အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း(239)
ဝူဝေ့ရုန် ယင်ရိလျို၏ ဗိုက်အား နွယ်ပင်များဖြင့် လှီးဖြတ်ရန် ပြင်ဆင်နေချိန်မှာပင် သူတို့၏ အောက်ဘက် ပင်လယ်ပြင်မှ နားကွဲမတတ် ပြင်းထန်သော ဝေလငါး ဟိန်းဟောက်သံကြီးတစ်ခုက မိုင်တစ်ရာ ပတ်လည်အထိ ပဲ့တင်ထပ်သွား၏။
ဤအသံက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည့် အသံမျိုးဖြစ်ပြီး၊ ယင်ရိလျို၏ ပြန့်ကျဲနေသော အသိစိတ်များကို ချက်ချင်း ပြန်လည်၍ စုစည်းမိစေသည်။
သူတို့၏ အောက်ဘက်မှ ဧရာမ သတ္တဝါကြီးက ဒေါသထွက်နေပုံ ရသည်။
ပင်လယ်ပြင်က စတင်လှုပ်ခတ်လာသည်ကို သူမ မြင်တွေ့နေရ၏။
ရေအောက်မှ အမည်းရောင် အရိပ်ကြီးက မည်မျှအထိ နက်ရှိုင်းသည်ကို သူမက မသိပေ။
သို့သော် ဤအရိပ်၏ လှုပ်ရှားမှု တစ်ခုကပင် ဧရာမ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေနိုင်သည်။
ဝူဝေ့ရုန်၏ ထိတ်လန့်တကြား အသံကိုလည်း သူမကြားနေရသည်။
သူမ၏ လည်ပင်းကို ညှစ်ထားသော လက်က လျော့သွားပြီး သူမက ပျော့ပြောင်းသော ပူဖောင်းပေါ်သို့ ပြုတ်ကျသွားရ၏။
သူတို့၏ အောက်မှ ရေမြှေးကလည်း တဖြည်းဖြည်း ပါးလွှာလာပုံ ရသည်။ ထိုအောက်ဘက်တွင်က သူမ၏ သွေးများဖြင့် နီရဲနေလေသည်။
ဝူဝေ့ရုန်က သူက ကတိမဖျက်ကြောင်း၊ မူလကျောက်တုံးက သူနှင့်အတူ ရှိနေကြောင်းကို သန္ဓေပြောင်း ဝေလငါးကြီးကို ရှင်းပြရန်အတွက် ကြိုးစားနေသည်ကို ယင်ရိလျို ခပ်ဝါးဝါး ကြားနေရသည်။
သူမသာ လက်တစ်ချောင်းလောက် လှုပ်နိုင်လျှင် တစ်ဖက်လူကို အော်ဟစ် ဆဲရေးမိပေလိမ့်မည်။
သို့သော် သမုဒ္ဒရာ အရှင်သခင်ကြီးက လုံးဝကို ဒေါသထွက်သွားခဲ့လေ၏။
ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုက ပူဖောင်းကို ရိုက်ခတ်လိုက်သောကြောင့် ယင်ရိလျိုက လေဟာနယ်ထဲသို့ ကျဆင်းသွားပြီး ပြင်းထန်သော ပင်လယ်ပြင်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
ရေအေးများက သူမ၏ နှာခေါင်းနှင့် နားထဲသို့ ဝင်ရောက်လာရုံသာမက ကျောဘက်မှ ဒဏ်ရာများကိုလည်း ထိတွေ့သွား၏။
ပူလောင်နေသော နာကျင်မှုက ရေအေး၏ လှုံ့ဆော်မှုကြောင့် အံ့ဩဖွယ်ကောင်းအောင် သက်သာသွားသည်။
သူမ၏ ခန္ဓာကိုယ်က ပင်လယ်အောက်ခြေသို့ ဆက်လက်၍ နစ်မြုပ်နေပြီး သူမ၏ ပါးစပ်မှလည်း ပူဖောင်းများက ထွက်ပေါ်နေ၏။
သူမက ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်လာလေလေ၊ ပိုမိုရှင်းလင်းစွာ မြင်တွေ့ရလေ ဖြစ်သည်။
