အခန်း ၅၃၅
Vol. 36 Ch. 535
အခန်း (၅၃၅) - ဒါသာမန်ဥတစ်လုံးမဟုတ်ဘူး
မနက်ခင်း နိုးလာသည့်အခိုက်တွင် ရွှီရှင်းသည် မိမိ၏ ရင်ခွင်အတွင်း၌ ငြိမ်သက်စွာ အိပ်ပျော်နေဆဲဖြစ်သော လီဝမ်ရှီး၏ မျက်နှာလေးကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားမိသည်။
သူသည် လက်တစ်ဖက်ကို အသာဆန့်ထုတ်ကာ မည်သည့်အချိန်ကတည်းက ရင်ခွင်ထဲသို့ တိုးဝင်မှီကပ်အိပ်စက်နေခဲ့မှန်းမသိသော သူမ၏ ပါးပြင်နုနုလေးကို လက်ချောင်းများဖြင့် အသာအယာ ဆွဲညှစ်လိုက်၏။
"အင်း... ဟင်။ အား... နာတယ်ဟ"
လီဝမ်ရှီးသည် ချက်ချင်းပင် သူ၏လက်ကို ဖမ်းဆုပ်လိုက်ပြီး မျက်မှောင်လေး အနည်းငယ် တွန့်ကာ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
"နင်... ဘယ်အချိန်ကတည်းက ဒီကို ရောက်လာခဲ့တာလဲ။"
ရွှီရှင်းသည် ကုတင်ပေါ်တွင် ဖြည်းဖြည်းချင်း ထထိုင်လိုက်ရင်း အံ့ဩမှုအပြည့်ဖြင့် မေးလိုက်၏။
ဘာဖြစ်လို့လဲ....။
သူမ အိမ်ထဲသို့ ဝင်ရောက်လာခဲ့သည့် အခိုက်အတန့်ကိုပင် သူ လုံးဝ သတိမထားမိခဲ့ပေ။
သူ၏ အာရုံခံနိုင်စွမ်းဖြင့်ဆိုလျှင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ မဖြစ်သင့်ပေ။
သူမသည် လီဝမ်ရှီး ဖြစ်နေခဲ့ခြင်းကြောင့် ၎င်းကိစ္စက ပြဿနာမဟုတ်ဟု ဆိုနိုင်သည်မှာ မှန်သော်လည်း သူ၏ ကိုယ်ပိုင်သတိရက ဤမျှအထိ အားနည်းသွားခဲ့ပြီလားမသိချေ။
တစ်စုံတစ်ယောက်က သူ၏ကုတင်ပေါ်သို့ တိတ်တဆိတ် တက်ကာ ရင်ခွင်ထဲဝင်အိပ်သွားခဲ့သည့်အထိပင် သူ သတိမထားမိခဲ့ဘူးတဲ့လား...။
ဒါမှမဟုတ်
ရွှီရှင်းသည် ကုတင်ခေါင်းရင်းပေါ်တွင် အစောကြီးကတည်းက အိပ်ရာနိုးနေပြီး မျက်လုံးဝိုင်းလေးများဖြင့် သူတို့နှစ်ယောက်ကို စူးစမ်းကြည့်နေသော ခဲခဲလေးထံသို့ လှမ်းကြည့်လိုက်၏။
ဒီကိစ္စ... ခဲခဲလေးနဲ့များ ဆိုင်နေတာလား...။
"အင်း..."
