အခန်း ၂၃၃
Vol. 24 Ch. 233
အခန်း(233)
ယင်ရိလျိုအနေဖြင့် ဝူဝေ့ရုန်က သူမ၏ သူ့ကိုယ်သူ သိရှိနားလည်မှုအပေါ်တွင် သံသယဝင်လာအောင် လုပ်ဆောင်လိုခြင်းသာ ဖြစ်ကြောင်း သိပေ၏။
ဇီဝဆင့်ကဲ ပြောင်းလဲမှုဆိုသည်က သဘာဝတရား၏ ရွေးချယ်မှု လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
အရာအားလုံး ပြောင်းလဲနေသော ဖြစ်စဉ်အတွင်း လူသားများတွင်လည်း ခုခံရန်အတွက် အတိုင်းအတာတစ်ခုအထိ ဆင့်ကဲပြောင်းလဲနိုင်သော စွမ်းရည်ရှိကြ၏။
ထို့အပြင် လက်ရှိကမ္ဘာကြီး၏ပြောင်းလဲမှုများက သူတို့အနေဖြင့် ရှေးဦးခေတ်ကာလသို့ ပြန်လည်၍ ရောက်ရှိသွားခြင်း ဖြစ်သည်။
ရှင်သန်သူကသာ အောင်နိုင်ပေလိမ့်မည်။
ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်တွင် အင်အားကြီးမားသူကသာ ကမ္ဘာလောကကို အဓိပ္ပာယ်ဖွင့်ဆိုသည့် စံနှုန်းဖြစ်လာသည်။
ယင်ရိလျိုက သန္ဓေပြောင်းသားရဲများ၏ ပါးစပ်ထဲတွင် သေဆုံးသွားကြရသော သူမ၏ လူသားမျိုးနွယ်စုများအတွက် စိတ်မကောင်းဖြစ်မိ၏။
သို့သော် ဤသည်က ပတ်ဝန်းကျင်၏ သဘာဝသာ ဖြစ်ကြောင်းကိုလည်း သူမက နားလည်ပေသည်။
မည်သူကမှ လုံးဝ အပြစ်ကင်းစင်ခြင်း မရှိသကဲ့သို့၊ မည်သူကမှလည်း မွေးရာပါ ယုတ်မာနေခြင်းမဟုတ်ပေ။
သူမက သန္ဓေပြောင်းသတ္တဝါများကို အမဲလိုက်ခြင်းမှာ ဤသတ္တဝါများက လူသားတို့၏ လုံခြုံရေးကို အခြေခံအားဖြင့် ခြိမ်းခြောက်နေသောကြောင့် ဖြစ်ပြီး သူမအတွက် အစားအစာ လိုအပ်သောကြောင့်လည်း ဖြစ်၏။
သန္ဓေပြောင်းသားရဲများကလည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်ကြခြင်း ဖြစ်သည်။
မျိုးစိတ်များကြားရှိ ပဋိပက္ခကို မည်သူက မှန်သည်၊ မည်သူက မှားသည်၊ မည်သူက အပြစ်မဲ့သည်၊ မည်သူက အပြစ်ရှိသည်ဟူ၍ ရိုးရှင်းစွာ အကျဉ်းချ၍ မရပေ။
ယင်ရိလျိုက တုန်လှုပ်ခြင်း မရှိသည်ကို မြင်ချိန်တွင် ဝူဝေ့ရုန်က သူ၏ အမူအရာကို မပြောင်းလဲဘဲ အရှေ့မှ မိန်းကလေးကို အပြုံးတစ်ခုနှင့် ကြည့်နေခဲ့၏။
သူမက အချိန်မရွေး ဆူးများက ထောင်ထွက်လာတော့မည့် ဖြူတစ်ကောင်ကဲ့သို့ သူ့ကို စိုက်ကြည့်နေခဲ်သည်။
အတွင်းစိတ်တွင် ကြောက်ရွံ့နေကြောင်း သိသာလွန်းသော်လည်း၊ မကြောက်မရွံ့သော အမူအရာနှင့် အံ့ဩစရာကောင်းသော သတ္တိကို ပြသနေ၏။
“ငါ သိချင်တာက မင်းက ငါ့ရဲ့ ဘုရားကျောင်းကိုလာတာ ငါ့ကို ဖျက်ဆီးပစ်ဖို့လား”
ယင်ရိလျိုက တုံ့ဆိုင်းခြင်းမရှိပြန်ဖြေလိုက်လေ၏။
“ဒါပေါ့၊ အဲဒါအတွက် မဟုတ်ရင် ဘယ်သူက ရှင့်ဆီကို လာမှာလဲ”
