလက်တွေကို စစ်ဆေးကြည့်တော့ နာရီဝက်လေးအတွင်းမှာတင် အသုံးပြုသူ ၃၀ ရာခိုင်နှုန်းကို ဆုံးရှုံးလိုက်ရတယ်..."
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ကိန်းဂဏန်းတစ်ခု ဖြစ်နေလေပြီ။
ပလက်ဖောင်းအတွက်မူ
ဤသည်မှာ သေချာပေါက် နှစ်ဆသော ထိုးနှက်ချက်ပင် ဖြစ်ပေ၏။
မန်နေဂျာမှာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ပြီး ဖြေရှင်းမည့်နည်းလမ်းကို အမြန်ဆုံး ရှာဖွေရန် လိုအပ်နေခဲ့သည်။
ထိုသို့မဟုတ်ပါက
အုပ်စုတစ်ခုလုံးသည် ကြီးမားလှသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်ပေ၏။
မန်နေဂျာက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်သည်။
"မလောပါနဲ့... အရင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားပါ... ငါတို့ ပလက်ဖောင်းပေါ်မှာ ငွေအများကြီး သုံးတဲ့သူတွေ ရှိနေတယ် မဟုတ်ဘူးလား... ပွဲတစ်ပွဲကို အမြန်ဆုံး စီစဉ်ပြီး သူတို့ကို ဆုချတဲ့နေရာမှာ ပါဝင်လာအောင် လုပ်လိုက်ကြစို့..."
"ထွက်သွားတဲ့ လိုက်ဗ်လွှင့်သူတွေက သဘာဝကျကျပဲ လိမ္မာယဉ်ကျေးစွာနဲ့ ပြန်ရောက်လာကြလိမ့်မယ်..."
လက်အောက်ငယ်သားက ခါးသီးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။
"မန်နေဂျာ... Douyin ပေါ်က သူဌေးတစ်ယောက်ရဲ့ အကောင့်ထဲမှာ ယွမ် သန်း ၁၀၀ ရှိနေပြီး အခုလေးတင် သူက နောက်ထပ် ယွမ် သန်း ၁၀၀ ကို ထပ်ထည့်လိုက်တယ်လို့ ကြားတယ်..."
"ဘာ..."
မန်နေဂျာ၏ ပါးစပ် အဟောင်းသား ဖြစ်သွားရလေသည်။
"ဘယ်လို သူဌေးကြီးမျိုးကများ အကောင့်ထဲကို တစ်ကြိမ်တည်းနဲ့ ယွမ် သန်း ၂၀၀ လောက် ထည့်နိုင်မှာလဲ..."
"ဒီလိုလူမျိုးက အနည်းဆုံးတော့ ယွမ် ဘီလီယံချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေရမယ် မဟုတ်ဘူးလား..."
ပြီးတော့…
သူ သိထားသလောက်ဆိုလျှင်
Douyin ၏ ငွေဖြည့်သွင်းသည့် စနစ်သည် တစ်ကြိမ်လျှင် ယွမ် သိန်းဂဏန်းအနည်းငယ်ခန့်သာ ခွင့်ပြုထားသဖြင့် အကြိမ်ပေါင်း ရာနှင့်ချီ၍ ငွေဖြည့်သွင်းရမည် ဖြစ်ပေ၏။
ဤအခိုက်အတန့်၌
ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီးနောက် မန်နေဂျာက အလျင်အမြန် မေးမြန်းလိုက်သည်။
"အဲဒီလူရဲ့ အကောင့်နာမည်က ဘာလဲ..."
"သူ့ကို အစ်ကိုဖုန်းလို့ ခေါ်ကြတယ်..."
ထိုစကားများကို ကြားလိုက်ရချိန်တွင်
မန်နေဂျာ လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေ၏။
"အစ်ကိုဖုန်း... အစ်ကိုဖုန်း..."
"ချီးပဲ..."
"ဒါက စောစောက ငွေဖြည့်သွင်းခွင့် ပမာဏကို တိုးပေးဖို့ ဖုန်းဆက်တောင်းဆိုခဲ့တဲ့ အသုံးပြုသူ မဟုတ်ဘူးလား..."
"ဒုက္ခပါပဲ..."
"သူက တကယ့် စူပါသူဌေးကြီးပဲ..."
"အို ဘုရားရေ..."
မူလက ဤငွေအများကြီး သုံးစွဲသူသည် ရှပ်ခ် ဘက်တွင် ရှိနေသင့်သော်လည်း ဖောက်သည်ဝန်ဆောင်မှု ပြဿနာကြောင့် သူ့ကို Douyin ထံသို့ ပေးအပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ပေ၏။
"ပြိုင်ဘက်အတွက် မှန်ကန်တဲ့ လုပ်ရပ်တစ်ခုကို လုပ်ဆောင်ပေးလိုက်သလိုပဲ..."
ယခုအခိုက်အတန့်၌
မန်နေဂျာသည် နောင်တတရားများဖြင့် ပြည့်နှက်သွားလေတော့သည်။