ဧရာမ သတ္တဝါကြီးက သူ့၏ စစ်မှန်သော ပုံရိပ်ကို ထုတ်ဖော်လိုက်လေပြီ။
သူ့၏ အပြာရင့်ရောင်ကျောပြင်က မှိန်ဖျော့သော အလင်းရောင်များဖြင့် တောက်ပနေပြီး အိပ်မက်တစ်ခုကဲ့သို့ လှပနေသည်။
ဤဝေလငါးကြီးက အလွန်ကြီးမားလွန်းသောကြောင့် သူမက သတိမလစ်မီ သူ့၏ တစ်ကိုယ်လုံးကိုပင် မမြင်တွေ့နိုင်ခဲ့ပေ။
သူမက ဝူဝေ့ရုန်၏ လက်ထဲတွင် အသားစင်းကော အလုပ်ခံရခြင်းထက် ဤကဲ့သို့ သတ္တဝါကြီး၏ ဝါးမြိုခြင်းကိုခံရသည်က ပိုကောင်းဦးမည်ဟု ခါးသီးစွာ တွေးတောမိလိုက်လေသည်။
*
“အဲဒီနောက်မှာတော့ ပင်လယ်မင်းသမီးလေးက သင်္ဘောပေါ်မှာ ခြေဖျားထောက်ပြီးတော် ကခုန်ခဲ့တယ်၊ မျက်ရည်တွေက စီးကျနေခဲ့တယ်လေ၊
နောက်ဆုံးမှာတော့ သူမက လေထဲမှာ ပျောက်ကွယ်သွားတဲ့ ရေမြှုပ်လေးတွေပဲ ဖြစ်သွားခဲ့တယ်”
တိတ်ဆိတ်လွန်းသော ပင်လယ်ပြင်တွင် အမျိုးသမီးတစ်ဦးက ကျောက်ဆောင်တစ်ခုပေါ်၌ ထိုင်ပြီး ပုံပြင်တစ်ပုဒ်ကို ပြောပြနေသည်။
သူမ ပုံပြင်၍ ပြောပြီးဆုံးချိန်တွင် ပင်လယ်အောက်ခြေမှ ဝေလငါးကြီး၏ ဟောက်သံ ထွက်ပေါ်လာခဲ့၏။
“ဒီပုံပြင်က လုံးဝကို မကောင်းဘူး၊ မင်းတို့ လူသားတွေက ငါတို့ရဲ့ပင်လယ်မင်းသမီးတွေကို အရမ်း တုံးအတယ်လို့ ထင်နေတာပဲ၊ ငါသာ ပင်လယ်မင်းသမီးဆိုရင် အဲဒီလို လုပ်မှာ မဟုတ်ဘူး”
ဝေလငါးကြီး၏အသံက သူမ၏ စိတ်ထဲတွင် လူသား ကလေးငယ်တစ်ဦး၏ အသံကဲ့သို့ ပဲ့တင်ထပ်နေသည်။
ယင်ရိလျိုက သေဘေးမှ လွတ်မြောက်လာခဲ့ရသော်လည်း ဝူဝေ့ရုန်းတို့အဖွဲ့က မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိရှိခဲ့ပေ။
ဤဝေလငါးကြီးက မီတာတစ်ရာကျော် ရှည်လျားပြီး လူလုပ်သင်္ဘောများထက်ပင် ကြီးမားသည်။
ယင်ရိလျိုက သမုဒ္ဒရာ၏ အောက်ခြေမှ ဤအဆင့် (၅) ရှိသော သန္ဓေပြောင်းသတ္တဝါကြီး၏ အသိစိတ်နှင့် ဆက်သွယ်နိုင်ခဲ့သည်။
ဤဝေလငါးကြီးက ကမ္ဘာပျက်ပြီးနောက်တွင် ဆင့်ကဲပြောင်းလဲမှုများ ကြောင့် လူသားကဲ့သို့ အသိဉာဏ်များကို ရရှိလာခဲ့သည်။
သို့သော် တခြားသောသတ္တဝါများက ရိုင်းစိုင်းနေဆဲဖြစ်သောကြောင့် သူက အမြဲတစေအထီးကျန်နေခဲ့ရ၏။
ထို့ကြောင့်ပင် သူက လူသားများနှင့် ဆက်သွယ်နိုင်မည့် ရေတိမ်ပိုင်းဒေသများသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
သူက လူ့ခန္ဓာကိုယ်နှင့် ငါးအမြီး ရှိသည့် သတ္တဝါနဲ့ တွေ့ခဲ့သည်။
