အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း(237)
ဆင့်ကဲပြောင်းလဲသူ အဖွဲ့သုံးဖွဲ့လုံး ပင်လယ်ဝါကမ်းခြေသို့ ခြေချလိုက်သည့်အချိန်မှစ၍ အမြင်အာရုံ လှည့်စားမှုတစ်ခုထဲသို့ ရောက်ရှိသွားခဲ့ကြခြင်း ဖြစ်သည်။
ဝူဝေ့ရုန်က သူ၏ ဓာတ်ကူပေးနိုင်သော ဆင့်ကဲပြောင်းလဲမှုစွမ်းရည်၏ ရလဒ်များကို အသုံးပြုခဲ့၏။
သူက ဗြဟ္မာ၏ စွမ်းအားကို ဓာတ်ကူပေးခဲ့ခြင်းဖြစ်၍ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်အောင် ကျယ်ပြောသည့် အမြင်အာရုံလှည့်စားမှုကို ဖန်တီးနိုင်စေခဲ့သည်။
ဤအမြင်အာရုံ လှည့်စားမှုက ထူးခြားလွန်းသည်တော့ မဟုတ်ပေ။
ဤသည်က စစ်မှန်သော လူသားများနှင့် အဆောက်အအုံအမျိုးမျိုးတို့အပေါ်တွင် လုံးဝထပ်တူကျအောင် ဖန်တီးထားခြင်း ဖြစ်သည်။
လူတစ်ယောက်က မည်မျှပင် သတိရှိနေသည်ဖြစ်စေ၊ သို့မဟုတ် စိတ်ဓာတ်ကြံ့ခိုင်စေ ကမ္ဘာနှစ်ခုကို ထပ်တူကျစေရန်အတွက်သာ တည်ရှိနေသော အမြင်အာရုံလှည့်စားမှုတစ်ခု ရှိနေလိမ့်မည်ဟု မည်သည့်အချိန်တွင်မှ ထင်မှတ်ထားမည် မဟုတ်ပေ။
ဤအမြင်အာရုံ လှည့်စားမှု၏တစ်ခုတည်းသော ရည်ရွယ်ချက်က အရာအားလုံးကို စစ်မှန်နေစေရန်အတွက် ဖြစ်ပေသည်။
ထို့ကြောင့် နောက်ဆုံးတွင် ယင်ရိလျိုကို ဆွဲဖြဲခံလိုက်ရသည့် မြင်ကွင်းကလည်း အလွန်ပင် စစ်မှန်နေခဲ့ရခြင်း ဖြစ်၏။
ဗြဟ္မာက ပင်လယ်ဝါအခြေစိုက်စခန်းတစ်ခုလုံးနှင့် ရှိရှိသမျှ ဆင့်ကဲပြောင်းလဲသူများအားလုံးကို လွှမ်းခြုံထားသည့် နှစ်ထပ်အမြင်အာရုံ လှည့်စားမှုကို ဖန်တီးခဲ့သည်။
ထို့အပြင် ထိုအရပ်၌ အစစ်မှန်ဆုံးသော အမြင်အာရုံလှည့်စားမှုက နောက်ဆုံးတွင် အမှန်တရားဖြစ်လာခဲ့၏ ။
ဝူဝေ့ရုန်အနေဖြင့် ကျင်းယန်ဟူသောအကြီးမားဆုံးသော လျှို့ဝှက်အန္တရာယ်ကို မဖြေရှင်းနိုင်သောကြောင့် ထိုအန္တရာယ်ကို အနားသို့မရောက်လာနိုင်စေရန်သာ ပြုလုပ်လိုက်နိုင်သည်။
သူ့အနေဖြင်် အမှားအယွင်း ဖြစ်သွားသည်ဟု ခံစားရသည့်တစ်ခုတည်းသောအရာမှာ ထိုဆင့်ကဲပြောင်းလဲသူများက မြေအောက်နန်းတော်ကို အစောကြီး ရှာဖွေတွေ့ရှိသွားခြင်းပင် ဖြစ်သည်။
