← Chapters

အခန်း ၂၅၇

Vol. 22 Ch. 257

အခန်း ၂၅၇

Vol. 22 Ch. 257

အခန်း (၂၅၇) မြူဆွယ်ခြင်း

"ဟုတ်ကဲ့ မစ္စတာလီ ကျွန်တော် နားလည်ပါပြီ..." လုံခြုံရေးအစောင့်က ပြောဆိုလိုက်၏။

ဤစကားကို ကြားချိန်တွင် ထန်လီ၏ မျက်နှာပေါ်၌ ကျေနပ်ဂုဏ်ယူနေသော အမူအရာများ ထွက်ပေါ်လာခဲ့ပေသည်။

"ဟားဟားဟား ငါ နင့်ကို သတိပေးထားပြီးသားနော်... နင်က လုံခြုံရေးအစောင့်စုတ်လေးပဲကို ဘာလို့ နင့်အသက်ကို စွန့်လွှတ်ရဲနေတာလဲ..." ထန်လီက လုံခြုံရေးအစောင့်အား အထင်သေးစွာ ကြည့်ရင်း ပြောလိုက်ပြီးနောက် လူတိုင်းကို ကားပေါ်တက်ရန် ညွှန်ကြားလိုက်လေ၏။

မကြာမီမှာပင် သူတို့သည် ကားပါကင်နေရာရှိ လက်ဆပ်(စ်)ကားကို မြင်တွေ့လိုက်ရပြီး ချန်ချွေ့ဖန် မိသားစုပိုင်ဆိုင်သောကားဖြစ်ကြောင်း မှတ်မိသွားကြတော့သည်။

"ဝါး တကယ်ကို အထင်ကြီးစရာပဲ..."

"ဒီအိမ်ကြီးကလေ ငါသာ ပိုက်ဆံရှိရင် သေချာပေါက် ဒီမှာ နေမှာပဲ..."

"ဟုတ်တယ် ဘယ်လောက်တောင် ကျယ်ဝန်းပြီး ဇိမ်ကျလိုက်မလဲ..." လူအုပ်ကြီးသည် သူတို့ရှေ့ရှိ ဗီလာကြီးကို ကြည့်ကာ လုံးဝ အံ့အားသင့်သွားကြလေ၏။

ဤချိန်တွင် လီဟူသည် ဗီလာထဲမှ ထွက်လာခဲ့ပြီး ရောက်လာသော မိသားစုကို မြင်တွေ့လိုက်ရကာ မေးမြန်းလိုက်ပေသည်။

"ခင်ဗျားတို့က အန်တီချန်ရဲ့ အတန်းဖော်တွေလား..."

လီဟူ ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် သူတို့အဖွဲ့သည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်ဟု ထင်မှတ်ကာ အလျင်အမြန်ပင် အရိုအသေပေးလိုက်ကြချေသည်။

"ဟုတ်တယ် ဟုတ်တယ်... ပြီးတော့ ရှင်က..." ထန်လီက အလျင်အမြန် ရှေ့ထွက်ကာ မေးလိုက်၏။

"အို ကျွန်တော်က ဒီက အိမ်တော်ထိန်းပါ..." လီဟူက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။

လူအုပ်ကြီးသည် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ကြ၏။ ဤနေရာရှိ အဆင့်နိမ့် လုံခြုံရေးအစောင့်တစ်ဦးပင်လျှင် တစ်လကို ယွမ်တစ်သောင်းကျော် ရရှိနေသည်ဖြစ်ရာ သီးသန့်အိမ်တော်ထိန်း ဆိုပါက သေချာပေါက် လစာပိုကောင်းမည် ဖြစ်ပေသည်။

"အိမ်တော်ထိန်းကြီး... ကျွန်မရဲ့ အတန်းဖော် ချွေ့ဖန် ဘယ်မှာလဲ... ကျွန်မတို့ သူ့ကို လာတွေ့ချင်လို့ပါ..." ကျိုးရုံက ပြောဆိုလိုက်လေသည်။