သူမက ဂရုမစိုက်သည့်အမူအရာကိုပြပြီး သတိလျော့နေပုံရသော်လည်း ဤကျရှုံးသူက တစ်ခုခုကို မကောင်းကြံမည်ကို စိုးရိမ်သောကြောင့် သူမ၏ လက်ထဲမှ ဓားကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။
ဝူဝေ့ရုန်က ခပ်တိုးတိုး ရယ်မောလိုက်လေ၏။ သူ၏ ထူးဆန်းစွာချောမောသော မျက်နှာတွင် အပြစ်ကင်းစင်သော အမူအရာတစ်ခု ပေါ်လာ၏။
သူက လက်ကို ဖြန့်လိုက်ပြီးပြောလိုက်လေသည်။
“မင်းတို့ လူသားတွေက အရမ်းကို ဗိုလ်ကျလွန်းတယ်၊ ငါ မင်းကို မှတ်မိတယ်၊
မင်းနဲ့ အဲဒီလူက တခြား စမ်းသပ်ခံတွေကို သုတေသနဌာနထဲကနေ ခေါ်ထုတ်သွားခဲ့တာပဲ၊ မင်းတို့ လူသားတွေက ငါတို့ရဲ့အပေါ်ကို ဘယ်လောက် ရက်စက်တဲ့ စမ်းသပ်မှုတွေကို လုပ်ခဲ့လဲဆိုတာ မင်းလည်း မြင်ခဲ့တာပဲလေ၊
အခု ငါက ငါခံစားခဲ့ရတဲ့ ဒုက္ခတွေကို မင်းတို့ လူသားတွေဆီကို ပြန်ပေးနေတာ၊ ဒီအချိန်ကျတော့ ဘာလို့ ငါ့ကို သတ်ချင်နေရတာလဲ”
ထိုအပြစ်ကင်းစင်သော မျက်ဝန်းများကို ကြည့်ရင်း ယင်ရိလျိုက သက်ပြင်းမချဘဲ မနေနိုင်ပေ။
ဤကျရှုံးသူက အမှန်တကယ်ပင် ထက်မြက်ပြီး လူတို့၏ စိတ်နှလုံးကို မည်သို့ ထိုးဖောက်ရမည်ကို သိရှိနေသည်။
လူများကို မည်သည့်နေရာမှ စိတ်ဓာတ်ကျအောင် လုပ်ရမည်ကို သူ အသေအချာ သိ၏။
ယင်ရိလျိုက သူ၏ စကားကြောင့် စိတ်လှုပ်ရှားခြင်း မရှိပေ။
သူမက နှာမှုတ်လိုက်ပြီးပြောလိုက်လေသည်။
“ဟုတ်တယ်”
“သုတေသနဌာနက အဲဒီပါမောက္ခတွေက လူသားစမ်းသပ်မှုတွေကို လုပ်တဲ့ တိရစ္ဆာန်တွေပဲ၊
ဒါပေမဲ့ ဒုက္ခခံစားရတာက တခြား လူသားတွေပဲ၊ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက နာကျင်မှုကို ခံစားရတာက လူသားတွေရဲ့အသိစိတ်တွေပဲ၊ အဲဒါက ရှင်နဲ့ ဘာဆိုင်လို့လဲ”
သူမက သူမ၏ရှေ့မှ အမျိုးသားကို သေသေချာချာ ကြည့်လိုက်လေ၏။
အကယ်၍ သူသာ ကျရှုံးသူတစ်ဦး မဟုတ်ဘဲ၊ သုတေသနဌာနတွင် ဒုက္ခများစွာကို ခံစားခဲ့ရသည့် အစစ်အမှန် ဝူဝေ့ရုန်သာ ဖြစ်နေပါက သူမအနေဖြင့် နားလည်ပေးနိုင်ပေလိမ့်မည်။
သို့သော် သူမ၏ရှေ့တွင် ရှိနေသည်က လူသားအရေကို ဝတ်ထားသော ကောက်ကျစ်သည့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်သာ ဖြစ်၏။
သူတို့၏ ငြင်းခုံမှုက လုံးဝကို အဓိပ္ပာယ် မရှိပေ။ မည်သူက နိုင်သည်၊ ရှုံးသည်ဟူ၍လည်း မရှိပ။
သူတို့က အခြေခံအားဖြင့် ဆန့်ကျင်ဘက် မျိုးစိတ်များသာ ဖြစ်နေသည်မဟုတ်ပါလား။