သူက သူ၏ မျိုးနွယ်စုဝင် အနည်းငယ်ကိုပင် မဖန်တီးနိုင်သေးမီ ဤကိစ္စဖြစ်သွားသောကြောင့် အလွန်စိတ်ပျက်မိ၏။
ဝူဝေ့ရုန်က သတိလစ်နေသော ယင်ရိလျိုကို ကြည့်လိုက်လေ၏။ သူ၏ အောက်ဘက်မှ ရှည်လျားသော နွယ်ပင်တစ်ပင်က တဖြည်းဖြည်း ထွက်ပေါ်လာပြီး နွယ်ပင်၏ ထိပ်ဖျားကလည် အလွန်ပင် ထက်ရှလွန်းသည်။
သူက ထိုနွယ်ပင်ကို ထိန်းချုပ်ပြီး မိန်းကလေး၏ ခေါင်းငိုက်စိုက် ကျနေသောကြောင့် ပေါ်ထွက်နေသော ဖြူနုသည့် လည်ပင်း နောက်ဘက်သို့ အချွန်ဖြင့် မွှန်းလိုက်လေ၏။
နွယ်ပင်၏ ထက်ရှသော ထိပ်ဖျားက မိန်းကလေး၏ အရေပြားကို ဆွဲဖြဲလိုက်ပြီးနောက် သွေးများက ပန်းထွက်လာခဲ့ကာ သူမ၏ အဝတ်အစားများထဲသို့ စိမ့်ဝင်သွားသည်။
ဝူဝေ့ရုန်က သူ၏ ကော်လံမှကြယ်သီးကိုဖြုတ်လိုက်လေ၏။ ထို့နောက် အလင်းရောင်အောက်တွင် တစ်ခါမှ မထွက်ပေါ်ခဲ့ပုံရသော ပုံမှန်မဟုတ်စွာ ဖြူလျော်နေသော ရင်ဘတ်က ပေါ်ထွက်လာခဲ့၏။
ထိုအရေပြား၏ အောက်တွင် ပုန်းအောင်းနေသော တီကောင်များကဲ့သို့ နီရဲပြီးရှုပ်ထွေးနေသော သွေးကြောများဖြင့် ဖုံးလွှမ်းနေသောကြောင့် အလွန်ပင် ရုပ်ဆိုးလွန်းပေသည်။
သူက သူ၏ ဗလာဖြစ်နေသော ဘယ်ဘက်ရင်ဘတ်ကို လက်လှမ်း၍ ထိတွေ့လိုက်ပြီးနောက် လက်ချောင်းထိပ်များဖြင့် အရေပြားကို လှီးဖြတ်လိုက်လေ၏။
သူ၏ လက်ချောင်းများက သွေးများဖုံးလွှမ်းနေသော ဒဏ်ရာအပေါက်ထဲသို့ တိုးဝင်ပြီး ရှာဖွေနေသော်လည်း သူ၏ မျက်နှာကတော့ နာကျင်နေခြင်းကိုပင် သတိမပြုမိသကဲ့သို့ တည်ငြိမ်လျက် ရှိနေသည်။
ခဏအကြာတွင် သူက သူ၏ ခန္ဓာကိုယ်ထဲ၌ ရှာဖွေနေသော အရာကို တွေ့ရှိသွားခဲ့၏။
သွေးစွန်းနေသော သူ၏ လက်ချောင်းများကြားတွင် အနီရောင် အပိုင်းအစတစ်ခုက ပါလာခဲ့သည်။
ဤသည်မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ဝှက်ထားခဲ့သော မူလကျောက်၏ အပိုင်းအစပင်ဖြစ်၏။
