← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄)

အဆုံးသတ်

တစ်ချိန်တည်းမှာပင် မြို့တော်အတွင်းရှိ ရှောင်းကျန်းသည် ဝါးခြမ်းကို အလယ်ကခွဲသကဲ့သို့ တဟုန်ထိုး တိုးဝင်လာသော ကျင်းစစ်တပ်ကြီးကို ကြည့်ကာ စိတ်နှလုံး ညှိုးငယ်သွားခဲ့ရပြီး ခါးသီးသော အပြုံးတစ်ခုကိုသာ မချိတင်ကတ် ပြုံးလိုက်မိတော့သည်။

"ငါ အကွက်ရွှေ့တာ များသွားပြီပဲ..."

သူသည် မိသားစုမှ စနစ်တကျ ဖွဲ့စည်းထားသော အသေခံတပ်သားများကို မြို့တံခါးများဆီသို့ ချက်ချင်းပင် အပြင်းအထန် ချီတက်စေခဲ့ပြီး၊ ကျင်းစစ်တပ် ထိုးဖောက်မဝင်ရောက်မီ မြို့တံခါးကို ဖွင့်လှစ်နိုင်ရန် မျှော်လင့်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ဤတိုက်ပွဲတွင် သူ၏ ရှောင်းမိသားစုအနေဖြင့် စွမ်းဆောင်ရည်ပြသရန် လိုအပ်ပေသည်။

ရှောင်းမိသားစု၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ယိမ်းယိုင်နေပြီးသားဖြစ်သော ခုခံရေးစစ်ကြောင်းမှာ ခဏချင်းပင် ပြိုလဲပျက်စီးသွားခဲ့ပြီး မြို့ပြင်ရှိ ကျင်းစစ်တပ်ကြီးသည် တဟုန်ထိုး တိုးဝင်လာခဲ့ကြတော့သည်။

မြို့တံခါးသုံးခုစလုံးကို ကျင်းစစ်တပ်မှ အဆင့်ဆင့် ချိုးဖျက်နိုင်ခဲ့သည်။ စစ်တပ်မတော်ကြီး၏ ဗဟိုတွင် ရှိနေသော ကျန်းလျောင်သည် မြင်းထက်၌ ထိုင်လျက် ကျင်းစစ်တပ်များအား အစီအစဉ်တကျ အဆင့်ဆင့် မြို့တွင်းသို့ ချီတက်ဝင်ရောက်ရန် ကွပ်ကဲနေခဲ့သည်။

သူ၏ ဘေးနားတွင်မူ ချန်ကန်းသည် ကျန်းလျောင်၏ စစ်ရေးဗျူဟာ ပါရမီကို တိတ်တဆိတ် လေ့လာသင်ယူနေခဲ့သည်။ ဝမ်ကျင်းသည် ချန်ကန်းအား ပျိုးထောင်ပေးရန် ရည်ရွယ်ချက်ရှိကြောင်း ကျန်းလျောင်သည်လည်း ကောင်းမွန်စွာ သိရှိနားလည်သဖြင့် အခွင့်အခါရတိုင်း ၎င်းအား သွန်သင်ပြသပေးလေ့ရှိသည်။

"မင်းမှာ မေးချင်တဲ့ မေးခွန်းရှိလား..."

ချန်ကန်းသည် ထိုစကားကို ကြားသောအခါ အရိုအသေပြု ဦးညွှတ်လျက်

"သတင်းပို့ပါတယ် စစ်သူကြီး... ကျွန်ုပ်မှာ သိလိုတဲ့ မေးခွန်းတစ်ခု ရှိပါတယ်..."

"မေးပါ..."

