အခန်း ၂၃၆
Vol. 24 Ch. 236
အခန်း(236)
ကမ္ဘာ့မျက်နှာပြင်၏ ခုနစ်ဆယ် ရာခိုင်နှုန်းကို သမုဒ္ဒရာများက ဖုံးလွှမ်းထား၏။
ထိုအရပ်၌ တွေ့ရှိရသော လျှို့ဝှက်ဆန်းကြယ်သည့် သတ္တဝါများ အပါအဝင် ပင်လယ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးသော နေရာများကိုလူသားတို့အနေဖြင့် မစူးစမ်းရသေးပေ။
ကျော်ကြားသော ရေလက်ကြားများတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည့် ဧရာမပင်လယ်သတ္တဝါကြီးများက မကြာခဏထွက်ပေါ်လာတတ်၏။
ကမ္ဘာပျက်ကပ်ဖြစ်ပွားပြီးနောက်တွင် သူတို့၏ အရွယ်အစားက လူသားတို့၏ စိတ်ကူးစိတ်သန်းများကို ကျော်လွန်သည်အထိ ဧရာမ အရွယ်အစားကြီးများအဖြစ်သို့ သန္ဓေပြောင်းလဲသွားခဲ့ကြသည်။
သူတို့၏ ရှေ့မှောက်ရှိ ဤပင်လယ်ငါးမန်းကြီးကဲ့သို့ပင်။
ဤသည်က မုန်တိုင်းဗဟိုချက်ရှိ စက်လုံးပုံသဏ္ဌာန် အရာတစ်ခုဆီသို့ ပြင်းထန်သော လှိုင်းလုံးကြီးများနှင့်အတူ အရှိန်အဟုန်ဖြင့် ပြေးဝင်နေလေ၏။
ထိုငါးမန်းက ရေထဲမှ လုံးဝ ခုန်ထွက်လာသည့်အချိန်တွင် သင်္ဘောနှစ်စင်းကို ဆက်ထားသည်ထက်ပင် ပိုမို၍ ကြီးမားနေပြီး ဧရာမ အရိပ်ကြီးတစ်ခုကလည်း လွှမ်းမိုးထားသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ဧရာမ ငါးအမြီးကြီးတစ်ခုက ပင်လယ်ရေမျက်နှာပြင်၏ အောက်မှ ရုတ်တရက် ပေါ်ထွက်လာပြီး ထိုသန္ဓေပြောင်း ပင်လယ်ငါးမန်းကြီးကို တိုက်ရိုက် ရိုက်ချလိုက်လေ၏။
ငါးမန်းကြီး တစ်ကောင်လုံးက ရေထဲသို့ အရှိန်ပြင်းပြင်းဖြင့် ရိုက်ချခြင်းကို ခံလိုက်ရပြီး ပြင်းထန်သော ဖိအားကြောင့် ဆယ်မီတာကျော် မြင့်မားသော ရေတွင်းကြီးတစ်ခုကို ဖြစ်ပေါ်သွားရသည်။
ထိုပင်လယ်ငါးမန်းကြီးက လှုပ်ခတ်နေသော ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် တစ်ပတ်လည်သွားပြီးနောက် သူ၏ အမြီးကို ခါယမ်းပြီး အမဲလိုက်ကွင်းထဲမှ အလျင်အမြန် ထွက်ပြေးသွားတော့၏။
ရေမျက်နှာပြင်၏ အပေါ်ရှိ လှိုင်းဂယက်များက မီတာပေါင်းများစွာ ဆန့်တန်းသွားပြီးနောက်မှသာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ဤသည်က ကျယ်ပြောလွန်းသော သမုဒ္ဒရာ၏ အစိတ်အပိုင်း သေးငယ်တစ်ခုမျှသာ ဖြစ်၏။
