အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း(232)
နှစ်ယောက်၊ တစ်ယောက် ဖြစ်နေသောကြောင့် ယင်ရိလျိုအတွက် အနိုင်ရရန်အတွက် အခွင့်အလမ်း အလွန်ပင် နည်းပါးလွန်းသည်။
ထိုအမျိုးသားက မြေပြင်ပေါ်သို့ လိမ့်ထွက်သွားသော သူ၏ လက်မောင်းကို တစ်ချက်ကြည့်လိုက်သော်လည်း သူ၏ လေသံက စိတ်လှုပ်ရှားခြင်း ၊ ဒေါသထွက်ခြင်းမျိုး မရှိပေ။
သူက ယင်ရိလျို၏ လက်ထဲရှိ ဓားရှည်ကိုသာ အလေးအနက် စဉ်းစားနေသည့်အမူအရာဖြင့် ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်လေသည်။
“တကယ်ကို အစွမ်းထက်တဲ့ လက်နက်ပဲ”
ချီထူက အသွားနှစ်ဖက်ပါသော ဓားဖြစ်သောကြောင့် သာမန်ဓားများထက် ပို၍ အန္တရာယ်များ၏။
ဤဓား၏ ဓားသွားက အတွင်းရော အပြင်ပါ ထက်ရှလွန်းသည်။
ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ဓားကိုကိုင်တွယ်သူက ပေါ့ဆမိလျှင် သို့မဟုတ် ရိုက်ခတ်မှုက အလွန်ပြင်းထန်နေပြီး ကိုင်တွယ်သူ၏ ခံနိုင်ရည်ထက် ကျော်လွန်သွားလျှင် ရန်သူကို ထိခိုက်စေသကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လည်း ဒဏ်ရာရရှိစေနိုင်၏။
ယခု ယင်ရိလျိုကဲ့သို့ပင်။
သူမက ထိုရိုက်ခတ်မှုကို ခုခံလိုက်ချိန်တွင် အတွင်းဘက် ဓားသွားကြောင့် သူမ၏ဘယ်ဘက် လက်ဖျံတွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ရရှိခဲ့၏။
ဤသည်က တစ်ဖက်လူ၏ ဒဏ်ရာကဲ့သို့ မပြင်းထန်သော်လည်း၊ အသားနှင့် အရိုးအထိ နက်ရှိုင်းနေသောကြောင့် သူမအနေဖြင့် နာကျင်မှုကြောင့် ချွေးများပင်ထွက်နေခဲ့သည်။
သူမ၏ အကြည့်က အရှေ့မှ ကျဆုံးသူ နှစ်ဦး၏ အပေါ်တွင်သာ အာရုံ စိုက်ထားသော်လည်း သူမ၏ လက်က အိတ်ကပ်ထဲသို့ တိတ်တဆိတ် နှိုက်လိုက်လေ၏။
သူမ၏ ဒဏ်ရာမှ သွေးများက ဖြည်းညှင်းစွာ စိမ့်ထွက်နေဆဲဖြစ်ပြီး မီးခိုးရောင်သန်းသည့် အနက်ရောင် လက်စွပ်ပေါ်သို့ စီးကျနေသည်။
သူမ၏တုန်ရီနေသော လက်ချောင်းထိပ်များဖြင့် သေးငယ်သော ဖန်ပုလင်းလေးကို ထိတွေ့လိုက်မိသည့်အချိန်တွင် ယင်ရိလျိုက အံကို တင်းတင်းကြိတ်ပြီး ပုလင်းအဆို့ကို အားဖြင့် ဖွင့်လိုက်လေ၏။
ထို့နောက် စိုစွတ်နေသော အရည်ထံသို့ သူမ၏ လက်ချောင်းကို နှစ်လိုက်ပြီး တုန်ရီစွာဖြင့် သူမ၏ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
ပြင်းထန်လွန်းသော ချိုမြိန်သည့် သွေးညှီနံ့က ပြည့်နှက်သွားကာ သူမ၏ နှုတ်ခမ်းများတွင် သွေးများက ပေကျံသွား၏။
