← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း (၂၀၇)

ထိန်းချုပ်ခြင်း

နန်းတော်မဟာခန်းမဆောင်ကြီး၏ အပြင်ဘက်တွင် မွန်းတည့်နေမင်းမှာ ပူပြင်းတောက်လောင်နေသော်လည်း ရှောင်းကျန်းနှင့် အခြားသူများမှာမူ နှလုံးသားထဲအထိ အေးစက်သွားကြသည်ကို ခံစားလိုက်ရသည်။ အထူးသဖြင့် ယွီလော့၏ မယ်တော်အရင်းဖြစ်သူမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရင်နေခဲ့၏။

သူတို့၏နောက်ကွယ်ရှိ ခန်းမဆောင်ကြီးအတွင်းမှ ထွက်ပေါ်လာသော စူးစူးဝါးဝါး အော်ဟစ်ညည်းတွားသံများက သူတို့၏ အရေပြားကို ဓားဦးချွန်ဖြင့် မွှန်းနေသကဲ့သို့ ခံစားရစေကာ လွန်စွာပင် ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလှပေသည်။

ဝမ်ကျင်း၏ အကြည့်များက လူအုပ်ကြီးအပေါ်သို့ ဝှေ့ယမ်းဖြတ်သန်းသွားခဲ့ပြီး သူ၏မျက်နှာထားမှာ ခက်ထန်တည်တင်းနေ၏။ ထို့နောက် သူသည် ရှေ့သို့လှမ်းနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ကာ သွေးချောင်းစီး သတ်ဖြတ်မှုများ ဖြစ်ပွားနေသည့် ခန်းမဆောင်ကြီးဆီသို့ ပြန်လည်လှည့်ကြည့်လိုက်သည်။

“မင်းတို့အားလုံးက ဒီဘုရင်ခံရဲ့ နည်းလမ်းတွေဟာ လွန်ကဲလွန်းတယ်လို့ ထင်နေကြတာလား။”

မည်သူမျှ စကားတစ်ခွန်းပင် အဆင်အခြင်မဲ့ မဟဝံ့ကြချေ။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရှောင်းကျန်းက ရှေ့သို့ လှမ်းထွက်လာခဲ့သည်။

“သခင်ကြီး... ကျွန်တော်မျိုးတို့ အဲဒီလို လုံးဝ မရည်ရွယ်ပါဘူး။”

ဝမ်ကျင်းက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ခန်းမဆောင်ကြီးဆီသို့ ညွှန်ပြလိုက်ရင်း ပြောလိုက်၏။

“ဒီလူတွေက မင်းတို့နဲ့ မတူဘူး။ သူတို့က ဘယ်တော့မှ စိတ်ရင်းမှန်နဲ့ အညံခံမှာ မဟုတ်ဘူး။ သူတို့ကို အတင်းအကျပ် ခေါင်းငုံ့ခိုင်းထားရင်တောင် ဒါက ယာယီအောင့်အည်းသည်းခံတာပဲ ဖြစ်လိမ့်မယ်။ အခွင့်အရေးရတာနဲ့ သူတို့က သောင်းကျန်းမှုတွေ ပြန်လုပ်ကြမှာ အသေအချာပဲ။ သူတို့ကိုယ်တိုင်က မလုပ်ချင်ရင်တောင် မသမာတဲ့စိတ်ရှိသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ အဓမ္မစေခိုင်းမှုကို ခံရရင်လည်း ဒုက္ခများနေဦးမှာပဲ။”

ရှောင်းကျန်းနှင့် အခြားသူများသည် ဝမ်ကျင်း၏စကားများကို နားထောင်ပြီးနောက် အားလုံး နှုတ်ဆိတ်သွားကြသည်။ ဤသဘောတရားကို သာမန်အရပ်သားများ မသိနိုင်သော်လည်း ဤမျှပါးနပ်လှသော မြေခွေးအိုကြီးများက အဘယ်ကြောင့် နားမလည်ဘဲ ရှိပါအံ့နည်း။