ပင်လယ်နက်ထဲ၌ ပုံမှန်မဟုတ်သော မှောင်မည်းနေသော အရိပ်အယောင်ကြီးတစ်ခု ဝေဝါးစွာပေါ်ထွက်လာခဲ့သည်။
ဤအရိပ်၏ အရွယ်အစားက အရှေ့မှ ငါးမန်းထက် အဆပေါင်းများစွာ ပိုမို၍ ကြီးမားနေသည်။
ဤဧရာမ သတ္တဝါကြီးက ရေမျက်နှာပြင်ပေါ်သို့ ပေါ်မလာသော်လည်း ၎င်း၏ အရိပ်ပုံသဏ္ဌာန်မျှဖြင့်ပင် ပင်လယ်ရေမျက်နှာပြင်အထက်တွင် နိမ့်ပါးစွာ ပျံသန်းနေသော သန္ဓေပြောင်း ပင်လယ်စင်ရော်များကို လန့်ဖျန့်သွားစေ၏။
ပတ်ဝန်းကျင် မိုင်ပေါင်းများစွာအတွင်း မည်သည့် ပင်လယ်သတ္တဝါမျှ မရှိတော့ပေ ငါးအုပ်ကြီးများကလည်း ဤအရိပ်၏ လှုပ်ရှားမှုနောက်သို့သာ လိုက်ပါနေကြသည်။
ဤဧရာမသတ္တဝါကြီး၏ အပေါ်ဘက် ရေမျက်နှာပြင်တွင် စက်လုံးပုံ ပူဖောင်းကလေးတစ်ခုက ပေါလောပေါ်နေ၏။
ပူဖောင်းမှာ ထိုပင်လယ်သတ္တဝါဆန်း၏ အပေါ်တည့်တည့်တွင် အမြဲတစေရှိနေပြီး ၎င်းနှင့်အတူ လိုက်ပါရွေ့လျားနေသည်။
ရေအောက်မှ ဧရာမသန္ဓေပြောင်း ပင်လယ်သတ္တဝါဆန်းကြီးနှင့် နှိုင်းယှဉ်လျှင် ဤခိုင်ခံ့မှုမရှိသော ပူဖောင်းကလေးက အလွန်ပင် သေးငယ်လွန်းနေသည်။
ထို့ကြောင့် ရေမျက်နှာပြင်ပေါ်ရှိ မုန်တိုင်းကြောင့် မည်သည့်အချိန်တွင်မဆို လွင့်စင်သွားနိုင်မည်ဟုပင် ထင်ရ၏။
ပူဖောင်းထဲတွင်တော့ ဗလာဖြစ်မနေဘဲ လူသားပုံသဏ္ဌာန်တချို့ ရှိနေသည်။
ဝူဝေ့ရုန်က ပူဖောင်းထဲတွင် ထိုင်နေလျက် သူ၏ စိုစွတ်နေသော ဆံပင်များကို ဖြည်းညှင်းစွာ အခြောက်ခံနေပြီး အမှောင်ရောင်သမ်းနေသော သူ၏ အစိမ်းရောင် မျက်လုံးများကတော့ အဝေးမှ အဆုံးမဲ့သော ပင်လယ်ပြင်ကြီးဆီသို့ စိုက်ကြည့်နေ၏။
အချိန်အတော်ကြာပြီးနောက်တွင် သူက မနာလိုသည့် အရိပ်အယောင်အနည်းငယ်ဖြင့် သက်ပြင်းချလိုက်လေသည်။
“သမုဒ္ဒရာကြီးက ပိုကောင်းပါသေးတယ်၊ ဒီမှာက လူသားတွေလိုမျိုး ကောက်ကျစ်တဲ့ သတ္တဝါတွေ မရှိဘူးလေ”
သူ၏ ဘေးနားတွင်တော့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ကျောဘက်တွင် ဧရာမ အတောင်ပံတစ်စုံကို ပါရှိသော အမျိုးသမီးတစ်ဦး ရပ်နေသည်။
သူမ၏ ဘေးတွင် အသက်ခြောက်နှစ် ၊ ခုနစ်နှစ်ခန့်ရှိသော လူသားကောင်လေး တစ်ဦးက ရှိနေလေ၏။