"ကျွန်တော်နဲ့ လိုက်ခဲ့ပါ..." လီဟူက ပြောလိုက်ပြီးနောက် လူလေးဦးကို ခေါ်ဆောင်သွားတော့၏။

ဧည့်ခန်းထဲသို့ ဝင်ရောက်သွားချိန်တွင် ထန်လီနှင့် အခြားသူများသည် နေရာ၏ ခမ်းနားထည်ဝါမှုနှင့် အလှဆင်ထားမှုများကြောင့် ထပ်မံ၍ လုံးဝ အံ့အားသင့်သွားကြပြန်သည်။

ဤအရာနှင့် နှိုင်းယှဉ်ပါက သူတို့မိသားစု အသစ်ဝယ်ယူထားသော မင်္ဂလာအိမ်လေးမှာ ဘာမျှ မဟုတ်တော့ချေ။

"ခင်ဗျားတို့က ကျွန်တော့်အမေရဲ့ အတန်းဖော်တွေလား..." စုယွမ်က အပြင်သို့ထွက်လာရင်း မေးလိုက်လေ၏။

"ဟုတ်တယ် ဟုတ်တယ် ကျွန်မက ချွေ့ဖန်ရဲ့ အတန်းဖော်ပါ... သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေ..." ကျိုးရုံက အလျင်အမြန် ရှေ့တိုးလာခဲ့သည်။

"မင်းက ချွေ့ဖန်ရဲ့သားလား... ဝါး မင်းက တကယ်ကို ရုပ်ဖြောင့်တာပဲ... မင်း ဒီလောက် အောင်မြင်နေတာ အံ့သြစရာ မရှိပါဘူး..." ကျိုးရုံက အလျင်အမြန် ချီးကျူးလိုက်ပေ၏။

လီဝမ်ဟွာနှင့် သူ၏သားတို့သည်လည်း တစ်ယောက်ကိုတစ်ယောက် လေးစားစွာဖြင့် ခေါင်းညိတ်ပြလိုက်ကြလေသည်။

"အင်း မင်း အိမ်ထောင်ကျပြီလားတော့ မသိဘူးနော်..." စုယွမ်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူမ၏ အိပ်မက်မင်းသားလေး ဖြစ်ကြောင်း ထန်လီက စိတ်ထဲမှ အော်ဟစ်လိုက်ချေသည်။

ရုပ်ချောပြီး ချမ်းသာသည်ဆိုခြင်းက သူမ ပိုင်ဆိုင်သင့်သော အမျိုးသားမျိုးပင် ဖြစ်လေ၏။

"မင်းနဲ့ လိုက်ဖက်မယ့် ငါ့သူငယ်ချင်း တစ်ယောက်ရှိတယ်... သူ့ကို မင်းနဲ့ မိတ်ဆက်ပေးချင်လို့ပါ..." ထန်လီက ဆက်လက် ပြောဆိုလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် တူလေး... မင်း ဒီလောက် အောင်မြင်နေမှတော့ အိမ်ထောင်ပြုသင့်နေပြီ..." ထန်လီက စုယွမ်ကို သူမနှင့် လက်ထပ်ပေးချင်နေကြောင်း သတိမထားမိဘဲ ကျိုးရုံက ပြုံးလျက် ပြောလိုက်ပေ၏။

"ဆောရီးပါ ခင်ဗျားတို့ အဲဒီအတွက် စိတ်ပူစရာ မလိုပါဘူး... ကျွန်တော့်မှာ ရည်းစားရှိပါတယ်..." စုယွမ်က တိုက်ရိုက်ပင် ပြောဆိုလိုက်လေသည်။

ထန်လီ၏ မျက်နှာသည် ချက်ချင်း ပျက်ယွင်းသွားတော့၏။ ဤအမျိုးသားတွင် ရည်းစားရှိနေပြီဆိုမှတော့ သူမအနေဖြင့် သူ့ကို ဘယ်လိုလုပ် မြူဆွယ်ရမည်နည်း။

သို့သော် သူမ ဆက်တွေးလိုက်မိသည်။ သူ့ရည်းစားက သူမလောက် လှပချင်မှ လှပမည်ဖြစ်ရာ သူ့ကို မြူဆွယ်နိုင်ရန် အခွင့်အရေး ရှိနေသေးသည်ဟု တွေးတောလိုက်မိချေ၏။

'ငါ့ရဲ့ မြူဆွယ်မှုကို ခံနိုင်ရည်ရှိတဲ့ ယောက်ျား ရှိတယ်ဆိုတာ ငါ လုံးဝ မယုံဘူး...'