သူတို့၏ နေ့စဉ်ဘဝတွင်လည်း ဤလူများ၏လက်၌ သွေးမစွန်းဖူးသူဟူ၍ မရှိကြချေ။ သို့သော် တစ်ချိန်က မိမိတို့နှင့် အဆင့်အတန်းတူညီသော၊ သို့မဟုတ် မိမိတို့ထက်ပင် ပိုမိုမြင့်မားသောသူများ၏ လည်ပင်းပေါ်သို့ သားသတ်ဓား ကျရောက်လာသည့်အခါတွင်မူ သူတို့မှာ တစ်နွယ်ငင်တစ်စင်ပါ ခံစားချက်မျိုး ဖြစ်ပေါ်လာရပြီး သေခြင်းတရားက မိမိတို့နှင့် မည်မျှအထိ နီးကပ်နေပြီဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်သွားကြတော့သည်။

ယွဲ့လော့၏ မယ်တော်မှာမူ ထိတ်လန့်တုန်လှုပ်နေခြင်းသာ ဖြစ်၏။ နန်းတော်တွင်း၌ နှစ်ပေါင်းများစွာ ကြာမြင့်စွာ နေထိုင်ခဲ့သော အမျိုးသမီးတစ်ဦးအနေဖြင့် ဤမျှအထိ သွေးချောင်းစီးပြီး ပြင်းထန်လှသော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ဝမ်ကျင်း၏ အကြည့်က ရှောင်းကျန်းနှင့် အခြားသူများထံ၌သာ ရှိနေပြီး သူတို့၏ မျက်နှာအမူအရာများကို အကဲခတ်နေခဲ့သည်။ ယွဲ့လော့၏ မယ်တော်နှင့် ပတ်သက်၍မူ သူ သိပ်ပြီး ဂရုမစိုက်လှချေ။ သူမ သေမသွားလျှင်ပင် လုံလောက်လှပြီ ဖြစ်၏။

လော့နန်နိုင်ငံ၏ တော်ဝင်မိသားစုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းလိုက်ခြင်းက ယွဲ့လော့ကို ဝမ်းနည်းပူဆွေးစေမည်မှာ အသေအချာဖြစ်ပြီး၊ မိမိအပေါ် ရွံရှာမုန်းတီးသွားစေနိုင်သည်အထိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ဝမ်ကျင်းအနေဖြင့် သူမ၏ မယ်တော်ကို မိမိလက်ထဲတွင် ဆုပ်ကိုင်ထားနိုင်သရွှေ့ ကာယကံရှင်က လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ သူမသည် သူ၏ ချစ်စနိုးရာသက်ပန်လေး ဖြစ်နေရဦးမည်သာ ဖြစ်၏။

ရှောင်းကျန်း၏ ဉာဏ်အမြော်အမြင်က လျင်မြန်စွာ လည်ပတ်သွားပြီး ဝမ်ကျင်းက သူတို့ကို ယခုကဲ့သို့ အဘယ်ကြောင့် ခြိမ်းခြောက်နေရသည်ကို မျက်စိတစ်မှိတ်အတွင်း သဘောပေါက်သွားခဲ့သည်။

ဤငယ်ရွယ်လှသော ဘုရင်ခံငယ်လေးသည် အမြစ်ပြတ် သုတ်သင်ရှင်းလင်းလိုသည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ သူတို့ အဝေးသို့ မရောက်မီ ဤမျှအထိ ကမူးရှူးထိုး ပြုလုပ်ပြခြင်းမှာ သူတို့၏ ရင်ထဲသို့ ကြောက်ရွံ့တုန်လှုပ်မှုကို သွတ်သွင်းရန်နှင့် သူတို့ထဲမှ တစ်စုံတစ်ဦးက လှုပ်ရှားမှုတစ်စုံတစ်ရာ ပြုလုပ်မလား ဟူသည်ကို စမ်းသပ်ကြည့်ရန်သာ ဖြစ်သည်။

သခင်ဟောင်းအပေါ် သစ္စာစောင့်သိသူများ သူတို့ထဲတွင် ရောနှောပါဝင်နေခြင်းမျိုးကို တားဆီးရန်အတွက် ဖြစ်၏။ အခြေအနေက ဤအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ နောက်ထပ်... ရှောင်းကျန်း၏ မျက်နှာထားမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူ၏ မျက်ဝန်းထဲတွင် အတွေးနက်နေသည်ကို မြင်လိုက်ရသည့်အခါ ဝမ်ကျင်းက စိတ်ထဲမှနေ၍ ‘တကယ့်ကို ပါးနပ်တဲ့လူပဲ’ ဟု တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

“ဒီဒေသရဲ့ ရေရှည်အေးချမ်းသာယာမှုနဲ့ တည်ငြိမ်မှုအတွက် အားလုံးရဲ့ အကူအညီလိုအပ်တဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။”

“တကယ့်ကိုပဲ...”