ချန်ကန်းသည် ခန့်ညားထည်ဝါ၍ ကြီးကျယ်ခမ်းနားလှသော လော့နန်နိုင်ငံ၏ နန်းမြို့တော်ကြီးအား လှမ်းမြော်ကြည့်လိုက်ပြီး

"ကျွန်ုပ် နားမလည်နိုင်တာက လော့နန်နိုင်ငံ နန်းမြို့တော်ရဲ့ မြို့တံတိုင်းတွေက ကြီးမားပြီး ခုခံအားကောင်းပြီးတော့ သူတို့၏ စစ်သည်တော်တွေကလည်း လက်နက်အင်အား အပြည့်အစုံ တပ်ဆင်ထားတာတောင်မှ ဘာဖြစ်လို့ ဒီလောက် လွယ်လွယ်ကူကူနဲ့ အရှုံးပေးလိုက်ရတာလဲ၊ လူရိုင်းမျိုးနွယ်စုချင်းအတူတူ ဖြစ်တာတောင် မြောက်ဘက်မြက်ခင်းပြင်က ဟွန်းလူမျိုးတွေနဲ့ အနောက်ဘက်ဒေသရဲ့ နိုင်ငံအသီးသီးကို ထည့်မပြောရင်တောင်မှ... ယွဲ့လူမျိုးတွေကြားမှာတောင် သားရေတွေကို ဝတ်ဆင်ပြီး သားကောင်အရိုးတွေကို ကိုင်စွဲတိုက်ခိုက်ကြတဲ့ မန်လော့မျိုးနွယ်စုနဲ့ ယွီဝူမျိုးနွယ်စုတို့ကိုတောင် မမှီတာလဲ..."

ချန်ကန်းသည် နန်းမြို့တော် ကာကွယ်ရေးတပ်ဖွဲ့များ၏ ဤမျှအထိ ပျော့ညံ့စွာ အလွယ်တကူ ရှုံးနိမ့်သွားခြင်းအပေါ် လွန်စွာ တုန်လှုပ်အံ့ဩနေခဲ့သည်။ ခုခံရန်လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲလှသော ဤကဲ့သို့သော ဧရာမ မြို့တော်ကြီးကို စောင့်ကြပ်နေပါလျက်နှင့် ၎င်းသည် ဝူချီမြို့တော်ထက်ပင် ပိုမိုမြန်ဆန်စွာ ကျဆုံးသွားခဲ့ရသည် မဟုတ်ပါလား။

ကျန်းလျောင်က သူ့အား အသာအယာ လှမ်းကြည့်လိုက်ပြီးနောက်

"စစ်ရေးဗျူဟာမှာ အဆင့်အမြင့်ဆုံး တိုက်ခိုက်မှုက ရန်သူရဲ့ စစ်မဟာဗျူဟာနဲ့ အကွက်ချစီမံမှုတွေကို ရိုက်ချိုးဖျက်ဆီးတာဖြစ်ပြီး၊ ဒုတိယအဆင့်မှာ ရန်သူရဲ့ မဟာမိတ်တွေနဲ့ ဆက်ဆံရေးတွေကို ဖျက်ဆီးတာ၊ တတိယအဆင့်မှာ ရန်သူရဲ့စစ်တပ်ကို တိုက်ရိုက်တိုက်ခိုက်ချေမှုန်းခြင်းဖြစ်ပြီး၊ အနိမ့်ဆုံးနဲ့ အဆိုးရွားဆုံးအဆင့်မှာတော့ မြို့တံတိုင်းတွေကို အင်အားသုံးပြီး တိုက်ခိုက်သိမ်းပိုက်တာပဲ..."

"စစ်သည်တော်တွေကို အသုံးပြုဖို့ အကောင်းဆုံး လမ်းစဉ်ကတော့ ရန်သူရဲ့ စီမံကိန်းတွေနဲ့ စစ်ဗျူဟာတွေကို ပျက်ပြားသွားအောင် ပြုလုပ်တာ၊ ရန်သူရဲ့ တိုက်ပွဲဝင်လိုစိတ်ကို အမြစ်ကနေ ဖျက်ဆီးတာ၊ မတိုက်ခိုက်ရဘဲ ရန်သူကို လက်နက်ချလာအောင် ပြုလုပ်တာပဲ..."

"ဒုတိယနည်းလမ်းကတော့ ဥပါယ်တံမျဉ်တွေဖြင့် ရန်သူကို အချင်းချင်း အုပ်စုကွဲသွားအောင် မဟုတ်ရင် သူတို့ရဲ့ မဟာမိတ်တွေကို ဖြတ်တောက်ပြီးတော့ ရန်သူ့အင်အားကို အားနည်းသွားစေတာ မဟုတ်ရင် ပြည်တွင်းစစ် ဖြစ်လာအောင် လှုံ့ဆော်ပေးတာပဲ..."