သူက သတိလစ်နေသော မိန်းကလေး၏ အနီးသို့ ချဉ်းကပ်သွားပြီး ထိုသွေးစွန်းနေသော မူလကျောက်တုံး၏ အပိုင်းအစကို သူမ၏ လည်ပင်း နောက်ဘက်ရှိ ဒဏ်ရာထဲသို့ ထိုးထည့်လိုက်လေသည်။
ခဏအကြာတွင် ယင်ရိလျို၏လည်ပင်းမှသွေးထွက်နေဆဲ ဖြစ်သောဒဏ်ရာက တဖြည်းဖြည်း ပြန်လည်ကျက်သွားပြီး အပိုင်းအစကလည်း သူမ၏ အရေပြားထဲသို့ လုံးဝပေါင်းစပ်သွားခဲ့၏။
ဒဏ်ရာက ပြန်လည် ကောင်းမွန်သွားပြီးနောက်တွင် သူမ၏ လည်ပင်း အနောက်ဘက်ရှိ အရေပြားမှာ ခြောက်သွေ့နေသော သွေးကွက်များသာကျန်ရစ်ခဲ့ပြီး မည်သည့်အမာရွက်မှမရှိဘဲ ပြန်လည်ချောမွေ့သွားခဲ့သည်။
ဗြဟ္မာကတော့ ပူဖောင်း၏ နံရံကို မှီပြီး ထိုင်နေခဲ့ကာ သူ၏ ဒူးကို လက်ဖြင့်ပိုက်ထားပြီး ဘောလုံးလေး တစ်လုံးကဲ့သို့ ကွေးညွတ်နေရင်း အဝေးမှပင်လယ်ပြင်ကို ကြည့်ပြီး ငေးငိုင်နေခဲ့၏။
သူက ဝူဝေ့ရုန်၏ လုပ်ဆောင်ချက်များကို မြင်တွေ့နေရသော်လည်း အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင်မှသာ မေးမြန်းလိုက်လေသည်။
“မင်း ဘာလုပ်နေတာလဲ”
“မင်းရော ဘယ်လိုထင်လဲ၊ မင်း သူ့ကို အတော်လေး သဘောကျတယ်ဆိုတာကို ငါ မှတ်မိနေပါတယ်၊
သူသာ ငါတို့ထဲက တစ်ယောက် ဖြစ်လာရင် မင်း သူမကို ကြိုဆိုလို့ ရတာပေါ့”
“သူက ဝင်လာပြီပဲလေ”
ဝူဝေ့ရုန်က သာမန်ကိစ္စတစ်ခုကို ပြောဆိုနေသကဲ့သို့ ပုခုံးကို တွန့်ပြလိုက်လေသည်။
“မူလကျောက်တုံးကို မလွှဲပေးခင်မှာ သူ့ကို နောက်ဆုံးတစ်ကြိမ် အသုံးချခွင့် ပေးလိုက်တာပါ”
ကျင်းယန်အနေဖြင့် သူအလေးအနက် အထားရဆုံးသော ဤလူသား မိန်းကလေးသာ ကျရှုံးသူတစ်ဦး ဖြစ်လာကြောင်းကို သိခဲ့လျှင် မည်သို့ဖြစ်လာနိုင်မည်နည်း။
ထိုလူက သူမအပေါ်တွင်တော့ရက်စက်နိုင်မည်မဟုတ်ဟု ဝူဝေ့ရုန် ယုံကြည်နေသည်။
ထိုသို့ဖြစ်လာပါက အလွန်အမင်း စိတ်ဝင်စားစရာကောင်းလာပေလိမ့်မည်။
သူ ထိုအချိန်ကို အမှန်တကယ်ပင် မျှော်လင့်နေမိ၏။
ဝူဝေ့ရုန်က နောင်တအနည်းငယ်ကိုတော့ ခံစားလိုက်ရသည်။
မြေအောက်နန်းတော်ထဲတွင် အသုံးမပြုရသေးသော မူလကျောက်တုံးမှ ထုတ်ယူထားသည့် အရည်များနှင့် အောင်မြင်နိုင်ခြေရှိသော ကျရှုံးသူ စမ်းသပ်ခံ အမြောက်အမြား ကျန်ရှိနေသေးသည်ပင်။