ထိုသူက သန္ဓေပြောင်းအဖြစ်သို့ အပြည့်အဝ ကူးပြောင်းသွားသည့်အချိန်တွင် သူ၏ ကိုယ်အထက်ပိုင်းက အလွန် ရုပ်ဆိုးလွန်းပြီး၊ ထင်ရှားသော အစွယ်များနှင့် ပြားချပ်၍ကောက်ကွေးနေသော ခေါင်း ရှိသည်။
သူ၏ အရွယ်အစားကတော့ အလွန် အံ့အားသင့်ဖွယ် ကောင်းလွန်းပေ၏။
ဤပင်လယ်သတ္တဝါနှင့် စကားပြောဆိုရခြင်းမှာ အပြာရောင် ဝေလငါး၏ အတွက် အပျော်ရွှင်ဆုံး အချိန်ပင် ဖြစ်ခဲ့သည်။
တစ်ဖက်မှပင်လယ်နဂါးကလည်း ထူးဆန်းသော အတွေးအခေါ်တချို့ကို ရှိနေပြီး ကမ်းခြေရှိ စကားများတတ်သော လူသားများကို အလွန် စိတ်ဝင်စားသည်။
ပင်လယ်နဂါးမှာ ထူးဆန်းသော အရာများကို ပြောဆိုတတ်သော်လည်း ထိုလူထူးလူဆန်းနှင့်အတူ ရှိနေရခြင်းက ပျော်ရွှင်စရာ ကောင်းသည်ဟု ခံစားရ၏။
တစ်နေ့တွင် ထိုထူးဆန်းသော ပင်လယ်နဂါးမှာ လူသားများ၏ ဝိုင်းရံ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
ထိုနေ့၌ ပင်လယ်ဝါတစ်ခုလုံးတွင် သွေးများဖြင့် နီရဲသွားခဲ့ရပြီး၊ ငါးအုပ်စုများနှင့် ပင်လယ်ငါးမန်းများက ထိုသတ္တဝါ၏ အသားနှင့် သွေးများကို ရူးသွပ်စွာ လုယက်စားသောက်ကြလေတော့၏။
ထိုပင်လယ်နဂါးက မသေဆုံးမီမှာပင် သူ့ကို အနီရောင် အပိုင်းအစလေးတစ်ခုကို ပေးအပ်ခဲ့ပြီး ဤသည်က အလွန် အစွမ်းထက်သော အရာဖြစ်ကြောင်းကို ပြောပြခဲ့သည်။
သူ ထိုအပိုင်းလေးကို မျိုချလိုက်ပြီးနောက် မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်က ဖောင်းကြွလာသည်ကို တွေ့ရှိခဲ့ရ၏။
တဖြည်းဖြည်းနှင့် သူက သူ၏ မိခင်ထက်ပင် ကြီးမားလာခဲ့ပြီး ပင်လယ်ထဲရှိ တခြားသော သတ္တဝါတိုင်းထက်ပင် ကြီးမားလာခဲ့သည်။
ဤအချိန်အတွင်း သူက ဝူဝေ့ရုန်နှင့် တွေ့ဆုံခဲ့ရလေသည်။
စကားများသော လူသားတစ်စုတို့က သူတို့၏ ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေကြသည်ကိုကြည့်ပြီး အရာအားလုံးက ငြီးငွေ့ဖွယ်ကောင်းလွန်းသည်ဟု ယူဆခဲ့၏။
သူနှင့် ဆက်သွယ်နိုင်သည့် တစ်ဦးတည်းသော လူသားဖြစ်သည့် ဝူဝေ့ရုန်မှ စကားပြောရန်အတွက် ကြိုးစားသော်လည်း စိတ်ဝင်စားဖွယ် မကောင်းကြောင်းကို တွေ့ရှိရသည်။
သူက လူတစ်ပိုင်း၊ ငါးကိုယ်တစ်ပိုင်းနှင့် ကြယ်တာရာများကဲ့သို့ပင် တောက်ပနေသော မျက်လုံးများ ရှိသည့် ထိုထူးဆန်းသည့် ပင်လယ်သားရဲကိုသာ လွမ်းဆွတ်နေမိခဲ့၏။
တိတ်ဆိတ်ငြိမ်သက်လွန်းသော ညနေခင်းတိုင်းတွင် ထိုပင်လယ်နဂါးက ရေမျက်နှာပြင်ပေါ်၌ ပေါ်နေသော သူ၏ နောာ်ကျောပေါ်တွင် ထိုင်ပြီး သီချင်းဆိုရင်း သူ၏ နေရပ်ကို လွမ်းဆွတ်တတ်သည်။
