အခန်း ၁၀၂
Vol. 11 Ch. 102
အပိုင်း ၁၀၂ - ပွဲကြည့်ပရိသတ်များကြား မိတ်ဖွဲ့ခြင်း
“သခင်လေးပိုင်... ဒီမွေးသက္ကရာဇ်ပိုင်ရှင်က အသက်ရှင်လျက်ရှိနေသေးတယ်။ ပြီးတော့ အခုလောလောဆယ် အရှေ့မြောက်ဘက်မှာ ရှိနေတယ်ဆိုတာပဲ ကျွန်တော် ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ လွတ်လပ်ခွင့်မရှိတဲ့ အနေအထားမှာပါ။ ကျန်တဲ့ကိစ္စတွေမှာတော့ ကျွန်တော် မကူညီနိုင်တော့ပါဘူး”
ဤမျှအထိ တွက်ချက်နိုင်ရန်ပင် သူ၏စွမ်းအင်များကို အတော်လေး အသုံးပြုလိုက်ရပြီဖြစ်သည်။ အကယ်၍ တိကျသောတည်နေရာကိုသာ အတင်းအဓမ္မ ဆက်တွက်ချက်နေပါက သွေးအန်သည်အထိ ဖြစ်သွားမည်ကို သူစိုးရိမ်မိသည်။
“အရှေ့မြောက်ဘက်လား... ဟောင်ကောင်မြို့ရဲ့ အရှေ့မြောက်ဘက်ကို ပြောတာမလား”
ပိုင်ချီမင်သည် အားကွမ်း ချန်ထားခဲ့သော သတင်းအချက်အလက်များကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။ လျန်ကျီယင်း ဆိုသည့် အမျိုးသမီး ထွက်ပြေးသွားသည့်နေရာမှာ ဟောင်ကောင်၏ အရှေ့မြောက်ဘက်ရှိ ထိုင်ဝမ်သို့ ဖြစ်သည်။
ဆိုလိုသည်မှာ သူ၏စီစဉ်မှုများ မှန်ကန်နေခြင်းပင်။ အားကွမ်းက လျန်ကျီယင်းနောက်သို့ လိုက်သွားပြီဖြစ်ရာ သူ၏အဒေါ်ဖြစ်သူ မည်သည့်နေရာတွင် ရှိနေသည်ကို ရှာတွေ့ရန် အခွင့်အရေး အလွန်များသွားပြီ ဖြစ်သည်။
“သခင်လေးပိုင်... ခိုင်းတာတွေလည်း ကျွန်တော် လုပ်ပေးပြီးပြီဆိုတော့ ဒီနေ့ ခင်ဗျားနဲ့အတူ အိမ်လိုက်ခဲ့လို့ ရပြီမလား။ နေစရိတ်စားစရိတ် ငြိမ်းလို့ သဘောတူထားပြီးသားနော်၊ ကတိမဖျက်နဲ့ဦး”
မူလကတည်းက ရွှမ်ဖုန်း သူ့နောက်လိုက်မလာမှာကို ပိုင်ချီမင်က စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ယခုတော့ ရွှမ်ဖုန်းမှာလည်း ပြန်စရာနေရာ မရှိတော့ပေ။ ထို့ကြောင့် သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် အပေးအယူတည့်သွားပြီး အတူတူပူးပေါင်းရန် ဆုံးဖြတ်လိုက်ကြသည်။
“သခင်လေးပိုင်... ခင်ဗျားတို့ မိသားစုက တကယ် ကံကောင်းတာပဲ။ မူလက သေချာပေါက် ကျရှုံးရတော့မယ့် အခြေအနေကနေ အခုတော့ အလှည့်အပြောင်း ဖြစ်သွားခဲ့ပြီ”
အရာရာ အဆင်ပြေချောမွေ့နေသဖြင့် ပိုင်ချီမင်မှာ စိတ်ဓာတ်များ တက်ကြွနေသည်။ လက်မောင်းမှ ဒဏ်ရာအနည်းငယ်မှာလည်း ဘာမှမဟုတ်တော့ဘဲ နာကျင်မှုများပင် ပျောက်ကွယ်သွားသလို ခံစားရသည်။ သူက စိတ်ကြည်လင်စွာဖြင့် သူ့နောက်ကို လိုက်လံတိုက်ခိုက်ခဲ့သော လူနှစ်ယောက်ကို မည်သို့ကိုင်တွယ်ရမလဲဆိုသည်ကို ရွှမ်ဖုန်းအား ရိုရိုသေသေ မေးမြန်းလိုက်သည်။