"ပြောသွားတဲ့ စစ်ဗျူဟာ ၂ခုစလုံးက ရန်သူကို လုံးဝ မချေမှုန်းနိုင်သေးဘူးဆိုကာမှ စစ်တပ်တွေကို စေလွှတ်ပြီး ရန်သူရဲ့ စစ်အင်အားကို ပိတ်ဆို့ဟန့်တားတာ သို့မဟုတ် တိုက်ခိုက်ပြီး စစ်မြေပြင်မှာ စစ်ဗျူဟာခင်းကျင်းခြင်းနဲ့င့် စစ်သည်ရွှေ့ပြောင်းခြင်းနည်းလမ်းတွေကို သုံးပြီးတော့ ရန်သူကို တိုက်ပွဲမှာ အနိုင်ယူတာပဲ..."

"နောက်ဆုံး ရွေးချယ်စရာမရှိတဲ့ အခြေအနေကျမှသာ မြို့တွေကို တိုက်ရိုက်တိုက်ခိုက်ပြီး နယ်မြေသတ်မှတ်သိမ်းပိုက်တာတွေကို ပြုလုပ်ရပြီး၊ အဲဒီနည်းက ရင်းနှီးမှုအများဆုံးနဲ့ အန္တရာယ်အရှိဆုံးပဲ၊ အဲဒီနည်းလမ်းကို သုံးရင် လူအင်အားနဲ့ ရိက္ခာပစ္စည်း အမြောက်အမြားကို ဆုံးရှုံးသွားစေနိုင်တဲ့အပြင် မြို့ကို ဝိုင်းရံတိုက်ခိုက်တာက ရန်သူကို အနိုင်ယူဖို့ သူ့ထက် အဆပေါင်းများစွာ အသုံးပြုရလို့ ငါတို့ဘက်မှာ စစ်ရေးဖိအားကို ပိုများလာစေနိုင်တယ်..."

ချန်ကန်းသည် ဤစကားကို ကြားသောအခါ အတွေးကမ္ဘာထဲသို့ နစ်မြောလျက် ခေါင်းညိတ်လိုက်လေသည်။ ချန်ကန်း တွေးတောဆင်ခြင်နေသည်ကို မြင်သောအခါ ကျန်းလျောင်က ဆက်လက်၍ သွန်သင်ဆုံးမလေသည်။

"လော့နန်နိုင်ငံက ဒီလို အခြေအနေမျိုးဖြစ်လာပြီး သားသတ်ခုံပေါ်က အသားတုံးတစ်တုံးလို ဖြစ်နေရတာက အစောကတည်းက အကွက်ချစီမံထားခဲ့သော စစ်ဗျူဟာရဲ့ ရလဒ်ကြောင့်ပဲ..."

"ဒီတိုက်ပွဲပြီးသွားရင် မင်းလည်း သေချာပြန်စဉ်းစားဆင်ခြင်ကြည့်ဦး၊ တကယ်လို့ မရှင်းတဲ့အပိုင်းတွေရှိရင် အမတ်ကြီးတွေကို သွားပြီး တိုင်ပင်လို့ရတယ်..."

"နားလည်ပါပြီ စစ်သူကြီး..."

"ကဲ... မြို့ထဲကို ဝင်ကြစို့..."

မြို့တံခါးများကို ချိုးဖျက်ပြီးနောက် ကျင်းစစ်တပ်သည် လမ်းမများပေါ်တွင် စနစ်တကျ တန်းစီနေရာယူထားခဲ့ကြသည်။ စစ်မိန့်မရှိဘဲ သူတို့သည် သွေးရူးသွေးတန်း လှုပ်ရှားခြင်း မပြုရဲကြချေ။ ပြည်သူများကို နှောင့်ယှက်ခြင်းနှင့် အဓမ္မ လုယက်ဖျက်ဆီးခြင်းကဲ့သို့သော ကိစ္စရပ်များမှာ လုံးဝ ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။