ဤသို့တွေးရင်း ထန်လီသည် စုယွမ်နှင့် လက်ဆွဲနှုတ်ဆက်ရန် တမင်သက်သက် လက်ကမ်းပေးလိုက်ပြီး သိမ်မွေ့သော အရိပ်အမြွက်ပြရန် ပြင်ဆင်လိုက်လေသည်။

သို့သော် စုယွမ်သည် သူမနှင့် လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း မရှိချေ။

"အမေ... အမေ့ရဲ့ အတန်းဖော် ရောက်နေပြီ..." စုယွမ်က အော်ခေါ်လိုက်၏။

ထိုအခါ ချန်ချွေ့ဖန် လျှောက်လာခဲ့ပြီး ကျိုးရုံသည် သစ်သီးများကို ကိုင်ဆောင်လျက် အလျင်အမြန် ရှေ့တိုးလာကာ ဖားယားသော လေသံဖြင့် ပြောဆိုလိုက်လေသည်။ "ချွေ့ဖန်... တကယ်ကို တောင်းပန်ပါတယ်ဟာ... ဒီနေ့ ငါ နင့်ကို တကယ် မမှတ်မိလိုက်လို့ပါ... စိတ်ထဲ မထားပါနဲ့နော်..."

"ငါ နင့်ကို လာတောင်းပန်တာပါ... ဒါက နင့်အတွက် ငါ ယူလာတဲ့ လက်ဆောင်လေးပါ... အခုလောလောဆယ် ဒီမှာပဲ ထားလိုက်မယ်နော်..." ကျိုးရုံသည် သူမ၏ ယခင်က အမူအရာများ လုံးဝ ပျောက်ကွယ်နေပြီး အောက်ကျနောက်ကျ ဝင်ဖားနေခဲ့ပေသည်။

ချန်ချွေ့ဖန်က ခေါင်းယမ်းလိုက်၏။ ကျိုးရုံသည် သူမ၏ မိသားစုကို လက်တုံ့ပြန်မည်စိုး၍ စိုးရိမ်နေခြင်းဖြစ်မည်ဟု ချန်ချွေ့ဖန်က ထင်မြင်မိသောကြောင့် များစွာ တွေးတောမနေခဲ့ချေ။

"ကျိုးရုံ... ငါတို့က အတန်းဖော်တွေလေ... နှစ်တွေ အကြာကြီး မတွေ့ခဲ့ရရင်တောင် ငါတို့ ဒီလို မဆက်ဆံသင့်ပါဘူး... သေချာ စကားပြောကြမယ်ဆိုရင် ငါတို့ သူငယ်ချင်း ပြန်ဖြစ်နိုင်သေးတာပဲ..." အသက်ကြီးလာပြီဖြစ်သောကြောင့် ချန်ချွေ့ဖန်သည် သနားကြင်နာစိတ် အနည်းငယ် ဝင်လာခဲ့လေ၏။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ချွေ့ဖန်... နင်က တကယ်ကို ဗဟုသုတကြွယ်ဝတယ်... တောသူမဖြစ်တဲ့ ငါနဲ့တော့ မတူပါဘူး..."

"ငါ့ကို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဟာ..."