“ဟိုလူနှစ်ယောက်လား... သခင်လေးပိုင် သဘောရှိသာ ကိုင်တွယ်လိုက်ပါ။ ကျွန်တော့်ကို ပြောပြနေဖို့ မလိုပါဘူး”
ရွှမ်ဖုန်းကတော့ ဒဏ်ရာရခဲ့သူ မဟုတ်သဖြင့် ကံဝဋ်ကြွေး မဖြစ်ချင်၍ ဝင်မပါလိုခြင်း ဖြစ်သည်။ အကယ်၍ ကံဝဋ်ကြွေးကိုသာ မကြောက်ခဲ့လျှင် သူ၏စွမ်းရည်ဖြင့် မြင်းပြိုင်ကွင်းထဲတွင် ဤမျှပတ်ပြေးနေရန် လိုအပ်မည်မဟုတ်ပေ။
သူ့ဂိုဏ်း၏ စည်းမျဉ်းများမှာ အလွန်တင်းကျပ်ပြီး ထူးခြားလှသည်။ သာမန်လူများကို ပြန်လည်မတိုက်ခိုက်ရန် တားမြစ်ထားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့်တိုင် လွန်လွန်ကျူးကျူး မလုပ်ရပေ။ အကယ်၍ မတော်တဆ ပြင်းပြင်းထန်ထန် တိုက်ခိုက်မိပါက သူကိုယ်တိုင်ပင် ပြန်လည်ထိခိုက်မှုကို ခံစားရမည်ဖြစ်သည်။
ထိုကဲ့သို့သော ကန့်သတ်ချက်များကြားတွင် နေထိုင်ရသဖြင့် သူ၏ 'အသက်ရှိသောချမ်းသာခြင်းနတ်ဘုရားမ' နှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားရပေမည်။ အကောင်းဆုံးကတော့ ထိုလူကို သူ့ဘက်ပါအောင် ဆွဲဆောင်ထားရန်ဖြစ်ပြီး မဟုတ်ပါက သူသည် တစ်ကိုယ်တည်း လူပျိုကြီးဘဝဖြင့်သာ ဆက်နေထိုင်သွားရပေလိမ့်မည်။
တစ်ဖက်တွင်လည်း လင်းစုယွီသည် ကျန့်ဖိန့်ဖိန့် မြင်းပြိုင်ပွဲတွင် ရှုံးနိမ့်သွားမည်ကို စိုးရိမ်သဖြင့် လိုက်ရှာနေသည်။ ကျန့်ဖိန့်ဖိန့်၏ ထုံးစံအတိုင်း စကားထက် လက်ကအရင်ဦးသူဖြစ်ရာ လင်းစုယွီ တွေ့လိုက်ရချိန်တွင် သူမသည် ကော်ကျားရှင်း၏ ဆံပင်ကိုဆွဲကာ လူအုပ်ကြီးနှင့် အငြင်းပွားနေလေပြီ။
“စားသောက်ပျော်ပါးဖို့ပဲ သိတဲ့ မင်းတို့လို အသုံးမကျတဲ့ လူအုပ်စုက ကတိဖျက်ချင်နေတာ ငါသိသားပဲ။ ဘာလဲ... လူများလို့ ငါက ကတိမတည်ခိုင်းရဲဘူး ထင်နေတာလား”
“လွှတ်စမ်း... ငါ့ကိုလွှတ်စမ်း၊ ဒီလိုရိုင်းစိုင်းတဲ့ မိန်းမ! ဘယ်သူက ကတိမတည်ဘူးလို့ ပြောလို့လဲ။ ငါ ကောကျားရှင်းက ပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တဲ့သူ။”
“တောက်... တစ်ယောက်ယောက်က နောက်လိုက်တာကို ကြားပြီး ငါ့ဆံပင်ကို လာဆွဲရလား။ ကျန့်ဖိန့်ဖိန့်... နင် တမင်သက်သက် လုပ်နေတာမလား”
ကောကျားရှင်းမှာ နာကျင်လွန်း၍ မျက်ရည်များပင် ဝိုင်းနေသည်။ ကိစ္စသေးသေးလေးကို ကြီးအောင်လုပ်သည့် ကျန့်ဖိန့်ဖိန့်ကို မုန်းတီးနေသော်လည်း ကတိဖျက်ရန် စတင်ပြောဆိုခဲ့သူကို ပို၍ပင် မုန်းတီးမိသည်။