ဤစကားကို ကြားလိုက်ရသောအခါ ရှောင်းကျန်းက ရင်ထဲမှ သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်မိသည်။ သူ မျှော်လင့်ထားခဲ့သည့်အတိုင်းပင် ဖြစ်၏။ သို့သော်လည်း သူတို့သည် ဤလှေကြီးပေါ်သို့ တက်စီးမိပြီးသား ဖြစ်နေပြီဖြစ်ရာ ပြန်လည်ခုန်ချရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။ ပင်လယ်နက်ကြီးထဲတွင် အလောင်းဖျောက် ခံလိုလျှင်မူ တစ်ပိုင်းဖြစ်သည်။

“အမိန့်ပေးတော်မူပါ သခင်ကြီး။”

“ဒီဘုရင်ခံဆီမှာ ‘တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့’ လို့ခေါ်တဲ့ အထူးတပ်ဖွဲ့တစ်ခု ရှိတယ်။ မင်းတို့အားလုံးကို ဒုက္ခပေးရမှာကတော့... ဒီတော်ဝင်ကိုယ်ရံတော်တပ်ကို ဦးဆောင်ပြီး တစ်မြို့လုံးမှာရှိတဲ့ ရန်သူတွေကို ရှာဖွေချေမှုန်းဖို့နဲ့ မတည်ငြိမ်တဲ့ အဖျက်သမား အစိတ်အပိုင်းအားလုံးကို အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ပဲ။”

“အမိန့်အတိုင်းပါ။”

စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သော ရှောင်းကျန်းက တုံ့ဆိုင်းခြင်း အလျှင်းမရှိဘဲ ချက်ချင်းပင် နာခံလိုက်လေတော့သည်။

“ကောင်းပြီ... သွားပြီး မင်းတို့အလုပ်တွေကို လုပ်ကြတော့။”

“ကျွန်တော်မျိုးတို့ ခွင့်ပြုပါဦး။”

ဝမ်ကျင်းသည် ထိုနေရာ၌ပင် မတ်တတ်ရပ်လျက် ရှောင်းကျန်းနှင့် အခြားသူများ၏ ကျောခိုင်းထွက်ခွာသွားသော ပုံရိပ်များကို ကြည့်နေခဲ့သည်။ ထွားကျိုင်းသန်မာလှသော တော်ဝင်ကိုယ်ရံတော်တပ်မှူး အများအပြား၏ နောက်ခံမြင်ကွင်းနှင့် ယှဉ်လိုက်သည့်အခါ သူတို့၏ ကျောပြင်များမှာ တကယ့်ကို အထီးကျန်ဆိတ်သုဉ်းကာ ကုန်းကွကွ ဖြစ်နေရှာတော့သည်။

ရှောင်းကျန်း ထွက်ခွာသွားပြီး မကြာမီတွင် ဝမ်ကျင်း၏ မျက်နှာထက်၌ ပြုံးယောင်သန်းလာခဲ့ပြီး၊ ယခုအခါ သွေးဆုတ်ဖြူလျော်နေသော ယွဲ့လော့၏ မယ်တော်ကို လှည့်ကြည့်လိုက်သည်။

“သခင်မ... မင်းရဲ့သမီးက အခု ငါ့ရဲ့စံအိမ်တော်မှာ ရှိနေတယ်။ လွန်ခဲ့တဲ့အချိန်တုန်းက ငါ့ရဲ့သံတမန် မင်းဆီကို ရောက်လာတုန်းက မင်းနဲ့ တွေ့ဆုံခဲ့ပြီးပြီလို့ ထင်ပါတယ်။”