သူက သူတို့၏ ဒေသတွင်သာ ရှိသော ပုံပြင်များကိုလည်း ပြောပြတတ်၏။
ထို့အပြင် လူသားများက အလွန် စိတ်ဝင်စားဖွယ် ကောင်းသော သတ္တဝါများ ဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ဖူးသည်။
သို့သော် သူက သေဆုံးသွားခဲ့လေပြီ။
ကမ္ဘာပေါ်တွင် သူကဲ့သို့ ထူးခြားသောသူ နောက်တစ်ယောက် ရှိလာတော့မည် မဟုတ်ပေ။
အပြာရောင် ဝေလငါးမှာ ဘဝကို ငြီးငွေ့ဖွယ်ကောင်းလွန်းသည်ဟု ယူဆနေခဲ့သည်။
သူ၏ တစ်ခုတည်းသော စိတ်ဝင်စားမှုက ထိုအနီရောင် ကျောက်တုံးပင် ဖြစ်၏။
ဤကျောက်တုံးက သူ့ကို တဖြည်းဖြည်း ပိုမို သန်မာလာစေပြီး အုပ်စုလိုက်နေထိုင်တတ်သော သန္ဓေပြောင်း ပင်လယ်နဂါးများကိုပင် ကြောက်ရွံ့စရာ မလိုတော့ပေ။ သူက ပင်လယ်ပြင်တွင် လွတ်လပ်စွာ လှည့်လည်သွားလာနိုင်လောက်အောင် အစွမ်းထက်လာသည်။
သို့သော် သူ ဘဝကို ငြီးငွေ့နေချိန်မှာပင်၊ သေလုမျောပါး ဖြစ်နေပြီး သွေးများဖြင့် နီနေသော အားနည်းသည့် အမျိုးသမီးတစ်ဦးမှ အကူအညီ တောင်းနေသည်ကို ကြားလိုက်ရ၏။
“ကျွန်မကို ကူညီပါဦး”
သူမက ပြောဆိုခဲ့သည်။
သူလည်း အသက်ရှူသံ အားနည်းနေသော ထိုလူသားအမျိုးသမီးကို ရေမျက်နှာပြင်ပေါ်သို့ သယ်ဆောင်လာခဲ့၏။
ဤအားနည်းလွန်းသော ခရုပက်ကျိလေးနှင့်တူသည့် သတ္တဝါလေးက သေဆုံးတော့မည်ဟု သူ အကြိမ်ကြိမ် ထင်မိသည်။
သို့သော် သူမက သူမ၏ ရင်ခွင်ထဲရှိ အချောင်း ပုံစံရှိသော ပစ္စည်းကို ခိုင်မြဲစွာ ဖက်တွယ်ထားရင်း ဝေဒနာများကို ကျော်ဖြတ်နိုင်ခဲ့၏။
အပြာရောင် ဝေလငါးမှာ ဤလူသားကို အတော်လေ့ စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ယူဆမိသည်။
ကောက်ကျစ်သော လူသားများက ထိုအနီရောင် ကျောက်တုံးမှာ ဤအမျိုးသမီး၏ ခန္ဓာကိုယ်ထဲတွင် ရှိသည်ဟု ပြောခဲ့သည်ကို သူ မှတ်မိ၏။
သို့သော် သူက ထိုအမျိုးသမီး၏ ရင်ခွင်ထဲတွင် ပိုက်ထားသည့် အချောင်း ပုံစံရှိသည့် အရာကိုသာ ပို၍ စိတ်ဝင်စားနေခဲ့လေသည်။
ပင်လယ်ထဲသို့ ကျဆင်း၍ သေလုဆဲဆဲ ဖြစ်နေသည့်တိုင်အောင် သူမက ဤအချောင်းလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့၏။
ထို့ကြောင့် ထိုအချောင်းလေးက အလွန်တန်ဖိုးရှိသော ရတနာတစ်ခုသာ ဖြစ်ရမည်။
အပြာရောင် ဝေလငါးက ပင်လယ်ထဲတွင် တိတ်တဆိတ် ကူးခတ်နေရင်း၊ ယင်ရိလျို၏ ရင်ခွင်ထဲရှိ အနီရောင် အချောင်းကို ဖယ်ထုတ်ရန်အတွက် သေးငယ်သော ရေစီးကြောင်းလေးတစ်ခုကို ဖန်တီး၍ လှုပ်ရှားစေလေ၏။