သူမက ဓားကို တိုက်ခိုက်ရန်အတွက် အသင့်ပြင်ထားလျက ထွက်ပြေးရန်အတွက်ကို အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော် သူမကို စိတ်ရှုပ်ထွေးစေသည်မှ သူမ၏ရှေ့မှ ကျဆုံးသူ နှစ်ဦးက ဆက်လက် တိုက်ခိုက်လိုသည့်ဟန်ပန်မျိုး မရှိခြင်းပင်။
ယင်ရိလျိုအနေဖြင့် ကံကောင်းထောက်မစွာ တစ်ကြိမ် အနိုင်ရလိုက်ရုံနှင့် သတိလက်လွတ် မနေနိုင်ပေ။
သူမ၏ ဘယ်ဘက်လက်ဖျံမှ ဒဏ်ရာက ဖြည်းညှင်းစွာ ကျက်လာသည်ကို ခံစားရသည်။
ဤသည်က ကျင်းယန်၏ သွေးများ အာနိသင်ပြနေခြင်းသာဖြစ်ပေ၏။
ထိုအချိန်မှာပင် သူမ၏ မျက်စိအရှေ့မှ မြင်ကွင်းက ထပ်မံဝေဝါးလာပြန်သည်။
ရင်းနှီးပြီးသား ပုံရိပ်တစ်ခုက သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တစ်ခုထဲ ပေါ်လာခဲ့၏။
ယင်ရိလျိုတစ်ယောက် သူမ၏ မိဘများက စကားပြောရင်း ရယ်မောနေကြသည်ကိုလည်းကောင်း၊ သူမ၏ ကိုယ်ပိုင် အိမ်လေးကိုလည်းကောင်း မြင်တွေ့လိုက်ရကာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို စိတ်သက်သာရာရသွားသည်။
ဤသည်က ထင်ယောင်ထင်မှား ဖြစ်မှုတစ်ခုသာ ဖြစ်ကြောင်းကို သူမက သိပေသည်။
အကယ်၍ သူမသာ ထိုပုံရိပ်ယောင်၌ နစ်မြောသွားပါက သေခြင်းတရားကသာ အနောက်မှ စောင့်ကြိုနေမည် ဖြစ်၏။
မိခင်ဖြစ်၏ မေးမြန်းသံက သူမ၏ နားထဲတွင် မြည်ဟည်းနေသည်။
“ ဘာလို့ ဘာကိုမှမပြောတာလဲ၊ ငါတို့..”
ယင်ရိလျိုက အသက်ကို ပြင်းပြင်းရှူလိုက်လေ၏။ မျက်လုံးကို ပြန်ဖွင့်လိုက်သည့်အချိန်တွင် သူမ၏ အကြည့်က ခိုင်မာပြတ်သားနေခဲ့၏။
သူမက သူမ၏ လက်ထဲရှိ ချီထူဓားကို မြှောက်လိုက်ပြီး အရှေ့မှ မြင်ကွင်းကို ပြင်းထန်စွာ ချိန်ရွယ်လိုက်လေသည်။
မိဘများ၏ အသံနှင့် ပုံရိပ်များက မှန်ထဲရှိ ပန်းများကဲ့သို့ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့၏။
ထိုမှားယွင်းသော မြင်ကွင်း၏ နောက်ကွယ်တွင် လက်တစ်ဖက် ပြတ်နေသော အမျိုးသား၏ သွေးထွက်နေဆဲဖြစ်သော လက်သီးက သူမ၏ အရှေ့တည့်တည့်သို့ ရောက်ရှိနေသည်။
ယင်ရိလျိုက လျင်မြန်စွာ နောက်သို့ ဆုတ်လိုက်ပြီးနောက် သူမ၏ လက်ထဲရှိ ချီထူဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပြီး ကျဆုံးသူ၏ နှလုံးသားကို အလွန်ခက်ခဲသော ထောင့်မှ ထိုးဖောက်ရန်အတွက် ရည်ရွယ်လိုက်၏။
သူမက ဓားဖြင့် ထိုးတော့မည့်အချိန်တွင်ပင် သူမ၏ နောက်ကျောဘက်တွင် အေးစက်မှုကို ခံစားလိုက်ရသည်။
ထို့ကြောင့် ယင်ရိလျိုက မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူမက ဓားကို လျင်မြန်စွာ ပြန်ရုပ်လိုက်လေ၏။