မိမိရှေ့မှောက်တွင် ထိတ်လန့်နေဆဲဖြစ်သော အမျိုးသမီးကို ကြည့်ရင်း ဝမ်ကျင်းက ကုရန်ဘက်သို့ လက်ဝှေ့ယမ်းပြလိုက်၏။

“သခင်မ... ပြာယာခတ်မနေပါနဲ့။ ငါ့ရဲ့ကိုယ်ရံတော်က မင်းကို သမီးဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့ လူလွှတ်ပြီး စီစဉ်ပေးပါလိမ့်မယ်။”

ဤနေရာသို့ ရောက်သောအခါ ဝမ်ကျင်း၏ မျက်နှာထက်မှ အပြုံးများမှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။

“ဪ... ပြီးတော့ သခင်မ... မင်းက နန်းတော်တွင်းမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ သဘောတရားတစ်ခုကိုတော့ ကောင်းကောင်းနားလည်ရမယ်။ ပြောသင့်တာကိုပြောပြီး မပြောသင့်တာကိုတော့ လုံးဝမဟမိဖို့ပဲ။ ဥပမာအားဖြင့်... တော်ဝင်မျိုးနွယ်စုတစ်ခုလုံးက သူတို့နိုင်ငံတော်အတွက် စုပေါင်းပြီး အသက်ပေးသတ်သေသွားကြတယ်ဆိုတဲ့ ကိစ္စမျိုးပေါ့... ဟုတ်တယ်မလား သခင်မ။”

သို့သော်လည်း မူလက ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသော ဤစကားလုံးများကပင် ခုနကတင် ပြာယာခတ်နေသော ထိုအမျိုးသမီး၏ မျက်ဝန်းများကို အရောင်တောက်သွားစေကာ သူမသည် မြန်ဆန်စွာပင် ပြန်လည်တည်ငြိမ်သွားခဲ့လေတော့သည်။

“ဘုရင်ခံကြီး ပြောတာ လွန်စွာမှ ကျိုးကြောင်းဆီလျော်လှပါတယ်။”

ယွဲ့လော့၏ မယ်တော်မှာ လူမိုက်တစ်ဦး မဟုတ်ပေ။ ခုနက သူမ အလွန်အမင်း ကြောက်ရွံ့နေခဲ့ရခြင်းမှာ ဝမ်ကျင်းက သူမအပေါ် စိုးစဥ်းမျှ ဂရုမစိုက်ကြောင်း သဘောပေါက်သွားခဲ့သောကြောင့်ဖြစ်ပြီး၊ ဝမ်ကျင်း၏ တခဏတာ မေ့လျော့မှုကြောင့် ခန်းမဆောင်ကြီးအတွင်း၌ သူမ၏အသက်မှာ သေမင်းလက်တွင်းသို့ ရောက်လုနီးပါး ဖြစ်ခဲ့ရခြင်းဖြစ်သည်။

သို့သော် ဝမ်ကျင်းက သူမအား ယခုကဲ့သို့ လာရောက်ခြိမ်းခြောက်သည်ကို ကြားလိုက်ရသည့်အခါတွင်မူ မိမိ၏ သမီးဖြစ်သူသည် ဝမ်ကျင်း၏ နှလုံးသားထဲတွင် အတိုင်းအတာတစ်ခုအထိ နေရာယူထားနိုင်ကြောင်း သူမ ပြောင်းပြန် သဘောပေါက်သွားခဲ့သည်။ သို့မဟုတ်ပါက သူသည် သူမအား ယခုကဲ့သို့ လာရောက်ခြိမ်းခြောက်ကာ အမှန်တရားကို ဖုံးကွယ်စေပြီး သမီးဖြစ်သူအား လှည့်စားခိုင်းနေလိမ့်မည် မဟုတ်ချေ။ မဟုတ်လျှင် ဤမျှအထိ အပင်ပန်းခံကာ အားထုတ်နေစရာ အဘယ်မှာ လိုမည်နည်း။