ကျိုးရုံသည် သေဒဏ်မှ လွတ်ငြိမ်းခွင့် ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ချန်ချွေ့ဖန်က သူမကို နောက်ဆုံးတွင် ခွင့်လွှတ်လိုက်ပြီဖြစ်ရာ ငွေချေးရန် ပြင်ဆင်မှုများ စတင်နိုင်ပြီ ဖြစ်ပေ၏။

ထန်လီသည် လီမိသားစု သားအဖကို လျစ်လျူရှုကာ စုယွမ်ဘက်သို့ လှည့်ပြီး မေးမြန်းလိုက်လေသည်။ "အင်း စူးအစ်ကိုလေး... ရှင်ရဲ့ ချစ်သူက ဘယ်လိုပုံစံလေးလဲ..."

ထန်လီသည် စုယွမ်အား မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး ရင်ဘတ်ကို ကော့ကာ စုယွမ်အနားသို့ ဖြည်းညင်းစွာ တိုးကပ်သွားပြီးနောက် မေးလိုက်၏။ "သူ့ရင်ဘတ်က ကြီးလား ဒါမှမဟုတ် ကျွန်မက ပိုကြီးလား..."

ထန်လီသည် စုယွမ်ကို စူးစိုက်ကြည့်ရင်း အလွန်တရာ ဆွဲဆောင်မှုရှိသော ကိုယ်နေဟန်ထားဖြင့် မြူဆွယ်လိုက်လေသည်။ အကယ်၍ ဤနေရာတွင် လူများစွာ ရှိမနေခဲ့ပါက သူမသည် သူ့အပေါ်သို့ အတင်းတက်ခွပြီးနေလောက်ပြီ ဖြစ်ပေသည်။

"မင်း ဦးနှောက်များ မကောင်းဘူးလား..." စုယွမ်အလျင်အမြန် ဘေးသို့ ရှောင်ဖယ်လိုက်၏။ ပေါင်ဒါများအလိမ်းလိမ်း ဖုံးအုပ်ထားပြီး ချွေးပေါက်ကျယ်နေသော ထန်လီ၏ မျက်နှာကို ကြည့်ရင်း သူ ကြက်သီးမွေးညင်းများပင် ထသွားခဲ့ရချေသည်။

"ဒီမိန်းမက ငါ့ကို မြူဆွယ်နေတာပဲ..."

"ဒါပေမဲ့ သူက သူ့ရဲ့ ကိုယ်ပိုင် အခြေအနေကိုတောင် သူ နားမလည်တော့ဘူး ထင်တယ်..."

စုယွမ်သည် ရွံရှာမှုကို ခံစားလိုက်ရပြီး ရေချိုးခန်းဆီသို့ အလျင်အမြန် ပြေးသွားတော့၏။

"ဟန်လုပ်နေတာ..."

"သူ ရေချိုးခန်းထဲ သွားဖို့တောင် မထိန်းနိုင်တော့ဘူးလား... ကြည့်ရတာ ဒီသူဌေးလေးကလည်း တခြားဖောက်သည်တွေနဲ့ ဘာမှမကွာပါဘူး..." ထန်လီက စိတ်ထဲမှ ဝမ်းသာအားရ တွေးလိုက်လေသည်။

ဤချိန်တွင် လီယိုချိုက်သည် သူမနှင့် စုယွမ်တို့ ထိုနေရာ၌ တစ်စုံတစ်ရာ ပြုလုပ်နေသည်ကို မြင်တွေ့သွားပြီး တင်းမာမှုကို ခံစားလိုက်ရပေ၏။ သူက အလျင်အမြန် ရှေ့တိုးလာပြီး မေးလိုက်သည်။ "လီလီ... ခုနက မင်း ဘာလုပ်နေတာလဲ... သူဌေးတွေဆိုတာ လူကောင်းတွေ မဟုတ်ဘူးနော် သတိထား..."

လီယိုချိုက်သည် အန္တရာယ်တစ်ခုကို ခံစားလိုက်ရ၏။

အကယ်၍ စုယွမ်က စိတ်ပြောင်းသွားပြီး ထန်လီကို ပြန်လည် မြူဆွယ်လိုက်ပါက အိမ်ထောင်ပြုရန် သူ၏ အိပ်မက်သည်လည်း အဆုံးသတ်သွားပေတော့မည်။

"ရှင့်ဘာသာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့..."

