← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း (၂၁၄)

အနောက်ဆောင်

ဝမ်ကျင်း စစ်နိုင်၍ ပြန်လည်ရောက်ရှိလာကတည်းက ပြည်နယ်ဘုရင်ခံစံအိမ်တော်တစ်ခုလုံးမှာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အောင်ပွဲခံအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။ အစေခံများမှစ၍ ဝမ်ကျင်း၏ အနောက်ဆောင်အတွင်းရှိ အမျိုးသမီးများအထိ လူတိုင်းက ဤအခြင်းအရာအတွက် ဝမ်းမြောက်ကြည်နူးနေကြ၏။

ပြည်နယ်ဘုရင်ခံစံအိမ်တော်ရှိ လူတိုင်း၏ကံကြမ္မာသည် ဝမ်ကျင်းနှင့် တစ်ဆက်တည်း ချည်နှောင်ထားခြင်း ဖြစ်ပေသည်။ ဝမ်ကျင်း အာဏာစွမ်းပကား ကြီးထွားလာပါက စံအိမ်တော်ရှိ လူတိုင်း ကောင်းစားကြမည်ဖြစ်ပြီး ဆန့်ကျင်ဘက်ဖြစ်လျှင်မူ အားလုံး ဆင်းရဲဒုက္ခရောက်ကြရပေလိမ့်မည်။

သို့သော်လည်း ယွဲ့လော့ နေထိုင်ရာ ခြံဝင်းငယ်အတွင်း၌မူ အငွေ့အသက်များမှာ ထိုမျှ သက်ဝင်လှုပ်ရှားမနေဘဲ အတန်ငယ် ဖိနှိပ်လေးလံကာ ညှိုးငယ်အုံ့မှိုင်းနေခဲ့လေသည်။

သူမ၏ အိပ်ဆောင်အတွင်း၌ ယွဲ့လော့သည် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် မှီတွဲကာ တရှုံ့ရှုံ့ ငိုကြွေးနေရှာသည်။ ရှိုက်ငင်သံများနှင့်အတူ အတန်ငယ် ပိန်လှီသွားသော သူမ၏ နုနယ်သည့် ခန္ဓာကိုယ်လေးမှာ တသိမ့်သိမ့် တုန်ရင်နေပြီး မိခင်ဖြစ်သူက သူမ၏ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း တိုးညှင်းစွာ ချော့မြှူနေခဲ့သည်။

“အတိတ်တွေကို မေ့ပစ်လိုက်ပါတော့ သမီးရယ်။ အခုချိန်ကစပြီး သမီးဟာ လော့နန်နိုင်ငံရဲ့ ဆဋ္ဌမမြောက် မင်းသမီး မဟုတ်တော့ဘဲ ပြည်နယ်ဘုရင်ခံမင်းရဲ့ ဇနီး၊ သခင်မ ယွဲ့လော့ပဲ ဖြစ်တော့တယ်။”

“အတိတ်ကို ပြောင်းလဲလို့မရဘူး။ အခု ငါတို့လုပ်ရမှာက ကောင်းကောင်းမွန်မွန် အသက်ရှင်သွားဖို့ပဲ။ သမီးခမည်းတော် ကွယ်လွန်သွားတာဟာ သူ့အတွက်လည်း သက်သာရာရသွားတာပါပဲ။ သမီးရဲ့ အစ်ကိုကြီးကပဲ လက်လွန်ခြေလွန် လုပ်ခဲ့တာဆိုတော့ ဒီအသွေးအသားကြွေးဟာ သဘာဝအတိုင်း သူ့အပေါ်မှာပဲ ကျရောက်မှာပါ။ ရှောင်တျဲတို့ကျတော့...”

