အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း (၂၁၆)
လီမီ
ပင်းပြည်နယ်၏ မိုင်ပေါင်းထောင်ချီ ဝေးကွာသော အရပ်ရှိ လီမိသားစု၏ စံအိမ်တော်အတွင်း၌ ဖြစ်၏။
လီကျုံးသည် သူ၏လက်ထဲတွင် ထူထဲသော စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားပြီး သူ၏ဘေးတွင်မူ သားအကြီးဆုံးဖြစ်သူ လီဟန်က မတ်တတ်ရပ်နေသည်။
“ဟန်အာ... အစောပိုင်းက သတ်မှတ်ထားတဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေက လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့ဘူး။ ငါတို့ ဒါကို ထပ်တိုးရမယ်။ စစ်မြင်း ဆယ်ကောင်၊ ရှုပိုးထည် လိပ်တစ်ရာ၊ အစေခံ ငါးဆယ်နဲ့ အစောင့်အရှောက် ငါးရာ ထပ်တိုးလိုက်။ ပြီးတော့ ရွှေ၊ ငွေနဲ့ ကျောက်စိမ်း အနုပညာလက်ရာတွေကိုလည်း နှစ်ဆတိုးလိုက်...”
အဖေဖြစ်သူ၏ ညွှန်ကြားချက်များကို ရင်ဆိုင်ရသောအခါ လီဟန်သည် အနည်းငယ်မျှ ပေါ့ဆရန် မဝံ့ရဲဘဲ နှလုံးသားထဲ၌ အသေအချာ မှတ်သားထားလိုက်လေသည်။
ဤကဲ့သို့ များပြားလှပပြီး အလွန် အဖိုးတန်လှသော မင်္ဂလာလက်ဖွဲ့ပစ္စည်းများကြောင့် လီဟန်အနေဖြင့် နှမြောတသခြင်း လုံးဝမရှိခဲ့ပေ။ တစ်ဖက်တွင်မူ လက်ထပ်တော့မည့်သူမှာ သူ၏ တရားဝင် ညီမငယ်အရင်း ဖြစ်နေခြင်းကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း လီဟန်သည် လီမိသားစု၏ နောက်ထပ်မျိုးဆက် မျိုးနွယ်စုခေါင်းဆောင်နှင့် မိသားစု၏ပင်မဒေါက်တိုင် ဖြစ်လာမည့်သူဖြစ်ရာ ဝမ်ကျင်းသည် ၎င်းတို့မိသားစုအတွက် မည်မျှအထိ အရေးပါကြောင်းကို ကောင်းစွာ သိရှိနားလည်ထားသောကြောင့်ပင်ဖြစ်သည်။
အကယ်၍ အခြားသူတစ်ဦးဦးသာ ဆိုပါက... စစ်မြင်းဆယ်ကောင် မဆိုထားနှင့် တစ်ကောင်မျှပင် ရလိမ့်မည်မဟုတ်ချေ။ မြက်ခင်းပြင်ကြီးမှ လာသော ဤထိပ်တန်းစစ်မြင်းများသည် တစ်ကောင်လျှင် ရွှေစင်တစ်ထောင် တန်ဖိုးရှိပြီး ငွေကြေးအမြောက်အမြား ရှိလျှင်ပင် ဝယ်ယူရန် အလွန်ခက်ခဲလှသော အဖိုးဖြတ်မရသည့် ရတနာများ ဖြစ်ကြသည်။
ရှုပိုးထည် လိပ်တစ်ရာမှာမူ လီမိသားစု၏ ဘဏ္ဍာတိုက်တစ်ခုလုံးကို နီးပါးမျှ ဟောင်းလောင်းဖြစ်သွားစေခဲ့သည်။ ဤထိပ်တန်းအဆင့် ပိုးထည်များကို ငွေကြေးအဖြစ်ပင် တိုက်ရိုက်လဲလှယ် အသုံးပြုနိုင်ပြီး အဝတ်အထည်အဖြစ် ချုပ်လုပ်ဝတ်ဆင်ပါက လှပပြီး သက်တောင့်သက်သာရှိစေရုံမျှမက ဂုဏ်ဒြပ်နှင့် အဆင့်အတန်း၏ ပြယုဂ်လည်း ဖြစ်ပေသည်။ သို့သော်လည်း ၎င်းတို့ကို ထုတ်လုပ်ရန် အလွန်ခက်ခဲလှသဖြင့် ငွေရှိရုံနှင့် ဝယ်ယူ၍မရနိုင်သော ရှားပါးရတနာများ ဖြစ်ကြ၏။ အကယ်၍ လီမိသားစု၏ ရိုးရှင်းအေးချမ်းပြီး အလွန် ဖြုန်းတီးခြင်းမရှိသော မိသားစုထုံးတမ်းစဉ်လာကြောင့်သာ နှစ်ပေါင်းများစွာ စုဆောင်းထားနိုင်ခဲ့ခြင်းဖြစ်ပြီး သို့မဟုတ်ပါက ဤမျှများပြားသော ပိုးထည်များကို လုံးဝ စုစည်းနိုင်မည် မဟုတ်ပေ။
