အခန်း ၁၀၆
Vol. 11 Ch. 106
အပိုင်း ၁၀၆ - သွေးထွက်သံယိုဘေးအန္တရာယ် အမှန်တကယ်ဖြစ်လာခြင်း
'ငွေရှာသည့်အရည်အချင်း' ရှိသူ တစ်ယောက်အတွက်တော့ ပိုက်ဆံရှာရတာဟာ အင်မတန်လွယ်ကူပြီး မြန်ဆန်လှသည်။ ရွှမ်ဖုန်း နောက်သို့ တစ်ပတ်လိုက်ကြည့်ရုံဖြင့် လင်းစုယွီ၏ လက်ထဲတွင် နာရီနှစ်လုံး၊ ရင်ထိုးတစ်ခုနှင့် ချက်လက်မှတ်နှစ်စောင် ရောက်ရှိနေပြီဖြစ်သည်။
ဟောင်ကောင်မြို့တွင် အပေါင်ဆိုင်လုပ်ငန်းများ အဘယ်ကြောင့် အမြဲခေတ်စားနေသည်ကို ယခုမှပင် နားလည်တော့သည်။ ဤမြို့သားတို့သည် အဖိုးတန်လက်ဝတ်ရတနာများကို တစ်ဖက်လူအတွက် ဆုလာဘ်အဖြစ် ပေးကမ်းတတ်ကြသည် မဟုတ်ပါလား။
ထိုပစ္စည်းများကို ငွေ သားလဲလှယ်ရန် ရွှမ်ဖုန်း အပေါင်ဆိုင်သို့ သွားမည်ဟု ကြားသောအခါ လင်းစုယွီ စိတ်ဝင်သွားသည်။ အပေါင်ဆိုင်ဆိုသည်မှာ မည်သို့ရှိသည်ကို သူမ တစ်ခါမှ မမြင်ဖူးသဖြင့် လိုက်ကြည့်ပါရစေဟု တောင်းဆိုရာ ရွှမ်ဖုန်းကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်။
မူလက လင်းစုယွီသည် အိမ်တွင် ကျန့်ဖိန့်ဖိန့် နှင့် အထည်ချုပ်စက်ရုံကိစ္စ ဆွေးနွေးပြီးမှ အပေါင်ဆိုင်သို့ သွားရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ဖရိုဖရဲဖြစ်နေသော ရုပ်ပျက်ဆင်းပျက် အခြေအနေဖြင့် သူမရှေ့သို့ ရောက်လာသော ကျန့်ဖိန့်ဖိန့်ကို မြင်လိုက်ရသည့်အခါ လင်းစုယွီ ထိတ်လန့်သွားတော့သည်။
"ဖိန့်ဖိန့်... နင် ဘာဖြစ်လာတာလဲ"
ကျန့်ဖိန့်ဖိန့်၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူမကို ပိုင် မိသားစုမှ ဝမ်းကွဲအစ်ကိုကြီးက ပြန်ခေါ်လာခြင်းဖြစ်သည်။
"အောက်တန်းစားတွေဖြစ်တဲ့ ကောကျားရှင်းနဲ့ လီကျယ် တို့ လက်ချက်ပဲ ဖြစ်ရမယ်။ ငါဖြတ်မယ့်လမ်းမှာ လူလွှတ်ပြီး ချောင်းတိုက်တာလေ။ တော်သေးတာက နင် သတိပေးလို့ သက်တော်စောင့်နှစ်ယောက် ပိုခေါ်သွားမိလို့ပဲ"
"သူတို့က ဝိုင်းထားတဲ့ကြားက ငါ့ကို ထွက်ပြေးဖို့ အချိန်ဆွဲပေးထားကြတာ။ နောက်မှ ဦးလေးနဲ့ဆုံပြီး အတူတူ ပြန်လာခဲ့တာ"
ကျန့်ဖိန့်ဖိန့်က သူမလက်ကောက်ဝတ်တွင် ပတ်ထားသော သွေးစွန်းနေသည့် အဝတ်စကို လွှင့်ပစ်လိုက်သည်။ လင်းစုယွီ၏ မျက်နှာပေါ်မှ စိုးရိမ်ရိပ်များကို မြင်သောအခါ သူမကပင် အေးအေးဆေးဆေး ပြန်နှစ်သိမ့်ပေးလိုက်သေးသည်။
