← Chapters

အခန်း ၂၅၃

Vol. 22 Ch. 253

အခန်း ၂၅၃

Vol. 22 Ch. 253

အခန်း (၂၅၃) ဆင်းရဲမွဲတေမှုနှင့် အချဉ်ဖတ်

"နင်က ကားဝယ်ဖို့လာတာ သေချာပေါက် မဟုတ်ဘူးမလား..."

"ဒီ BMW က အဆင့်မြင့်အမှတ်တံဆိပ်လေ... ဈေးကလည်း အရမ်းကြီးတယ်... စုဆောင်းငွေရှိတဲ့သူတွေမှ ဝယ်နိုင်တာ..."

"ကျောင်းတုန်းကဆို နင့်ဘောင်းဘီမှာ ဖာရာတွေ အပြည့်ပဲဆိုတာ ငါမှတ်မိသေးတယ်..."

ကျိုးရုံးသည် ချန်ချွေ့ဖန်ကို ကြည့်ကာ ပြောလိုက်လေ၏။ သူမ၏ မိသားစုတွင် စုဆောင်းငွေ များများစားစား မရှိသော်လည်း ချန်ချွေ့ဖန်၏ မိသားစုထက်စာလျှင် ပို၍ ချမ်းသာနေသေးသည်ဟု သူမက ထင်မှတ်နေခဲ့သည်။

"ဒီတိုင်း လိုက်ကြည့်ရုံပါ..." ချန်ချွေ့ဖန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။

"အို... ငါသိတာပေါ့"

"ငါတို့ကတော့ ကားဝယ်ဖို့ လာတာ... ငါတို့ကလေးက မင်္ဂလာဆောင်တော့မှာဆိုတော့ ကားတစ်စီးရှိတာက ငါတို့ကို မျက်နှာပန်းလှစေမှာလေ..."

"အဘိုးကြီးလီ... ဒါက ငါတို့ရဲ့ အတန်းဖော်ဟောင်းလေ... တစ်ခုခုပြောပါဦး... မသိချင်ယောင် ဆောင်မနေနဲ့..." ကျိုးရုံးက ယဉ်ကျေးသိမ်မွေ့ပုံပေါက်သော လီဝမ်ဟွာအား ပြောလိုက်သည်။

"ငါသိပါတယ်..."

"ဒါ ချန်ချွေ့ဖန် မဟုတ်လား... နင် အထက်တန်းကျောင်း မတက်ခဲ့ရဘူးဆိုတာ ငါမှတ်မိတယ်... ဆိုတော့ နင့်ရဲ့ ပညာအရည်အချင်းက အလယ်တန်းအဆင့်ပဲ ရှိရမှာပေါ့..."

"ငါကတော့ အထက်တန်းအထိ တက်ခဲ့ရပြီး အခု မူလတန်းပြဆရာ ဖြစ်နေပြီ... ဒါကြောင့် ငါက ပညာတတ်တစ်ယောက်လို့ ဆိုရမှာပေါ့..." လီဝမ်ဟွာက သူ၏ ရွှေရောင်ကိုင်း မျက်မှန်ကို ပင့်တင်ရင်း ပြုံးကာ ပြောလိုက်ချေသည်။

သူက သူ့ကိုယ်သူ ပညာတတ်တစ်ဦးအဖြစ် ခံယူထားပြီး အလယ်တန်းအဆင့်သာ ပညာသင်ကြားခဲ့ရသော သူ၏ အတန်းဖော်များထက် တစ်စုံတစ်ရာ သာလွန်သည်ဟု ခံစားနေခဲ့ပေ၏။

"ဟားဟား... ငါ့အတန်းဖော်ဟောင်းက အရင်လိုပဲ ယဉ်ကျေးတုန်းပါလား..." လီဝမ်ဟွာမှာ သိပ်ပြီး ပြောင်းလဲမသွားခဲ့ဘဲ ထိုအထက်စီးဆန်သော အမူအရာကို ထိန်းသိမ်းထားဆဲပင်။

"ချွေ့ဖန်... နင်လည်း ဝမ်ဟွာအကြောင်း သိပါတယ်... သူက ဆရာတစ်ယောက်ပေမဲ့ စကားပြောတော့ သိပ်မတတ်ဘူး... သူက အဲဒီလိုပဲ..."