အစေခံများအကြောင်းကိုမူ အထူးတလည် ပြောနေရန်ပင် မလိုတော့ချေ။ လီမီနှင့်အတူ မင်္ဂလာလက်ဖွဲ့အဖြစ် လိုက်ပါသွားမည့် အစေခံများသည် သာမန်အစေခံ သို့မဟုတ် အိမ်ဖော်မလေးများ မဟုတ်ကြဘဲ စနစ်တကျ အသေအချာ ရွေးချယ်ကာ သီးသန့်လေ့ကျင့်ပျိုးထောင်ထားသည့် နယ်ပယ်အသီးသီးမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ အတူလိုက်ပါမည့် အစေခံမိန်းကလေးအချို့မှာ ရုပ်ရည်ချောမွေ့လှပပြီး ဉာဏ်ပညာထက်မြက်ကာ အလိုက်သိတတ်ကြသည့်အပြင် သိုင်းပညာကိုပါ ကျွမ်းကျင်ကြသူများ ဖြစ်သည်။ ၎င်းတို့သည် သူတို့၏ သခင်မလေးကို ခင်ပွန်းဖြစ်သူ၏ မျက်နှာသာပေးမှုကို ရရှိအောင် ကူညီပေးနိုင်သကဲ့သို့ ကိုယ်ရံတော်များအဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်ကြသည်။
သက်ကြီးရွယ်အို နို့ထိန်းအဘွားအချို့မှာမူ ဆေးဝါးဗေဒနှင့် အဆိပ်အတတ်ပညာရပ်များတွင် ကျွမ်းကျင်နှံ့စပ်ကြရာ စံအိမ်တော်တွင်းရှိ နှောင့်ယှက်ဖျက်ဆီးမည့် မြူဆွယ်တတ်သော မိန်းမပျိုများကို အဆိပ်ခတ်၍ ရှင်းလင်းပစ်နိုင်သကဲ့သို့ သူတို့၏ သခင်မလေးကိုလည်း ဘေးကင်းအောင် အပြည့်အဝ ကာကွယ်ပေးနိုင်ကြသည်။ သခင်မလေး ကိုယ်ဝန်ဆောင်ချိန်နှင့် သားသမီးမွေးဖွားချိန်များတွင်လည်း မသမာသောစိတ်ရှိသူတို့၏ လုပ်ကြံဖန်တီးမှု ကွက်ဆင်မှုများကို အနီးကပ် စောင့်ကြပ်ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
ထို့အပြင် သခင်မလေးကို ခင်ပွန်းဖြစ်သူ၏ နှလုံးသားကို မည်သို့ဖမ်းစားရမည်ကို သင်ကြားပြသပေးနိုင်မည့် အိပ်ယာခန်းဆောင်အတတ်ပညာ ကျွမ်းကျင်သူများပင် ပါဝင်သေးသည်။ အကျဉ်းချုပ်ရလျှင် လီမီအတွက် ဘက်စုံကဏ္ဍစုံမှ အပြည့်အဝ အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ အရည်အချင်းမျိုးစုံရှိသော ပါရမီရှင်များကို စုံလင်စွာ စီမံပေးထားခြင်း ဖြစ်ပေသည်။
ကိုယ်ရံတော်အစောင့်အရှောက်များ အကြောင်းကိုမူ သံသယဖြစ်ဖွယ်မရှိ အထူးပြောရန်မလိုချေ။ ၎င်းတို့အားလုံးမှာ လီမီ၏ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူရမည့် ဂရုတစိုက် ရွေးချယ်ထားသော အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူမက အမိန့်ပေးလိုက်သည်နှင့် ဤအစောင့်အရှောက်များသည် မည်သူ့ကိုမဆို သတ်ဖြတ်ရန် အနည်းငယ်မျှ တွန့်ဆုတ်နေကြမည် မဟုတ်ပေ။