မတူညီသော ရပ်တည်ချက်ရှိသူများက သူတို့၏ အတွေးအမြင်များနှင့် သဘောတူညီချက်ကို ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ တစ်ဦးကိုတစ်ဦးလည်း နားချနိုင်မည်လည်း မဟုတ်ပေ။
အရှေ့မှ ကျရှုံးသူက စိတ်ကြည်လင်နေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ ယင်ရိလျိုက သူမကို အချိန်အတော်ကြာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် မေးခွန်းကို နောက်ဆုံးတွင် မေးလိုက်လေသည်။
“ရှင် ဘာလို့ ဒီလူသားတွေ အားလုံးကို ကျရှုံးသူတွေအဖြစ်ကို ပြောင်းလဲပစ်ချင်နေရတာလဲ၊
ပြီးတော့ ထျန်းထျန်းကိုရော.. ရှင်က လူသားမျိုးနွယ်ကို အကုန်ဖျက်ဆီးပစ်ချင်တာလား”
“သေချာပေါက် မဟုတ်ဘူးပေါ်”
ဝူဝေရုန်က သူ၏ လက်ညှိုးကို ခါယမ်းလိုက်လေ၏။
“မင်း နားလည်မှာ မဟုတ်ဘူး၊ ငါ ဒါကို လုပ်နေတာက ငါ့ရဲ့ အမျိုးအနွယ်တွေကို ပိုပြီးတော့များများ နိုးထလာနိုင်ဖို့အတွက်ပဲ၊
တစ်နေ့ကျရင် သူတို့အားလုံးက ငါ့လိုပဲ သူတို့ ဘယ်ကနေ ရောကာလာသလဲဆိုတာကို နားလည်လာကြလိမ့်မယ်၊
ပြီးတော့ ငါ လုပ်နေတာတွေက ဘယ်လောက်တောင် ကြီးကျယ်လဲဆိုတာကိုလည်း သူတို့က သိလာကြလိမ့်မယ်”
သူ၏ စကားလုံးများမှာ ဝေဝါးလွန်းသောကြောင့် ယင်ရိလျို လုံးဝ နားမလည်နိုင်ပေ။
သို့သော် သူမက သူမကို ထိတ်လန့်သွားစေသည့် သတင်းအချက်အလက် တစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့၏။
ဝူဝေ့ရုန်၏ ခန္ဓာကိုယ်ထဲရှိ သတ္တဝါက ကမ္ဘာမြေ၏ မျိုးရင်းသတ္တဝါဖြစ်ပုံမရပါချေ။
ဤသည်က မည်သည်ကနေ လာသနည်း။ အဘယ်ကြောင့် ဤနေရာကို ရောက်လာသနည်း။
သူတို့ ရောက်ရှိလာခြင်းက ဤကမ္ဘာပျက်ကပ်နှင့် ဆက်စပ်နေလောက်သည်လား။
ယင်ရိလျိုက ထိုအဖြေကို သိရှိရန်အတွက် အလွန်ပင်စိတ်အားထက်သန်နေသည်။
သို့သော် ထိုအချိန်မှာပင် မြေအောက်နန်းတော်၏ အပြင်ဘက်၌ တစ်စုံတစ်ခု ပေါက်ကွဲသွားပုံရပြီး သူတို့ ရှိနေသော နေရာက ပြင်းထန်စွာ တုန်ခါလာပြီး အထက်မှ မြေမှုန့်များကလည်း အဆက်မပြတ် ကြွေကျလာတော့၏။
ပြင်းထန်သော မြေငလျင်တစ်ခု ဖြစ်ပွားပြီးနောက်တွင် နောက်ထပ် ကြီးမားသော ပေါက်ကွဲမှုတစ်ခုကို ထွက်ပေါ်လာပြန်သည်။
အမိုးခုံးတစ်ခုလုံးရှိ မြေသားများက တုန်ခါနေသော အသံနှင့်အတူ အောက်သို့ စတင်ပြိုကျလာတော့၏။
ယင်ရိလျိုက လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ထားပြီး တခြားလက်တစ်ဖက်ဖြင့် အထက်မှ ပြိုကျလာသော မြေတုံးကြီးများကို ကာကွယ်လိုက်ရသည်။
“သေစမ်း၊ တစ်ယောက်ယောက် လာနေပြီ!”