လေးယောက်တစ်ဖွဲ့မှ ယင်ရိလျို၏ လက်ချက်ဖြင့် လက်တစ်ဖက် ပြတ်တောက်သွားခဲ့သော ထိုကျရှုံးသူတစ်ဦးသာလျှင် လက်တစ်ဖက်ကို ဆုံးရှုံးထားရသောကြောင့် ပင်လယ်ရေများက အဆက်မပြတ် ဝင်ရောက်နေသော ပိတ်လှောင်နေသည့် ပတ်ဝန်းကျင်ထဲ၌ ရေနစ်၍သေဆုံးသွားခဲ့ရသည်။
အနက်ရောင်ဝတ် အမျိုးသမီးမှာ သူနှင့်အတူ အချိန်အတော်ကြာအောင် လက်တွဲ၍ လုပ်ကိုင်လာခဲ့သူ ဖြစ်သော်လည်း ထိုကျရှုံးသူ၏ သေဆုံးမှုအပေါ်တွင် တစ်စုံတစ်ရာသော ခံစားချက်မှ မရှိပေ။
အကြောင်းမှာ သူမ၏ မျိုးနွယ်စုက သဘာဝအရပင် ကရုဏာတရား ကင်းမဲ့နေသောကြောင့် ဖြစ်ပေသည်။
ဝူဝေ့ရုန်ကတော့ သူ၏ ရဲဘော်ရဲဘက် နောက်တစ်ဦးကို ဆုံးရှုံးလိုက်ရသည့်အပေါ်တွင် နောင်တရနေသကဲ့သို့ သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချလိုက်လေ၏။
သူက ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်လေသည်။
“ဒီလူသားတွေက တကယ့်ကို ကောက်ကျစ်တာပဲ၊ ဒါပေမဲ့ ငါတို့ သွားမယ့်နေရာကိုတော့ သူတို့က ဒီလောက် လွယ်လွယ်နဲ့ ရှာတွေ့မှာ မဟုတ်ဘူး”
သူက အနောက်သို့ လှည့်ကြည့်လိုက်လျှင် မိန်းကလေးတစ်ဦးက သတိလစ်မေ့မြောလျက် လဲလျောင်းနေသည်ကို တွေ့ရလိုက်သည်။
သူမ၏ ခန္ဓာကိုယ်က လှုပ်ရှားနေသော နွယ်ပင်များဖြင့် တင်းကျပ်စွာ ချည်နှောင်ခြင်းကို ခံထားရလေ၏။
သူမ၏ ဓားကိုပင် ဂရုတစိုက် သိမ်းဆည်းထားပြီး အနက်ရောင်ဝတ် အမျိုးသမီး၏ ခါးတွင် ချိတ်ဆွဲထားခဲ့သည်။
ကျင်းယန်နှင့် တခြားသူများ မြင်တွေ့ခဲ့ရသည်နှင့် မတူဘဲ ယင်ရိလျိုက နွယ်ပင်များဖြင့် အထိုးခံရခြင်းကြောင့် သေဆုံးသွားခဲ့ခြင်း မရှိပေ။
သူမ၏ ခန္ဓာကိုယ်တွင် ပွန်းပဲ့သည့်ဒဏ်ရာ တချို့က ရှိနေသော်လည်း ၎င်းတို့က အသက်အန္တရာယ်ကို စိုးရိမ်ရသည့် ဒဏ်ရာများ မဟုတ်ခဲ့ပေ။
ကျင်းယန်နှင့် တခြားသူများက မြင်တွေ့ခဲ့ရသည့် မြင်ကွင်းက သူတို့၏ စိတ်ကူးထဲတွင်သာ ရှိနေခဲ့သည့် မြင်ကွင်းတစ်ခုကဲ့သို့ ထင်ရသည်။
အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးက ဝူဝေ့ရုန်၏ အကြည့်နောက်သို့ လိုက်ပါကြည့်ရှုလိုက်လိုက်လျှင် သတိလစ်မေ့မြောလျက် လဲလျောင်းနေသော ယင်ရိလျိုကို တွေ့လိုက်ရ၏။