ဤမင်္ဂလာလက်ဖွဲ့ပစ္စည်းများ၏ တန်ဖိုးပမာဏသည် ငွေကြေးသက်သက်ဖြင့် တိုင်းတာရန် အလွန်ပင် ခက်ခဲလှပေသည်။ ၎င်းသည် ကြီးမြတ်သော မျိုးရိုးကြီးမိသားစုတစ်ခု၏ မျိုးဆက်များစွာ စုဆောင်းလာခဲ့သော အုတ်မြစ်နှင့် အမွေအနှစ်ကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။ သို့သော်လည်း လီမိသားစုကဲ့သို့သော အင်အားကြီးမျိုးနွယ်စုကြီးအတွက်ပင် ဤမျှများပြားလှသော အရာများကို ထုတ်ပေးလိုက်ရခြင်းမှာ များစွာ နှမြောတသ နာကျင်ရပေသည်။ ငွေကြေးဥစ္စာကို ရှာဖွေရန် လွယ်ကူသော်လည်း ထိပ်တန်း ပါရမီရှင် လူသားအရင်းအမြစ်ကို ပျိုးထောင်ရန်မှာမူ အလွန်ပင် ခက်ခဲလှသောကြောင့်ပင်ဖြစ်သည်။
သို့သော်လည်း စားနပ်ရိက္ခာနှင့် လက်နက်ဟူသော အခြေခံအကျဆုံး လိုအပ်ချက်နှစ်ခုမှာမူ လီမိသားစုအနေဖြင့် မရှိမဖြစ်လိုအပ်ပြီး လက်ရှိတွင် အလွန်ရှားပါးနေသောအရာများ ဖြစ်သဖြင့် ဤအချိန်တွင် ၎င်းတို့သည် အလွန် ရက်ရောပြသနေခြင်း ဖြစ်၏။
မင်္ဂလာပစ္စည်းများနှင့် ပတ်သက်၍ ညွှန်ကြားပြီးနောက် လီကျုံးသည် မျက်လုံးများကို ခေတ္တမှိတ်ကာ အတွေးနက်သွားပြီးမှ လီဟန်ကို လှည့်၍ ပြောလိုက်သည်။
“မီအာကို သွားခေါ်လိုက်ချေ။ ဝမ်မိသားစုရဲ့ မင်္ဂလာတင်တောင်းလက်ဆောင်တွေ မကြာခင် ရောက်လာတော့မယ်။ မင်္ဂလာရက်စွဲကို ပြောင်းလဲလိုက်ပြီဖြစ်လို့ မီအာအနေနဲ့ အချိန်စောပြီး ထွက်ခွာရမယ်၊ နောက်လထဲမှာ မင်္ဂလာပွဲပြီးမြောက်ဖို့ ယွဲ့ပြည်နယ်ကို အရောက်သွားရမယ်။”
“ဒါ့အပြင် အတူလိုက်ပါမယ့်သူတွေနဲ့ ဆွေမျိုးတွေကို သေချာရွေးချယ်ရမယ်၊ တည်ငြိမ်ရင့်ကျက်တဲ့သူတွေ ဖြစ်ရမယ်။ မောက်မာရိုင်းစိုင်းတဲ့သူ တစ်ယောက်မှ လိုက်ခွင့်မပြုဘူး။ အန်အာကို အဖွဲ့ခေါင်းဆောင်အဖြစ် သွားခိုင်းလိုက်။”
“မှန်လှပါ အဖေ။”
နှစ်ပေါင်းရာချီသော အမွေအနှစ်အုတ်မြစ်ရှိပြီး နယ်မြေတစ်ခုတွင် အခြေချအမြစ်တွယ်နေသော လီမိသားစုကဲ့သို့သော မျိုးနွယ်စုကြီးတစ်ခုအတွက်မူ မျိုးနွယ်စုအတွင်းရှိ ထိပ်တန်း ပါရမီရှင် တပည့်သားမြေးများသည် အရေးကြီးသော တာဝန်များကို အသီးသီး ထမ်းဆောင်နေကြရသဖြင့် ခွင့်ပြုချက်မရှိဘဲ မိမိသဘောဖြင့် ထွက်ခွာခွင့်မရှိကြချေ။ မျိုးနွယ်စုခေါင်းဆောင်၏ တရားဝင် သမီးအရင်း၏ မင်္ဂလာပွဲဖြစ်သော်လည်း လူတိုင်း လိုက်ပါရန် မဖြစ်နိုင်ပေ။
