← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း(240)

ယင်ရိလျို၏ ကျောပြင်နှင့် ခန္ဓာကိုယ်ရှိ ဒဏ်ရာများက အတော်ပင် ပြင်းထန်နေလေပြီ။

ထို့ပြင် အဏုဇီဝပိုးမွှားများက ပြည့်နှက်နေသော ပင်လယ်ရေထဲတွင် စိမ်ထားရသည့်အတွက် သူမ နိုးလာသည့် အချိန်တွင် အဆိုးရွားဆုံးသော အစိတ်အပိုင်းများက စတင်ပုပ်နေခဲ့လေ၏။

သူမက သူမ၏ နေရာလွတ်ထဲမှ ခွဲစိတ်ဓားနှင့် အရက်တို့ကို ထုတ်ယူခဲ့သည်။

ထို့နောက် ဒဏ်ရာကို ကိုယ်တိုင် ပိုးသတ်ပြီးနောက် နောက်ကျောဘက်ရှိ ပုပ်နေသော အသားများကို စမ်းတဝါးဝါးဖြင့် လှီးထုတ်ခဲ့သည်။

ဒဏ်ရာအသေးစိတ်ကို သေသေချာချာ မမြင်ရသည့်အတွက် သူမအနေဖြင့် ဒဏ်ရာမရှိသောနေရာများကိုပါ မကြာခဏထိခိုက်မိတတ်သည်။

ဒဏ်ရာများကြောင့် ဖြူဖွေးနူးညံ့သော ကျောပြင်တစ်ခုလုံးက အပေါက်များဖြင့် ပြည့်နှက်သွားရလေသည်။

ထို့အပြင် သူမ၏ အောက်ဘက်ရှိ ဝေလငါး၏ နောက်ကျောပေါ်မှတစ်ဆင့် သွေးအသစ်များကလည်း ပင်လယ်ရေထဲသို့ စီးဝင်သွားခဲ့လေ၏။

ပြင်းထန်သော သွေးညှီနံ့က ပင်လယ်ရေထဲတွင် ပျံ့နှံ့သွားပြီး သားကောင်များကို ချောင်းမြောင်းနေကြသော အမျိုးအစားစုံလင်သော သန္ဓေပြောင်း ပင်လယ်သတ္တဝါများကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်နေခဲ့လေသည်။

သို့သော် ဧရာမဝေလငါးကြီး၏ ခြိမ်းခြောက်မှုကြောင့် မည်သည့် သတ္တဝါကမှ အနားသို့ မချဉ်းကပ်ဝံ့ကြပေ။

အတော်လေးကြီးမားသော သန္ဓေပြောင်း ပင်လယ်ငါးမန်းတစ်ကောင်က ဝေလငါးကြီးကို မကျေမနပ်ဖြင့် အနားတွင်ရစ်ဝဲကာ ကူးခတ်နေ၏။

ဝေလငါးကြီးသည်လည်း ရန်စခံရ၍ ဒေါသထွက်သွားကာ ထိုပင်လယ်ငါးမန်းထံသို့ ရုတ်တရက် ပြေးဝင်သွားသည့်အတွက် ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများက ချက်ချင်းပင် လှုပ်ခတ်သွားတော့သည်။

သူင သန္ဓေပြောင်းလဲပြီးနောက်တွင် မူလကျောက်တုံးဖြင့်လည်း ထပ်မံပေါင်စပ်ထားသောကြောင့် သွားများက အလွန်ပင် ထက်မြက်နေ၏။

သို့ဖြင့် တစ်ကိုက်တည်းနှင့်ပင် ပင်လယ်ငါးမန်း၏ ခန္ဓာကိုယ် တစ်ဝက်ကို ကိုက်ဖြတ်ပစ်လိုက်လေသည်။

ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများက ချက်ချင်းပင် နီရဲသွားသော်လည်း တခြားသော ပင်လယ်သတ္တဝါများကတော့ အနားသို့ မချဉ်းကပ်ဝံ့ကြတော့ပေ။

ယင်ရိလျို တိတ်တဆိတ် တံတွေးမျိုကို ချမိသွားရသည်။

သူမ၏ ခန္ဓာကိုယ်တွင် ချွေးနှင့် ပင်လယ်ရေများက ရောနှောပြီး စေးကပ်နေ၏။

နာကျင်မှုနှင့် သွေးထွက်လွန်မှုတို့ကြောင့် သူမ၏ မျက်နှာနှင့် နှုတ်ခမ်းများကလည်း ဖြူဖျော့နေသည်။

