← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အပိုင်း ၁၀၁ - ဆရာကြီးရွှမ်ဖုန်း

နိမိတ်ဖတ်စကားတွေကို လျှောက်မပြောသင့်ဘူးဆိုတာ တကယ်ပါပဲ၊ မဟုတ်ရင် ကိုယ့်ဆီပဲ ပြန်ပတ်လာတတ်တာမျိုးကိုး!

အခုလည်း တစ်ယောက်ယောက် တကယ်ပဲ ဒဏ်ရာရသွားခဲ့သည်။ ဒါပေမဲ့ အဲဒီလူက ပြိုင်ပွဲဝင်နေတဲ့ ကျန့်ဖိန့်ဖိန့် ဒါမှမဟုတ် ကောကျားရှင်း မဟုတ်ဘဲ ပွဲကြည့်စင်ပေါ်ကနေ အားပေးနေတဲ့ ပိုင်ချီမင် ဖြစ်နေတာပါ။

လင်းစုယွီအတွက် နားမလည်နိုင်ဆုံး အချက်ကတော့ ပိုင်ချီမင်တစ်ယောက် တခြားသူအတွက် ဓားစာခံဝင်လုပ်ပြီး ဒဏ်ရာအနာတရ အဖြစ်ခံလိုက်တာပါပဲ။ တကယ်ဆိုရင် သူမ ရှိနေတာမို့ သူဒီလို အထိအခိုက်ဖြစ်စရာ အကြောင်းမှ မရှိတာ။

"ဝမ်းကွဲအစ်ကို... အစ်ကိုက ဘယ်တုန်းက ဒီလောက်တောင် ကိုယ်ကျိုးစွန့်ပြီး သတ္တိတွေ ကောင်းသွားတာလဲ" လို့ သူမက မေးလိုက်သည်။

ပိုင်ချီမင်ကို ဓားနဲ့ခုတ်တဲ့ လူနှစ်ယောက်ကို လင်းစုယွီက ရိုက်နှက်လဲကျစေပြီးနောက် စိတ်ပျက်လက်ပျက်နဲ့ လှည့်မေးလိုက်တာပါ။ အဲဒီနောက်မှာတော့ မြင်းပြိုင်ကွင်း လုံခြုံရေးတွေက အပြေးအလွှား ရောက်လာပြီး ပိုင်ချီမင်ကို တောင်းပန်ကြသည်။ သူတို့အမှား လုံးလုံးလျားလျား မဟုတ်ပေမဲ့လည်း အလွန်ကျိုးနွံစွာတောင်းပန်နေကြသည်။

"တော်ပြီ၊ အဲဒီနှစ်ယောက်ကို အရင်ဆုံး ဖမ်းချုပ်ထားလိုက်ဦး၊ ငါကိုယ်တိုင် စီရင်မယ်"

ပိုင်ချီမင်က တစ်ခွန်းတည်းနဲ့ ဝန်ထမ်းတွေကို လွှတ်လိုက်ပေမဲ့ လူငယ်တစ်ယောက်ကိုတော့ လက်တစ်ဖက်နဲ့ ဆွဲထားဆဲပါ။ အဲဒီလူကလည်း ထူးဆန်းပါသည်။ ပိုင်ချီမင်ကို မျက်မှောင်ကြုတ်ပြီး တစ်ချက်ကြည့်လိုက်ပြီးမှ လင်းစုယွီကိုတော့ မျက်လုံးတွေ အရောင်တောက်လျက် စိုက်ကြည့်နေသည်။

"ဒီ ဓန အရှိန်အဝါက ကောင်းကင်အထိ ထိုးတက်နေတာပဲ၊ သိပ်ကို ထူထပ်တဲ့ ချမ်းသာကြွယ်ဝမှုရဲ့ အငွေ့အသက်တွေပါလား။ ဒါဟာ ပိုက်ဆံနံ့ပဲ။ နောက်ဆုံးတော့ ငါချမ်းသာဖို့ အလှည့်ရောက်ပြီဟေ့"

အဲဒီလူငယ်က လင်းစုယွီကို ကြောင်တောင်တောင်ကြည့်ရင်း ပိုင်ချီမင်ရဲ့ လက်ထဲကနေ ရုန်းထွက်ပြီး သူမနားကို တိုးကပ်ဖို့ ကြိုးစားနေသည်။