ယွဲ့ပြည်နယ်နှင့် အလွန် ဝေးကွာလှသဖြင့် အဖေဖြစ်သူ လီကျုံးနှင့် အစ်ကိုဖြစ်သူ လီဟန်ကိုယ်တိုင်ပင်လျှင် မင်္ဂလာပွဲသို့ တက်ရောက်နိုင်မည် မဟုတ်ချေ။ ဝမ်မိသားစုဘက်မှ စေ့စပ်ညှိနှိုင်းစဉ်ကလည်း ဝမ်ကျင်းကိုယ်တိုင် လာရောက်ခြင်းမဟုတ်ဘဲ ကိုယ်စားလှယ်များကိုသာ စေလွှတ်ခဲ့သကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ ဝမ်ကျင်းကိုယ်တိုင်သာ လာရောက်ခဲ့ပါက သူသည် ပြည်နယ်တစ်ခုလုံး၏ အရေးကိစ္စများကို စွန့်ပစ်ကာ မိမိ၏ ကိုယ်ရေးကိုယ်တာကိစ္စကို ဦးစားပေးသည်ဟု ကမ္ဘာသူကမ္ဘာသားတို့၏ အထင်သေးခြင်းကို ခံရမည့်အပြင် လီမိသားစုအပေါ်တွင်လည်း ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း လီမိသားစုအနေဖြင့် ၎င်းတို့၏ သမီးပျိုကို မည်သည့် အကြီးအကဲ သို့မဟုတ် ဆွေမျိုးတစ်ဦးမျှ မပါဘဲ လက်ထပ်ထိမ်းမြားပေးလိုက်ရန်လည်း မဖြစ်နိုင်ချေ။ သို့မဟုတ်ပါက ဤမင်္ဂလာပွဲကို လီမိသားစုက သဘောမတူ သို့မဟုတ် ကောင်းချီးမပေးဟု အဓိပ္ပာယ်သက်ရောက်သွားမည် မဟုတ်ပါလား။ ထို့ကြောင့် မျိုးနွယ်စုအတွင်းရှိ ဆက်ဆံရေးပြေပြစ်ပြီး အချိန်အားလပ်သူများကို လီမိသားစု၏ ကိုယ်စားလှယ်များအဖြစ် စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
ရှေ့ဝင်းအတွင်းရှိ တင်းမာတည်ကြည်သော အခြေအနေနှင့်မတူဘဲ အနောက်ဆောင်အတွင်း၌မူ လီမီ၏မိခင်ဖြစ်သူ လီမိသားစု၏ သခင်မကြီး ကျန်းသည် လီမီ၏ ဆံနွယ်များကို ညင်သာစွာ ဖြီးသင်ပေးနေခဲ့သည်။ မှန်ထဲတွင် ပေါ်လာသော သူမသမီးလေး၏ အပြစ်ပြောပယ်စရာမရှိအောင် လှပချောမောလွန်းသော ရုပ်ရည်ကို ကြည့်ရင်း သခင်မကြီး ကျန်းသည် မျက်ရည်များ ဝဲလာခဲ့ရတော့သည်။
ယွဲ့ပြည်နယ်သည် ပင်းပြည်နယ်မှ မိုင်ပေါင်းထောင်ချီ ဝေးကွာလှပေသည်။ ဤကဲ့သို့ ခွဲခွာရပြီးနောက် သမီးဖြစ်သူနှင့် မည်သည့်အချိန်တွင် ပြန်လည်ဆုံတွေ့ရဦးမည်ကို မည်သူသိနိုင်မည်နည်း။
“မင်းရဲ့ အသည်းမာလှတဲ့ အဖေနဲ့ အစ်ကိုကတော့ မင်းကို ဒီလောက်ဝေးတဲ့ အရပ်ဆီ ဇွတ်အတင်း ပေးစားချင်နေကြတယ်...”
အမေဖြစ်သူ၏ ရှိုက်ကြီးတငင် အသံကို ကြားရသောအခါ လီမီသည် သူမ၏ဆံပင်ကို ဖြီးပေးနေသော အမေ၏ လက်ဖဝါးကို လှမ်း၍ ဆုပ်ကိုင်လိုက်ပြီးနောက် လှည့်၍ ချိုသာစွာ ပြုံးပြလိုက်သည်။
“အမေ... အဖေကလည်း သမီးကို အရမ်းချစ်တာပါ။ သမီးအတွက် အများကြီး ပြည့်စုံတဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေကို ပြင်ဆင်ပေးထားတယ်လေ။ ပြီးတော့ အစ်ကိုကြီးကလည်း နောက်ကျရင် သမီးဆီ လာလည်မယ်လို့ ပြောထားပါတယ်...”