သူမက တစ်ကိုယ်လုံးက ရွှဲရွှဲစိုနေဆဲ ဖြစ်ပြီး ခေါင်းပေါ်ရှိ ယုန်နားရွက်များမှ ရေစက်များကတော့ ဖြည်းညှင်းစွာ စီးကျလျက်ရှိနေသည်။
ထိုနားရွက်တို့က သူမ၏ ဖြူလျော့နေသော မျက်နှာပေါ်သို့ ကပ်နေသောကြောင့် အလွန်ပင် အားနည်းနုနယ်ပုံ ပေါ်နေ၏။
“ဘာလို့ သူမကို ခေါ်လာတာလဲ၊ သူမက ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေမှာ”
ဝူဝေ့ရုန်က အနည်းငယ် ရယ်မောလိုက်ပြီး သူ၏ မျက်နှာတွင် ယုတ်မာကောက်ကျစ်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“သူမက တကယ့်ကိုအသုံးဝင်တယ်”
သူတို့၏ အောက်ဘက်မှ သူတို့ကို ကယ်ဆယ်ခဲ့သော ပင်လယ်သတ္တဝါကြီးမှာ ပင်လယ်ဝါဒေသ၏ ဒေသခံ ဘုရင်တစ်ဆူပင်ဖြစ်၏။
လွန်ခဲ့သော ခြောက်လခန့်က အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံ၏ ပင်လယ်ဝါဒေသထဲ၌ ထူးဆန်းစွာ အစွမ်းထက်လွန်းသော ဧရာမ ပင်လယ်သတ္တဝါကြီးတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။
သူတို့က စူးစမ်းလေ့လာရေး အဖွဲ့များစွာကို စေလွှတ်၍ စောင့်ကြည့်ခဲ့ကြသော်လည်း နောက်ဆုံးတွင် တရုတ်စစ်တပ်၏ ဖမ်းဆီးခြင်းကိုသာ ခံလိုက်ရ၏။
ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်ပြီးနောက်တွင် နိုင်ငံနှစ်ခုလုံးက ထိုပင်လယ်သတ္တဝါကို သုတ်သင်ရန်အတွက် ပူးပေါင်းခဲ့ကြသည်။
ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် နိုင်ငံတစ်ခုစီက မူလကျောက်တုံး အပိုင်းအစများ၏ သုံးပုံတစ်ပုံစီကို ရရှိခဲ့ကြ၏။
အပိုင်းအစတစ်ခုက သုတေသနဌာန၏ လက်ထဲသို့ ရောက်ရှိသွားပြီးနောက် လီကျွင့်က ထိုကျောက်တုံးကို စမ်းသပ်ခံအမှတ် (၆) ဖြစ်သည့် ဝူဝေ့ရုန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းရန် အမိန့်ပေးခဲ့သည်။
ဤလူသား စမ်းသပ်မှုမှတစ်ဆင့် မူလကျောက်တုံးက လူ့ခန္ဓာကိုယ်အပေါ်သို့ သက်ရောက်သည့် အမျိုးမျိုးသော အကျိုးသက်ရောက်မှုများကို စောင့်ကြည့်ရန်အတွက် ကြိုးပမ်းခဲ့ခြင်းပင်။
နောက်ဆုံးတွင်တော့ ဝူဝေ့ရုန်က ထိုမူလကျာက်၏ အပိုင်းအစကို ယူဆောင်ပြီး သုတေသနဌာနမှ ထွက်ပြေးလွတ်မြောက်လာခဲ့လေသည်။
သူ ပင်လယ်ဝါကမ်းခြေသို့ ပြန်လည်၍ ရောက်ရှိလာခဲ့ပြီးနောက် ထိုအရပ်ရှိ သာမန်လူများကို အသုံးပြုခဲ့သည်။