"မိန်းကလေး၊ မင်းရဲ့ မွေးသက္ကရာဇ်လေး သိပါရစေလား။ အခမဲ့ ဗေဒင်ဟောပေးပါ့မယ်။ မမှန်ရင် ပိုက်ဆံမပေးနဲ့! အာ... မဟုတ်ဘူး၊ မှန်ရင်တောင် ပိုက်ဆံမယူပါဘူး"

ဒီလို လူကိုယ်တိုင် ကြွလာတဲ့ 'ချမ်းသာခြင်းနတ်ဘုရားမ' ဆီကမှ ပိုက်ဆံတောင်းရင် သူအရူးပေါ့! သူတို့နှစ်ယောက်ရဲ့ ဇာတာသာ တိုက်ဆိုင်သွားရင် သူမဟာ နောင်တစ်ချိန်မှာ သူ့ရဲ့ ကံပါလာတဲ့ အမျိုးသမီး ဖြစ်လာတော့မှာလေ။

တစ်ချက်ကြည့်ရုံနဲ့တင် သူအတည်ပြုလိုက်ပါပြီ။ ပိုက်ဆံမယူရုံတင်မကဘဲ သူကိုယ်တိုင်ပါ သူမလက်ထဲ ပုံအပ်ထားလိုက်တော့မယ်၊ သူမရဲ့ သစ္စာအရှိဆုံးလူ ဖြစ်လာစေရမယ်လို့ သူဆုံးဖြတ်လိုက်ပါသည်။

"ရွှမ်ဖုန်းလား။ နောက်ဆုံးတော့ ဆရာကြီးကို ရှာတွေ့ပြီ!"

ရှာပုံတော်ဖွင့်ရတာ လွယ်ကူပေမဲ့ ကိုယ်ထိလက်ရောက် လှုပ်ရှားလိုက်ရတာကြောင့် ပိုင်ချီမင်ကတော့ ရှာနေတဲ့သူကို တွေ့လိုက်ရလို့ ဝမ်းသာနေသည်။ သူ့လက်မောင်းက ဒဏ်ရာကိုတောင် ဂရုမစိုက်နိုင်ဘဲ အဲဒီလူငယ်ကို စကားပြောဖို့ ဆွဲခေါ်နေသည်။

"ငါ့ကို မထိနဲ့၊ ငါက ယောကျ်ားချင်း မကြိုက်ဘူး၊ ရွံစရာကြီး"

"မိန်းကလေး... ကိုယ့်နာမည်က ရွှမ်ဖုန်းပါ။ ဟောင်ကောင်မြို့ရဲ့ အတော်ဆုံး ဖုန်းရွှေပညာရှင်၊ လောကီပညာရှင်နဲ့ ခရမ်းရောင်ဝတ်လုံ နတ်ဆရာကြီးပေါ့။ ဖုန်းရွှေနဲ့ ပတ်သက်ရင် အကုန်သိတယ်၊ ဗေဒင်လေး ဘာလေး ကြည့်ချင်လား"

'ငါ တကယ်ပဲ သူ့ရဲ့ မျက်နှာကို ဖတ်လို့မရဘူးပဲ။ ငါ့ရဲ့ ချမ်းသာခြင်းနတ်ဘုရားမ ကလွဲရင် ငါဖတ်လို့မရတဲ့ မျက်နှာဆိုတာ မရှိသင့်ဘူး...' လို့ ရွှမ်ဖုန်းက တွေးနေချိန်မှာ ပိုင်ချီမင်ကတော့ စိတ်ဓာတ်ကျနေသည်။ ဒီတစ်ခါလည်း ဆရာကြီးက သူ့ကို ဘာလို့ ဒီလောက်တောင် ရွံရှာနေရတာလဲ။ သူ့မှတ်ဉာဏ်ထဲက လူကလည်း ဒီလိုပါပဲ၊ သူဖုန်းရွှေပညာရှင် ဖြစ်မှန်းသိလို့ သွားရှာတုန်းကလည်း အတွေ့မခံခဲ့ဘူးလေ။

"ဝမ်းကွဲအစ်ကို၊ အစ်ကို့ကိုယ်ကို ဂိမ်းထဲကလို သွေးတွေ၊ အားတွေ အပြည့်ရှိနေတယ်လို့ ထင်နေတာလား။ အရင်ဆုံး သွေးတိတ်အောင်လုပ်ပြီး ပတ်တီးစည်းဖို့ မလိုဘူးလား"