ဤနေရာသို့ ရောက်သောအခါ လီမီ၏ အသံသည်လည်း အနည်းငယ် တုန်ခါသွားခဲ့ရသည်။ မိမိ၏ မိသားစုနှင့် ရေမြေခြား ခွဲခွာရတော့မည်ဖြစ်ရာ သူမအနေဖြင့် မည်သို့လျှင် ဝမ်းမနည်းဘဲ နေနိုင်ပါမည်နည်း။ သို့သော်လည်း သူမသည် မိမိ၏ ဝမ်းနည်းမှုကို အပြင်သို့ မပြသလိုခဲ့ပေ။ သို့မဟုတ်ပါက ဝမ်းနည်းပူဆွေးနေရရှာသော အမေဖြစ်သူ သခင်မကြီး ကျန်းကို ပို၍ စိတ်ထိခိုက်စေရုံသာ ရှိပေလိမ့်မည်။
“ဒါ့အပြင်... သမီးရဲ့ ခင်ပွန်းလောင်းက ရုပ်ရည်ချောမောခန့်ညားပြီး ပါရမီထက်မြက်တယ်၊ ပြည်နယ်ဘုရင်ခံရာထူးကို ရရှိထားပြီး ကြီးမားတဲ့ အာဏာစွမ်းပကားကို ပိုင်ဆိုင်ထားတယ်လို့ ကြားသိရပါတယ်။ သူက တိုင်းတစ်ပါး လူမျိုးစုတွေကို သုံးကြိမ်တိုင်တိုင် စစ်ချီတိုက်ခိုက်ခဲ့ပြီး အင်အားကြီးမားတဲ့ တပ်မတော်ကို ဦးဆောင်လို့ တိုင်းတစ်ပါးနိုင်ငံတွေကို ဖျက်ဆီးကာ နယ်မြေတွေ ချဲ့ထွင်နိုင်ခဲ့တယ်။ သူက တကယ့်သူရဲကောင်းကြီး တစ်ဦးပဲ။ သမီးအနေနဲ့ ဒီလို ငယ်ရွယ်ပြီး ထက်မြက်တဲ့ ယောကျာ်းကောင်းတစ်ယောက်နဲ့ လက်ထပ်ရမှာမို့လို့ အမေက သမီးအတွက် ဝမ်းသာပေးသင့်ပါတယ်...”
မိသားစုနှင့် ခွဲခွာရမည့် နာကျင်မှုကို ဖယ်ရှားလိုက်လျှင် လီမီသည် သူမ၏ အနာဂတ်ခင်ပွန်းလောင်း ဝမ်ကျင်းအပေါ် အမှန်တကယ်ပင် လွန်စွာ စိတ်ကျေနပ်မှု ရှိနေခဲ့သည်။ သူသည် ရုပ်ရည်ခန့်ညားပြီး ဂုဏ်သရေရှိ မျိုးရိုးနောက်ခံရှိကာ စွမ်းဆောင်ရည်မြင့်မားပြီး အာဏာရှိသည့်အပြင် ငယ်ရွယ်ပျိုမြစ်သေးရာ... သူမ၏ အနာဂတ်ခင်ပွန်းလောင်းအပေါ် ထားရှိသော မျှော်မှန်းချက်အားလုံးနှင့် နီးပါးမျှ ကိုက်ညီနေခဲ့သည်။
ပြင်ပတွင် ပျံ့နှံ့နေသော ကောလာဟလအချို့ဖြစ်သည့် သူသည် စည်းစိမ်ကို အလွန် ဖြုန်းတီးတတ်ပြီး မိန်းမလှလေးများကို နှစ်သက်စွဲလမ်းတတ်သည်ဟူသော အချက်များကိုမူ သူမ လုံးဝ ဂရုမစိုက်ပေ။ မျိုးရိုးကြီးမိသားစုမှ ပေါက်ဖွားလာသူဖြစ်သဖြင့် လီမီသည် ဤကဲ့သို့သော ကိစ္စရပ်များကို ကောင်းစွာ နားလည်ပြီးသား ဖြစ်သည်။ ယောကျာ်းများ... အထူးသဖြင့် စွမ်းဆောင်ရည်ရှိသော ယောကျာ်းကြီးများအနက် မိန်းမလှလေးများကို မနှစ်သက်သူ မည်မျှရှိပါမည်နည်း။ စည်းစိမ်ဖြုန်းတီးခြင်းနှင့် ပတ်သက်၍မူ လီမီကိုယ်တိုင်လည်း စည်းစိမ်ကို သုံးဖြုန်းတတ်သူ ဖြစ်၏။ ဂုဏ်သရေရှိ မျိုးရိုးကြီးမိသားစုများမှ သားသမီးများအနက် မည်မျှလောက်ကများ ချွေတာတတ်သူများအဖြစ် တကယ်ရှိပါမည်နည်း။
ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာတတ်သူဟူသော စကားလုံးများကိုမူ လီမီက ပို၍ပင် လှောင်ပြောင်လိုက်သေးသည်။ လီမိသားစုတွင် ရှိသော သတင်းအချက်အလက်များသည် ပြင်ပတွင် ပျံ့နှံ့နေသည်ထက် ပိုမိုကျယ်ပြန့် နက်ရှိုင်းလှပေသည်။ ဝမ်ကျင်း အများဆုံး သတ်ဖြတ်ခဲ့သော သူများမှာ တိုင်းတစ်ပါးလူမျိုးစုများနှင့် ဓားပြသူပုန်များသာ ဖြစ်ကြသည်။ ပင်းပြည်နယ်သည် မြက်ခင်းပြင်ကြီးနှင့် ကပ်လျက်တည်ရှိသဖြင့် စစ်မီးများ ခဏခဏ တောက်လောင်လေ့ရှိရာ လီမိသားစု၏ တပည့်သားမြေးများစွာသည်လည်း စစ်မြေပြင်၌ သေဆုံးခဲ့ရဖူးသည်။
ထို့ကြောင့် လီမီ၏ အမြင်တွင်မူ ထိုတိုင်းတစ်ပါးလူမျိုးစုများသည် သေထိုက်သူများဖြစ်ပြီး ပရမ်းပတာခေတ်အတွင်း အရပ်ဒေသကို မငြိမ်မသက်ဖြစ်အောင် နှောင့်ယှက်ဖျက်ဆီးနေသော ဓားပြများသည်လည်း ရှင်းလင်းသုတ်သင်အပ်သူများသာ ဖြစ်သည်။ လီမီသည် ဝမ်ကျင်း၏ ပြတ်သားလွန်းသော သတ်ဖြတ်ခြင်း နည်းလမ်းများကို မုန်းတီးခြင်းမရှိရုံမျှမက ထိုအရာများကို သူရဲကောင်းဆန်ပြီး ပြတ်သားသော လုပ်ရပ်များအဖြစ်ပင် လွန်စွာ ချီးကျူးအထင်ကြီးမိသေးသည်။
လီမီက ဝမ်ကျင်းကို ဤမျှ ထောက်ခံအမွှမ်းတင်နေသည်ကို ကြားရသောအခါ သခင်မကြီး ကျန်းသည် စိတ်သက်သာရာ မရရှိခဲ့သည့်အပြင် ပို၍ပင် စိုးရိမ်ပူပန်သွားခဲ့ရသည်။ သခင်မကြီး ကျန်းကိုယ်တိုင်လည်း ထိပ်တန်းမျိုးရိုးကြီးဖြစ်သော ကျန်းမိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး နောက်ပိုင်းတွင် လီမိသားစု၏ အဓိကသခင်မကြီးအဖြစ် လက်ထပ်ဝင်ရောက်လာခဲ့သူ ဖြစ်သည်။ သူမ၏ တစ်သက်တာလုံးတွင် လူပေါင်းစုံနှင့် ကိစ္စရပ်ပေါင်းစုံကို မြင်တွေ့ကြုံဖြတ်ခဲ့ဖူးရာ... သူမ၏ အဖေ၊ မောင်ဖွားများ၊ ခင်ပွန်းဖြစ်သူနှင့် ဆွေမျိုးများအတွင်း၌ ထူးချွန်ထက်မြက်သော ပါရမီရှင် အမျိုးသားများစွာ ရှိခဲ့ဖူးသည်။
ထိုကဲ့သို့သော စွမ်းဆောင်ရည်မြင့်မားသည့် အမျိုးသားများအားလုံးတွင် တူညီသော သဘာဝလက္ခဏာတစ်ခု ရှိကြသည်။ ၎င်းတို့သည် ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်များနောက်သို့ လုံးဝ မျောပါသွားလေ့ မရှိကြချေ။ ၎င်းတို့၏ မျက်ဝန်းထဲတွင် ထိုကဲ့သို့သော အချစ်နှင့် ကရုဏာများ မရှိဘဲ... မိသားစု၏ ဂုဏ်ဒြပ်၊ အာဏာစွမ်းပကား၊ အကျိုးစီးပွားနှင့် ပဋိပက္ခများသာ တည်ရှိနေတတ်သည်။
ဝမ်ကျင်းသည်လည်း သံသယဖြစ်ဖွယ်မရှိဘဲ ထိုကဲ့သို့သော အမျိုးသားတစ်ဦးသာ ဖြစ်လိမ့်မည်ဟု သခင်မကြီး ကျန်းက ယုံကြည်ထားသည်။ ဤကဲ့သို့သော ယောကျာ်းမျိုးနှင့် လက်ထပ်ရခြင်းသည် သမီးဖြစ်သူအတွက် ကံကောင်းခြင်းလား သို့မဟုတ် ဝမ်းနည်းစရာလားဆိုသည်ကို သူမ အမှန်တကယ်ပင် မဝေခွဲတတ်တော့ချေ။
“သမီးလေးရယ်...”