ဆိုရလျှင် ဤကျရှုံးသူက သူ၏ လက်ထဲရှိ မူလကျောက်၏ အပိုင်းအစကိုသာ အမှီပြုနေခြင်း ဖြစ်သည်။
သူ ပင်လယ်ဝါကမ်းခြေသို့ လာရခြင်း၏ အကြောင်းပြချက်မှာ တိုက်ပွဲကြီးအပြီးတွင် မူလကျောက်၏ အပိုင်းအစများမှ နောက်ဆုံးသော သုံးပုံတစ်ပုံက ပင်လယ်သတ္တဝါတစ်ကောင်၏ ပါးစပ်ထဲသို့ ကျရောက်သွားခဲ့သောကြောင့် ဖြစ်ပေသည်။
သူက ထိုအပိုင်းအစကိုလည်း ရရှိရန်အတွက် မျှော်လင့်ချက်ဖြင့် ထပ်မံ၍ စုံစမ်းလိုခဲ့၏။
သို့သော် ဧရာမ ပင်လယ်သတ္တဝါကြီး၏ အသေးစိတ် အချက်အလက်တိုင်းကို သိရှိသွားပြီးနောက်တွင် သူက ထိုအကြံကို လက်လျှော့လိုက်လေသည်။
ဤသည်က အပြာရောင် ဝေလငါးငယ်တစ်ကောင် ဖြစ်၏။
ပင်လယ်ဝါဒေသတွင် မရှိသင့်သော ဤပင်လယ်နက် သတ္တဝါကြီးက မည်သို့သော နည်းလမ်းဖြင့် ရေတိမ်ပိုင်းသို့ ရောက်ရှိလာပြီး ပင်လယ်ထဲသို့ ကျရောက်သွားသည့် မူလကျောက် အပိုင်းအစများကို လုယူရန်အတွက် ပုန်းအောင်းနေခဲ့သည်ကို မည်သူကမျှ မသိရှိကြပေ။
နိုင်ငံနှစ်ခုလုံးက ၎င်းကို ရှာဖွေရန်အတွက် နောက်ပိုင်းတွင် ကြိုးပမ်းခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရ၏။
ဧရာမ ပင်လယ်နက် အပြာရောင် ဝေလငါးကြီးက လေထဲသို့ ပျောက်ကွယ်သွားသည့်ကဲ့သို့ ရှိနေခဲ့သည်။
ပင်လယ်ဝါ နယ်စပ်သို့ ရောက်ရှိပြီးနောက် ဝူဝေ့ရုန်က ဤဧရာမသတ္တဝါကြီး ရှိနေခြင်းကို အာရုံခံနိုင်ခဲ့၏။
ထိုသတ္တဝါက ကျရှုံးသူမဟုတ်သော်လည် ၎င်း၏ ခန္ဓာကိုယ်ထဲ၌ မူလကျောက် ရှိနေသောကြောင့် အလွန်ပင် အန္တရာယ်ရှိပြီး အသိဉာဏ် မြင့်မားလွန်းပေသည်။
သူက လူသားတို့ကဲ့သို့ အသိစိတ်ရှိသော အဆင့် (၅) ရှိသည့် သန္ဓေပြောင်း သတ္တဝါ ဖြစ်၏။
အပြာရောင် ဝေလငါးများက သမုဒ္ဒရာထဲတွင် အကြီးဆုံးသော ဝေလငါးများ ဖြစ်ကြသည်။
ကမ္ဘာပျက်ကပ် မတိုင်မီက အရွယ်ရောက်ပြီးသော အပြာရောင် ဝေလငါးများက မီတာ (၃၀) အထိ ရှည်လျားနိုင်၏။
သူတို့က သဘာဝအရ နူးညံ့သိမ်မွေ့ကြပြီး ပင်လယ်နက်ထဲရှိ အပင်မျှော့လေးများနှင့် ငါး၊ ပုစွန်တို့ကိုသာ အဓိက စားသုံးကြသည်။