လက်ရှိတွင် အရာအားလုံးက ကျင်းယန်နှင့် သူ၏ အဖွဲ့ကြောင့် ပျက်စီးသွားခဲ့ရ၏။
သူ့လက်ထဲတွင် ကျန်ရှိနေသော နောက်ဆုံး မူလကျောက် အပိုင်းအစကိုပင် သူတို့ကိုခေါ်ဆောင်လာပေးသော သူတို့၏ အောက်ဘက်ရှိ သန္ဓေပြောင်း ဝေလငါးကြီးကို ပေးရလိမ့်မည်။
ဝေလငါးကြီး၏ စွမ်းအားက ကမ္ဘာပျက်မတတ် ပြင်းထန်လွန်းသောကြောင့် သူထံတွင် ခုခံနိုင်စွမ်း မရှိပေ။
သို့သော် သူသာ အသက်ရှင်နေသရွေ့မူလကျောက်တုံး အသစ်များကို အမြဲတစေ ရှာတွေ့နိုင်ပေလိမ့်မည်။
စကားပုံတစ်ခုက ရှိသည်မဟုတ်ပါလား။
အသက်ရှိနေသရွေ့ မျှော်လင့်ချက် ရှိနေသည်။
ရုတ်တရက် ဒူးကိုပိုက်ပြီး ထိုင်နေသော ဗြဟ္မာက လေသံအတက်အကျမရှိဘဲ မေးမြန်းလိုက်လေ၏။
“ဒီတစ်ခေါက်လည်း ထပ်ပြီးတော့ ရှုံးနိမ့်သွားရင်ရော”
ဝူဝေ့ရုန်က ပုခုံးကို တွန့်လိုက်ရင်းပြောလိုက်လေသည်။
“ဒါဆိုရင်တော့ ဒီမိန်းကလေးက ကံမကောင်းဘူးလို့ပဲ ငါ ပြောရတော့မယ်၊
မင်း သိတဲ့အတိုင်းပဲ၊ ငါ သူ့ကို အတော်လေး သဘောကျတာ၊
သူမသာ ငါတို့ထဲက တစ်ယောက် ဖြစ်လာရင် အတော်ဆုံးတစ်ယောက် ဖြစ်မှာ သေချာတယ်”
မုန်တိုင်းက တဖြည်းဖြည်း ငြိမ်သက်သွားပြီး ပင်လယ်ပြင်ကလည်း တဖြည်းဖြည်း တည်ငြိမ်လာ၏။
မှောင်မည်းနေသော တိမ်တိုက်များ၏ နောက်ကွယ်မှ နေရောင်ခြည် တို့ ထိုးဖောက်ထွက်ပေါ်လာပြီး ပင်လယ်ပြင်ပေါ်သို့ ကျရောက်လာသည်။
လေပြေလေညင်းလေးများ တိုက်ခတ်လာသောကြောင့် ပင်လယ်ရေ၏ မျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသော ပူဖောင်းကလေးက အနည်းငယ် လွင့်ပါးသွားလေ၏။
ဝူဝေ့ရုန်က ယိမ်းထိုးနေသော ပူဖောင်းထဲ၌ တစ်ပတ်လှည့်လိုက်ကာ ထိုမြင်ကွင်းကို အလွန်ပင် သဘောကျနေပုံ ရသည်။
သူ၏ ဖြူဆွတ်နေသော လက်ကို လက်သီးဆုပ်လိုက်ပြီးနောက် ရုတ်တရက် ပြန်ဖြန့်လိုက်လေသည်။
“သူမကသာ ကံမကောင်းရင်တော့ အရင်က ရှုံးနိမ့်ခဲ့တဲ့ စမ်းသပ်ချက် နှစ်ခုလိုပဲ.. ဘန်း!”