"ဟိုဘက်ကို သွားပြီး ပါးစပ်ပိတ်နေစမ်းပါ..." ထန်လီက စိတ်မရှည်စွာ ပြောဆိုလိုက်လေ၏။

လီယိုချိုက်မှာ မတတ်သာဘဲ ဘေးသို့သာ ဖယ်ရပ်နေလိုက်ရတော့သည်။

စုယွမ်ရေချိုးခန်းထဲမှ ထွက်လာမည့်အချိန်ကို ထန်လီ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပေ၏။

"အစ်ကိုစူး... ပြီးပြီလား..."

"ဟားဟားဟား..."

"ဆောရီးပါ အစ်ကို... ကျွန်မ အမှားပါ..." ထန်လီက သူမ၏ ရင်ဘတ်ကို မတ်မတ်ထားရင်း ပြောလိုက်လေသည်။

စုယွမ်က သူမအား အေးစက်စက်သာ တုံ့ပြန်လိုက်၏။ သူမလို လူမျိုးက သူ့ကို ဘယ်လိုလုပ် မြူဆွယ်ရဲသနည်း။

"မင်းက တကယ် ရွံစရာကောင်းတာပဲ..." စုယွမ်က ရွံရှာစွာဖြင့် ပြောဆိုလိုက်လေသည်။ အစကတည်းက သူတို့ကို အထဲဝင်ခွင့်ပေးလိုက်ခြင်းသည် အမှားတစ်ခုပင် ဖြစ်သည်။ အဓိကမှာ ဤမိသားစုက မည်သို့သော လူစားမျိုးဖြစ်ကြောင်း မိခင်ဖြစ်သူက သူ့အား မပြောပြခဲ့သောကြောင့်သာ ဖြစ်ပေ၏။

ထန်လီ လုံးဝ တွေဝေသွားရတော့သည်။ ဤအမျိုးသားက ဘာလို့ သူမကို ရွံစရာကောင်းသည်ဟု ပြောရသနည်း။ သူက သူမကို စိတ်ဝင်စားနေပြီ မဟုတ်လော။

"ငါက သိပ်မတက်ကြွလို့များလား..."

ထန်လီ တစ်ခဏမျှ စဉ်းစားလိုက်ပြီး အမှန်တကယ်ပင် ထိုသို့ဖြစ်မည်ဟု သဘောပေါက်သွားလေ၏။ သူမသည် အံ့သြစရာလေးတစ်ခု ဖန်တီးရန် ပြင်ဆင်လျက် စုယွမ်နောက်သို့ အလျင်အမြန် လိုက်သွားတော့သည်။

စုယွမ်တံခါးကို ဖွင့်လိုက်ချိန်မှာပင် ထန်လီ ရုတ်တရက် အော်ဟစ်လိုက်ချေ၏။

"အို..."

ထန်လီသည် ခြေခေါက်သွားပြီး စုယွမ်၏ ဘေးတွင် တည့်တည့် လဲကျသွားလေသည်။

ရုပ်ရှင်များထဲတွင်ကဲ့သို့ စုယွမ်က သူမ၏ ခါးကို ဖက်ထားပေးမည်ဖြစ်ပြီး ထိုအခွင့်အရေးကို ယူကာ သူမက သူ့ကို နမ်းမည်ဟု စိတ်ကူးယဉ်နေခဲ့ပေ၏။

"အဲဒီအဓိပ္ပာယ်က ငါ သူဌေးမိသားစုထဲကို ရောက်တော့မယ်ပေါ့..."

ထန်လီ စိတ်ကူးယဉ်ကမ္ဘာထဲ နစ်မြောနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်သည် ဆက်လက် လဲကျနေခဲ့သည်။

ရုတ်တရက် တစ်စုံတစ်ရာ အလွန် မှားယွင်းနေကြောင်း သူမ ခံစားလိုက်ရလေ၏။

"ဟင်..." နောက်တစက္ကန့်တွင် သူမ အကြောက်တရားများ ပြည့်နှက်သွားပြီး တုံးတိတိအသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

All Chapters