ကမ္ဘာပျက်ကပ် ဖြစ်ပွားပြီးနောက်တွင် ဤနူးညံ့သော ပင်လယ်သတ္တဝါက သန္ဓေပြောင်းသွားပြီး ထက်မြက်သော သွားများက ထွက်ပေါ်လာကာ အမဲလိုက်နိုင်စွမ်းကို ရရှိလာခဲ့၏။
မူလကျောက်၏ ဓာတ်ကူမှုကြောင့် ခြောက်လအတွင်းမှာပင် ဤဝေလငါးက အရွယ်အစား မီတာတစ်ရာနီးပါးအထိ ကြီးထွားလာခဲ့သည်။
ထို့အပြင် ပင်လယ်ရေမျက်နှာပြင် အောက်တွင် ပုန်းအောင်းနေသည့်အချိန်တွင် ထွက်ပေါ်လာသည့် အရိပ်ကြီးက အသက်ရှူကျပ်လောက်အောင်ပင် ကြီးမားလွန်း၏။
ဝူဝေ့ရုန်က လူသားများကို တိုက်ခိုက်ရန်အတွက် ဤဧရာမ ပင်လယ်သတ္တဝါကြီးကို စည်းရုံးရန် တစ်ကြိမ် ကြိုးပမ်းခဲ့ဖူးသည်။
သို့သော် ထိုသန္ဓေပြောင်း ဝေလငါးကြီးက ကျရှုံးသူမဟုတ်ပေ။
၎င်းက ငယ်ရွယ်သေးသော်လည်း အလွန်အသိဉာဏ် မြင့်မားလွန်းသောကြောင့် ကျရှုံးသူများ၏ အုပ်စုထဲသို့ လုံးဝ ဝင်ရောက်မည် မဟုတ်ပေ။
သူကက မူလကျောက်ကိုသာ စိတ်ဝင်စားနေခဲ့သည်။
ဝူဝေ့ရုန်က သူ၏ မူလကျောက်၏ သုံးပုံတစ်ပုံကို အလဲအလှယ်အဖြစ် အသုံးပြုပြီး လူသားတို့ ရှာဖွေနိုင်သည့် နယ်မြေထဲမှ သူတို့ကို ခေါ်ထုတ်သွားရန်အတွက် ထိုသန္ဓေပြောင်း ဝေလငါးကြီးကို ခိုင်းစေခဲ့၏။
မထွက်ခွာမီတွင် သူက ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သတိလစ်သွားခဲ့သည့် ယင်ရိလျိုကိုလည်း ခေါ်ဆောင်လာခဲ့သည်။
သူ၏ ထူးခြားသော စွမ်းရည်ကြောင့် သူက တခြားသော ကျရှုံးသူများကို အာရုံခံနိုင်သကဲ့သို့ ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်ပမာဏကိုလည်း အကြမ်းဖျင်း တိုင်းတာနိုင်၏။
မူလကျောက်၏ ဓာတ်ကူမှုကြောင့် ကျင်းယန်၏ ထူးခြားသော ဆင့်ကဲပြောင်းလဲမှု စွမ်းရည်က ပုံမှန်မဟုတ်သော အဆင့်သို့ ရောက်ရှိနေခဲ့သည်။
သူတို့ပထမဆုံး စတင်တွေ့ဆုံချိန်မှစ၍ သူက ဤလူသား အမျိုးသားထံမှ အလွန် အန္တရာယ်ရှိသော ဖိအားများကို ခံစားခဲ့ရ၏။
အကယ်၍ ကျင်းယန်ကို မဖယ်ရှားနိုင်ပါက သူ၏ နောက်ပိုင်းအနာဂတ်တွင် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ဝူဝေ့ရုန်က သူနှင့် ကျန်ရှိသော ကျရှုံးသူ သုံးဦးတည်းဖြင့် ဤလူသား အမျိုးသားကို ထိခိုက်အောင် မလုပ်နိုင်ကြောင်းကို သိရှိသောကြောင့် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့လေ၏။
*