လက်တစ်ဖက်က ပြတ်နေသော ကျရှုံးသူ အမျိုးသားက ဂူအပေါက်ဝထဲသို့ ကျုံ့ဝင်သွားရင်း ဟိန်းဟောက်လိုက်လေသည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးက သူမ၏ အတောင်ပံများကို ခတ်ထုတ်ပြီး ကျဉ်းမြောင်းသော နေရာအတွင်း လျင်မြန်စွာ ရှောင်တိမ်းနေသည်။
“ဒါတွေအားလုံးက နင့်အပြစ်တွေပဲ၊ ဒီနေရာက မလုံခြုံဘူးလို့ ငါ ပြောသားပဲ၊ နင်က နားမထောင်ဘဲ ဒီမှာပဲ နေမယ်လို့ ဇွတ်အတင်းလုပ်ခဲ့တာ၊
အခုတော့ လူသားတွေက ငါတို့ရဲ့လက်ထဲမှာ အသတ်မခံရဘဲ ငါတို့တွေ အကုန်အသတ်ခံရတော့မယ်”
သန္ဓေပြောင်း အမျိုးသမီးက သူမ၏ ဧရာမ အတောင်ပံများကို ဝှေ့ယမ်းရင်း ဝူဝေ့ရုန်ကို အပြစ်တင်နေသည်။
သို့သော် သူမ၏ ဒေါသကို မည်သို့ ဖော်ပြရမည်ကို သေသဆချာချာသိပုံမရသောကြောင့် စက်ရုပ်တစ်ရုပ်ကဲ့သို့ ထစ်ငေါ့စွာ ပြောဆိုနေလေ၏။
ဝူဝေရုန်ကတော့ ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။
သူက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီးပြောလိုက်လေသည်။
“စိတ်မပူပါနဲ့၊ သူတို့က မြေအောက်နန်းတော်ရဲ့ တိကျတဲ့ တည်နေရာကို ရှာတွေ့မှာ မဟုတ်ဘူး၊ ဒီနေရာက မူလကျောက်တုံးတွေနဲ့ ဖုံးကွယ်ထားပြီး မြေအောက်ရဲ့အနက်ကြီးမှာ ရှိနေတာလေ၊ ပြီးတော့ အပေါက်ဝကိုလည်း ငါ့ရဲ့ နွယ်ပင်တွေနဲ့ ဝိုင်းထားတယ်”
သူက ဝင်ပေါက်တစ်ဝိုက်တွင် နွယ်ပင်များကို စိုက်ပျိုးထား
သောကြောင့် ချဉ်းကပ်လာသူများကို ခံစားသိရှိနိုင်၏။
ထို့ကြောင့် အထက်မှ လူစုက ဝင်ပေါက်ကို ရှာမတွေ့သေးဘဲ စမ်းသပ်၍ ရှာဖွေနေခြင်းသာ ဖြစ်ကြောင်းကို သူ သိရှိနေခဲ့သည်။
သူက သူ့ရှေ့မှ ယုန်နားရွက်နှင့် မိန်းကလေးကို တစ်ချက်ကြည့်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်လေ၏။
“မင်းရဲ့ အဖော်တွေက မင်းကို လာကယ်လိမ့်မယ်လို့ စိတ်ကူးယဉ်မနေနဲ့ဦး၊ မင်း မြောက်ဘက်ရပ်ဝန်းထဲကို ခြေချလိုက်တဲ့ အချိန်ကတည်းက ငါ အရာအားလုံးကို စောင့်ကြည့်နေတာ၊
ဒီတစ်ခေါက် ကျင်းယန် ပါလာတာကိုလည်း ငါသိတယ်၊ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး”
သူ၏ စကားလုံးများက ယင်ရိလျိုကို ချက်ချင်း သတိအနေအထားဖြစ်သွားစေသည်။
တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် ဝူဝေ့ရုန်က ကျင်းယန်၏ အစွမ်းထက်သော ဆက်နွှယ်မှုများကို အတော်လေး စိုးရိမ်ပုံရ၏။