ထိုသူမှာ ဘယ်သူနည်း။ အုပ်စုထဲသို့ ရောက်လာသည်မှာ မကြာသေးချေ။ ထိုသူသည် ကျန့်ဖိန့်ဖိန့်၏ သူလျှိုသာ ဖြစ်ရမည်။ မဟုတ်ပါက သူမကို ဤကဲ့သို့ အကျပ်ရိုက်အောင် အကွက်ဆင်စရာ အကြောင်းမရှိပေ။
“'တစ်ယောက်ယောက်' ဆိုတာ ဘာကို ပြောတာလဲ။ ပြောတဲ့သူက နင့်ဘေးမှာတင် ရပ်နေတာလေ။ နင့်လူတွေထဲက တစ်ယောက် မဟုတ်ဘူးလား။ ကောကျားရှင်း... နာမည်ကြီး ကောမိသားစုရဲ့ သမီးဖြစ်ပြီးတော့ ကတိတောင် မတည်နိုင်ဘူးလား။ နင်ဟာ တကယ်ကို နင့်မိသားစု မျက်နှာပျက်အောင် လုပ်နေတာပဲ”
“ကတိတည်ပါ့မယ်လို့ ပြောနေတယ်လေ၊ အရင်လွှတ်ဦး!”
ကျန့်ဖိန့်ဖိန့်သည် အခြေအနေကို ကြည့်ကာ လက်လွှတ်ရမည့်အချိန်ကို သိသူဖြစ်သဖြင့် ကောကျားရှင်းကို လွှတ်ပေးလိုက်ပြီး သူမလက်ထဲမှ ကျွတ်ထွက်လာသော ဆံပင်အနည်းငယ်ကို ခါချလိုက်သည်။
“ဪ... အစကတည်းက အဲ့လိုပြောရောပေါ့။ နင့်နောက်လိုက်တွေကိုလည်း ကြည့်ဦး၊ သစ်တုံးတွေကျနေတာပဲ။ ငါ နင့်ဆံပင်ကို ဆွဲနေတာတောင် ဒီအတိုင်း ကြည့်နေကြတဲ့အပြင် နင့်ကိုယ်စား လောင်းကြေးကိုပါ ငြင်းနေကြသေးတယ်။ ကျွတ်... ကျွတ်...”
လင်းစုယွီသည် ကျန့်ဖိန့်ဖိန့်ကို အဝေးကနေ တိတ်တဆိတ် စောင့်ကြည့်နေမိပြီး သူမ၏ သူငယ်ချင်းသစ်အပေါ် နားလည်မှုမှာ တစ်ဖန် နက်ရှိုင်းလာပြန်သည်။
သူမ၏ သူငယ်ချင်းသစ်မှာ အလွန်စိတ်ဝင်စားဖို့ ကောင်းသည်။ တစ်ဖက်လူကို လက်ဦးမှုယူ တိုက်ခိုက်ရဲရုံသာမက ကောကျားရှင်းနှင့် သူငယ်ချင်းများကြားတွင် သပ်လျှိုပေးရန်လည်း ဝန်မလေးပေ။ သူမသည် သတ္တိရှိသလို ပါးလည်းနပ်လှသည်။
“ကျန့်ဖိန့်ဖိန့်... သိပ်ပြီး မာန်တက်မနေနဲ့။ ဒီနေ့အကြောင်းကို အစ်ကိုလီကျယ်ကို သေချာပေါက် ပြောပြမှာ။ အစ်ကိုလီကျယ် နင့်ကို ရွံရှာသွားစေရမယ်၊ စောင့်ကြည့်နေလိုက်”
ကောကျားရှင်း၏ စကားကြောင့် ကျန့်ဖိန့်ဖိန့်မှာ ချက်ချင်းပင် ဒေါသထွက်သွားသော်လည်း စိတ်ကိုပြန်ထိန်းကာ ဂရုမစိုက်သလို နေလိုက်သည်။
“ရယ်စရာပဲ... လီကျယ်က ဘယ်သူမို့လို့လဲ။ လီမိသားစုက အခုမှ ပြန်ခေါ်ထားတဲ့ တရားမဝင် သားတစ်ယောက်ပဲလေ။ သူက ငါနဲ့ယှဉ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ။ သူ ငါနဲ့ဝေးဝေးမှာ နေတာကိုပဲ ငါက ပိုလိုလားသေးတယ်။ နင်တစ်ယောက်ပဲ အဲ့လို တရားမဝင်သားကို 'အစ်ကို' လို့ ခေါ်ပြီး မြှောက်ပင့်နေတာ”
“ဖိန့်ဖိန့်... နင့်ရဲ့ မြင်းစီးစွမ်းရည်က တကယ် အံ့သြဖို့ကောင်းတာပဲ။ နင်နိုင်ပြီဆိုတော့ ငါတို့ သွားပြီး ပျော်ပါးကြရင် မကောင်းဘူးလား”
ကျန့်ဖိန့်ဖိန့်၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို သတိထားမိသဖြင့် လင်းစုယွီက ဝင်ရောက်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒါပေါ့! ဒီနေ့ ကုန်ကျစရိတ်အားလုံးကတော့ မမလေးကောရဲ့ စာရင်းထဲကပေါ့။ ကောမိသားစုက ချမ်းသာပြီးသားဆိုတော့ ငါတို့ စိတ်ကြိုက် စစားသောက်ကစားလို့ ရပြီ။ မမလေးကောအတွက် ဒီလောက်ငွေလေးက ဘာမှမဟုတ်ပါဘူး”
ကျန့်ဖိန့်ဖိန့်သည် ကောကျားရှင်းတွင် မောင်နှမများစွာရှိသဖြင့် သူမရရှိသော မုန့်ဖိုးမှာ အကန့်အသတ်ရှိကြောင်း ကောင်းကောင်းသိသည်။ သူမကဲ့သို့ လူကြီးသူမများထံမှ ထောက်ပံ့ကြေး အမြောက်အမြားရသူ မဟုတ်ချေ။
ကောကျားရှင်းမှာလည်း စောစောစီးစီး မပြန်ခဲ့မိသည့်အတွက် နောင်တရနေမိသည်။ သူမ၏ အသုံးစရိတ်မှာ မူလကတည်းက များပြားနေပြီဖြစ်ရာ ယခု လောင်းကြေးရှုံး၍ ထပ်မံကုန်ကျရဦးမည်ဖြစ်သဖြင့် အလွန်စိတ်ပျက်နေတော့သည်။
“ဟွန်း... ငါက ဒီလောက်ငွေလေးကို ဂရုမစိုက်ပါဘူး။ စိတ်ကြိုက်သာ ပျော်ကြစမ်းပါ။ သွားကြစို့!”
ကျန့်ဖိန့်ဖိန့်နှင့် လင်းစုယွီတို့ နှစ်ယောက်ပေါင်းကာ ပြောဆိုလိုက်သဖြင့် ကောကျားရှင်းမှာ အကြီးအကျယ် ရှုံးနိမ့်ကာ ထွက်ခွာသွားရတော့သည်။ ပြိုင်ဘက်ဖြစ်သူ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် ကျန့်ဖိန့်ဖိန့်မှာ စိတ်ကျေနပ်သွားပြီး ရယ်မောလိုက်တော့သည်။
“စုယွီ... နင့်ကို ငါ သိပ်သဘောကျတာပဲ။ ငါတို့တွေက စိတ်ချင်း တကယ်တူတယ်လို့ ခံစားရတယ်။ လာ... နားနေခန်းကို ပြန်ရအောင်”
“ဒါနဲ့... စောစောက ပိုင်ချီမင် ဘာဖြစ်သွားတာလဲ။ ငါ မြင်းစီးနေတုန်း လှမ်းကြည့်လိုက်တာ... လန့်လွန်းလို့ မြင်းပေါ်ကတောင် ပြုတ်ကျမလို့ပဲ။ မြင်းက ဘာဖြစ်တာလဲ”
ကျန့်ဖိန့်ဖိန့်သည် အနည်းငယ် စိုးရိမ်နေသော်လည်း ပို၍ သိချင်စိတ်ပြင်းပြနေပုံရသည်။ လင်းစုယွီကလည်း သူမကို မပြောပြလျှင် ကျန့်ဖိန့်ဖိန့်မှာ ပို၍ပူဆာနေဦးမည်ကို သိသဖြင့် အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်သည်။
“ပိုင်ချီမင်က တစ်ခြားလူတစ်ယောက်အတွက်နဲ့ ဓားအထိုးခံတယ် ဟုတ်လား။ အဲ့ဒီကောင်လေးက တော်တော်လေး ချောလို့လား”
လူတစ်ယောက်အတွက် ဓားအထိုးခံခြင်းမှာ ရုပ်ရည်နှင့် ဘာဆိုင်သနည်း။ တစ်ဖက်လူက အမျိုးသားတစ်ယောက်လေ!