"ဝမ်းကွဲအစ်ကိုလား။ ဪ... ဒါကြောင့် ရုပ်ချင်းဆင်နေတာကိုး။ မင်းက ဒီမိန်းကလေးရဲ့ အစ်ကို့ပေါ့။ ဒဏ်ရာရထားတာလား။ ပြစမ်း၊ ကိစ္စမရှိဘူး၊ ငါ သွေးတိတ်အောင် လုပ်ပေးမယ်"

လူငယ်က ပြောပြောဆိုဆိုနဲ့ အိတ်ကပ်ထဲက ကြွေပုလင်းလေးတစ်လုံး ထုတ်လိုက်ပြီး အဖုံးကို ခပ်သွက်သွက်ဖွင့်ကာ ပိုင်ချီမင်ရဲ့ ဒဏ်ရာပေါ်ကို ဆေးမှုန့်တွေ ဖြူးပေးလိုက်သည်။ ချက်ချင်းဆိုသလိုပဲ သွေးတွေ တိတ်သွားတာဟာ ဈေးကွက်ထဲက ဘယ်ဆေးထက်မဆို ပိုထိရောက်နေသည်။

"ဒီသွေးတိတ်ဆေးက တော်တော်စွမ်းတာပဲ၊ ဒါ ဘယ်မှာဝယ်တာလဲ သိလို့ရမလား" ကူးပြောင်းရောက်ရှိလာကတည်းက ပစ္စည်းတွေ စုဆောင်းတာဟာ လင်းစုယွီအတွက် နေ့စဉ်အလုပ်တစ်ခုလို ဖြစ်နေပါပြီ။ ဒီလောက်စွမ်းတဲ့ ဆေးမျိုးကို မြင်တော့ သူမက လက်လွှတ်မခံချင်ပါ။

"ကြိုက်လို့လား။ ရော့... ယူလိုက်"

လင်းစုယွီအပေါ် အလိုလိုက်လွန်းပြီး မေးသမျှဖြေနေတဲ့ လူငယ်ရဲ့ အမူအရာကြောင့် ပိုင်ချီမင် စိတ်ထဲ မသက်မသာ ဖြစ်သွားမိသည်။ ရှာနေတဲ့သူကို တွေ့လို့ ဝမ်းသာပေမဲ့ သူ့အပေါ်ကျတော့ အေးစက်စက် နိုင်နေတာက တကယ်ပဲ စိတ်ပျက်စရာပါ။

"ခဏနေမှ စကားပြောလို့ ရမလား။ ကျွန်တော် နည်းနည်း ခေါင်းမူးလာလို့၊ နားနေခန်းထဲအထိ လိုက်ပို့ပေးပါလား၊ အဲဒီကျမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့"

တကယ်တော့ သူက ရွှမ်ဖုန်းကို ထိန်းထားချင်တာပါ။ လင်းစုယွီကလည်း ပိုင်ချီမင်ရဲ့ အကြံကို ရိပ်မိတာကြောင့် ခေါင်းညိတ်ပြီး ကူတွဲပေးလိုက်သည်။ ရွှမ်ဖုန်းကလည်း လိမ္မာပါးနပ်စွာ နောက်ကနေ လိုက်လာခဲ့သည်။

"ဒါနဲ့... ဟို ဝမ်းကွဲအစ်ကို ဆိုတဲ့လူ မင်းက ငါ့နာမည်ကို ဘယ်လိုသိတာလဲ။ ငါ့ကို သိလို့လား"

လင်းစုယွီက သူမရဲ့ ဇာတာကို ပေးမှာမဟုတ်ဘူးဆိုတာ သိသွားတော့မှ ရွှမ်ဖုန်းက ပိုင်ချီမင် သူ့နာမည်ကို ခေါ်ခဲ့တာကို သတိရလိုက်သည်။ ပြဿနာက သူက ဒီလူကို မသိတာပါပဲ။

"ကျွန်တော်က ဟိုဝမ်းကွဲအစ်ကို မဟုတ်ပါဘူး၊ ပိုင်ချီမင်လို့ပဲ ခေါ်ပါ။ သိလားဆိုတော့ သိတာပေါ့၊ ဆရာကြီးကို ကျွန်တော့်ရဲ့ လက်ထောက်အဖြစ် ခန့်ချင်လို့ပါ"