"ငါ့အတွက် မစိုးရိမ်ပါနဲ့။ သွေးနည်းနည်းထွက်ရုံတင်ပါ၊ မနာပါဘူး။ ဦးလေးက ဒါကို ဖြေရှင်းဖို့ လူလွှတ်လိုက်ပြီဆိုတော့ ငါ့ကို လုပ်တဲ့သူတွေ လွတ်မှာမဟုတ်ဘူး။ ဒါနဲ့... ဟို ရွှမ်ဖုန်းဆိုတဲ့လူက တကယ် အစွမ်းထက်တာပဲနော်။ ဒဏ်ရာကို ဆေးထည့်ပြီးရင် အဲ့ဒီ ဆရာကြီးနဲ့ ငါ တွေ့ချင်သေးတယ်"
"လာပါ... အရင်ဆုံး အပေါ်ထပ်လိုက်ခဲ့၊ အဝတ်အစားလဲပြီးမှ ဒဏ်ရာကို ဆေးထည့်ရအောင်"
လင်းစုယွီက အိမ်ရှိ ဆရာဝန်ကြီးကို အမြန်ခေါ်ခိုင်းပြီး ကျန့်ဖိန့်ဖိန့်၏ ဒဏ်ရာကို ကြည့်ရှုစေသည်။ ထိုသတင်းကြောင့် အဖွား ပိုင် ပင် ထိတ်လန့်တကြား ရောက်ရှိလာတော့သည်။
"ဖိန့်ဖိန့်လေးက ဘယ်လိုလုပ်ပြီး ဒီလို အခက်အခဲမျိုးနဲ့ ကြုံရတာလဲ။ နင့်အကြီးဆုံးအစ်မရော ပြန်လာပြီလား။ ဖိန့်ဖိန့်လေး ဒီလိုဖြစ်နေတာကို မြင်ရင် သူ တော်တော် စိတ်မကောင်းဖြစ်မှာပဲ"
ကျန့်ဖိန့်ဖိန့် ရေချိုးနေစဉ် အဖွားပိုင်က လင်းစုယွီကို ဘေးသို့ဆွဲထုတ်ကာ အခြေအနေကို မေးမြန်းသည်။ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ အဖွားဖြစ်သူက လင်းစုယွီ၏ ဘေးကင်းလုံခြုံရေးအတွက်ပါ စိုးရိမ်လာပြန်သည်။
"စုယွီ... နောက်ဆို အပြင်ထွက်ရင် သက်တော်စောင့်တွေ မပါဘဲ မသွားနဲ့နော်။ အခုတလော ဟောင်ကောင်ရဲ့ လုံခြုံရေးက သိပ်မကောင်းဘူး"
"ဟုတ်ကဲ့ပါ အဖွား... အဖွားစကားကို နားထောင်ပါ့မယ်။ အဖွားလည်း တရုတ်ရိုးရာအော်ပရာပွဲ တွေ သွားကြည့်ရင် သက်တော်စောင့်တွေ ခေါ်သွားဦးနော်"
ကျန်းမာရေး ပြန်ကောင်းလာပြီးနောက် အဖွားပိုင်၏ နေ့စဉ်ဘဝမှာ အလုပ်များလှသည်။ သူမသည် မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ပြီး အိမ်တော်ထိန်းပိုင်၏ ဇနီးနှင့်အတူ တရုတ်အော်ပရာပွဲနှင့် ပေကျင်းဇာတ်ပွဲများကို သွားကြည့်ရသည်ကို နှစ်သက်သည်။ ဇာတ်ရုံဆိုသည်မှာ သူမကဲ့သို့ ဝါသနာတူ အဖွားအိုများ စုဝေးရာနေရာပင် ဖြစ်သည်။