ဝမ်ကျင်းသည် စစ်တပ်အပေါ် ဆုလာဘ်များကို ရက်ရောစွာ ပေးကမ်းတတ်သော်လည်း စစ်စည်းကမ်းကိုမူ အလွန်အမင်း တင်းကျပ်စွာ ပြဋ္ဌာန်းထားခဲ့သည်။ စစ်မိန့်ကို ဖောက်ဖျက်ကျူးလွန်သူများအား အသေးအဖွဲဖြစ်ပါက ကြာပွတ်ဖြင့် ရိုက်နှက်ပြီး ကြီးလေးသော ပြစ်မှုဖြစ်ပါက ခေါင်းဖြတ်ကွပ်မျက်စေသည်။ အပေါ့ပါးဆုံးသော အပြစ်ပေးမှုတွင်ပင် လက်မောင်းခန့် ထုထည်ရှိသော စစ်တပ်သုံး လေးထောင့်တုတ်ကြီးဖြင့် ရိုက်နှက်ခြင်း ခံရပါက အရေပြားများ စုတ်ပြတ်ကာ၊ အသားများ လွင့်စင်ပြီး၊ အကြောနှင့် အရိုးများအထိ ကျိုးပဲ့ပျက်စီးသွားတတ်ပေသည်။ မည်သူပင်ဖြစ်စေကာမူ ခြွင်းချက်မရှိ မျက်နှာသာပေးခြင်းမရှိဘဲ တန်းတူရည်တူ အရေးယူဆောင်ရွက်လေသည်။

သူ၏ အာဏာစက်ကို စိန်ခေါ်ဝံ့သူမှန်သမျှမှာ အခြေခံအားဖြင့် ရှင်းလင်းသုတ်သင်ခြင်း ခံခဲ့ရပြီး ဖြစ်သည်။ ဤကဲ့သို့သော သွေးထွက်သံယို စံနမူနာများ ရှိနေသဖြင့် နောက်နောင်တွင် မည်သူမျှ စည်းကမ်းဖောက်ဖျက်ရန် မဝံ့ရဲကြတော့ချေ။ ငွေကြေးဥစ္စာများနှင့် တိရစ္ဆာန်ကဲ့သို့သော ရမ္မက်ဆန္ဒများကို ဖြည့်ဆည်းခြင်းထက် မိမိတို့၏ အသက်မှာ ပိုမို၍ တန်ဖိုးရှိသည် မဟုတ်ပါလား။

အထူးသဖြင့် စနစ်မှ စစ်သည်တော်များသည် ဝမ်ကျင်း၏ စစ်မိန့်များကို သစ္စာရှိစွာ လိုက်တာစောင့်ထိန်းကြပြီး စစ်စည်းကမ်းများကို ကိုယ်တိုင်ကိုယ်ကျ ထိန်းသိမ်းကာ မိမိတို့၏ ရဲဘော်ရဲဘက်များကိုပင် စောင့်ကြည့်အကဲခတ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ စစ်တပ်ကြီးတစ်ခုလုံး၏ စစ်စိတ်ဓာတ်နှင့် စည်းကမ်းမှာ ပိုမို၍ ကျစ်လျစ်ခိုင်မာလာခဲ့သည်။

နန်းမြို့တော်အတွင်းရှိ ပြည်သူအများစုမှာ မြို့ကျဆုံးသွားချိန်တွင် စစ်ဘေးစစ်ဒဏ်၏ ဆိုးရွားလှသော ကံကြမ္မာကို ရင်ဆိုင်ရတော့မည်ဟု အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။ သို့သော် လမ်းမများထက်တွင် စနစ်တကျ နေရာယူထားသော ကျင်းစစ်တပ်ကြီးကို မြင်တွေ့ရသောအခါ သူတို့အားလုံးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ကြရသည်။

ဆံပင်ဖြူအဖိုးအိုတစ်ဦးသည် သူ၏ သားနှင့် ချွေးမဖြစ်သူတို့၏ တားဆီးမှုများကို ဂရုမစိုက်ဘဲ အိမ်တံခါးကို ဖွင့်လှစ်ကာ လမ်းမပေါ်ရှိ ကျင်းစစ်တပ်ကြီးအား စိုက်ကြည့်နေခဲ့သည်။

"တကယ်ကို... မဟာနိုင်ငံတော်ကြီးရဲ့ နတ်စစ်တပ်တော်ကြီးပါလား..."