ဤနေရာသို့ ရောက်သောအခါ ယွဲ့လော့၏မိခင်သည်လည်း စကားသံများ တုန်ရီဆို့နင့်သွားရသည်။ သူမသည် သမီးဖြစ်သူကို နှစ်သိမ့်ရန် ကြံရွယ်ထားသော်လည်း မိမိတို့အား နှစ်ပေါင်းများစွာ ခစားလာခဲ့သော အစေခံမလေးများကို တွေးမိသောအခါ နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်လျှံလာရပြန်သည်။ အချို့သော အစေခံမလေးများသည် သူမ အပျိုဖော်ဝင်ကတည်းက အနီးကပ် ခစားခဲ့ကြသူများ ဖြစ်ရာ ၎င်းတို့အပေါ် သံယောဇဉ် မမည်သို့လျှင် မရှိဘဲ နေပါမည်နည်း။ သို့သော်လည်း ယခုအခါ ထိုသူအားလုံးကို ဝမ်ကျင်းက သတ်ဖြတ်ပစ်ခဲ့လေပြီ။

မိခင်ဖြစ်သူ၏ အသံနေအထား ပြောင်းလဲသွားသည်ကို ခံစားမိသောအခါ ယွဲ့လော့သည် မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။

“သမီး... သမီးက အဲဒီကိစ္စတစ်ခုတည်းကိုပဲ ပူဆွေးနေတာ မဟုတ်ပါဘူး... သူ သမီးကို လှည့်စားခဲ့တာ... သူ့နှလုံးသားထဲမှာ သမီး မရှိဘူး... အီးဟီး...”

ယွဲ့လော့၏ ဝမ်းနည်းပူဆွေးမှုသည် ဝမ်ကျင်းက သူမ၏မွေးရပ်မြေနိုင်ငံကို သိမ်းပိုက်ပြီး တော်ဝင်မျိုးနွယ်ကို သတ်ဖြတ်ခဲ့ခြင်းကြောင့်သာ မဟုတ်ပေ။ တော်ဝင်မိသားစုများ၏ သံယောဇဉ် ခေါင်းပါးမှုသည် အမျိုးသားများတွင်တင်မက အမျိုးသမီးများတွင်လည်း တည်ရှိနေတတ်ပေသည်။ ယွဲ့လော့ စိတ်ထဲတွင် အမှန်တကယ် တန်ဖိုးထားမိသည်မှာ ငယ်စဉ်က သူမကို အလိုလိုက်ချစ်ခင်ခဲ့သော ခမည်းတော်၊ မိခင်ဖြစ်သူနှင့် နှစ်ပေါင်းများစွာ ခစားခဲ့သော အစေခံမလေးများသာ ဖြစ်သည်။ ကွပ်မျက်ခြင်းခံရသော တော်ဝင်မိသားစုဝင် အများစုကိုမူ သူမအနေဖြင့် မှတ်မိပင် မမှတ်မိတော့ချေ။

ယခုအခါ သူမကို အလွန်အမင်း စိတ်ထိခိုက်စေသည့်အချက်မှာ ဝမ်ကျင်းက သူမအပေါ် နူးညံ့ပြသခဲ့ခြင်းသည် အမှန်တကယ် ချစ်ခင်မြတ်နိုး၍ မဟုတ်ဘဲ လော့နန်နိုင်ငံကို သိမ်းပိုက်ရန် စီမံကိန်းချမှတ်ခြင်းမျှသာ ဖြစ်နေခြင်းပင်။ ဝမ်ကျင်းသည် သူမအား လော့နန်နိုင်ငံ၏ ဓလေ့ထုံးတမ်းများနှင့် တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်များကို တစ်ကြိမ်ထက်မက မေးမြန်းစုံစမ်းခဲ့ဖူးသကဲ့သို့ မည်သည့်မှူးမတ်များက တော်ဝင်နန်းတွင်းအပေါ် သစ္စာစောင့်သိကြသည် စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးမေးမြန်းခဲ့ဖူးလေသည်။

“မိုက်တဲ့ကလေးရယ်... အကယ်၍ သူ သမီးကို တကယ်ပဲ ဂရုမစိုက်ဘူးဆိုရင် အမေလည်း အခုချိန် အသက်ရှင်နေမှာ မဟုတ်တော့ဘူး။ သမီးဟာ သူ့နှလုံးသားထဲမှာ ရှိနေတုန်းပါ၊ အလွန်အကျွံ မတွေးပါနဲ့တော့...”

ယွဲ့လော့၏မိခင်သည်လည်း စိတ်မကောင်းဖြစ်ရသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမ၌ တတ်နိုင်သည့်အရာ ဘာမျှမရှိချေ။ သမီးဖြစ်သူ၏ ရင်ထဲတွင် နာကျည်းချက်များ ကိန်းအောင်းမနေစေရန်သာ သူမ တားဆီးရပေမည်။ မိခင်နှင့် သမီးနှစ်ဦးလုံး၏ အသက်ဇီဝိန်မှာ ဝမ်ကျင်း၏ လက်ခုပ်တွင်းမှ ရေပမာ ဖြစ်နေပြီး ၎င်းတို့အနေဖြင့် ဝမ်ကျင်းကို အမျက်ဒေါသထွက်စေရန် လုံးဝ မဝံ့ရဲကြသောကြောင့်တည်း။

ယွဲ့လော့ နေထိုင်ရာ ခြံဝင်း၏ ပူဆွေးသောကရောက်နေသော အငွေ့အသက်များနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်စွာ ယွီချင်းချင်း ရှိနေသော ခြံဝင်းငယ်အတွင်း၌မူ ပြင်းထန်လှသော သတ်ဖြတ်လိုသည့်အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်ဟု ဆိုရပေမည်။

အစကတည်းက ဝမ်ကျင်းသည် သူမကို အသက်ချမ်းသာပေးရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။ အဆုံး၌ ရန်ငြိုးရန်စမှာ ကြီးမားလွန်းလှသဖြင့် သူ စိတ်အေးလက်အေး မနေနိုင်ခြင်း ဖြစ်သည်။ သူသည် ယွီချင်းချင်း၏ အားနည်းချက်ဖြစ်သော ဂိုဏ်းတူညီအစ်ကိုမောင်နှမများအပေါ် စိတ်ပူပန်မှုကို ဆုပ်ကိုင်ထားနိုင်ခဲ့သော်လည်း လောကတွင် လေလုံသောတံတိုင်းဟူ၍ မရှိချေ။ တစ်နေ့သောအခါတွင် မိမိ၏ ဂိုဏ်းတူညီအစ်ကိုမောင်နှမများအားလုံးနီးပါး အမြစ်ပြတ် သတ်ဖြတ်ခြင်းခံလိုက်ရသည်ကို ယွီချင်းချင်း သိရှိသွားပါက သူမ မည်သို့တုံ့ပြန်မည်နည်း။

မိန်းမောညှို့ယူတတ်သော ကျောက်တုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်း၏လွှမ်းမိုးမှုကို ခုခံနိုင်သည့် လျှို့ဝှက်ချက်ကို တတ်မြောက်သွားပြီးနောက်တွင် ဝမ်ကျင်းသည် သူမအပေါ် သတ်ဖြတ်လိုစိတ် ပြင်းပြစွာ ထားရှိခဲ့ပြီးသား ဖြစ်သည်။

အထူးသဖြင့် စိတ်ညှို့ကျောက်တုံးကို ခုခံနိုင်သည့် စိတ်စွမ်းအားကျင့်စဉ်ကို အဓမ္မတောင်းခံ ရယူပြီးနောက်ပိုင်းတွင် ဝမ်ကျင်းသည် သူမကို ပိုမို၍ သည်းမခံနိုင်တော့ချေ။ ရုပ်ရည်ရူပကာပိုင်းတွင် ယွီချင်းချင်းသည် ယွဲ့လော့ထက်ပင် ပိုမိုညှို့ယူဖမ်းစားနိုင်စွမ်း ရှိသော်လည်း ဝမ်ကျင်းအတွက်မူ အလှအပဆိုသည်မှာ သူ့နှလုံးသားကို လှုပ်ခတ်နိုင်သည့်အရာ မဟုတ်ချေ။