ထိုသို့ဆိုလျှင် သူမ၏ အသက်အန္တရာယ်မှာ စိတ်ချရပြီဖြစ်ကာ အသက်ဘေးအတွက် အမြဲတစေ ပူပန်နေစရာ မလိုတော့ချေ။ အကယ်၍ သမီးဖြစ်သူသာ မျက်နှာသာပေးခံရပါက သူမအနေဖြင့်ပင် စည်းစိမ်ချမ်းသာများကို ခံစားရနိုင်သေးသည်။ ဤသည်ကို တွေးမိသည်နှင့် သူမသည် သမီးဖြစ်သူအား နန်းတွင်းအရှုပ်တော်ပုံများကြားတွင် မည်သို့ ရုန်းကန်လှုပ်ရှားရမည်နှင့် မျက်နှာသာရအောင် မည်သို့ ဖမ်းစားရမည်ဟူသော အတတ်ပညာများကို မည်သို့ သွန်သင်ရမည်ကို စတင်၍ စိတ်ကူးပုံဖော်နေတော့သည်။

ယခုအခါ ပြန်လည်တည်ငြိမ်သွားသော ထိုအမျိုးသမီးကို ကြည့်ရင်း ဝမ်ကျင်းက ခေါင်းကို အသာအယာ ညိတ်လိုက်၏။ ပါးနပ်သောသူများနှင့် စကားပြောရသည်မှာ တကယ့်ကို သက်သာလှပေရာ စကားလုံးများကို ဖြုန်းတီးနေစရာပင် မလိုတော့ချေ။

မဟာခန်းမဆောင်ကြီးအတွင်းမှ တိတ်ဆိတ်မှုကို နားထောင်ရင်း ဝမ်ကျင်းသည် တစ်ဖန် ဖြုန်းတီးခြင်းမရှိစေရန်အတွက် သွေးဖြင့် ယဇ်ပူဇော်ခြင်းကို ပြုလုပ်လိုက်ပြန်သည်။ အဓိကအချက်မှာ မည်သည့်အရာကိုမျှ အလဟဿ မဖြစ်စေရန်ပင် ဖြစ်၏။

တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားသော နန်းတော်အတွင်းပိုင်းနှင့် မတူဘဲ၊ နန်းတော်ပြင်ပရှိ သတ်ဖြတ်မှုကြီးမှာမူ ယခုမှသာ စတင်နေခဲ့ပြီ ဖြစ်၏။

ရှောင်းကျန်းနှင့် ဒေသခံသြဇာရှိသူများ၏ ဦးဆောင်မှုအောက်တွင် တော်ဝင်ကိုယ်ရံတော်တပ်နှင့် ကျင်းစစ်တပ်တို့သည် ပူးပေါင်းကာ တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိသော မိသားစုအားလုံးကို လိုက်လံရှာဖွေ သုတ်သင်ကြလေတော့သည်။ ခဏချင်းအတွင်းမှာပင် တစ်တော်ဝင်မြို့တော်လုံး သွေးချောင်းစီးလျက် သွေးညှီနံ့များ လှိုင်လှိုင်ထနေတော့သည်။

သူတို့၏ မျိုးနွယ်စုအတွင်း၌ ကျွမ်းကျင်သော သိုင်းပညာရှင် အမြောက်အမြား ရှိနေသည့် မှူးမတ်အချို့ပင်လျှင် သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ကြဘဲ တော်ဝင်ကိုယ်ရံတော်တပ်နှင့် ကျင်းစစ်တပ်တို့၏ မနားတမ်း ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုအောက်တွင် နာကျည်းချက်များစွာဖြင့် အသက်ပျောက်ခဲ့ကြရရှာသည်။

ယခုကဲ့သို့သော မျှော်လင့်ချက်မဲ့သည့် အခြေအနေမျိုးတွင် ‘ကန်းချီအဆင့်’ စစ်သူကြီး ကျန်းလျောင်ပင်လျှင် ဒူးထောက်ရမည်ဖြစ်ရာ ထိုသာမန်လူများကိုမူ ပြောနေစရာပင် လိုမည်မဟုတ်ချေ။