အနီးနားရှိ ကျင်းစစ်သည်အချို့သည် ထိုအဖိုးအို၏ ကြည်လင်ပြတ်သားသော အသံကို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ၊ ထိုအဖိုးအိုသည် လျှော်အဝတ်ကြမ်းကို ဝတ်ဆင်ထားပြီး မဟာကျင်းနိုင်ငံသားများနှင့် မခြားနားလှဘဲ ရင်းနှီးကျွမ်းဝင်လှသော မဟာကျင်းဘာသာစကားကို ပြောဆိုနေကာ မျက်နှာသွင်ပြင်မှာလည်း ကျင်းလူမျိုးများနှင့် ခွဲခြားမရနိုင်အောင် တူညီနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအခါ သူတို့၏ စိတ်အတွင်း၌ လူရိုင်းမျိုးနွယ်စုများအပေါ် ထားရှိသော စက်ဆုပ်ရွံရှာမှုနှင့် အထင်အမြင်သေးမှုများမှာ သိသိသာသာ လျော့ပါးပျောက်ကွယ်သွားခဲ့လေသည်။

အရပ်မြင့်ကာ အားကောင်းမောင်းသန်သည့် တပ်စုမှူးတစ်ဦးက ထိုအဖိုးအိုအား လှမ်းကြည့်လျက် လက်ဝှေ့ယမ်းပြကာ

"အဖိုး... စစ်ပွဲက မပြီးသေးဘူး၊ မြန်မြန် အိမ်ထဲဝင်ပြီး ပုန်းနေလိုက်ပါဦး..."

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... ကြည့်စမ်း၊ ဒါကမှ မဟာနိုင်ငံတော်ကြီးရဲ့ အရှိန်အဝါနဲ့ ကျင့်ဝတ်ပဲ၊ ဟိုလူတွေနဲ့တော့ လုံးဝမတူဘူး..."

အဖိုးအိုသည် တစ်ယောက်တည်း ရေရွတ်လျက် လှည့်၍ အိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့လေသည်။

ယခုအချိန်တွင် နန်းမြို့တော်အတွင်းရှိ ပြည်သူအများစုသည်လည်း ထိုအဖိုးအိုကဲ့သို့ပင် ကျင်းစစ်တပ်ပေါ် ကောင်းမွန်သော အမြင်များ အဆမတန် တိုးပွားလာခဲ့ကြပြီး မြို့တော်အတွင်းရှိ 'ကွန်ရက်' မှ ဖြန့်ဝေထားသော သတင်းများကိုလည်း စတင်ယုံကြည်လာကြတော့သည်။ ဤသည်မှာ နောင်အနာဂတ်တွင် ဝမ်ကျင်းအနေဖြင့် ဤဒေသကို အုပ်ချုပ်စိုးစံရန်အတွက် အလွန်အမင်း အကျိုးရှိစေမည် ဖြစ်သည်။ ပြည်သူများ၏ ထောက်ခံမှုကို ရရှိပါက နောက်ကွယ်မှ ဖုံးကွယ်နေသော အန္တရာယ်များစွာမှာလည်း လျော့ပါးသွားမည် မဟုတ်ပါလား။

ကျင်းစစ်တပ်ကြီးသည် မြို့တွင်းသို့ တဟုန်ထိုး တိုးဝင်လာသည်နှင့်အမျှ မြို့တွင်းရှိ ခုခံမှုများမှာလည်း တဖြည်းဖြည်း အားနည်းသွားခဲ့လေသည်။ ကျန်ရှိနေသော ခေါင်းမာသည့် ခုခံသူများသည် မြို့တံခါးများ ကျဆုံးသွားပြီးနောက် တော်ဝင်နန်းတော်ကြီးဆီသို့ ဆုတ်ခွာသွားခဲ့ကြသည်။