မဟာကျင်းအင်ပါယာသည် ကျယ်ပြောလှပြီး လူဦးရေ ထူထပ်လှပေရာ မည်ကဲ့သို့သော အလှပဂေးမျိုးမဆို ရှိနေပေသည်။ တစ်ယောက်ကို သတ်လျှင် နောက်ထပ် ဆယ်ယောက် ရှာဖွေနိုင်ပြီး ဆယ်ယောက်ကို သတ်လျှင် အယောက်တစ်ရာကိုပင် စုဆောင်းနိုင်ပေသည်။ အာဏာနှင့် ရာထူးဂုဏ်ရှိန်မှာ အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ အလှအပဆိုသည်မှာ တန်ဖိုးမရှိတော့ချေ။

ဝမ်ကျင်းအနေဖြင့် မိမိအလိုရှိရာကို ရရှိပြီးသည်နှင့် ဤကဲ့သို့သော လျှို့ဝှက်အန္တရာယ်ကို သူ၏အန္တပုရိုင်အတွင်း ချန်ထားမည်မဟုတ်သည်မှာ သေချာလှပေသည်။ အကယ်၍ အနောက်ဆောင်အတွင်းရှိ အမျိုးသမီးတစ်ဦးဦးက မကောင်းသောအကြံကို ကြံစည်လာပါက ဖြစ်ပေါ်လာမည့် အန္တရာယ်အဆင့်အတန်းမှာ ပြင်ပရန်သူများထက် များစွာ သာလွန်ပေလိမ့်မည်။ အခြားအရာများကို ထားဦးတော့၊ မိမိ၏ သားစဉ်မြေးဆက်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေး တစ်ခုတည်းကို တွေးကြည့်လျှင်ပင် အလွန်တရာ ထိတ်လန့်စရာ ကောင်းလှပေရာ ဤကဲ့သို့သော စွန့်စားရမှုကို ဝမ်ကျင်း ဘယ်သောအခါမျှ ခွင့်မပြုနိုင်ချေ။

မျက်ရည်ဝိုင်းလျက် ဝမ်းနည်းပူဆွေးသော မျက်နှာအမူအရာဖြင့် ယွီချင်းချင်းသည် သူမ၏ရှေ့တွင် ရပ်နေသော ဝမ်ကျင်းကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ အေးစက်ပြီး ကရုဏာကင်းမဲ့လှသော မျက်ဝန်းများကြောင့် ယွီချင်းချင်း၏ နှလုံးသားမှာ ရေခဲကဲ့သို့ အေးစက်သွားရတော့သည်။

“ရှင် ကျွန်မကို အသက်မထားနိုင်ဘူးဆိုရင်လည်း သတ်လိုက်ပါတော့။ ဒါပေမဲ့ ကျွန်မရဲ့ နေမင်းကိုးပါးနန်းတော်က ကျန်ရှိနေတဲ့ ဂိုဏ်းသားတွေကိုတော့ အသက်ချမ်းသာပေးပါလို့ တောင်းပန်ပါတယ်။ ကျွန်မ ရှိသမျှ အရာအားလုံးကို ရှင့်ကို ပေးအပ်ခဲ့ပြီးပြီပဲ...”

ယွီချင်းချင်း၏ မျက်ရည်စက်လက်ဖြင့် ညှို့ဓာတ်ပြင်းလှသော အလှအပကို မြင်လိုက်ရသောအခါ ကျောက်တုံးကဲ့သို့ မာကျောသော နှလုံးသားရှိသည့် ဝမ်ကျင်းပင်လျှင် စိတ်လှုပ်ရှားသွားရသော်လည်း ထိုခဏတာ ပျော့ညံ့မှုသည် လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။