သစ္စာဖောက်ခြင်းကို ခံလိုက်ရသော ယွဲ့လူမျိုး မှူးမတ်များကို တစ်ဦးချင်းစီ စိစစ်ဖော်ထုတ်ကာ တစ်စစီ ချေမှုန်းပစ်ခဲ့သည်။ သေရမည့်နေ့ကို ထိုင်စောင့်မနေလိုဘဲ အတင်းအကျပ် ထိုးဖောက်ထွက်ပြေးရန် ကြိုးစားသူများပင်လျှင် ဝိုင်းဝန်းပိတ်ဆို့ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

မူလကတည်းက လက်နက်ချအညံခံခဲ့ပြီး မိမိတို့၏ ဩဇာအာဏာကို အသုံးပြုကာ မြို့စောင့်တပ်များကို ခုခံမှုစွန့်လွှတ်ရန် ဖျောင်းဖျပေးခဲ့ကြသော ယွဲ့လူမျိုးမှူးမတ်အချို့ကိုမူ တစ်ဦးတစ်ယောက်မျှ တို့ထိခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တကယ်ပင် ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ကြသောကြောင့် ဖြစ်သည်။ သူတို့သာ မရှိခဲ့ပါက မြို့တွင်းသို့ ချီတက်ဝင်ရောက်လာသည့် ကျင်းစစ်တပ်၏ သေကျေပျက်စီးမှုနှုန်းမှာ အနည်းဆုံး လေးဆမျှ ပိုမိုမြင့်မားသွားနိုင်ခြေ ရှိသောကြောင့်တည်း။

ဝမ်ကျင်းသည် မည်မျှပင် ရက်စက်ကြမ်းကြုတ်လျှင်တောင်မှ သူတို့အပေါ်ကိုမူ အရေးယူလိမ့်မည် မဟုတ်ပေ။ သူ၏ နှလုံးသားထဲတွင် တစ်ပါးအမျိုးနွယ်စုများအပေါ် ခွဲခြားဆက်ဆံခြင်း သို့မဟုတ် အထင်သေးရွံရှာခြင်းများ အမှန်တကယ်ပင် မရှိချေ။ သူသည် ကျင်လူမျိုးတစ်ဦး မဟုတ်ရုံတင်မကဘဲ၊ တိတိကျကျ ပြောရလျှင် ဤကမ္ဘာမြေမှပင် မဟုတ်ဘဲ ပြင်ပလောကမှ ရောက်ရှိလာသော ဧည့်သည်တော်တစ်ဦး သို့မဟုတ် ‘လောကပြင်ပမှ မိစ္ဆာတစ်ကောင်’ သာ ဖြစ်သောကြောင့်ပင်ဖြစ်၏။

ထို့ကြောင့် ဝမ်ကျင်းသည် လူမျိုးရေး ကွဲပြားမှုများကို သိပ်ပြီး ဂရုမစိုက်လှဘဲ လူတိုင်းကို အခြေခံအားဖြင့် တန်းတူရည်တူ ဆက်ဆံနိုင်ခဲ့သည်။ သူသည် ထိုလူများက မိမိအတွက် အသုံးဝင်သလား၊ သူတို့တွင် ကောင်းမှုကုသိုလ် ရှိသလား သို့မဟုတ် အမှားအယွင်းများ ပြုလုပ်ထားသလား ဟူသည်ကိုသာ ဂရုစိုက်ခြင်း ဖြစ်သည်။ အကျိုးဆောင်သူများမှာ တိုင်းတပါး မျိုးနွယ်စု ဖြစ်နေလျှင်တောင်မှ ဆုလာဘ်ကို ရထိုက်ပြီး၊ အမှားကျူးလွန်သူများမှာမူ မိမိ၏ ဆွေးမျိုးသားချင်းများ ဖြစ်နေပါစေဦးတော့ ပြင်းထန်စွာ အပြစ်ပေးခြင်းကို ခံရမည်သာ ဖြစ်၏။

စီမာယီက တစ်ခါက ဝမ်ကျင်း၏ ဤအချက်ကို ချီးကျူးဖူးခဲ့သည်။ ဆုနှင့်အပြစ်ကို ပြတ်သားစွာ ခွဲခြားခြင်းသည် အမျှော်အမြင်ရှိသော မင်းကောင်းမင်းမြတ်တို့၏ သာဓကတစ်ခု ဖြစ်ပေသည်။ ဤသည်မှာ ပြောရလွယ်ကူသော်လည်း လက်တွေ့တွင်မူ လူအနည်းငယ်မျှသာ ပြုလုပ်နိုင်စမြဲ ဖြစ်၏။

လူသားဟူသည် ဆွေးမျိုးသားချင်းတော်စပ်မှု၊ ရုပ်ရည်ရူပကာ၊ လူမျိုးစုအလိုက် အုပ်စုဖွဲ့မှုနှင့် ဒေသစွဲများကဲ့သို့သော အမျိုးမျိုးသော အကြောင်းအချက်များကြောင့် အမြဲတစေ လွှမ်းမိုးခြင်းခံရကာ မျှတမှုကို ဆုံးရှုံးတတ်ကြသော်လည်း၊ ဝမ်ကျင်းကမူ သူတို့ထဲမှ မည်သည့်အရာကိုမျှ စိုးစဥ်းမျှ ဂရုမစိုက်ပါချေ။

ရန်သူများအပေါ် ရက်စက်ပြတ်သားပြီး အကျိုးဆောင်ခဲ့သူများအပေါ် လုံးဝထိပါးခြင်းမရှိသော ဝမ်ကျင်း၏ ဤလုပ်ဆောင်ချက်က တော်ဝင်မြို့တော်ကို ဝရုန်းသုန်းကား ဖြစ်မသွားစေရုံတင်မကဘဲ၊ လက်နက်ချအညံခံခဲ့သူ အချို့ကို ဝမ်ကျင်း၏ ခြေထောက်ကိုသာ ပိုမိုမြဲမြံစွာ ဖက်တွယ်ထားရန် ပို၍ပင် စိတ်ပိုင်းဖြတ်သွားစေခဲ့သည်။

အခြားအကြောင်းကြောင့် မဟုတ်ဘဲ လူသားတို့၏ ယုတ်ညံ့သော စိတ်ဓာတ်ကြောင့်သာ ဖြစ်သည်။ အခြားသူများ၏ ဒုက္ခရောက်နေမှုကို မြင်တွေ့ရပြီး မိမိတို့၏ အနည်းငယ်မျှ ပိုမိုသာလွန်နေသော အခြေအနေနှင့် နှိုင်းယှဉ်လိုက်သည့်အခါ မှားယွင်းသော နှိုင်းယှဉ်ချက်တစ်ခု ဖြစ်ပေါ်လာစေကာ သူတို့အား ဝမ်ကျင်း၏ ကရုဏာသက်ညှာမှုအပေါ် ကျေးဇူးတင်စရာ ဖြစ်လာစေတော့သည်။

နောင်တွင် ဝမ်ကျင်းက သူတို့အား ဆုလာဘ်များ ချီးမြှင့်ပြီးပါက သစ္စာရှိသော ခွေးအုပ်ကြီးတစ်ခုကို ရရှိလာမည်ဖြစ်ပြီး၊ လော့နန်နိုင်ငံသည်လည်း ဘာပြဿနာမျှမရှိဘဲ တည်ငြိမ်သွားနိုင်ခြေ ရှိပေသည်။

ဤသစ္စာရှိခွေးများမှာ ဝမ်ကျင်းက ဓားကို ဆုပ်ကိုင်ထားနိုင်သရွှေ့ ကာလပတ်လုံး သစ္စာရှိခွေးများအဖြစ်သာ ဆက်လက်ရှိနေကြမည် ဖြစ်၏။ အကယ်၍ ပြောင်းပြန်ဖြစ်သွားပါက ထိုသစ္စာရှိခွေးများကပင် ထရပ်ကာ သူတို့၏ သခင်ကို ပြန်လည်ကိုက်ခဲကြလိမ့်မည်။ အကြမ်းဖက်ဖိနှိပ်မှုအောက်မှ ရရှိလာသော သစ္စာစောင့်သိမှုဟူသည် တစ်ဖက်တွင် အလွန်ခိုင်မာသော်လည်း အခြားတစ်ဖက်တွင်မူ လွန်စွာပင် ကြွပ်ဆတ်ပျက်စီးလွယ်လှသည်။

All Chapters