ထိုရူးသွပ်နေသော အမျိုးသားက အပြုံးတစ်ခုနှင့်ဖြင့်ပြောလိုက်လေသည်။
“အသားစအပုံလိုက် ဖြစ်သွားမှာပေါ့”
ယင်ရိလျိုတစ်ယောက် နိုးလာခဲ့ချိန်တွင် ကျယ်ပြောလွန်းသော သမုဒ္ဒရာကြီးဖြင့် ဝန်းရံထားပြီး အကျဉ်းသားတစ်ဦးကဲ့သို့ ပိတ်လှောင်ခံထားရသည်ကို တွေ့လိုက်ရ၏။
သူမက ဧရာမ ပူဖောင်းတစ်ခုထဲ၌ ပိတ်မိနေသော မှော်ပင်လေး တစ်ပင်ကဲ့သို့ပင်။
ထို့အပြင် ဤအန္တရာယ်ရှိသည့် ကျရှုံးသူ အုပ်စုနှင့်အတူ အတင်းအကျပ် ပိတ်လှောင်ခြင်းကို ခံထားရပြီး ပုန်းကွယ်စရာ၊ ထွက်ပြေးစရာ နေရာ လုံးဝကို မရှိနေခဲ့ပေ။
မကြာမီမှာပင် သူမ၏ လည်ပင်း၏ အနောက်ဘက်မှ စူးရှပြီး ပူလောင်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေ၏။ ထိုနာကျင်မှုက သူမ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားရသည်။
လေပြေလေညင်းလေး တစ်ချက်က တိုက်ခတ်လိုက်ရုံဖြင့်ပင် သူမကို အလွန် နာကျင်စေ၏။
ထို့နောက်တွင် တီကောင်များကဲ့သို့သော သွေးကြောများက သူမ၏ လည်ပင်းမှတစ်ဆင့် ပါးပြင်များပေါ်သို့ တွားသွားတက်လာပြီး နာကျင်မှုကြောင့် သူမကို ခွေခေါက်သွားစေသည်။
ထိုဖန်အိုးထဲရှိ စမ်းသပ်ခံများက အဘယ်ကြောင့် ဤမျှလောက် နာကျင်နေရသည်ကို သူမ နောက်ဆုံးတွင် နားလည်သွားလေပြီ။
နာကျင်မှုက ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးနေရာမှတစ်ဆင့် အရေပြားပေါ်မှ နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားသောကြောင့် လွတ်မြောက်နိုင်မည့် နည်းလမ်းမရှိနေခဲ့ပေ။
သူမ၏ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသော အခြေအနေတွင် ဝူဝေ့ရုန်က သူမ၏ ဘေး၌ ဆောင့်ကြောင့်ထိုင်နေပြီး တစ်စုံတစ်ခုကို ပြောဆိုနေခဲ့ကာ သူမ၏ ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို မှတ်တမ်းတင်နေသည်ကို ဝေဝေဝါးဝါး မြင်တွေ့နေရ၏။
သို့သော် သူမက ဦးရေပြားများက ထုံကျင်သွားသည်အထိ နာကျင်နေရသောကြောင့် သူမ၏ အရေပြား နေရာတိုင်းက ထိန်းချုပ်မရဘဲ တုန်ယင်နေသည်။
ထို့အပြင် အမြင်အာရုံများကလည်း ဝေဝါးလျက် ရှိနေပြီး မည်သည့်ခွန်အားကိုမျှ စုစည်း၍ မရနိုင်တော့ပေ။
တစ်ခါတစ်ရံတွင် အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးက သူမ၏ ပါးစပ်ထဲသို့ အစာများကို ထည့်ပေးလေ့ရှိပြီး တစ်ခါတစ်ရံတွင် ဗြဟ္မာက အစာလာထည့်ပေးတတ်သည်။