သို့သော် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိ၏။

ဤသန္ဓေပြောင်း ဝေလငါးကြီးက အမှန်တကယ်ပင် လှည့်စားရ လွယ်ကူလွန်းသောကြောင့် သူမအတွက် ကံကောင်းခဲ့သည်။

သို့မဟုတ်ပါက သူမ၏ သေးငယ်သော အရွယ်အစားက တစ်စုံတစ်ဦး၏ သွားကြားထိုးရန်အတွက်ပင် လုံလောက်မည် မဟုတ်ပေ။

အခမဲ့ ကိုယ်ရံတော်နှင့် သယ်ယူပို့ဆောင်ရေး ယာဉ်ကို ရရှိထားသော်လည်း ယင်ရိလျိုက စိတ်မအေးနိုင်သေးပေ။

သန္ဓေပြောင်း ဝေလငါးကြီးက လူသားများကို အထူးစိတ်ဝင်စားနေသည်ကိုတွေ့ရသောကြောင့် သူမက ကုန်းမြေပေါ်ရှိ ကမ္ဘာပျက်ကပ်၏ အကြောင်းကို ဖြည်းဖြည်းချင်း ပြောပြခဲ့သည်။

သူမက ကမ္ဘာမပျက်မီ လူသားတို့၏ ဘဝမှစတင်ပြီး ကမ္ဘာပျက်ပြီးနောက် ဇီဝရုပ်များ၏ သန္ဓေပြောင်းလဲမှုများ၊ ကျရှုသူများနှင့် လမ်းခရီးတစ်လျှောက် ကြုံတွေ့ခဲ့ရသော အခက်အခဲများအကြောင်းအားလုံးကို ပြောပြခဲ့၏။

သူမက စကားပြောနေရင်းဖြင့်ပင် သူမ၏ လက်သီးများကို တဖြည်းဖြည်း တင်းကျပ်စွာဆုပ်ထားမိခဲ့သည်။

ဝေလငါးကြီးက သူမကို ကမ်းခြေသို့ ပို့ဆောင်ပေးမည်ဟု ကတိပြုခဲ့၏။

သို့သော် ဤသမုဒ္ဒရာက မည်သည့် ပင်လယ်အမျိုးအစားမျိုးဖြစ်သည်ကို သူမ မသိရှိပါချေ။ တရုတ်နိုင်ငံနယ်နိမိတ်၏ အပြင်သို့လည်း ရောက်ရှိနေနိုင်ချေလည်း ရှိသည်။

ပင်လယ်ရှုခင်းက လှပသော်လည်း၊ ယင်ရိလျိုအနေဖြင့် ပြောင်းလဲမှုမရှိသော အဝေးတစ်နေရာကိုသာ ငေးကြည့်နေရင်း အဝေးမှ ပင်လယ်စင်ရော်များ၏ အော်သံကို နားထောင်နေတတ်၏။

ဤကဲ့သို့သော အချိန်မျိုးတွင် သူမက သူမ၏ အသင်းဖော်များကိုလွမ်းမိသည်။

အထူးသဖြင့် ကျင်းယန်ကို လွမ်းဆွတ်မိသည်။

“ကုန်းမြေက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ လူသားတွေကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်၊

အခွင့်အရေးရရင်တော့ ငါ ကုန်းမြေကို သွားကြည့်ရမယ်၊ ပြီးတော့ မင်း ပြောတဲ့ ဧရာမသန္ဓေပြောင်း အပင်ကြီးကိုလည်း ငါ ကြည့်ချင်သေးတယ်၊

ငါက ပိုကြီးလား ဒါမှမဟုတ် အဲဒီအပင်က ပိုကြီးသလား ဆိုတာကို တိုင်းတာကြည့်ရမယ်”

အပြာရောင် ဝေလငါးက ကုန်းမြေလောကမှာ မည်မျှအထိစိတ်ဝင်စားဖွယ်ကောင်းကြောင်းကို ပထမဆုံးအကြိမ် သိရှိသွားပြီး သူ၏ ကူးခတ်မှု အရှိန်ကလည်း မြင့်တက်လာခဲ့သည်။