လီဝမ်ရှီးသည် အိပ်ရာပေါ်တွင် ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး မျက်လုံးလေးနှစ်ဖက်ကို လက်ကလေးဖြင့် အသာပွတ်သပ်လိုက်၏။
ထိုအချိန်တွင် သူမကို လွှမ်းခြုံထားသော စောင်နွေးနွေးလေးမှာ ပခုံးထက်မှ လျှောကျလာပြီး ခန္ဓာကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း လိမ့်ဆင်းသွားလေတော့သည်။
သူမ၏ အပေါ်ပိုင်းတွင် အဝတ်အစားတစ်စုံတစ်ရာမျှ မရှိတော့ဘဲ စောင်လျှောကျသွားသည်နှင့် ဖြူဝင်းနူးညံ့သော အသားအရေက အပြည့်အဝ ပေါ်လွင်လာခဲ့၏။
ထိုမြင်ကွင်းကြောင့် ရွှီရှင်း၏ မျက်လုံးထောင့်များ မထိန်းနိုင်ဘဲ အနည်းငယ် တုန်ခါသွားမိသည်။
အိပ်တဲ့အခါ အဝတ်မဝတ်တတ်တဲ့ အကျင့်လား...။
ဒါပေမယ့်၊ အဲဒီအကျင့်ကလည်း သိပ်မဆိုးဘူးထင်တာပဲ။
"ညနက် ဆယ့်နှစ်နာရီလောက်က ထင်တယ်..."
လီဝမ်ရှီးသည် မျက်လုံးလေးများကို ပွတ်သပ်ရင်း အသံတိုးတိုးဖြင့် ပြောလိုက်၏။
"တစ်ယောက်တည်း အိပ်ရတာကို ဘယ်လိုမှ မခံနိုင်တော့လို့... နင့်ဆီကို လာခဲ့တာပါ။"
"ဆယ့်နှစ်နာရီ... ဟုတ်လား..."
ထိုအချိန်တွင် သူ အိပ်ပျော်သွားသည်မှာ တစ်နာရီခန့်သာ ရှိသေးသည်။
သာမန်အားဖြင့် နက်နက်ရှိုင်းရှိုင်း အိပ်စက်ခြင်းအဆင့်သို့ ရောက်သင့်သည့် အချိန်မျိုး မဟုတ်ပေ။
"နင့်ကို နိုးသွားမှာစိုးလို့ ငါ အိမ်ထဲဝင်လာတဲ့အချိန်ကစပြီး ခြေလှမ်းတိုင်းကို အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေး လှုပ်ရှားခဲ့တာ။"
လီဝမ်ရှီး၏ မျက်ဝန်းများက တဖြည်းဖြည်း ကြည်လင်လာပြီး အိပ်ချင်စိတ်လည်း ပျောက်ကွယ်သွား၏။
"ဒါပေမယ့် နင်ကတော့ အိပ်ပျော်နေတာ အလောင်းကောင်ကြီးလိုပဲ။ ငါ နင့်ရင်ခွင်ထဲအထိ တိုးအိပ်တဲ့အချိန်တောင် လုံးဝ မနိုးခဲ့ဘူးလေ"
ကြည့်ရတာ ဒီကိစ္စအားလုံးက ခဲခဲလေးကြောင့် ဖြစ်ခဲ့တာ ဖြစ်နိုင်သည်။
သာမန်အချိန်များတွင်ဆိုလျှင် ရွှီရှင်းအနေဖြင့် ဤမျှအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေနိုင်ခြင်းမျိုး မရှိနိုင်ပေ။
သို့သော် ထိုအချက်အတွက်တော့ စိုးရိမ်စရာ မလိုအပ်ချေ။