ထို့နောက် ဓား၏ ထိပ်ဖျားက မြေပြင်ပေါ်တွင် သေးငယ်သော်လည်း ခိုင်ခံ့သော ထောက်တိုင်တစ်ခုကဲ့သို့ ဖြစ်သွားပြီး သူမကို မီတာပေါင်းများစွာ အဝေးသို့ တွန်းထုတ်ပေးလိုက်လေ၏။
ခဏချင်းမှာပင် မရေမတွက်နိုင်သော အနက်ရောင် အမွှေးအတောင်များကချွန်ထက်သောမြှားများကဲ့သို့ ယင်ရိလျိုက မတိုင်မီက ရပ်နေခဲ့သည့် နေရာသို့ ကျရောက်လာခဲ့သည်။
ထို့နောက်တွင် အတောင်တို့၏ ထက်ရှသော ထိပ်ဖျားများက မြေကြီးထဲသို့ နစ်ဝင်သွားခေ၏။
အကယ်၍ ယင်ရိလျိုသာ နောက်သို့ မဆုတ်ခဲ့ပါက ဤမြှားကဲ့သို့သော အမွှေးအတောင်များက သူမကို အပေါက်ပေါင်းများစွာ ဖြစ်အောင် ဖောက်ထွက်သွားပေလိမ့်မည်။
သူမက လေပေါ်ရှိ အနက်ရောင်ဝတ် အမျိုးသမီးကို မော့ကြည့်လိုက်လေ၏။
ဤတိုက်ပွဲက အစကတည်းက လုံးဝကို တရားမျှတမှု မရှိကြောင်းကို သူမက သိလိုက်သည်။
သို့သော် သူမ ပို၍ စိုးရိမ်မိသည်မှာ ထျန်းထျန်းက တစ်နေရာရာမှနေ၍ ဤလူနှစ်ဦးကို ကူညီနေခြင်းပင်။
ဤသို့ တွေးမိသည့်အချိန်တွင် သူမက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေ၏။ သို့သော်လည်း ထိုကောင်လေးကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။
သူမက အော်ဟစ်ခေါ်လိုက်မိသည်။
“ထျန်းထျန်း၊ ထွက်ခဲ့စမ်း! မင်းက ဒီမှာ ရှိနေတာကို ငါ သိတယ်”
သူမက စကားပြောရင်း သူမ၏ ဘယ်ဘက်လက်မောင်းကို အသာအယာ လှုပ်ယမ်းလိုက်ပေသည်။
သူမ၏ လက်မှ ဒဏ်ရာက မကျက်သေးသော်လည်း သွေးထွက်ခြင်းက ရပ်တန့်သွားပြီ ဖြစ်သောကြောင့် နောက်လာမည့် တိုက်ပွဲအတွက် ထိခိုက်မှုက ရှိတော့မည် မဟုတ်ပေ။
သူမက အလင်းထဲတွင် ရှိနေပြီး ဝူဝေ့ရုန်နှင့် ထျန်းထျန်းက အမှောင်ထဲတွင် ရှိနေကြ၏။
မည်သည့်အချိန်တွင် သူမကို ချောင်းမြောင်း၍ တိုက်ခိုက်မည်ကို မည်သူက သိနိုင်ပါမည်နည်း။
သူတို့နှစ်ဦးလုံးကို အလင်းထဲသို့ ရောက်အောင် အရင်ဆုံး နည်းလမ်းရှာခြင်းက ပို၍ကောင်းပေလိမ့်မည်။
ယင်ရိလျို၏ ဒေါသက ထျန်းထျန်းကြောင့် မဟုတ်ပေ။
သူက ဝူဝေ့ရုန်၏ အနောက်သို့ လိုက်ရန်အတွက် ဆုံးဖြတ်ခဲ့သည့်အချိန်မှစ၍ သူတို့က မတူညီသည့် လမ်းကြောင်းများပေါ်သို့ ရောက်ရှိရန်အတွက် ကံပါလာခဲ့ကြပြီး ဖြစ်၏။
သူမက အလွန် စိတ်လှုပ်ရှားနေသည့်အမူအရာမျိုး ရှိနေသော်လည်း တကယ်တမ်းတွင် ပတ်ဝန်းကျင်ကို သတိဖြင့် စောင့်ကြည့်နေဆဲပင်။
ခေတ္တမျှ ကြာပြီးနောက်တွင် အရွယ်အစား မတူညီသော ပုံရိပ်နှစ်ခုက အမှောင်ရိပ်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
လက်ခုပ်တီးသံနှင့်အတူ ယင်ရိလျိုက ထိုလူနှစ်ဦးကို ထင်ရှားစွာမြင်တွေ့လိုက်ရတော့၏။