သူက သူ၏ ထူးခြားမှုမှာ အလွန်အစွမ်းထက်သည့် အဆင့် (၅) သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်းနှင့်၊ သမုဒ္ဒရာထဲရှိ နားမလည်နိုင်သော အပြောင်းအလဲများက ကမ္ဘာပျက်ကပ်ကြောင့်ဖြစ်ကြောင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

သို့သော် သူအနှစ်သက်ဆုံး ပုံပြင်များက ကုန်းမြေပေါ်မှ ပုံပြင်များသာဖြစ်၏။

အထူးသဖြင့် ယင်ရိလျို ပြောပြသော ရေမြှုပ်မင်းသမီး ပုံပြင်ပင်။

ထိုပုံပြင်ထဲမှ ရေသူမက ပင်လယ်ဝါတွင် သေဆုံးသွားခဲ့ရသော လူတစ်ပိုင်း ငါးတစ်ပိုင်း သန္ဓေပြောင်းသားရဲနှင့် တူသည်။

ထို့ကြောင့် သူက လူသားများကို အမှန်တကယ်ပင် စိတ်ဝင်စားမိ၏။

သို့သော် သူ့ကို အလွန်ဒေါသထွက်စေခဲ့သည့်အချက်လည်းရှိသည်။

သူက လူသားများကြောင့်သေဆုံးသွားသော သူငယ်ချင်းဖြစ်သူကို သတိရမိသောကြောင့် စိတ်မကြည်မလင် ဖြစ်သွားရ၏။

ထို့ကြောင့် လည်ချောင်းထဲမှ ရှည်လျားသော ဟောက်သံကြီးကို ညှစ်ထုတ်လိုက်ပြီး အတော်ကြာပြီးနောက်မှသာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

“ဒီပုံပြင်ကို ငါကတကယ်ကို သဘောကျတယ်၊ ရေသူမတွေ အားလုံးက ဒီလို တုံးအတဲ့သတ္တဝါတွေဖြစ်နိုင်တာပဲ”

ယင်ရိလျိုက ဝေလငါး၏ ပါးစပ်မှ အားလုံးဟူသော စကားလုံးကို သတိပြုမိသွားသည်။

သူမက အနည်းငယ် စိတ်ရှုပ်ထွေးသွားမိ၏။

သမုဒ္ဒရာထဲတွင် ရေသူမများက အမှန်တကယ် ရှိနေနိုင်သည်လား။

သို့သော် သူမက ထိုအတွေးကို ချက်ချင်းပင် ဖယ်ထုတ်လိုက်လေ၏။

ဒဏ္ဍာရီပုံပြင်ထဲမှ သတ္တဝါများက လက်တွေ့တွင် မည်သို့ ရှိနေနိုင်ပါမည်နည်း။

“ငါ မင်းကို ကုန်းမြေပေါ်ကို အမြန်ဆုံး ပို့ပေးမယ်၊ ပြီးရင်တော့ ငါလည်း နောက်ထပ်လာမဲ့ ရေလှိုင်းဒဏ်ကနေ လွတ်အောင် ရေတိမ်ပိုင်းကနေတစ်ဆင့် ပင်လယ်နက်ထဲကို ပြန်သွားရမယ်”

ဝေလငါးကြီးက အလွန် တည်ငြိမ်စွာ ပြောဆိုလေသည်။

“ အလွန်ဆုံးနေဝင်နေထွက်တဲ့အကြိမ်ရေ သုံးကြိမ်အတွင်းမှာ အသစ်ဖြစ်တဲ့ ရေကြီးမှုတွေ ထပ်ပေါ်လာတော့မယ်လို့ ငါ ခံစားနေရတယ်၊

ဒီတစ်ခေါက်တော့ အရမ်းအန္တရာယ်များမယ့်ပုံပဲ၊ မင်းလည်း ကုန်းမြေပေါ်မှာပဲ နေပြီးတော့ သေချာ ပုန်းနေရမယ်၊ အဲဒီအချိန်ကျရင် ငါက မင်းကို ခေါ်မသွားနိုင်တော့ဘူး”

ယင်ရိလျိုက ထိုရေကြီးမှုာ မည်သည့်အရာဖြစ်ကြောင်းကို မသိပေ။

သို့သော် သန္ဓေပြောင်း ဝေလငါးကြီး၏ တည်ကြည်သောလေသံကို ကြည့်ခြင်းအားဖြင့် ကြီးမားသော တစ်စုံတစ်ခုက ဖြစ်ပျက်တော့မည်ကို ခန့်မှန်းမိသည်။