အကယ်၍ အန္တရာယ်တစ်စုံတစ်ရာသာ ရုတ်တရက် ပေါ်ပေါက်လာခဲ့မည်ဆိုလျှင် သူ မနိုးသေးခင်မှာပင် ခဲခဲလေးက သတိအရင်ရကာ သူ့ကို ချက်ချင်း နှိုးပေးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် အခြေအနေနှစ်ခုကြားတွင် ကြီးမားသော ကွာခြားချက် မရှိပေ။
တကယ်တမ်း ခဲခဲလေးထံမှ ထွက်ပေါ်နေသော နူးညံ့သိမ်မွေ့သည့် အိပ်စက်ခြင်းအငွေ့အသက်များကြောင့်သာ မနေ့ညက သူသည် တစ်သက်တာတွင် အနှစ်ခြိုက်ဆုံး အိပ်စက်ခြင်းကို ရရှိခဲ့ပြီး ခန္ဓာကိုယ်နှင့် စိတ်ရောပါ အားအင်အပြည့် ပြန်လည်ဖြည့်တင်းခံလိုက်ရသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
ရွှီရှင်းသည် လီဝမ်ရှီးဘက်သို့ လှမ်းကြည့်လိုက်၏။
ဤမျှစောသေးသည့် မနက်ခင်းအချိန်တွင်ပင် သူမ၏ အိပ်ရာနိုးစ ကိုယ်ဟန်အမူအရာက တကယ်ကို မျက်စိလွှဲဖို့ ခက်ခဲလှပေသည်။
ရွှီရှင်း၏ စူးစိုက်ကြည့်နေသော မျက်လုံးများကို လိုက်ကြည့်ရင်း လီဝမ်ရှီးသည် မိမိ၏ ခန္ဓာကိုယ်ကို အသာငုံ့ကြည့်လိုက်မိ၏။
နောက်တစ်ခဏအတွင်းမှာပင် သူမ၏ မျက်နှာလေးတစ်ခုလုံး မီးလောင်သကဲ့သို့ နီမြန်းသွားပြီး။
"အား..."
အလန့်တကြား အော်လိုက်ကာ စောင်ကို အလျင်အမြန် ဆွဲတင်ပြီး ခန္ဓာကိုယ်ကို ဖုံးလိုက်၏။
သို့သော် စောင်မှာ ပြန်မအုပ်နိုင်ခင်၌ပင် ရွှီရှင်း၏ လက်တစ်ဖက်က အသာအယာ ဆွဲဖယ်လိုက်ပြန်သည်။
"ဟင်... နင်... နင် ဘာလုပ်ချင်နေတာလဲဟင်..."
လီဝမ်ရှီး၏ အသံမှာ ရှက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ ရောနှောနေ၏။
"အခုက မနက်စောစောကြီး ရှိသေးတယ်လေ... ပြီးတော့... ခဲခဲလေးလည်း ဒီအခန်းထဲမှာ ရှိနေသေးတာကို..."
ရွှီရှင်းက ဘာတစ်ခွန်းမှ မပြောဘဲ ခဲခဲလေးကို ညင်သာစွာ ပွေ့ချီလိုက်၏။
ထို့နောက် အိပ်ခန်းအပြင်ဘက်သို့ ခေါ်ထုတ်သွားပြီး တံခါးကိုလည်း အေးအေးဆေးဆေး ပြန်ပိတ်လိုက်လေတော့သည်။
"အီး..."
ခဲခဲလေးသည် ပိတ်သွားသော အိပ်ခန်းတံခါးရှေ့တွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေပြီး တံခါးကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့တော့၏။
ဝက်ဝံပေါက်လေးနှင့်တူသော သူမ၏ မျက်နှာဝိုင်းဝိုင်းလေးပေါ်တွင်တော့ နားမလည်နိုင်သည့် ဇဝေဇဝါအမူအရာများ အထင်းသား ပေါ်လွင်နေခဲ့လေသည်။
...