လင်းစုယွီမှာ သိပ်နားမလည်သော်လည်း ပွဲကြည့်ပရိသတ်တစ်ဦးအဖြစ်နှင့်တော့ စိတ်ဝင်တစားရှိနေသည်။ ကျန့်ဖိန့်ဖိန့်၏ အလှည့်ရောက်သောအခါ သူမ စိတ်ဝင်စားသည့် အတင်းအဖျင်းများကို စပြောတော့သည်။ သူငယ်ချင်းကောင်းဆိုသည်မှာ တစ်ဦး၏ သိချင်စိတ်နှင့် အတင်းအဖျင်းပြောလိုစိတ်ကို တစ်ဦးက ဖြည့်ဆည်းပေးရသည်မဟုတ်ပါလား။
“နင်တို့မိသားစုရဲ့ သခင်လေး ပိုင်ချီမင်က မိန်းကလေးတွေနဲ့ အမြဲတမ်းဝေးဝေးနေတာ။ အရင်က သူဌေးသမီးလေးတွေ အများကြီးက သူ့ကို စိတ်ဝင်စားလို့ ဖွင့်ပြောခဲ့ဖူးပေမဲ့ အားလုံးကို တည့်တည့်ကြီး ငြင်းခဲ့တာ။ အဲ့ဒါကြောင့် လူတွေကြားမှာ ပိုင်ချီမင်က ယောကျ်ားချင်း စိတ်ဝင်စားတယ်ဆိုပြီး သတင်းတွေ ထွက်နေတာပေါ့”
ကျန့်ဖိန့်ဖိန့် ပြောလိုက်တာက... တကယ့်ကို မယုံနိုင်စရာပဲ!
စောစောက ပိုင်ချီမင် ရွှမ်ဖုန်းကို ကြည့်နေသည့် အကြည့်များကို ပြန်စဉ်းစားကြည့်လျှင်... သူ့မျက်လုံးတွေက တောက်ပနေခဲ့သည်။ သူမ၏ ဝမ်းကွဲအစ်ကိုက တကယ်ပဲ လိင်စိတ်ခံယူမှု ကွဲပြားနေတာများလား။
“မဖြစ်နိုင်တာ! ငါ့အစ်ကိုက သူတကယ်ကြိုက်တဲ့ မိန်းကလေးနဲ့ မတွေ့သေးလို့ ငြင်းနေတာပဲ ဖြစ်မှာပါ”
“ဟဲဟဲ... အဲ့ဒါတော့ ငါလည်း မသိဘူးလေ! ဒါနဲ့ နင်မပြောရသေးဘူးနော်၊ ပိုင်ချီမင် ဓားအထိုးခံပြီး ကာကွယ်ပေးခဲ့တဲ့ ကောင်လေးက ချောလားလို့”
“ချောတယ်လို့ ပြောရမှာပေါ့!”
ထိုအခါမှသာ လင်းစုယွီသည် ရွှမ်ဖုန်း၏ ရုပ်ရည်ကို သေချာပြန်လည် ပုံဖော်ကြည့်မိသည်။ ထို သူ ငြိမ်သက်နေချိန်တွင်...
ကျောက်စိမ်းကဲ့သို့ ချောမွေ့သော မျက်နှာကျ၊ ကြယ်စင်များအလား နက်ရှိုင်းသော မျက်ဝန်းများ၊ ဖြောင့်စင်းသော နှာတံတို့က အမျိုးသားပီသသော အလှတရားကို ဖော်ဆောင်နေပြီး အေးစက်ခက်ထန်သော အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွတ်နေသေးသည်။
ဖတ်... ဖတ်... ဖတ်! ငါ ဘာတွေ လျှောက်တွေးနေတာလဲ။ တစ်ဖက်လူက နတ်သားတစ်ပါးလို ချောနေပါစေဦး၊ သူမနှင့် ဘာမှမသက်ဆိုင်သည် မဟုတ်ပါလား။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း