ဝေလငါးကြီး၏ ငယ်ရွယ်နုပျိုနေဆဲဖြစ်သည့်အသံဖြင့် စိုးရိမ်စကားများကို ပြောနေသည်ကို ကြားရသည့်အချိန်တွင် ယင်ရိလျို၏ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရပေသည်။

သူမက ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေသော ဝေလငါး၏ ကျောကုန်း အစိတ်အပိုင်းလေးကို သူမ၏ လက်ချောင်းများဖြင့် ဖြည်းညှင်းစွာ တို့ထိလိုက်လေ၏။

“တစ်လမ်းလုံး ကျွန်မကို ကာကွယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ရှင်နဲ့ ခွဲရမှာကိုတော့ တကယ့်ကို စိတ်မကောင်းဘူး”

သမုဒ္ဒရာ၏ အရှင်သခင်သတ္တဝါကြီးနှင့် သူငယ်ချင်းဖြစ်လာလိမ့်မည်ဟု သူမ မည်သည့်အချိန်ကမှ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

ကောင်းပြီလေ။

သူတို့က သူငယ်ချင်းများပင် မဟုတ်ခဲ့လျှင်ပင်၊ သူမကတော့ အထီးကျန်နေသော ထိုသတ္တဝါကြီး၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်ဖြစ်၍ ဤပင်လယ်နက်မှ ဝေလငါးကြီးကို အလွန် ကျေးဇူးတင်မိ၏။

သူ၏ ခံစားချက်များက လူသားတို့၏ ခံစားချက်ထက်ပင် ပိုမိုဖြူစင်ပြီး၊ အလွန်လည်း ချစ်စရာကောင်းလွန်းသည်။

ဝေလငါးကြီးက သူ၏ ဧရာမ အမြီးကြီးကို ပိုမိုမြန်ဆန်စွာ လှုပ်ခတ်လိုက်သောကြောင့် ရေများက မီတာပေါင်းများစွာ အမြင့်သို့ စင်ထွက်သွားလေ၏။

ထို့အပြင် အနောက်ဘက်ရှိ ငါးအုပ်စုများကိုလည်း ထိတ်လန့်စေခဲ့ပြီး အရပ်ရပ်သို့ ပြန့်ကျဲသွားစေခဲ့သည်။

အနည်းငယ် မာနကြီးသော ဝေလငါးဟောက်သံကြီးတစ်ခုက ရေအောက်ထဲမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့၏။

သူတို့ ကုန်းမြေပေါ်သို့ ရောက်ရှိသည့်အချိန်တွင်၊ သန္ဓေပြောင်း ဝေလငါးကြီးက သူ၏ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်ကို အသုံးပြုကာ ရေပူဖောင်းငယ်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ယင်ရိလျိုကို အနီးရှိ ကမ်းခြေသို့ ပို့ဆောင်ပေးခဲ့သည်။

ဝေလငါးကြီးက အလွန်ပင် ကြီးမားလွန်းသည်။ ကမ်းခြေ၏ အနီးရှိ ရေကတော့ တိမ်လွန်းသောကြောင့် ဆက်လက်၍ ကူးခတ်ပါက သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးက သောင်တင်သွားနိုင်သည်။

ထို့ကြောင့် သူက မီတာ ထောင်ပေါင်းများစွာ အကွာတွင်သာ တိတ်တဆိတ် ရပ်တန့်နေခဲ့၏။

ယင်ရိလျိုက ဘေးကင်းစွာဖြင့် မြေပြင်ပေါ်သို့ ရောက်ရှိသွားသည့်အချိန်တွင် လှိုင်းထနေသော အနောက်ဘက်မှ ပင်လယ်ပြင်ကို ပြန်လည်ကြည့်ရှုလိုက်လေသည်။

ဆယ်ရက်နီးပါး ကြာမြင့်ခဲ့သော သူမ၏ ပင်လယ်ခရီးစဉ်က အဆုံးသတ်တော့မည်ပင်။

ဝေလငါးကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက အဝေးမှကြည့်လျှင် လုံးဝကို မမြင်ရတော့ပေ။