ဤအချိန်တွင် သူသည် နေမင်းကိုးပါးနန်းတော်အပေါ် ပြုမူခဲ့သော လုပ်ရပ်များတွင် ရက်စက်ကြမ်းကြုတ်လွန်းခဲ့သဖြင့် ယခုအခါ ပြန်လှည့်ရန် လမ်းကြောင်းမရှိတော့ခြင်းအပေါ် အတန်ငယ် နောင်တရမိသည်။ နေမင်းကိုးပါးနန်းတော်၏ ဂိုဏ်းသားများအားလုံးနီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်ဟူသော သတင်းကို ခေတ္တခဏ ဖုံးကွယ်ထားနိုင်သော်လည်း တစ်သက်လုံး ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။

လောကတွင် လေလုံသောတံတိုင်းဟူ၍ မရှိရာ နောင်တစ်ချိန်တွင် ဤကိစ္စ ပေါ်ပေါက်သွားပါက နောက်ဆုံးတွယ်တာမှု ပျောက်ဆုံးသွားသော ယွီချင်းချင်းသည် မည်ကဲ့သို့ ရူးသွပ်သော လုပ်ရပ်ကို လုပ်ဆောင်လာမည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။

ဝမ်ကျင်း၏ စိတ်အစဉ်သည် မှန်ချပ်တစ်ခုကဲ့သို့ ကြည်လင်နေပေသည်။ ယွီချင်းချင်း၏ ယခုကဲ့သို့ နာခံမှုနှင့် ပျော့ညံ့မှုကို ပြသနေခြင်းမှာ ဟန်ဆောင်အောင့်အည်းထားခြင်းမျှသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိသည်။ သူမ ဤကဲ့သို့သော သဘောထားကို ရွေးချယ်ရခြင်းမှာ သူမ၏ ဂိုဏ်းတူ စီနီယာအစ်ကိုကြီးများနှင့် အစ်မများ၏ ဘေးကင်းရေးကို လုံးဝ စိုးရိမ်ပူပန်နေသောကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လက်ရှိပတ်ဝန်းကျင်တွင် ခြေလှမ်းတစ်လှမ်း မှားရုံမျှဖြင့် လူတိုင်းအပေါ်သို့ ဘေးဒုက္ခဆိုးကြီး ကျရောက်လာနိုင်သောကြောင့်တည်း။ ထို့ကြောင့် ယွီချင်းချင်းအနေဖြင့် ခေတ္တခဏတာ တည်ငြိမ်မှုရရှိရန် ဒေါသကိုမျိုသိပ်ပြီး အညံ့ခံသည့် လမ်းစဉ်ကိုသာ ရွေးချယ်နိုင်ခဲ့သည်။

သို့သော်လည်း ဤသည်မှာ ယွီချင်းချင်းက သူမ၏ကံကြမ္မာကို လုံးဝ လက်ခံလိုက်ခြင်း သို့မဟုတ် အညံ့ခံလိုက်ခြင်းကို မဆိုလိုပေ။ သူမသည် အောင့်အည်းသည်းခံနေခြင်းသာ ဖြစ်ပြီး ချုပ်နှောင်မှုများမှ ရုန်းထွက်ရန် အိပ်မက်မက်နေဆဲပင် ဖြစ်သည်။

အတန်ကြာပြီးနောက် ဝမ်ကျင်းသည် သက်ပြင်းတစ်ချက်ချကာ လက်ကိုဆန့်၍ ယွီချင်းချင်း၏ ဖြူလျော်နေသော ပါးပြင်လေးကို ဆိတ်လိုက်သည်။

“ငါ ကတိပေးတယ်။”

သူသည် အဆုံး၌ သူမအား လှည့်စားရန်သာ ရွေးချယ်ခဲ့ပြီး ရက်စက်လှသော အမှန်တရားကို မပြောပြခဲ့ပေ။ ၎င်းမှာ မြေအောက်လှောင်အိမ်ထဲတွင် ကျန်ရှိနေသော သုံးလေးငါးယောက်မှလွဲ၍ နေမင်းကိုးပါးနန်းတော်တွင် အသက်ရှင်ကျန်ရစ်သူ ဂိုဏ်းသားဟူ၍ မရှိတော့ခြင်းပင်။ ထို့အပြင် ဝမ်ကျင်းသည် ထိုကျန်ရှိနေသော သုံးလေးငါးယောက်ကိုလည်း ချမ်းသာပေးရန် အစီအစဉ်မရှိချေ။ ယွီချင်းချင်း သေဆုံးသွားပြီးနောက်တွင် ၎င်းတို့သည်လည်း လိုက်ပါသွားကြရမည်သာ ဖြစ်သည်။

ထို့နောက် ဝမ်ကျင်းသည် သူ၏ရှေ့ရှိ စားပွဲပေါ်မှ ကျောက်စိမ်းရောင် ဝိုင်အိုးကို မကာ ယွီချင်းချင်း၏ရှေ့တွင် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်ပြီး သူ၏ လက်ညှိုးဖြင့် ထိုဝိုင်ခွက်ကို ညွှန်ပြလိုက်သည်။

“သောက်လိုက်ပါ... သိပ်ပြီး မနာကျင်ပါဘူး။”

ဝမ်ကျင်း၏ ပြတ်သားသော လုပ်ရပ်နှင့် တည်ကြည်လှသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ ယွီချင်းချင်းသည် သူမ၏ နုနယ်ပျော့ညံ့ကာ မျက်ရည်စက်လက်ဖြစ်နေသော ပုံစံကို သိမ်းဆည်းလိုက်တော့သည်။ သူမသည် လက်ကိုဆန့်ကာ ဝိုင်ခွက်ကို ကောက်ယူပြီး ဝမ်ကျင်းအား ခါးသီးသော အပြုံးတစ်ခု ပြုံးပြကာ တစ်ကျိုက်တည်း သောက်ချလိုက်လေသည်။

“ရှင့်ရဲ့ ကတိကို တည်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အဆိပ်ဝိုင်များ လည်ချောင်းထဲသို့ စီးဆင်းသွားသည်နှင့်အမျှ ယွီချင်းချင်း၏ မျက်နှာထက်မှ သွေးရောင်များသည် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ သူမ၏ အသက်ဇီဝိန် ဖြည်းညှင်းစွာ ချုပ်ငြိမ်းလုနီးပါး ဖြစ်လာသည်ကို ခံစားမိရင်း သူမသည် မိမိရှေ့တွင် လုံးဝ တည်ငြိမ်အေးဆေးစွာ ထိုင်နေသော ခန့်ညားထည်ဝါသည့် အမျိုးသားကို ကြည့်ရှုနေခဲ့သည်။

သူမသည် ဝမ်ကျင်းကို နာကျည်းမုန်းတီးလှပေသည်။ သူမ၏ မွေးရပ်မြေဖြစ်သော နေမင်းကိုးပါးနန်းတော်ကို ဖျက်ဆီးခဲ့ခြင်း၊ သူမ၏ ဖခင်ကဲ့သို့သော ဆရာသခင်ကို သေကြောင်းကြံစည်ရန် အကျပ်ကိုင်ခဲ့ခြင်းနှင့် သူမ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ကာ ကစားစရာသဖွယ် စိတ်ကြိုက် ပျော်ပါးခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။

ဝမ်ကျင်း၏ စိတ်ကျေနပ်မှုကို ရရှိရန်အတွက် သူမသည် မည်သည့်လွန်ကဲပြီး အရှက်သိက္ခာမဲ့သော တောင်းဆိုမှုမျိုးကိုမဆို ငြင်းဆန်ခြင်းမရှိဘဲ တမင်သက်သက်ပင် လိုက်လျောပေးခဲ့သော်လည်း ဤအရာအားလုံးက သူ၏ သတ်ဖြတ်လိုစိတ်ကို မပျောက်ပျက်စေနိုင်ခဲ့ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ချေ။

သို့သော်လည်း သူမ မည်မျှပင် မုန်းတီးနေပါစေ ထိုအရိပ်အယောင်ကို အနည်းငယ်မျှပင် မပြဝံ့ခဲ့ချေ။ သူမ၏ ဆွဲဆောင်မှုရှိသော လှပသည့် မျက်ဝန်းအစုံတွင်မူ တောင်းပန်တိုးလျှိုးမှုများသာ ပြည့်နှက်နေခဲ့တော့သည်။

ဝမ်ကျင်းသည် ယွီချင်းချင်း ဖြည်းညှင်းစွာ သေဆုံးသွားပြီး အသက်ရှူရပ်တန့်ကာ ခန္ဓာကိုယ် အေးစက်လာသည်အထိ စောင့်ကြည့်နေခဲ့သည်။ ဤအချိန်တွင် ဝမ်ကျင်း၏ နှလုံးသားထဲ၌ ဟာတာတာနှင့် ဗလာကျင်းမှုကို ခံစားလိုက်ရသည်။ နောင်တစ်ချိန်တွင် ဖြစ်လာမည့် အန္တရာယ်ကို ကြိုတင်ဖယ်ရှားလိုက်နိုင်သည့် စိတ်သက်သာရာရမှုမျိုး မဟုတ်ဘဲ နောင်တတရားအချို့ ကိန်းအောင်းလာခဲ့သည်။ သူ၏ နည်းလမ်းများသည် ဤမျှအထိ ရက်စက်ကြမ်းကြုတ်ရန် မလိုအပ်ခဲ့ဘူးလားဟု သူ သံသယဝင်လာမိသည်။

ဝမ်ကျင်း၏ မျက်ဝန်းများတွင် တုံ့ဆိုင်းမှုအချို့ ကျန်ရှိနေဆဲ ဖြစ်သည်။ သူသည် လက်ကိုဆန့်ကာ ယွီချင်းချင်း၏ အေးစက်နေပြီဖြစ်သော လက်ကလေးကို ဆုပ်ကိုင်ရင်း သက်ဇီဝိန်ကင်းမဲ့သွားပြီဖြစ်သော သူမ၏ လှပသည့်မျက်နှာလေးကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။

“ငါ တောင်းပန်ပါတယ်။”

ထိုသို့ ပြောကြားပြီးနောက် ဝမ်ကျင်းသည် ထရပ်လိုက်ပြီး သူ၏မျက်ဝန်းထဲမှ တုံ့ဆိုင်းမှုများမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ သူသည် လှည့်ထွက်ကာ တံခါးပြင်ပသို့ လျှောက်လှမ်းရင်း ကုရန်ကို တိုးညှင်းစွာ ညွှန်ကြားလိုက်သည်။

“အာရန်... သူတို့ကိုပါ လမ်းခရီး ပို့ဆောင်ပေးလိုက်တော့။”

“သခင်ကြီးရဲ့ အမိန့်အတိုင်းပါ။”

ကုရန်သည် ဝမ်ကျင်း ပြောဆိုသော “သူတို့” ဆိုသည်မှာ မည်သူ့ကို ဆိုလိုကြောင်း ကောင်းစွာ သိရှိပေသည်။ ဤလူများ ကွယ်ပျောက်သွားပြီးနောက်တွင်မူ ဤလောက၌ နေမင်းကိုးပါးနန်းတော်၏ ဂိုဏ်းသားဟူ၍ မည်သူမျှ ကျန်ရှိတော့မည်မဟုတ်ချေ။

လူသားတစ်ယောက် သေဆုံးပြီးနောက်တွင် အကြားအာရုံသည် နောက်ဆုံးမှ ပျောက်ကွယ်သွားတတ်ကြောင်း ဝမ်ကျင်း သူ၏ ယခင်ဘဝတွင် ကြားဖူးခဲ့ပေသည်။ သူ ယခုလေးတင် ပြောလိုက်သော အသံမှာ အလွန်တိုးညှင်းလှပေရာ ယွီချင်းချင်းအနေဖြင့်... ကြားလိုက်ရမည် မဟုတ်နိုင်ပါလား။

All Chapters