ဗြဟ္မာမှ သူမကို ပြုစုစောင့်ရှောက်ပေးချိန်မှသာ သူ၏ နူးညံ့ညင်သာသော လုပ်ဆောင်ချက်များကြောင့် သူမ အနည်းငယ် စိတ်သက်သာရာရနိုင်ပေ၏။
သူတို့က ကုန်းမြေကို တဖြည်းဖြည်း မြင်တွေ့လာရချိန်တွင် ဝူဝေ့ရုန်က ပူဖောင်းထဲတွင် ခွေခေါက်နေသော အမျိုးသမီးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
မှန်ပေသည်။
မူလကျောက်တုံး၏ အပိုင်းအစကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းထားသော ယင်ရိလျိုထံ၌ ပင်လယ်ပြင်တွင် မျောပါနေသည့် ဤရက်အနည်းငယ်အတွင်း သိသာထင်ရှားသော ပြောင်းလဲမှု တစ်ခုခုက ရှိခဲ့သည်ဆိုလျှင် ဤသည်က သူမ၏ ခန္ဓာကိုယ် တည်ဆောက်ပုံပင် ဖြစ်ပေလိမ့်မည်။
မူလယင်ရိလျိုက အရွယ်ရောက်ပြီးသူတစ်ဦးဟု မသတ်မှတ်နိုင်ပေ။
သူမက အများဆုံးရှိလျှင် အသက် ဆယ့်ခြောက်နှစ်၊ တစ်ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးသာ ဖြစ်သည်။
ထို့အပြင် သူမ၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ်ကလည်း အပြည့်အဝကြီးထွားလာခြင်း မရှိသေးပေ။
သို့သော် မူလကျောက်တုံးကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပြီး ရက်အနည်းငယ်အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်က နေ့စဉ်နှင့်အမျှကြီးထွားလာခဲ့၏။
ယခုအချိန်တွင် ထောင့်တစ်ခု၌ ခွေခေါက်နေပြီး ထိန်းချုပ်မရနိုင် တုန်ယင်နေသည့် ထိုအမျိုးသမီးကိုတော့ ရင့်ကျက်သော အမျိုးသမီးတစ်ဦးအဖြစ် ဖော်ပြနိုင်ပေပြီ။
သူမက နာကျင်မှုကြောင့် ချွေးအေးများဖြင့် စိုရွှဲနေပြီး ဘောလုံးလေးတစ်ခုကဲ့သို့ လိပ်ခွေနေသည်။
သို့သော် သူမ၏ ရှည်လျားသော ခြေတံများနှင့် လက်တံများကို မြင်တွေ့နိုင်ဆဲဖြစ်ပြီး အရပ်ရှည်ပြီး သွယ်လျကြောင်းရှင်းလင်းစွာမြင်နိုင်၏။
ရွံရှာဖွယ်ကောင်းသော၊ ပိုးကောင်များနှင့်တူသော နီရဲသည့် သွေးကြောလွှာတစ်ခုက သူမ၏ လည်ပင်းပေါ်တွင် တွယ်ကပ်နေပြီး သူမ၏ လည်ပင်းက အနည်းငယ် လှုပ်ရှားလိုက်တိုင်း ၎င်းတို့ကလည်း သက်ရှိများကဲ့သို့ လိုက်ပါတုန်ခါနေသည်။
သို့သော် ထိုအရာမှလွဲ၍ ပုံမှန် ကျရှုံးသူတစ်ဦးဖြစ်လာမည့်သူထံ၌ ရှိသင့်သော မည်သည့်သတိပေးလက္ခဏာမှ မရှိခဲ့ပေ။
သူမ၏ ရှည်လျားသော နားရွက်များမှလွဲ၍ သူမ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မည်သည့် အမွေးအမျှင်မျှ မရှိလာခဲ့သေးချေပေ။
*