အကယ်၍ ယင်ရိလျိုသာ သူက ထိုနေရာတွင် ရှိနေကြောင်းကို မသိခဲ့ပါက ထိုဝါးတားတား အရိပ်ကြီးကို ပင်လယ်ပြင်ဟုသာ မှားယွင်းစွာ မှတ်ထင်မိပေလိမ့်မည်။

သူမ ပိုင်ဆိုင်သမျှထဲတွင် အဖိုးတန်ဆုံးအရာက ချီထူဓားဖြစ်သော်လည်း ဤသည်က သူမ၏ ကိုယ်ခံလက်နက် ဖြစ်သည်။

သူမ၏ သိုလှောင်ခန်းထဲတွင်လည်း ရိက္ခာများသာ ပြည့်နေသောကြောင့် ပင်လယ်ထဲမှ သူငယ်ချင်းဖြစ်သူကို အမှတ်တရ ပေးရန်အတွက် တစ်စုံတစ်ခုကို ခဏတာ ရှာမတွေ့ ဖြစ်နေ၏။

မထွက်ခွာမီတွင် ဝေလငါးကြီးက ရေမြှုပ်မင်းသမီး ပုံပြင်ကို အလွန် နှစ်သက်သည်ကို သတိရသောကြောင့်၊ သူမက သူမ၏ ယခင်ကမ္ဘာမှ ကလေးချော့တေး တစ်ပုဒ်ဖြစ်သော Moonlight Sonata ကို ပင်လယ်ပြင်တွင် ညည်းဆိုပြလိုက်လေသည်။

အကြောင်းရင်းကို မသိဘဲ လသာသောညများ၊ ရေသူမများနှင့် ဝေလငါးများ၏ အော်သံများကို ပြောဆိုမိတိုင်း သူမက အမြဲတစေ နက်ရှိုင်းသော ဝေဒနာကို ခံစားရလေ့ ရှိသည်။

ခဏတာ တွေ့ဆုံမှုက ယခင်က မည်သည့် ပတ်သက်မှုမျှ မရှိခဲ့သော သတ္တဝါနှစ်ဦး၏ ကြားတွင် ထူးဆန်းသော သံယောဇဉ်တစ်ခုကို တည်ဆောက်ပေးခဲ့၏။

ယင်ရိလျိုအနေဖြင့် ဤဝေလငါးကြီးနှင့် ထပ်မံ၍ တွေ့ဆုံနိုင်ဦးမည်လားကို မသိပေ။

သို့သော် ဤအတွေ့အကြုံက သူမ၏ နှလုံးသားထဲတွင် မမေ့နိုင်သော အချိန်တစ်ခု သေချာပေါက်ဖြစ်လာလိမ့်မည်။

ပင်လယ်၏ ဘေးဘက်ရှိ ကုန်းမြေပေါ်တွင် သစ်ပင်များက မရှိပေ။

ယင်ရိလျိုက အောက်ဘက်ရှိ နူးညံ့သော သဲသောင်ပြင်ပေါ်တွင် တစ်လှမ်းချင်း လျှောက်ကာ ကမ်းခြေနှင့်ဝေးရာသို့ ထွက်ခွာလာခဲ့၏။

ဝူဝေ့ရုန် သူမကို ချည်နှောင်ထားချိန်က သူမကို သေချာစွာ ရှာဖွေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ချီထူကတော့ သူမ၏ လက်ထဲတွင် ရှိနေခဲ့၏။

သို့သော် သူမကို ဝမ်းနည်းစေသည့် အချက်မှာ ကျင်းယန်က ပြင်ဆင်ပေးထားခဲ့သော သွေးဆေးရည်နှင့် ဓားအိမ်တို့ကို ဝူဝေ့ရုန်က သိမ်းဆည်းသွားခြင်းပင်

၎င်းတို့က ပင်လယ်ထဲတွင် တစ်နေရာရာ၌ နစ်မြုပ်နေနိုင်၏။

သူမက သူမ၏ ဒဏ်ရာများကို အမြန်ပျောက်ကင်းစေချင်၍ ထိုသွေးကို လိုချင်ခြင်း မဟုတ်ပေ။ ထိုသွေးတို့က ကျင်းယန် ချန်ထားရစ်ခဲ့သော အနည်းငယ်မျှသောလက်ဆောင် ဖြစ်သောကြောင့်သာ နှမြောမိခြင်း ဖြစ်ပေသည်။

*

All Chapters