လီဝမ်ရှီးက ရေချိုးရန် ထွက်သွားပြီးနောက် ရွှီရှင်းသည် အိပ်ခန်းပြတင်းပေါက်ဘေးတွင် ငြိမ်သက်စွာ ရပ်ကာ အပြင်ဘက်သို့ တိတ်ဆိတ်စွာ ငေးကြည့်နေလိုက်သည်။
လက်ရှိအချိန်မှာ မနက်ခြောက်နာရီကျော်နေပြီ ဖြစ်သော်လည်း အပြင်ဘက်တစ်မှာတော့ မှောင်မည်းနေဆဲပင်။
မနေ့ညကလည်း နေ့လယ်လေးနာရီ မထိုးသေးခင်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ဖုံးလွှမ်းသွားခဲ့သည်ကို သူ ကောင်းကောင်းမှတ်မိနေသေး၏။
ကြည့်ရသည်မှာ ယနေ့တွင်လည်း နေထွက်ချိန်က ယခင်ထက် ပို၍ နောက်ကျလာဦးမည်မှာ သေချာနေပြီ ဖြစ်သည်။
ဤပြင်းထန်လှသော ဆောင်းရာသီကြီး ရှည်ကြာလာသည်နှင့်အမျှ ညတာများလည်း တဖြည်းဖြည်း ပိုရှည်လာခဲ့၏။
ရွှီရှင်းသည် စနစ်၏ ဆန်းကြယ်သောအသံက ယခင်က ရှင်ကျန်သူအားလုံးကို "ဆောင်းရာသီကြီးကို အမြန်ဆုံး အဆုံးသတ်နိုင်အောင် ကြိုးစားကြပါ။ မဟုတ်ရင် ကြောက်မက်ဖွယ် အခြေအနေတစ်ခု ရောက်ရှိလာလိမ့်မယ်..." ဟု သတိပေးခဲ့သော စကားများ၏ အဓိပ္ပာယ်ကို ယခုမှသာ တဖြည်းဖြည်း သဘောပေါက်လာသည်။
အကယ်၍ ဤဆောင်းရာသီကြီးသာ ယခုအတိုင်း ဆက်လက်ရှည်ကြာနေဦးမည်ဆိုလျှင် အနာဂတ်တွင် မည်မျှဆိုးရွားသော အခြေအနေများ ပေါ်ပေါက်လာမည်ကိုပင် အလွယ်တကူ ခန့်မှန်းနိုင်လေသည်။
နေ့အချိန်များသည် တဖြည်းဖြည်း ပိုမိုတိုတောင်းလာပြီး ညတာများကတော့ ပို၍ ရှည်လျားလာလိမ့်မည်။
မြေပြင်ကို ဖုံးလွှမ်းထားသော ဆီးနှင်းထုမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုထူထပ်လာကာ ပတ်ဝန်းကျင်အပူချိန်ကလည်း ဆက်တိုက် ကျဆင်းနေဦးမည်ဖြစ်သည်။
နောက်ဆုံးတွင် ဤကမ္ဘာကြီးတစ်ခုလုံးသည် နေရောင်မထွက်တော့သော ဝင်ရိုးစွန်းည ကဲ့သို့ ထာဝရအမှောင်ဖုံးလွှမ်းနေသည့် ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ထိုအချိန်ရောက်လာသည်နှင့် ရှင်ကျန်သူများ၏ သစ်ပင်အိမ်အများစုမှာလည်း ထူထပ်လှသော ဆီးနှင်းထုအောက်သို့ တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်သွားကြရတော့မည် ဖြစ်ပေသည်။
ထို့အပြင် ယင်းသည် ထည့်သွင်းတွက်ချက်ထားသည့် အန္တရာယ်အားလုံးမဟုတ်သေးပေ။