"သူ့မှာ ကောင်းမွန်တဲ့ အလုပ်တစ်ခုရှိတော့ လူတိုင်းက အားကျကြတယ်... ငါက ယောက်ျားကောင်းတစ်ယောက်ကို လက်ထပ်ခဲ့တာလေ..."

"ဒါနဲ့... ငါ ဒီနေ့ BMW တစ်စီး ဝယ်မလို့ စီစဉ်နေတာ..."

"BMW ကား ဝယ်လိုက်တာက ငါတို့တွေအတွက် အဆင့်မြင့်တဲ့ အသိုင်းအဝိုင်းထဲကို ခြေလှမ်းဝင်ရောက်သွားပြီလေ..." ကျိုးရုံးက ပြုံးလျက် ပြောလိုက်သည်။

အခြားသူများနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း ချန်ချွေ့ဖန်နှင့် နှိုင်းယှဉ်ပါက ၎င်းမှာ လွယ်ကူသော ကိစ္စတစ်ခုသာ ဖြစ်ချေသည်။ မိသားစုအတွက် BMW ကားတစ်စီး ဝယ်ယူတော့မည့် အကြောင်း တွေးလိုက်မိချိန်တွင် ဖြစ်ပေါ်လာသော သူမ၏ ဂုဏ်ယူဝင့်ကြွားမှုမှာ သိသာထင်ရှားနေပေ၏။

"အို... တကယ်ကောင်းတာပဲ... ပြီးခဲ့တဲ့နှစ်တွေမှာ နင်တို့တွေ အခြေအနေ တော်တော်ကောင်းခဲ့ပုံရတယ်..."

"ဒါက ငါ့တူလေးလား... သူက မင်္ဂလာဆောင်တော့မှာဆိုတော့ မင်္ဂလာဆောင်အတွက် အိမ်ရော ဝယ်ပြီးပြီလား..." ချန်ချွေ့ဖန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ဟားဟားဟား... သေချာပေါက် ဝယ်ပြီးပြီပေါ့... ယွမ် နှစ်သန်းတောင် ပေးရတာ... အရစ်ကျနဲ့ ဝယ်တာဆိုပေမဲ့ ငါ့သားက တော်တော်လေး အလားအလာရှိတာ..."

"ချွေ့ဖန်... နင် နယ်မှာပဲ နေတုန်းလား..."

"ရိုးရိုးသားသား ပြောရရင် ချမ်းသာတဲ့သူတွေက နယ်မှာ မနေကြတော့ဘူး... နင့်မိသားစုက ပြီးခဲ့တဲ့နှစ်တွေမှာ တော်တော်လေး ရုန်းကန်ခဲ့ရပုံပဲ... မြို့ပေါ်ကိုတောင် မပြောင်းနိုင်သေးဘူးဆိုတော့..."

"ဒီအဆောက်အအုံတွေ... ဒီမိုးမျှော်တိုက်ကြီးတွေက တကယ့်ကို အထင်ကြီးစရာပဲနော်..."

"နယ်က အိမ်တွေက ကျယ်ဝန်းတယ် ဆိုပေမဲ့ တကယ့် အဆင့်မြင့်အိမ်တွေတော့ ဘယ်တော့မှ ဖြစ်မလာဘူးလေ..."

"ငါ နောက်ကျရင် ငါ့သားရဲ့ မင်္ဂလာဆောင်ကို သွားမှာ... ပြီးရင် ငါတို့ မြို့ပေါ်ကို ပြောင်းကြတော့မယ်..." ကျိုးရုံးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေ၏။

သူမ စကားပြောဆိုပြီးသည်နှင့် ဘေးရှိ လူငယ်အမျိုးသမီးလေးမှာ မပျော်မရွှင် ဖြစ်သွားတော့သည်။

သူမသည် ထန်လီဟု အမည်ရသော ကျိုးရုံး၏ ချွေးမလောင်းပင် ဖြစ်၏။ ကျိုးရုံးနှင့် သူမ၏ ခင်ပွန်းတို့ အတူလာနေမည်ဟု ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာမှာ ချက်ချင်းပင် ရှုံ့မဲ့သွားလေသည်။

"အို... အန်တီရယ် ဘာတွေပြောနေတာလဲ... အဲဒီအိမ်က စတုရန်းမီတာ ၁၀၀ ကျော်လေးပဲ ရှိတာလေ... တကယ်လို့ အန်တီတို့ပါ လာနေမယ်ဆိုရင် ကျွန်မတို့အတွက် နေရာလုံလောက်ပါ့မလား..."

"ပြီးတော့ ဒီလို အောက်ခြေလူတန်းစားတွေနဲ့ အမြဲတမ်း ဘာတွေပြောနေရတာလဲ... ကျွန်မတို့က BMW တောင် ဝယ်တော့မှာဆိုတော့ ဒီလို နယ်ကသူငယ်ချင်းတွေနဲ့ ထပ်ပြီး မပတ်သက်သင့်တော့ဘူး မဟုတ်လား..."

"တကယ်လို့ သူတို့ရဲ့ အဆင့်နိမ့်တဲ့ အကျင့်စရိုက်တွေ အိမ်ကို ပါလာခဲ့ရင် နောက်ကျ ကျွန်မ ကလေးရလာတဲ့အခါ ကလေးကို ထိခိုက်မှာပေါ့..." ထန်လီက ချန်ချွေ့ဖန်အား ရွံရှာဖွယ် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အဲဒါ အမှန်ပဲ..."

"အမေ... ဘာတွေလုပ်နေတာလဲ... ကားဝယ်မှာလား မဝယ်ဘူးလား... ဒီမှာပဲ အချိန်ဖြုန်းနေတော့မှာလား..."

"ဒီနေ့ကစပြီး ဒီလို အောက်ခြေလူတန်းစားတွေနဲ့ စကားမပြောရတော့ဘူး... နားလည်လား..." လီယိုချိုက်က တိုက်ရိုက်ပင် ပြောလိုက်ချေ၏။

"အေးပါ... အေးပါ..."

"ငါ့ကိုလည်း ကြည့်ပါဦး... ငါက ဖော်ရွေတဲ့သူ တစ်ယောက် မဟုတ်ဘူးလား..."

"ချွေ့ဖန်က နယ်က အောက်ခြေလူတန်းစား ဆိုပေမဲ့လည်း ငါ့ရဲ့ အတန်းဖော်ပဲလေ... ငါစကားနည်းနည်းတော့ ပြောရမှာပေါ့... မဟုတ်ရင် လူတွေက ငါအထက်တန်းစား ဖြစ်သွားတာနဲ့ အတန်းဖော်ဟောင်းတွေကိုတောင် အဖက်မလုပ်တော့ဘူးလို့ ပြောကြမှာပေါ့... အဲဒီလိုဆို ငါ မတရားခံရသလို ဖြစ်မနေဘူးလား..." ကျိုးရုံးက ပြုံးလျက် အလျင်အမြန် ပြောလိုက်သည်။

ဤစကားကို ကြားချိန်တွင် ချန်ချွေ့ဖန်မှာ အလွန်တရာ အရှက်ရသွားပေ၏။

"အင်း... ချန်ချွေ့ဖန် မဟုတ်လား..."

"နင့်နာမည်က တကယ့်ကို အဆင့်အတန်း မရှိတာပဲ... သေချာတာပေါ့... ငါက နင့်ကို နှိမ့်ချနေတာ မဟုတ်ပါဘူး... ဒါပေမဲ့ နင်က အလယ်တန်းအဆင့် ပညာအရည်အချင်းပဲ ရှိတာလေ... ငါတို့မိသားစုထဲမှာ အနိမ့်ဆုံး ပညာအရည်အချင်းက အထက်တန်းအဆင့်ပဲ... ငါတို့အားလုံးက ပညာတတ်တွေလေ... နောက်ပိုင်း ငါတို့ကို မြင်ရင် အဝေးကနေပဲ ကြည့်... စကားလာမပြောနဲ့... ငါတို့ကြားမှာ တူညီတာ ဘာမှမရှိဘူး..." လီဝမ်ဟွာက ချန်ချွေ့ဖန်အား အကဲခတ်ကြည့်ရှုကာ ပြောလိုက်လေသည်။

"ဟုတ်တယ်... အဲဒါ ယုတ္တိရှိတယ်..."

"ချွေ့ဖန်... နင့်ကို ထပ်ပြီး သတိပေးလိုက်မယ်... ဒါက အဆင့်မြင့် BMW အရောင်းဆိုင်လေ... နင် နားလည်မှာ မဟုတ်ပါဘူး... နင်က မြို့ပေါ်ကို မနည်းရောက်လာပြီးတော့ နင်နဲ့ မသင့်တော်တဲ့ နေရာကို ရောက်လာတာပဲ..."

"ရိုးရိုးသားသား ပြောရရင် နင် အခုပဲ ထွက်သွားတာ ပိုကောင်းမယ်... မဟုတ်ရင် သူတို့နေရာကို ညစ်ပတ်စေသလို ဖြစ်ပြီး နင့်ကို မောင်းထုတ်ကြလိမ့်မယ်..." ကျိုးရုံးက စေတနာထားသည့်ဟန်ဖြင့် သတိပေးလိုက်ချေသည်။

တစ်ချိန်တည်းမှာပင် ထန်လီသည် နှာခေါင်းကိုပိတ်ကာ လက်ဖြင့် ယပ်ခတ်နေပြီး တော်တော်လေး စိတ်မရှည်တော့သည့်ဟန် ပေါ်နေပေ၏။

ချန်ချွေ့ဖန်ကဲ့သို့ အောက်ခြေလူတန်းစားတစ်ဦးနှင့် စကားပြောနေသည်ကို တစ်စုံတစ်ယောက်က မြင်တွေ့သွားပါက လှောင်ပြောင်ခံရမည် မဟုတ်လော။

ကျိုးရုံး တစ်ယောက် ဘာတွေ တွေးနေသနည်းဆိုသည်ကို သူမ လုံးဝ နားမလည်နိုင်ခဲ့ချေ။

ချန်ချွေ့ဖန်သည် ခေါင်းကို ခါယမ်းကာ ခါးသီးသော အပြုံးတစ်ခုကို အတင်းအကျပ် ပြုံးပြလိုက်သည်။

"ကောင်းပြီ... နင်တို့အလုပ် နင်တို့ ဆက်လုပ်ကြပါ..."

သူမကို မှတ်မိသောကြောင့် စကားအနည်းငယ် လာပြောရုံမျှသာ ဖြစ်သော်လည်း ဤသို့ အရှက်ခွဲခံရလိမ့်မည်ဟု ချန်ချွေ့ဖန် လုံးဝ မျှော်လင့်မထားခဲ့ပေ။

"ကောင်းပြီ... နင် အခု ထွက်သွားသင့်ပြီ... ငါတို့က အခု မြို့သူမြို့သားတွေ ဖြစ်နေပြီဆိုတော့ ငါက နင့်ရဲ့ အတန်းဖော်လို့ ထပ်မပြောပါနဲ့တော့... ငါ့အတွက် အရှက်ရစရာ ဖြစ်လို့ပါ..." ကျိုးရုံးက လေးနက်စွာ သတိပေးလိုက်လေ၏။

"ပြောပါဦး... ဒီကားက ဈေးသက်သာလား မသက်သာဘူးလား..." ကျိုးရုံးသည် အရောင်းဝန်ထမ်းအား ကြည့်ကာ မေးလိုက်သည်။

အရောင်းဝန်ထမ်းမှာ သဘာဝကျစွာပင် ပို၍ အကူအညီမဲ့သွားခဲ့ရသည်။

"အစ်မကြီးရှင့်... တကယ်ပါ... တစ်ပြားမှ လျှော့ပေးလို့ မရတော့ပါဘူး..."

"ကောင်းပြီ... ကောင်းပြီ... နှလုံးသားမရှိတဲ့ ထုတ်လုပ်သူတွေ... ငါ့ဆီကနေ ကားတစ်စီး ဝယ်တာကို ဘယ်လောက်တောင် အမြတ်ထုတ်နေကြလဲ မသိဘူး..."

ကျိုးရုံးက မျက်မှောင်ကြုတ်လျက် ပြောလိုက်ချေ၏။

"ဟုတ်ကဲ့ပါ... အရစ်ကျစနစ်အတွက် ဒီမှာ ဆောင်ရွက်ပေးပါမယ်... ပထမ သုံးနှစ်က အတိုးမဲ့ပါရှင့်..." အရောင်းဝန်ထမ်းက သတိပေးလိုက်သည်။

"အင်း..."

ကျိုးရုံးသည် ဒုတိယအကြိမ် စဉ်းစားမနေတော့ဘဲ စာရွက်စာတမ်းများတွင် လက်မှတ်ရေးထိုးကာ ကနဦးပေးသွင်းငွေကို ပေးချေလိုက်လေ၏။

"ငါတို့တွေက ဒီနေ့ကစပြီး အဆင့်မြင့် BMW ကားပိုင်ရှင်တွေ ဖြစ်သွားပြီ... လူတိုင်းက ငါတို့ကို မော်ကြည့်ကြရတော့မယ်..." ကျိုးရုံးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်ရာ တစ်မိသားစုလုံးသည်လည်း ဤအချိန်တွင် ပြုံးရွှင်သွားကြတော့သည်။

"ဟေ့... ချွေ့ဖန်... နင် ဘာလို့ မထွက်သွားသေးတာလဲ... ငါ BMW ဝယ်လိုက်တာကို မြင်ပြီးတော့ စီးချင်နေတာတော့ မဟုတ်ပါဘူးနော်..."

"အဲဒီလိုတော့ မရဘူးနော်... ဒီကားက အသစ်စက်စက်လေးလေ... နင့်ဆီက ဆင်းရဲပြီး တောဆန်တဲ့ အနံ့တွေက ကားကို ညစ်ညမ်းသွားစေလိမ့်မယ်..." ချန်ချွေ့ဖန် မထွက်သွားသေးသည်ကို မြင်ချိန်တွင် ကျိုးရုံးက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

"အန်တီ... ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်နိုင်ရတာလဲ..."

"အန်တီက အထက်တန်းစား အသိုင်းအဝိုင်းထဲကို ဝင်ချင်နေတယ်ဆိုတာ ကျွန်မ သိပါတယ်... ဒါပေမဲ့ ဒီလိုတော့ လုပ်လို့မရဘူးလေ မဟုတ်လား... ဒါတွေက အသစ်စက်စက် ကားတွေလေ... အန်တီက မျက်နှာပြောင်တိုက်ပြီး အတင်းဝင်စီးချင်နေတာက တကယ့်ကို ရိုင်းစိုင်းလွန်းတာပဲ..." ထန်လီက နှာခေါင်းကို ပိတ်ထားဆဲဖြစ်ကာ ပြောလိုက်သည်။

"စိတ်မလှုပ်ရှားပါနဲ့... ငါတို့က ယဉ်ကျေးတဲ့ လူသားတွေလေ... ပိုပြီး ယဉ်ယဉ်ကျေးကျေး ပြောကြရအောင်... ချန်ချွေ့ဖန်က အလယ်တန်းအဆင့် ပညာအရည်အချင်းပဲ ရှိတာဆိုတော့ သိပ်ပြီး နားလည်မှာ မဟုတ်ဘူး... သူက တကယ့် အရိုင်းအစိုင်း တစ်ယောက်ပဲ... သူနားလည်အောင် သေချာ ရှင်းပြလိုက်ကြတာပေါ့..."

"ချန်ချွေ့ဖန်... ငါတို့တွေက အတန်းဖော်တွေ ဆိုပေမဲ့လည်း လူတွေကြားမှာ ကွာခြားချက်တွေ ရှိပါတယ်... ဒါကြောင့် ဒီနေရာမှာ လာပြီး ငါတို့ကို မနှောင့်ယှက်ပါနဲ့တော့..." လီဝမ်ဟွာက မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်ချေ၏။

ချန်ချွေ့ဖန်သည် ခေတ္တမျှ ဆွံ့အသွားပြီးနောက် သူမအား စိုက်ကြည့်နေသော လူလေးယောက်ကို မြင်တွေ့လိုက်ရပေသည်။

"အို... အန်တီ... ဒီမှာ ဘာလုပ်နေတာလဲရှင့်..."

"မြန်မြန်လေးရှင့်... စာချုပ် အဆင်သင့် ဖြစ်နေပါပြီ... ငွေချေပြီးတာနဲ့ ကားကို မောင်းသွားလို့ ရပါပြီ... ရိုးရိုးသားသား ပြောရရင် အန်တီ့သားက တကယ်ကို ထူးချွန်တာပဲ... ယွမ် သုံးသိန်းတန် ကားကိုတောင် ဝယ်ပေးနိုင်တယ်ဆိုတော့လေ..."

ထိုအချိန်တွင် အစောပိုင်းက ချန်ချွေ့ဖန်အား ဝန်ဆောင်မှုပေးခဲ့သော အမျိုးသမီး အရောင်းဝန်ထမ်းသည် စာချုပ်ကို ကိုင်ဆောင်လျက် ရောက်ရှိလာကာ ပြောလိုက်လေ၏။

All Chapters