ယင်ရိလျိုက နိုးလာသည့်အချိန်တွင် သူမက ပင်လယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး စိုရွှဲနေသည်ကို တွေ့ရှိရသည်။
သူမ၏ ရင်ဘတ်ပေါ်တွင် ခိုင်မာသော ရေတိုင်လုံးလေးတစ်ခုက လူမိုက်တစ်ဦးကဲ့သို့ ရှေ့နောက် လူးလွန့်နေ၏။
ထိုရေစီးကြောင်းက ပတ်ဝန်းကျင်ရှိ ပူဖောင်းနံရံများထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သူမ တိတ်တဆိတ် ကြည့်နေမိပြီး ရုတ်တရက် သူမ၏ ကြောက်ရွံ့မှုများကလည်း လျော့ပါးသွားခဲ့၏
သူမ၏ အောက်ဘက်ရှိ သန္ဓေပြောင်းသတ္တဝါ၏ တိုက်ခိုက်နိုင်စွမ်းမှာ သူ့၏ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုနှင့် လုံးဝကို ပြောင်းပြန်ဖြစ်နေခဲ့သည်။
ဤသန္ဓေပြောင်း အပြာရောင် ဝေလငါးက ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော စွမ်းရည်များရှိ၏။
သို့သော် သူ၏ စိတ်ကတော့ အသက် ဆယ့်သုံး၊ ဆယ့်လေးနှစ်အရွယ်သာရှိသေးသည့် လူသားတစ်ဦးကဲ့သို့သာ ဖြစ်နေသည်။
သူ၏ ထူးကဲသော ခွန်အားနှင့် ကြီးမားလွန်းသော မာနတို့ကို ပေါင်းစပ်လိုက်သည့်အချိန်တွင် သူက အရွယ်မရောက်သေးသည့် ကလေးငယ်တစ်ဦးနှင့် ပို၍တူနေ၏။
ယင်ရိလျိုတစ်ယောက် လူ့လောကအတွင်း နှစ်ရှည်လများ ကျင်လည်ခဲ့သော အတွေ့အကြုံများမှ ရရှိလာခဲ့သည့် သူမ၏ ကျွမ်းကျင်မှုများကို အသုံးချကာ ဤနက်ရှိုင်းသော ပင်လယ် ပုဂ္ဂိုလ်ကြီးကို သိသာစွာတစ်မျိုး၊ မသိမသာတစ်မျိုးဖြင့် ကောင်းကင်သို့ ရောက်လောက်အောင် ချီးမွမ်းပြီး မြှောက်ပင့်စကားများနှင့် စစ်မှန်သော ကျေးဇူးတင်စကားများကို ရွာချလိုက်လေသည်။
သနားစရာ ကောင်းလွန်းသော အဆင့် (၅) ရှိ သန္ဓေပြောင်း ဝေလငါးကြီးမှာတော့ လူ့လောက၏ အန္တရာယ်များကို မသိရှာပေ။
ထိုသို့ချီးမွမ်းခံရခြင်းကြောင့် သူက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားရပြီး ယင်ရိလျိုကို ကမ်းခြေသို့ ပို့ဆောင်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
ထို့ကြောင့် ယင်ရိလျိုက အလွန်အမင်း ကျေးဇူးတင်စွာ သဘောတူလိုက်လေ၏။
သူမက နေ့စဉ် ဝေလငါး၏ ကျောပေါ်တွင်ဖြစ်စေ၊ ပူဖောင်းထဲတွင် ဖြစ်စေ ထိုင်ကာ ပင်လယ်ပြင်ကို ကြည့်ရှုခြင်း၊ ရေပေါ်သို့ ခုန်တက်နေသော သန္ဓေပြောင်းငါးအုပ်စုများကို ကြည့်ပြီး အားကျခြင်းနှင့် ခမ်းနားထည်ဝါသော ရှုခင်းများကို ခံစားခြင်းတို့ ပြုလုပ်ခဲ့လေသည်။
*