ထိုအချိန်၌ ဆီးနှင်းကမ္ဘာတစ်လျှောက် ဗီဇပြောင်းလဲသွားသော သားရဲများနှင့် လမ်းခရီးအတွင်း ထိပ်တိုက်ရင်ဆိုင်ရနိုင်သည့် အန္တရာယ်များ ထို့ပြင် တစ်ကျော့ပြန် ပေါ်ထွက်လာနိုင်သည့် လုယက်သူအုပ်စုများ၏ ခြိမ်းခြောက်မှုကိုပါ ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်သည်။
ဤအခြေအနေအားလုံးကို ပေါင်းစပ်ကြည့်လိုက်လျှင် အနာဂတ်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှကြောင်း ထင်ရှားနေခဲ့၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် နယ်မြေ ၁၈၈ အတွက်မူ ထိုထူထပ်လှသော ဆီးနှင်းထုကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်ကို လက်ရှိအချိန်၌ အလွန် စိုးရိမ်နေစရာ မလိုအပ်သေးပေ။
မည်သို့ပင်ဆိုစေ နယ်မြေ ၁၈၈ ၏ လက်ရှိအပူချိန်မှာ တစ်နေ့လုံး သုညဒီဂရီအထက်၌ တည်ငြိမ်စွာ ရှိနေခဲ့ရုံသာမက နောင်လာမည့် ရက်များအတွင်းလည်း ဆီးနှင်းထပ်မံကျရောက်တော့မည့် အရိပ်အယောင် မရှိတော့ပေ။
ပြတင်းပေါက်အပြင်ဘက်ရှိ ထူထပ်လှသော ဆီးနှင်းထုကြီးများပင် တဖြည်းဖြည်း အရည်ပျော်စပြုနေသည်ကို အလွယ်တကူ မြင်နိုင်၏။
နေ ထွက်လာသည်နှင့်တစ်ပြိုင်နက် တောအုပ်အနှံ့ သုံးမီတာကျော်အထိ စုပုံနေသေးသော ဆီးနှင်းထုများသည်လည်း အရှိန်အဟုန်ဖြင့် တဖြည်းဖြည်း အရည်ပျော်သွားကြတော့မည် ဖြစ်သည်။
ဤအရှိန်အတိုင်းသာ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုလျှင် ရက်အနည်းငယ်အတွင်း ဤပတ်ဝန်းကျင်တစ်ခုလုံးရှိ ဆီးနှင်းထုများ အပြီးတိုင် ပျောက်ကွယ်သွားဖွယ် ရှိပေသည်။
ထို့ကြောင့် နယ်မြေ ၁၈၈ သို့ လာရောက်ပူးပေါင်းလိုကြသော ရှင်ကျန်သူများအနေဖြင့် ဆီးနှင်းများ လုံးဝအရည်မပျော်သေးမီ အချိန်အတွင်း အမြန်ဆုံး ခရီးနှင်လာနိုင်မှသာ အကောင်းဆုံး အခွင့်အရေးကို ဖမ်းဆုပ်နိုင်မည် ဖြစ်ပေသည်။
သို့မဟုတ်ပါက ၎င်းတို့ အဓိကအားထား အသုံးပြုနေကြသော နှင်းလျှောစီးဘုတ်များ၏ အခြေခံဖြစ်သည့် ဆီးနှင်းထုကြီးများသာ အပြီးတိုင် အရည်ပျော်သွားခဲ့လျှင် သားရဲစီးနင်းကောင်များကဲ့သို့ အစားထိုးသယ်ယူပို့ဆောင်ရေး နည်းလမ်းတစ်ခုမျှ မရှိကြသော ၎င်းတို့၏ လှုပ်ရှားနိုင်စွမ်းသည် သိသိသာသာ ကျဆင်းသွားမည်မှာ သေချာလှပေသည်။
ထိုအချိန်မှာပင် ရွှီရှင်း၏ နားထဲတွင် စနစ်၏ ကျပန်းစွမ်းရည်မြှင့်တင်မှု သတိပေးသံက ထပ်မံပေါ်ထွက်လာခဲ့၏။