"ထူးဆန်းတယ်၊ မင်းရဲ့ မျက်နှာသွင်ပြင်ကလည်း သိပ်ထူးဆန်းတာပဲ။ မစ္စတာပိုင်၊ မင်းရဲ့ ဇာတာက ဘာလဲ။ လက်ထောက်လုပ်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အရင်ဆုံး မင်းရဲ့ ဇာတာက ငါနဲ့ ကိုက်ညီဖို့ လိုမယ်"

ပိုင်ချီမင်က တွန့်ဆုတ်မနေဘဲ သူ့ဇာတာကို ပြောပြလိုက်သည်။ ရွှမ်ဖုန်းက စိတ်ထဲကနေ ခဏလောက် တွက်ချက်ပြီးတဲ့နောက် ဘာတွေတွေးလိုက်လဲ မသိပေမဲ့ ပိုင်ချီမင်ကို သူ့ရဲ့ စည်းကမ်းချက်တွေကို စပြောပါတော့သည်။ အချက်ပေါင်း ဆယ်ဂဏန်းကျော်လောက် ရှည်ရှည်ဝေးဝေး ပြောပြီးမှ ရပ်လိုက်သည်။

"ဒါတွေကတော့ အခုလောလောဆယ် စည်းကမ်းချက်တွေပဲ၊ မှတ်မိရဲ့လား"

အချုပ်ပြောရရင်တော့ စားစရိတ်၊ နေစရိတ်၊ သွားလာစရိတ် အကုန်အကျခံရမယ်၊ လစာပေးရမယ်၊ ဒါပေမဲ့ ဘာတာဝန်မှ မယူသလို ခိုင်းတာလည်း မလုပ်ဘူး၊ စိတ်ကြိုက် လာချင်လာ သွားချင်သွားမယ် ဆိုတာပါပဲ။

ဒါဆို ပိုင်ချီမင်က ဘာကို လိုချင်နေတာလဲ။ လင်းစုယွီ တစ်ယောက် ပြန်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။ သူမရဲ့ အရင်ဘဝတုန်းက မောင်ဖြစ်သူဆီမှာ မှီခိုနေထိုင်ခဲ့စဉ်ကတောင် ဒီလောက်အထိ အခွင့်အရေး မရခဲ့ဖူးဘူး။

"မိန်းကလေးလင်း၊ ကိုယ် မင်းနောက်ကို လိုက်လို့ရမလား။ မင်းက ကိုယ့်အတွက် သိပ်ပြီး ကံကောင်းစေတယ်ဆိုတာ တွေ့လိုက်ရလို့ပါ။ မင်းနဲ့ တွေ့တဲ့အချိန်မှာတင် ကိုယ့်ရဲ့ လာဘ်လာဘတွေ ပွင့်လာတာပဲ"

ဖုန်းရွှေဆရာတစ်ယောက်က အကြောင်းပြချက်မရှိဘဲ သူမနား ကပ်ဖို့ ကြိုးစားနေတာလား။ သူလည်း ချန်လိီလိီလို လူစားမျိုး ဖြစ်မှာပဲလို့ တွေးမိပြီး လင်းစုယွီကတော့ သတိထားနေလိုက်သည်။ သူမက ဒီလူနဲ့ မပတ်သက်ချင်တာကြောင့် ရှောင်ဖို့ ကြိုးစားခဲ့သည်။

"မရဘူး၊ ရှင်နဲ့ ကျွန်မက မရင်းနှီးဘူးလေ။ ကျွန်မကို မထိနဲ့၊ ရွံစရာကြီး။ ဝမ်းကွဲအစ်ကို... ဖိန့်ဖိန့်တို့ ပြိုင်ပွဲ ပြီးလောက်ပြီ၊ ကျွန်မတို့ကို မတွေ့ရင် သူစိတ်ပူနေလိမ့်မယ်။ သွားရှာလိုက်ဦးမယ်"

ရွှမ်ဖုန်း ပြောခဲ့တဲ့ စကားလုံးတွေနဲ့ပဲ သူ့ကို ပြန်ပက်ပြီး လင်းစုယွီက ထွက်ပြေးသွားခဲ့သည်။ ပိုင်ချီမင်ကတော့ သူ့ညီမလေးက ၁၂ နှစ်၊ ၁၃ နှစ်ပဲ ရှိသေးလို့ လန့်သွားမှာစိုးတာကြောင့် ရွှမ်ဖုန်းကို ထိန်းထိန်းသိမ်းသိမ်း နေဖို့ သတိပေးလိုက်သည်။

"၁၂ နှစ် ၁၃ နှစ် ဟုတ်လား။ ငါတော့ အဲဒီလို မထင်ဘူးနော်!"