“အမေ... သမီးမှာ ရွေးချယ်စရာ မရှိဘူးဆိုတာ အမေသိပါတယ်ဘဲ။ မိသားစုက သမီးကို နှစ်ပေါင်းများစွာ မွေးမြူစောင့်ရှောက်ခဲ့ပြီးပြီ။ အခု မိသားစုက သမီးကို လိုအပ်နေတဲ့အချိန်မှာ သမီးအနေနဲ့ ထွက်ပြေးတိမ်းရှောင်လို့ မရပါဘူး။ ဒါက လီမိသားစုရဲ့ သားသမီးတစ်ယောက်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ပဲလေ... သမီးအနေနဲ့ လိမ္မာပါးနပ်တဲ့ ဇနီးကောင်းတစ်ယောက်၊ အမေကောင်းတစ်ယောက် ဖြစ်လာနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိပါတယ်!”
ထိုအချိန်တွင် အခန်းပြင်ပရှိ အစေခံမလေးတစ်ဦးက တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
“သခင်မလေး... မျိုးနွယ်စုခေါင်းဆောင်က သခင်မလေးကို ဆုံတွေ့ဖို့ မိန့်ကြားလိုက်ပါတယ်...”
လီမီသည် မတ်တတ်ရပ်လိုက်ပြီး အမေဖြစ်သူ သခင်မကြီး ကျန်းကို အသာအယာ ဖက်လိုက်ကာ လှည့်၍ ထွက်ခွာသွားခဲ့တော့သည်။
ခန့်ညားတည်ကြည်စွာ ထိုင်နေသော လီကျုံးသည် မိမိ၏ရှေ့မှောက်သို့ ရောက်ရှိလာသော သမီးဖြစ်သူကို ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းများအတွင်း၌မူ နှမြောတသခြင်းနှင့် ခွဲခွာရခက်ခြင်းရိပ်များ ထင်ဟပ်နေဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် ငယ်စဉ်ကတည်းက သူကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့သော သမီးအရင်းဖြစ်ရာ ယခုကဲ့သို့ အဝေးတစ်နေရာသို့ ပေးစားရမည်ဖြစ်သဖြင့် စိတ်မကောင်းမဖြစ်ဟု ဆိုပါက လိမ်ညာခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း လီကျုံးအနေဖြင့် ဤသို့ စီမံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။ အရာအားလုံးမှာ မိသားစု၏ ရေရှည်အကျိုးစီးပွားအတွက်သာ ဖြစ်ပေသည်။
“မီအာ... ဒီခရီးက တော်တော်လေး ဝေးလံလှတယ်။ ပင်းပြည်နယ်ရဲ့ အရေးကိစ္စတွေကလည်း အလွန်ရှုပ်ထွေးများပြားနေတာကြောင့် မင်းရဲ့အဖေနဲ့ အစ်ကိုကြီးတို့အနေနဲ့ လိုက်ပါပို့ဆောင်ပေးဖို့ အချိန်မရှိဘူး... ဟူး... မင်းကို မတရားသလို ဖြစ်စေခဲ့ပြီ... လိမ္မာတဲ့ ကလေးလေးရယ်...”
မိမိ၏ သမီးအရင်း မင်္ဂလာဆောင်သည်ကို အဖေနှင့် အစ်ကိုဖြစ်သူတို့ လိုက်ပါမပို့ဆောင်နိုင်ခြင်းကြောင့် လီကျုံး၏ နှလုံးသားထဲတွင် အနည်းငယ် အပြစ်မကင်းသလို ခံစားနေရခြင်း ဖြစ်သည်။
လီမီသည် အဖေ၏ စကားကို ကြားရသောအခါ လီကျုံးကို အရိုအသေပြု၍ နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်သည်။
“အဖေ... ကျွန်မတို့ လီမိသားစုသာ အစဉ်အမြဲ သန်မာအားကောင်းနေမယ်ဆိုရင် သမီးအနေနဲ့ ဘယ်တော့မှ မတရားခံရတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။”
ဤခေတ်ကာလ၌ မိခင်ဘက်မှ မျိုးနွယ်စုကြီး၏ အင်အားကြီးမားမှု သို့မဟုတ် အားနည်းမှုသည် ခင်ပွန်းဖြစ်သူ၏ မိသားစုအတွင်း အမျိုးသမီးတစ်ဦး၏ အဆင့်အတန်းနှင့် အာဏာကို အဓိက ဆုံးဖြတ်ပေးသောကြောင့်ပင်ဖြစ်သည်။
လီကျုံးသည် သက်ပြင်းတစ်ချက်ချကာ အသာအယာ ခေါင်းညိတ်လိုက်သည်။ သူ၏ သမီးဖြစ်သူသည် ကဏ္ဍစုံတွင် ထူးချွန်ထက်မြက်လှပြီး သူမ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ သာမန်အမျိုးသားများထက်ပင် သာလွန်နေသော်လည်း အဖေတစ်ဦးအနေဖြင့် သူမအား အချို့သောအချက်များကို သတိပေးဆုံးမရန် လိုအပ်နေသေးသည်။
“မီအာ... ဒီနေ့ကစပြီး မင်းဟာ ဝမ်မိသားစုရဲ့ အမျိုးသမီးတစ်ယောက် ဖြစ်သွားပြီ။ နောင်အနာဂတ်မှာ အရာအားလုံးကို ခင်ပွန်းရဲ့ မိသားစုကို ဗဟိုပြုပြီး စဉ်းစားရမယ်။”
လီကျုံးသည် လီမီအား ဝမ်ကျင်းနှင့် လက်ထပ်ပြီးနောက် သူမသည် ဝမ်မိသားစု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာမည်ဖြစ်ရာ နောင်တွင် အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်လာသည့်အခါ ပြင်ပလူများနှင့် ရင်ဆိုင်ခြင်းမှာ တစ်ပိုင်းဖြစ်သော်လည်း... ခင်ပွန်း၏ မိသားစုနှင့် မိမိ၏ မိခင်မျိုးနွယ်စုအကြား ရွေးချယ်ရပါက ခင်ပွန်း၏ မိသားစုကိုသာ ဦးစားပေးရမည်ဖြစ်ကြောင်း မှာကြားနေခြင်း ဖြစ်သည်။ ဤကဲ့သို့သော မျိုးရိုးကြီးမိသားစုများအတွက်မူ ဤအချက်သည် လွန်စွာ အရေးကြီးလှပေသည်။
အကယ်၍ လီမိသားစုမှ သမီးပျိုတိုင်းသည် မိမိတို့၏ မိခင်မျိုးနွယ်စုအတွက်သာ အကျိုးစီးပွားများကို မဆင်မခြင် အတင်းအဓမ္မ ရယူပေးနေကြမည်ဆိုပါက နောင်တွင် လီမိသားစု၏ ဂုဏ်သတင်းသည် ပျက်စီးသွားမည်ဖြစ်ပြီး မည်သည့် မျိုးနွယ်စုကမျှ လီမိသားစုမှ အမျိုးသမီးများကို လက်ထပ်ယူရန် ဝံ့ရဲကြတော့မည် မဟုတ်ချေ။ အခြားသော မျိုးရိုးကြီးများတွင်လည်း ဤစည်းမျဉ်းအတိုင်းပင် ဖြစ်သည်။
“သမီး ကောင်းကောင်း နားလည်ပါပြီ...”
အဖေဖြစ်သူက အသေးစိတ် ရှင်းပြခြင်း မပြုလျှင်ပင် လီမီသည် ဤအချက်ကို သူမ၏ နှလုံးသားထဲတွင် ကောင်းစွာ သိရှိနားလည်ပြီးသား ဖြစ်သည်။
“ဒါဆိုရင်တော့ ကောင်းပြီ... မင်းရဲ့ အမေနဲ့အတူ အချိန်ပိုပြီး ကုန်ဆုံးလိုက်ဦးချေ...”