ထို့အပြင် ကျင်းယန်၏ သွားလာလှုပ်ရှားမှုများကိုပါ နောက်ယောင်ခံလိုက်သည်အထိ လုပ်ဆောင်ခဲ့၏။
သူက အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို စိတ်ဝင်စားနေခြင်း မဖြစ်နိုင်သောကြောင့် တခြားသော ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။
သူ၌ မကောင်းသော ရည်ရွယ်ချက်တစ်ခုကို ရှိနေခြင်းပင် ။
ထိုအချိန်မှာပင် ယင်ရိလျိုက သူမ၏ အသိစိတ်၏ အပေါ်တည့်တည့်မှ အဆက်မပြတ်သော အသံလှိုင်းများကို ကြားလိုက်ရသည်။
ထိုအသံတို့ကို ခွဲခြားသိမြင်ရန်အတွက် ကြိုးစားပြီးနောက်တွင် သူမ၏ စိတ်ထဲ၌ ဝမ်းသာမှုများ လှိုက်တက်လာခဲ့၏။
“ယုန်မလေး ၊ မင်း အောက်မှာ မဟုတ်လား”
ထိုအသံက လူကြီးတစ်ဦးနှင့် လူငယ်တစ်ဦးကြား အသံမျိုးဖြစ်ပြီး အကွာအဝေးကြောင့် အဆက်မပြတ် ဖြစ်နေသည်။
ဤသည်က အနက်ရောင် ဝံပုလွေ၏ အသံလှိုင်းများပင် ဖြစ်ပေသည်။ သူတို့က သူမ၏ အပေါ်တည့်တည််တွင် ရှိနေကြခြင်း ဖြစ်၏။
သူမက ဝူဝေ့ရုန်နှင့် တခြားသူများကို စိုက်ကြည့်လျက် တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားရင်း လျင်မြန်စွာပင် ပြန်လည်တုံ့ပြန်လိုက်လေသည်။
ခေတ္တမျှ ကြာပြီးနောက်တွင် အနက်ရောင် ဝံပုလွေ၏ အသံက ထပ်မံထွက်ပေါ်လာခဲ့၏။
“သူက ငါ့ကို မေးခိုင်းလိုက်တယ်၊
မင်းရဲ့ အောက်မှာ ရန်သူက ဘယ်နှယောက် ရှိလဲတဲ့”
ကျင်းယန်မှလွဲ၍ တခြားသူ မဖြစ်နိုင်ပေ။
“လေးယောက်ပဲ ရှိတယ်၊ ဒါပေမဲ့ လူသားတွေက အများကြီး ရှိနေတယ်”
ယင်ရိလျိုအနေဖြင့် အနက်ရောင် ဝံပုလွေက ကျင်းယန်ကို ရှင်းလင်းစွာ ပြန်ပြောပြနိုင်ပါ့မည်လားဆိုသည်ကို မသေချာပေ။
အဆုံးတွင် ဝံပုလွေမှ သတင်းပြန်ပို့ရမည့်သူမှာ သူမ မဟုတ်သောကြောင့် အရာအားလုံးကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
သူတို့က တစ်ဦး၏အတွေးကို တစ်ဦး နားလည်လိုက်ကြပြီး ခေတ္တမျှ စိုးရိမ်ပူပန်သွားကြသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် တဖြည်းဖြည်း ရပ်တန့်သွားသော တုန်ခါမှုများက ယခင်ကထက် ပ ပြင်းထန်စွာ စတင်လာပြန်၏။
အပေါ်ဘက်ရှိ ကျောရိုးထောက်တိုင် တစ်ခုလုံးက အက်ကွဲလာသည်။
အပေါ်ဘက်မှ လူများက ဤနေရာက သူတို့၏ ပစ်မှတ်နေရာဖြစ်ကြောင်းကို အတည်ပြုလိုက်ပုံရ၏။
*