ဤသည်တို့က (6)ယောက်မြောက် စမ်းသပ်ခံ ဝူဝေ့ရုန်နှင့် သူ၏ အနောက်သို့ လိုက်ပါလာသော ဗြဟ္မာတို့ ဖြစ်ကြသည်။
ဝူဝေရုန်က သူ၏ ဘေးနားရှိ ကျဆုံးသူနှစ်ဦးကို အနောက်သို့ ဆုတ်ရန် အချက်ပြလိုက်လေ၏။
“ငါ ဒီမိန်းကလေးနဲ့ စကားခဏလောက် ပြောချင်တယ်”
“မင်းက ငါ့ကို တကယ်အံ့အားသင့်စေတာပဲ”
ဝူဝေ့ရုန်မှာ ယခင် ဖန်လုံအိမ်ထဲတွင် ရှိနေချိန်ကထက် ပို၍ သန့်ရှင်းသပ်ရပ်နေ၏။
သူက သာမန် လူသားတစ်ဦးနှင့် မခြားနားပေ။
သူ၏ အနည်းငယ် ကောက်ကွေးနေသည့် ဆံပင်ရှည်များကိုပင် စည်းထားခဲ့လေ၏။ ကြည့်ရသည်မှာ ယဉ်ကျေးသော လူယုတ်မာတစ်ဦးနှင့် တူနေခဲ့၏။
သူက ယင်ရိလျိုကို လူကြီးလူကောင်း ပီသစွာဖြင့် အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောလိုက်လေသည်။
“သုခဘုံဂိုဏ်းကနေ ကြိုဆိုပါတယ်၊ ချစ်စရာကောင်းတဲ့ ယုန်မလေး”
ယင်ရိလျိုက သူ့ကို ဂရုမစိုက်ဘဲ အရှေ့မှ ကောင်လေးကိုသာ အံ့အားသင့်စွာဖြင့် ကြည့်လိုက်လေ၏။
သုတေသနဌာနမှ ထွက်ပြေးလာခဲ့သည့် ထျန်းထျန်း၌ သူ၏ ထူးခြားသော ချစ်စရာကောင်းမှုများ ရှိနေသေးသော်လည်း လက်ရှိ သူမ၏ရှေ့မှ ကောင်လေးကတော့ ယင်ရိလျိုပင်လျှက် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲနေ၏။
သူ၏ မျက်နှာမှ အရေပြားက အစိမ်းရင့်ရောင်သို့ ပြောင်းလဲနေသည်။
ထို့အပြင် သူ၏ နားရွက်များက သာမန်လူသား နားရွက်များမှ သေးငယ်သော သစ်ကိုင်းခြောက် နှစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ တစ်ချိန်က ကြည်လင်ခဲ့သော မျက်ဝန်းများကလည်း အရောင်အဆင်းကင်းမဲ့နေ၏။
“ထျန်းထျန်း”
ယင်ရိလျို တုန်ရီနေသော အသံဖြင့် စမ်းသပ်၍ ခေါ်ကြည့်လိုက်လျှင် ထိုကောင်လေးက ဖြည်းညှင်းစွာ လှည့်ကြည့်လာသည်။
သူက ခေါင်းကို စောင်းပြီး အရှေ့မှ မိန်းကလေးကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။
“မင်းက သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေတာပဲ၊ သူ မင်းကို အရမ်းသဘောကျတာကို ငါ ခံစားလို့ရတယ်”
သူက သူ၏ ပါးလွှာသော ရင်ဘတ်ကို ထိတွေ့လိုက်ပြီး၊ ပြောင်းလဲနေသော သူ၏ ခံစားချက်များ၏ အပေါ်တွင် စိတ်ရှုပ်ထွေးနေဟန်ရသည်။
အရှေ့မှ ကလေးငယ်ကို ကြည့်ရင်း ယင်ရိလျို အရာအားလုံးကို နားလည်သွား၏။
သူမက သူမ၏ရှေ့မှ ယဉ်ကျေးဟန်ဆောင်နေသည့် အမျိုးသားကို စူးစိုက်ကြည့်ကာ မျက်ဝန်းများက နီရဲလာပြီး၊ တင်းတင်းဆုပ်ထားသော လက်သီးများကလည်း အနည်းငယ် တုန်ရီနေခဲ့သည်။
“ရှင်က ထျန်းထျန်းရဲ့ အသိစိတ်ကို ဖျက်ဆီးပစ်လိုက်တာပဲ!”