ဝမ်ကျင်း၊ ချန်ယွီနှင့် အခြားသူများသည်လည်း ဤအချိန်တွင် မြို့တွင်းသို့ လှမ်းမြော်ဝင်ရောက်လာခဲ့ကြသည်။ မဟာကျင်းမြို့တော်များနှင့် ဆင်တူသော်လည်း လူရိုင်းမျိုးနွယ်စုတို့၏ အငွေ့အသက်အချို့ ရောပြွမ်းနေသော အဆောက်အအုံများနှင့် အိမ်တွင်း၌ ငြိမ်သက်စွာ နေထိုင်နေကြပြီး မည်သူမျှ ဆူပူသောင်းကျန်းခြင်း မပြုကြသော ပြည်သူများကို ကြည့်ကာ ဝမ်ကျင်းသည် အသာအယာ ခေါင်းညိတ်လိုက်မိသည်။

ဤအခြေအနေမှာ ကျိန်းအူမြို့တော်ကို သိမ်းပိုက်စဉ်ကနှင့် လွန်စွာ ကွာခြားလှပေသည်။ ထိုစဉ်က ကျိန်းအူမြို့တော်ကို သိမ်းပိုက်ထားသော ယွီဝူမျိုးနွယ်စုများသည် ကျင်းစစ်တပ်အပေါ် ပြင်းထန်စွာ ရန်လိုခဲ့ကြသော်လည်း ဝမ်ကျင်းအနေဖြင့် သူတို့အား စည်းရုံးသိမ်းသွင်းရန် မည်သည့်အခါမျှ မစဉ်းစားခဲ့ချေ။ ပထမအချက်မှာ လူဦးရေ နည်းပါးလွန်းလှသဖြင့် အားထုတ်ရကျိုးမနပ်ခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာ ယွီဝူလူမျိုးများသည် မဟာကျင်းနိုင်ငံအပေါ် မည်သည့် သံယောဇဉ်နှင့် အသိအမှတ်ပြုမှုမျှ မရှိကြသောကြောင့် ဖြစ်၏။

သို့သော် လော့နန်နိုင်ငံ၏ ပြည်သူများမှာမူ မတူညီကြချေ။ သူတို့သည် ကျင်းလူမျိုးများအပေါ် ရန်လိုမုန်းတီးခြင်း မရှိကြသည့်အပြင် များပြားလှသော လူဦးရေမှာလည်း အကောင်းဆုံးသော လုပ်သားထုကြီး ဖြစ်လာနိုင်သဖြင့် သူတို့အား စည်းရုံးသိမ်းသွင်းရန် အမှန်တကယ် လိုအပ်ပေသည်။

ထို့ကြောင့် စစ်ပွဲမစတင်မီကတည်းက နန်းမြို့တော်ကို ဖောက်ဖျက်ပြီးနောက် စစ်စည်းကမ်းများကို မပျက်မကွက် တင်းကျပ်စွာ ထိန်းသိမ်းရန် အကြိမ်ကြိမ် အလေးအနက် မှာကြားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိမူ ၎င်း၏ အကျိုးသက်ရောက်မှုမှာ လွန်စွာ ထင်ရှားလှပေသည်။

"ဒါဆိုရင်... အခု နန်းတော်ပဲ ကျန်တော့တာပေါ့..."

"ကျန်းလျောင် နန်းတော်ကို အပြင်းအထန် တိုက်ခိုက်ပြီး ကျန်ရှိနေတဲ့ ခေါင်းမာတဲ့ ရန်သူတွေကို အမြစ်ပြတ် သုတ်သင်ပစ်လော့..."

"အမိန့်အတိုင်းပါ သခင်ကြီး..."