[သင်၏ သစ်ပင်အိမ် အလှဆင်အဆင့် သည် အမှတ် ၅၀၀ ကို ကျော်လွန်သွားခဲ့ပြီဖြစ်သောကြောင့် ယနေ့တစ်နေ့တာအတွက် ကျပန်းစွမ်းရည်မြှင့်တင်မှုကို ရရှိပါသည်။
ယနေ့ ရရှိသည့် စွမ်းရည်မှာ — ကံကောင်းခြင်း မြှင့်တင်မှု ဖြစ်သည်။
ဤစွမ်းရည်၏ အကျိုးသက်ရောက်မှုမှာ တစ်နေ့တာလုံး တည်ရှိမည်ဖြစ်သည်။
ထို့အပြင်၊ သင်သည် ယခင်ရရှိခဲ့ဖူးသော စွမ်းရည်မြှင့်တင်မှုများထဲမှ ဒုတိယစွမ်းရည်တစ်ခုကိုလည်း စိတ်ကြိုက် ထပ်မံရွေးချယ်အသုံးပြုနိုင်ပါသည်]
ထိုစနစ်အသံကို ကြားလိုက်ရသည့်ခဏမှာပင် ရွှီရှင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
ကံကောင်းခြင်းလား..။
ကံကောင်းခြင်း စွမ်းရည်မြှင့်တင်မှုတဲ့လား။
ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့သော ထူးဆန်းသည့် စွမ်းရည်မျိုးပင် ရှိနေသေးသည်လော။
တစ်စက္ကန့်ပင် တုံ့ဆိုင်းမနေဘဲ သူသည် စနစ်၏ ကျပန်းစွမ်းရည်မြှင့်တင်မှု စာမျက်နှာကို ချက်ချင်းဖွင့်လိုက်ပြီး ကံကောင်းခြင်း စွမ်းရည်မြှင့်တင်မှု နှင့် သက်ဆိုင်သော အသေးစိတ်ဖော်ပြချက်ကို အမြန်ဖတ်ရှုလိုက်၏။
[ကံကောင်းခြင်း စွမ်းရည်မြှင့်တင်မှု ]
ဤစွမ်းရည် သက်ရောက်နေသည့် ကာလအတွင်း သင်သည် ပြင်ပလောကရှိ အဆင့်မြင့်အရင်းအမြစ်များ၊ ရှားပါးကုန်ကြမ်းများနှင့် အဖိုးတန်ပစ္စည်းများကို ရှာဖွေတွေ့ရှိနိုင်သည့် အခွင့်အရေး သိသိသာသာ မြင့်တက်လာမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သင်ပြုလုပ်သည့် ဖန်တီးမှု၊ ထုတ်လုပ်မှုနှင့် ပေါင်းစပ်မှုလုပ်ငန်းစဉ်များအားလုံး၏ အောင်မြင်နိုင်ချေမှာလည်း အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ပေးမည် ဖြစ်သည်။
ဤစွမ်းရည်၏ အကျိုးသက်ရောက်မှုမှာ သူ စိတ်ကူးထဲတွင် မျှော်လင့်ထားခဲ့သော ကံကောင်းခြင်း နှင့်တော့ အနည်းငယ် ကွဲပြားနေခဲ့၏။
၎င်းသည် ဝတ္ထုများထဲက အဓိကဇာတ်ကောင်များကဲ့သို့ လမ်းလျှောက်ရင်း ရတနာသေတ္တာများကို အလွယ်တကူ ကောက်ရခြင်း သို့မဟုတ် ချောက်ထဲသို့ ပြုတ်ကျသွားရုံဖြင့် ရှေးဟောင်းလက်စွပ်တစ်ကွင်းနှင့် မဟာပညာရှင်တစ်ဦး၏ အမွေအနှစ်ကို အလိုအလျောက် ဆက်ခံရသည့် အဓိကဇာတ်ကောင် ကံကောင်းခြင်း မျိုး မဟုတ်ပေ။
ယင်းသည် စနစ်၏ စည်းမျဉ်းများအပေါ်တွင်သာ တိုက်ရိုက် သက်ရောက်သည့် လက်တွေ့အသုံးဝင်သော ကံကောင်းခြင်း စွမ်းရည် တစ်မျိုးသာ ဖြစ်၏။
၎င်း၏ သက်ရောက်မှုကို ကြည့်လိုက်လျှင် ယခင်က သူစားသုံးခဲ့ဖူးသော ကံကောင်းခြင်း ငါးကြင်း ၏ အကျိုးသက်ရောက်မှုနှင့် အတော်လေး ဆင်တူနေခဲ့၏။
သို့သော် ယခုတစ်ကြိမ်တွင် အကြီးမားဆုံး ကွာခြားချက်တစ်ခု ရှိနေပေသည်။
ယင်းဖော်ပြချက်၏ ရှေ့တွင်"တကယ့်ကို မယုံကြည်နိုင်လောက်အောင် အစွမ်းကုန်..." ဟူသော စာသားလေးကို ထင်ထင်ရှားရှား ထပ်ဖြည့်ထားခဲ့ခြင်းပင် ဖြစ်သည်။
ဤအချက်ကို သဘောပေါက်လိုက်သည်နှင့် ရွှီရှင်း၏ စိတ်ထဲတွင် စမ်းသပ်ကြည့်လိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့၏။
အကယ်၍ ယနေ့ကဲ့သို့ ကံကောင်းခြင်း စွမ်းရည်မြှင့်တင်မှု ကို ရရှိမည်ဖြစ်ကြောင်း ကြိုတင်သိရှိထားခဲ့မည်ဆိုလျှင် ယခင် သစ်ပင်အိမ် ကာကွယ်ရေးတိုက်ပွဲအတွင်း သတ်ဖြတ်ခဲ့သော ဗီဇပြောင်းသတ္တဝါများ၏ ရုပ်အလောင်းအားလုံးကို သူ သေချာပေါက် ကျောပိုးအိတ်ထဲတွင် သိမ်းဆည်းထားခဲ့မည်သာ ဖြစ်သည်။
ထို့နောက် ယနေ့ကဲ့သို့ ကံကောင်းခြင်း စွမ်းရည် သက်ရောက်နေသည့် နေ့ရောက်မှသာ ၎င်းရုပ်အလောင်းများကို တစ်ကောင်ချင်း ထုတ်ယူကာ ဖြတ်တောက်ခြင်း ပြုလုပ်ခဲ့မည် ဖြစ်သည်။
ထိုသို့သာ လုပ်ဆောင်နိုင်ခဲ့လျှင် ရုပ်အလောင်းများအတွင်းမှ ခရမ်းရောင်အဆင့် အရည်အသွေးမြင့် ကုန်ကြမ်းများ ကို ယခင်ထက် လွယ်ကူစွာ ထုတ်ယူနိုင်မည်မှာ သေချာလှပေသည်။
ရွှီရှင်းသည် အိပ်ခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့၏။
ဘေးရှိ ရေချိုးခန်းအတွင်းမှ ရေစီးသံ ကတော့ ယခုထိ ဆက်လက်ကြားနေရဆဲ ဖြစ်သည်။
သူသည် ဧည့်ခန်းဆီသို့ လျှောက်သွားကာ မီးလင်းဖိုရှေ့တွင် ရပ်လိုက်၏။
အပြင်ဘက် အပူချိန်သည် တဖြည်းဖြည်း မြင့်တက်လာနေပြီ ဖြစ်သော်လည်း လက်ရှိအချိန်တွင် သုညဒီဂရီမှ တစ်ဆယ်ဒီဂရီဝန်းကျင်အထိသာ ရှိသေးသဖြင့် လေထုမှာ အေးစက်နေဆဲ ဖြစ်၏။
ထို့ကြောင့် သစ်ပင်အိမ်အတွင်း၌လည်း နွေးထွေးမှု မလုံလောက်သေးဘဲ မီးလင်းဖိုကို ဆက်ပြီးလောင်နေစေခြင်းကသာ အသင့်တော်ဆုံး ဖြစ်ပေသည်။
အခန်း ၅၃၅ ပြီး။