ယခုအချိန်တွင် ထျန်းထျန်း၏ ခန္ဓာကိုယ်ထဲ၌ သန္ဓေပြောင်းအပင်၏ အသိစိတ်သာ ကျန်ရှိတော့သည်။
သူက မပြည့်စုံသော ကျဆုံးသူအဖြစ် အစပိုင်းတွင် အခေါ်ခံခဲ့ရခြင်းမှာ သန္ဓေပြောင်းသတ္တဝါ၏ အသိစိတ်အပြင် လူသားအသိစိတ်ကိုပါ ထိန်းသိမ်းထားနိုင်ခဲ့သောကြောင့် ဖြစ်၏။
ထိုအသိစိတ်နှစ်ခုက တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပြီး ဟန်ချက်ညီစွာအတူယှဉ်တွဲ နေထိုင်နိုင်ကြပြီး အလွန်ပင် ရှားပါးလွန်းသော ဥပမာတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ယခုတွင်တော့ ထျန်းထျန်းက သူ၏ လူသားအသိစိတ်ကို ဆုံးရှုံးသွားခဲ့လေပြီ။
သူက စစ်မှန်သည့်ကလေးငယ်တစ်ဦး မဟုတ်တော့ပေ။
သူ၏ အတွင်းပိုင်းရှိ တခြားသောပုံစံတစ်ခုက ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များနှင့် ထိန်းချုပ်မှုကို ဆက်ခံပြီး အသစ်တစ်ဖန် မွေးဖွားလာသည်။
“မင်း ပြောတဲ့စကားကိုလည်း ကြည့်ဦး၊ ဖျက်ဆီးပစ်တယ်ဆိုတာက ဘာကို ဆိုလိုတာလဲ”
ဝူဝေ့ရုန်က ပခုံးကို တွန့်လိုက်လေ၏။
တခြားသော ကျဆုံးသူများနှင့် မတူညီစွာ သူထံတွင် ဟာသနှောသော အမူအရာတချို့ ရှိနေပြီး စကားပြောသည့်အချိန်တွင် မျက်လုံးများက မြေခွေးတစ်ကောင်ကဲ့သို့ အနည်းငယ် မှေးကျဥ်းနေသည်။
သူက စဉ်းစားတွေးခေါ်နိုင်စွမ်းရှိပြီး ကိုယ်ပိုင်အသိစိတ် ရှိနေသူဖြစ်၏။
ထို့ကြောင့် အခြေခံအားဖြင့် သူက လူသားအရေခွံကို ဝတ်ထားသော သန္ဓေပြောင်းသတ္တဝါထက် လူသားနှင့် ပို၍ နီးစပ်သည်။
“မင်းတို့ လူသားတွေက ရှေးခေတ်ကာလကတည်းက တိရစ္ဆာန်တွေကို အမဲလိုက်ပြီးတော့ အပင်တွေကို ခုတ်လှဲခဲ့ကြတာပဲလေ၊
အဲဒါကိုတော့ မင်းတို့က ရှင်သန်ခြင်းအတွက် လိုအပ်ချက်လို့ ခေါ်ခဲ့ကြတယ်မလား၊
ဒါကြောင့် သန္ဓေပြောင်းသတ္တဝါတွေ အင်အားအကောင်းဆုံးဖြစ်နေတဲ့ ဒီနေ့ခေတ်မှာ လူသားတွေကို အမဲလိုက်တာကလည်း ရှင်သန်မှုရဲ့အတွက်ပဲ”
ဝူဝေ့ရုန်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ရင်း ပြောလာသည်။
“လူသားတွေက ဘယ်လောက်တောင် သူတော်ကောင်းအရေခွံခြုံပြီး အတ္တကြီးတဲ့ သတ္တဝါတွေလဲ!
သူတို့က အခြေအနေတွေကို ပြောင်းပြန်ဖြစ်သွားတာကိုတောင် သည်းမခံနိုင်ကြဘူး၊
နှစ်ပေါင်း ထောင်ချီအောင် ကျွန်ပြုခံခဲ့ရပြီး အမဲလိုက်ခံခဲ့ရတဲ့ သတ္တဝါတွေကရော အပြစ်မဲ့တာ မဟုတ်ဘူးလား”
*