ယခုအချိန်တွင်မူ တော်ဝင်နန်းတော်အတွင်း၌ တူယာရွှီသည် ရွှေနှင့် ကျောက်မျက်ရတနာများ စီခြယ်ထားသော ရွှေပလ္လင်ထက်၌ မျက်နှာတစ်ခုလုံး ပြာနှမ်းလျက် စိတ်ပျက်လက်ပျက် ထိုင်နေခဲ့လေသည်။ ကျယ်ပြန့်လှသော နန်းရင်ပြင်ကြီးတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေခဲ့ပြီး သူသည် သူ၏ ယုံကြည်စိတ်ချရသော ကိုယ်ရံတော်များနှင့် အစေခံအားလုံးကို မောင်းထုတ်ထားခဲ့ပြီး ဖြစ်သည်။

သူသည် စစ်ရှုံးမည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ကျင်းစစ်တပ်ကြီးသည် အင်အားကြီးမားလှသဖြင့် ခုခံရန် ခက်ခဲလိမ့်မည်ဟု သိရှိထားခဲ့သည်။ သို့သော် ဤမျှအထိ လျင်မြန်စွာ ရှုံးနိမ့်သွားလိမ့်မည်ဟုမူ သူ ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့မိချေ။ တစ်ရက်မျှပင် မခုခံနိုင်ဘဲ မြို့တော်ကြီး ချိုးဖျက်ခြင်း ခံလိုက်ရသည် မဟုတ်ပါလား။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်ပြန့်လှသော နန်းမြို့တော်ကြီးသည် အရှင်သခင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ၊ သူသည် ဤနန်းတော်ငယ်လေးအတွင်း၌ ပုန်းအောင်းနေရုံမျှဖြင့် မည်သို့ တတ်နိုင်ဦးမည်နည်း။ စောစောနှင့် နောက်ကျ သေဆုံးရမည့် ကွာခြားချက်မျှသာ ရှိတော့ပေသည်။

ဤအချက်ကို တွေးမိသောအခါ တူယာရွှီသည် ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ ဝတ်ရုံအတွင်းမှ ဆေးပုလင်းငယ်တစ်ခုကို ထုတ်ယူကာ ဆေးလုံးများကို လက်တစ်ဆုပ်စာ သွန်းလောင်းလျက် ပါးစပ်အတွင်းသို့ ပစ်ထည့်ကာ အရက်အိုးဖြင့် မျိုချပစ်လိုက်လေသည်။

ခဏမျှအကြာတွင် တူယာရွှီ၏ မျက်နှာတစ်ခုလုံးသည် ညိုမည်းသွားခဲ့ပြီး မသန့်စင်သော သွေးပုပ်များသည် သူ၏ နှုတ်ခမ်းထောင့်မှတစ်ဆင့် စီးကျလာခဲ့တော့သည်။

သူသည် ထွက်ပြေးတိမ်းရှောင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် လက်ခံရန် ခက်ခဲလှသော ဤအရှုံးရလဒ်ကို မရင်ဆိုင်ဝံ့သကဲ့သို့ ရန်သူ၏ လက်တွင်းသို့ ကျရောက်၍ အရှက်ကွဲ အောင်မြင်ခြင်းကိုလည်း မခံယူလိုချေ။ ယခုအချိန်တွင်မူ ၎င်း၌ နန်းတော်ပြင်ပသို့ လှမ်းလျှောက်ပြီး ကျင်းစစ်တပ်ကို ရင်ဆိုင်ရဲသော သတ္တိပင် မရှိတော့သဖြင့် ဤကဲ့သို့သော ရှုပ်ထွေးလှသည့် အခြေအနေဆိုးကြီးကို ချန်ထားရစ်ကာ မိမိ၏ အသက်ကို ကိုယ်တိုင် အဆုံးစီရင်သွားခဲ့ရုံသာ တတ်နိုင်ခဲ့တော့သည်။

တူယာရွှီ၏ အားအင်ကုန်ခမ်းနေသော လက်ချောင်းများကြားမှ အရက်အိုးသည် လွတ်ကျသွားခဲ့ပြီး မြေပြင်ထက်တွင် ကျကွဲသံများနှင့်အတူ... ယွဲ့လူမျိုးများနှင့် ကျင်းလူမျိုးများ ပူးပေါင်းတည်ထောင်ထားခဲ့သော လော့နန်နိုင်ငံကြီးသည်လည်း လုံးဝ ချုပ်ငြိမ်းပျက်သုဉ်းသွားခဲ့ပြီး သမိုင်းကဏ္ဍထက်မှ ထာဝရ ဖယ်ခွာသွားခဲ့ရတော့သည်...။

All Chapters