ဟောင်ကောင်သို့ ရောက်ရှိနေသည်မှာ ရက်အတော်ကြာပြီဖြစ်သဖြင့် လင်းစုယွီသည် ဤမြို့၏ လျင်မြန်သော လူနေမှုပုံစံနှင့် တဖြည်းဖြည်း အသားကျလာကာ နေ့တိုင်း အလုပ်တစ်ခုမဟုတ်တစ်ခုဖြင့် အမြဲ အလုပ်များနေတတ်သည်။ အေးအေးလူလူ လက်ဖက်ရည်သောက်ရင်း စာဖတ်ရသည့်အချိန်မှာ ပျော်စရာကောင်းသော်လည်း ပိုင်မိသားစုက သူမကို ပစ်ထားသလို မဖြစ်စေရန် အပြင်သို့ခေါ်ထုတ်ပြီး ပျော်ပွဲရွှင်ပွဲများသို့ လိုက်ပြလေ့ရှိသည်။
အဖွားပိုင်ကပင် သူမနှင့်အတူ ဇာတ်ပွဲလိုက်ကြည့်ရန် လင်းစုယွီကို ဖိတ်ခေါ်တတ်သေးသည်။ သို့သော် သူမ၏ အဖြေကတော့ 'မလိုက်ပါ' ဟူ၍သာ။ သူမသည် ထိုကဲ့သို့သော ရိုးရာယဉ်ကျေးမှုများကို အပေါ်ယံမျှသာ သိရှိပြီး စိတ်ဝင်စားမှုလည်း သိပ်မရှိပေ။ အချိန်ရလျှင် ပိုက်ဆံရှာနိုင်မည့် လုပ်ငန်းသစ်များကိုသာ ရှာဖွေလိုစိတ်ရှိသည်။
မသိစိတ်ထဲတွင် လင်းစုယွီ၏ ပျင်းရိတတ်သော စိတ်ကလေးမှာ ရည်မှန်းချက်များဖြင့် နိုးကြားလာပြီး မိမိကိုယ်ကို ချမ်းသာသော သူဌေးမလေးတစ်ဦးဖြစ်အောင် လုပ်ဆောင်ရန် ပန်းတိုင်များ ချမှတ်လိုက်တော့သည်။
ကျန့်ဖိန့်ဖိန့် သန့်ရှင်းသပ်ရပ်စွာ အဝတ်အစားလဲပြီးချိန်တွင် သူမ၏ အဒေါ် ဖြစ်သူကလည်း အမြန်ပြန်ရောက်လာသည်။ သူမသည် ကျန့်ဖိန့်ဖိန့်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီး ဒဏ်ရာမှာ လက်တွင်သာရှိကြောင်း အတည်ပြုပြီးမှ သက်ပြင်းချနိုင်တော့သည်။
"စုယွီ... ဖိန့်ဖိန့်လေးကို ဂရုစိုက်ပေးလို့ အစ်မ ကျေးဇူးတင်ပါတယ်။ ဒီကလေးကတော့ တကယ်ကို စိတ်ပူရလွန်းတယ်။ အစ်မ သူ့ကို သေချာဆုံးမရဦးမယ်၊ အခုတော့ အိမ်ကိုပဲ အရင် ပြန်ခေါ်သွားလိုက်တော့မယ်"
"အစ်မ... စိတ်မပူပါနဲ့။ ကျွန်မ ဆရာဝန်ကြီးကို ခေါ်ထားပြီးသားပါ။ အိမ်ရောက်ရင် ဖိန့်ဖိန့်လေးရဲ့ဒဏ်ရာကို ဆရာဝန်နဲ့ သေချာ ပြန်ပြပေးပါဦး"
ဝမ်းကွဲအစ်ကိုကြီး၏ ဇနီး ကျန့်မင်ဖေး ဘေးတွင် ရပ်နေသော လင်းစုယွီ၏ အဆင့်အတန်းမှာ ကျန့်ဖိန့်ဖိန့်အတွက် 'အဒေါ်' တော်စပ်နေသည်။ ကျန့်ဖိန့်ဖိန့်က သူမထက် သုံးနှစ်မျှငယ်သော လင်းစုယွီကို အဒေါ် ခေါ်ရမည့်အရေးကို မကျေနပ်သဖြင့် မျက်စောင်းထိုးကြည့်နေတော့သည်။
"စုယွီ... တို့တွေ ဒီနေ့ အလုပ်ကိစ္စ ဆွေးနွေးဖို့ ချိန်းထားတာလေ။ ငါ ရှာထားတဲ့ စက်ရုံနေရာကိုလည်း နင့်ကို လိုက်ပြချင်သေးတယ်!"
ကျန့်ဖိန့်ဖိန့်က အနူးအညွတ် ပြောရှာသည်။ သူမသည် အဒေါ် နောက်သို့ လိုက်သွားပါက အိမ်တွင် အချုပ်ခံရတော့မည်ကို သိနေသည်။ ယနေ့ဖြစ်ရပ်ကြောင့် အနည်းဆုံး လဝက်ခန့်တော့ အပြင်ထွက်ခွင့် ပိတ်ပင်ခံရပေတော့မည်။
"မရဘူး ကျန့်ဖိန့်ဖိန့်... ညည်းအဖိုးဆီ ငါ ဖုန်းဆက်ပြီးပြီ။ ခဏနေရင် ညည်းကို အိမ်ပြန်ပို့မယ်"
ကျန့်မင်ဖေးသည် အမျိုးသမီးငယ်လေးများ စီးပွားရေးလောကထဲတွင် ဗူးပေါ်သလိုပေါ်နေခြင်းကို မနှစ်သက်ပေ။ မိန်းကလေးကောင်းဆိုသည်မှာ နှစ်ကုန်အမြတ်ဝေစုကိုသာ ထိုင်စောင့်နေရမည်ဟု သူမ ယူဆထားသည်။
"ဒေါ်လေးရယ်... ကျွန်မနဲ့ စုယွီက တကယ် အရေးကြီးတဲ့ကိစ္စ ဆွေးနွေးဖို့ ရှိလို့ပါ။ အဖိုးက ကျွန်မနဲ့ မောင်လေးတွေကို တာဝန်တစ်ခု ပေးထားတယ်။ သင်္ဘောကျင်းက အလုပ်သမားတွေရဲ့ မိသားစုဝင်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့သူကို သင်္ဘောကုမ္ပဏီရဲ့ ရှယ်ယာတွေ ပေးမယ်လို့ ပြောထားတာ"
"ကျွန်မမှာ အစီအစဉ်ရှိတယ်၊ ဒါပေမဲ့ စုယွီနဲ့ ထပ်ဆွေးနွေးဖို့ လိုသေးလို့ပါ။ အချိန်လေး နည်းနည်းလောက် ပေးပါနော်။ ပြီးရင် အိမ်ကို တန်းပြန်ပါ့မယ်"
ကျန့်ဖိန့်ဖိန့်က သူမ၏အဒေါ် လက်မောင်းကို ဆွဲကာ ချွဲနွဲ့နေရင်း လင်းစုယွီကိုလည်း ကူပြောပေးရန် မျက်စိမှိတ်ပြနေသည်။
နောက်ဆုံးတွင် လင်းစုယွီ၏ ကူညီဖျောင်းဖျမှုကြောင့် ဒဏ်ရာဆေးထည့်ပြီးနောက် ဆွေးနွေးရန် တစ်နာရီအချိန်ပိုပေးရန် ကျန့်မင်ဖေး သဘောတူလိုက်သည်။ အမှန်တကယ်တော့ အထည်ချုပ်စက်ရုံ တည်ထောင်ရန် ပြင်ဆင်စရာများမှာ အလွန်များပြားလှရာ ထိုမျှ အချိန်တိုအတွင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ပေ။
"ဒီလိုလုပ်ရအောင်... ဖိန့်ဖိန့်က သင့်တော်တဲ့ စက်ရုံနေရာ ရှာဖို့ တာဝန်ယူ။ ငါကတော့ စက်ချုပ်စက်တွေ၊ ကုန်ကြမ်းတွေနဲ့ အထည်ဈေးနှုန်းတွေကို စုံစမ်းမယ်။ စုယွီကကျတော့..."
ပိုင်ချီမင်မှာ အခက်တွေ့နေသည်။ စီးပွားရေးမိသားစုတွင် ကြီးပြင်းလာသော ကျန့်ဖိန့်ဖိန့်အတွက် စက်ရုံကိစ္စက လွယ်ကူသော်လည်း လင်းစုယွီအတွက်မူ အတွေ့အကြုံမရှိသဖြင့် မည်သည့်အလုပ် ပေးရမည်ကို သူ မဝေခွဲနိုင်ဖြစ်နေခြင်းဖြစ်သည်။
"ကျွန်မက စက်ရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို ရေးဆွဲတာ တာဝန်ယူမယ်။ တို့တွေ တစ်ယောက်ချင်းစီ အရင်ပြင်ဆင်ကြတာပေါ့။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ ပြန်ဆုံပြီး အသေးစိတ် ဆွေးနွေးကြမယ်"
လင်းစုယွီက သူမကိုယ်တိုင် တာဝန်တစ်ခု သတ်မှတ်လိုက်သည်။ သူမသည် စက်ရုံ မထောင်ဖူးသော်လည်း စက်ရုံတစ်ရုံ၏ လိုအပ်ချက်နှင့် လည်ပတ်ပုံ အခြေခံကိုတော့ နားလည်ထားသည်။
မပြန်မီ ကျန့်ဖိန့်ဖိန့်သည် ဆရာကြီးရွှမ်ဖုန်းကို သတိရသွားသည်။ ယခုဖြစ်သွားသော သွေးထွက်သံယို ဘေးဒုက္ခမှာ လီကျယ်နှင့် ကောကျားရှင်းတို့၏ ပရိယာယ်ကြောင့် ဟုတ်မဟုတ် သူမ မေးမြန်းလိုခြင်းဖြစ်သည်။
"မိန်းကလေးကျန့်... သူတို့ ဒီတစ်ခါ မင်းကို လုပ်ကြံနိုင်တာက မင်းရဲ့ အနီးအနားက လူတစ်ယောက်က အကျိုးအမြတ်တစ်ခုခုကို လက်ခံလိုက်လို့ပဲ။ ကျွန်တော် ပြောနိုင်တာ ဒါအကုန်ပဲ"
ထို့ထက်ပိုပြောလျှင် အခကြေးငွေ အများကြီး ယူရပေမည်။ သို့မဟုတ်ပါက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေမိ၍ သူကိုယ်တိုင် ကံဆိုးမှုများကို ရင်ဆိုင်ရနိုင်သောကြောင့်ဖြစ်သည်။ ကျန့်ဖိန့်ဖိန့် တွေးတောရင်း ထွက်ခွာသွားတော့မှ လင်းစုယွီသည် ရွှမ်ဖုန်း၏ အထောက်အထားကို မေးရန် သတိရတော့သည်။
"ကျွန်တော်ကတော့ 'အားနည်းချက်ငါးပါးနဲ့ ချို့တဲ့မှုသုံးပါး' သင့်နေတဲ့ ဗေဒင်ဆရာတစ်ယောက်ပါပဲ။ အထူးသဖြင့် ငွေကြေးကံ မရှိဘူးပေါ့။ ဒါပေမဲ့ စိတ်ချပါ... ကျွန်တော့်မှာ ငွေကြေးကံမရှိပေမဲ့ မင်းရဲ့ ငွေကြေးကံကိုတော့ သေချာပေါက် တိုးတက်စေမှာပါ"
လင်းစုယွီက သူ့ကို မနှစ်သက်ဘဲ မောင်းထုတ်လိုက်မည်ကို စိုးရိမ်သဖြင့် ရွှမ်ဖုန်းသည် အလွန် နှိမ့်ချစွာ ပြောဆိုနေသည်။ သူ၏ အရှိန်အဝါ မှာ လင်းစုယွီနှင့် အလွန် လိုက်ဖက်ညီပြီး တစ်ဦးကိုတစ်ဦး အားဖြည့်ပေးကာ အောင်မြင်မှုများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း အမြန် ရှင်းပြနေတော့သည်။
'ဗေဒင်ဆရာတစ်ယောက်က သူများအိမ်မှာ လက်ထောက်အဖြစ် လာလုပ်နေရတာတော့ မဟုတ်သေးပါဘူး' ဟု လင်းစုယွီ စိတ်ထဲမှ ကြိတ်၍ ဝေဖန်မိသော်လည်း နောက်မှ ပြန်တွေးကြည့်လိုက်သည်။ 'ထားလိုက်ပါတော့လေ... တစ်ဖက်လူက ငါနဲ့ ပိုင်မိသားစုအပေါ် ရန်ငြိုးမရှိသရွေ့တော့ အဆင်ပြေပါတယ်' ဟူ၍သာ တွေးလိုက်တော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း