ရွှမ်ဖုန်းက ပြုံးစစနဲ့ ရှခြေလျှောက် ကြုံရမယ့် နေ့ရက်တွေကို မျှော်လင့်နေပုံရသည်။

"သခင်လေးပိုင်၊ မင်းရဲ့ မျက်နှာသွင်ပြင်ကလည်း အခုတလော ပြောင်းလဲနေတာပဲ။ မင်းရဲ့ အကြောင်းလေး နည်းနည်းလောက် ပြောပြပါလား"

'ချမ်းသာခြင်းနတ်ဘုရားမ' ဆီ တိုက်ရိုက်ကပ်လို့ မရရင်တော့ ပတ်ဝန်းကျင်က လူတွေကို အရင်စည်းရုံးရမှာပေါ့။

"ဆရာကြီးရွှမ်၊ ကျွန်တော့်ရဲ့ လူကြီးတစ်ယောက်ရဲ့ သတင်းအစအနလေးကို တွက်ချက်ပေးစေချင်ပါတယ်။ ကူညီပေးနိုင်မလား" လို့ ပိုင်ချီမင်က မေးလိုက်သည်။

ပိုင်ချီမင်က အရင်ဘဝက ကျေးဇူးကြောင့်တင် မဟုတ်ဘဲ ရွှမ်ဖုန်းရဲ့ စွမ်းပကားနဲ့ သူ့ရဲ့ အဒေါ်ဖြစ်သူ ပိုင်ဝမ်ချင်းရဲ့ သတင်းကို သိချင်နေတာပါ။

"စမ်းကြည့်ပေးမယ်လေ၊ ဒါပေမဲ့ သေချာတော့ မပြောနိုင်ဘူးနော်!"

တကယ်လို့ လင်းစုယွီကသာ ကံပါလာတဲ့သူ ဖြစ်နေရင် သူမနဲ့ ပတ်သက်တာ ဘာမှတွက်လို့ မရသလို သူမနဲ့ နီးစပ်တဲ့ သွေးသားတော်စပ်သူတွေ အကြောင်းကိုလည်း ပိုပြီး တွက်ရခက်ခဲမှာ ဖြစ်သည်။

ပိုင်ဝမ်ချင်းရဲ့ ဇာတာကို ရွှမ်ဖုန်း တွက်ချက်ပြီးတဲ့အခါ သူ့ရဲ့ မျက်နှာက ချက်ချင်း ဝင်းပသွားသည်။ သူတော့ ရေရှည်အတွက် ထမင်းကျွေးမယ့်သူကို ရှာတွေ့ပြီလေ။ သူ့ရဲ့ ကံကြမ္မာက 'အထီးကျန်ခြင်း ငါးပါးနဲ့ ချို့တဲ့ခြင်း သုံးပါး' ကြောင့် ငွေကြေးကံ လုံးဝမရှိဘဲ ထမင်းငတ်လုနီးပါး ဆင်းရဲခဲ့တာကိုး။

ဒါပေမဲ့လည်း ကောင်းကင်ဘုံက သူ့ကို မျက်နှာသာပေးလို့ 'ချမ်းသာခြင်းနတ်ဘုရားမ' နဲ့ စောစောစီးစီး တွေ့ခွင့်ရခဲ့တာပါ။ နောင်ဆိုရင် ဗေဒင်ဟောလို့ ရသမျှ ပိုက်ဆံတွေကို ချမ်းသာခြင်းနတ်ဘုရားမ ဆီမှာပဲ အကုန်အပ်ထားလိုက်မယ်။ ဒါဆိုရင်တော့ သူလည်း ပိုက်ဆံတွေ အမြဲမဆုံးရှုံးတော့ဘူးပေါ့။ သူ တကယ်ကို ပါးနပ်လွန်းသည်။

"ဆရာကြီးရွှမ်ဖုန်း... ဆရာကြီး? အဖြေ ထွက်ပြီလား"

ရွှမ်ဖုန်းရဲ့ မျက်နှာက တစ်ခါပြုံးလိုက် တစ်ခါညှိုးလိုက်နဲ့ ကြောက်စရာကြီး ဖြစ်နေတာမို့ ပိုင်ချီမင်က စိုးရိမ်တကြီး မေးလိုက်သည်။ အတော်ကြာအောင် စောင့်နေရပြီမို့ တစ်ခုခုတော့ သိလောက်ပြီပေါ့!

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters