အခန်း ၁၀၇
Vol. 11 Ch. 107
အပိုင်း ၁၀၇ - အပေါင်ဆိုင်
ရွှမ်ဖုန်းသည် လင်းစုယွီကို ခေါ်ဆောင်ကာ ရင်းနှီးသည့်အပေါင်ဆိုင်တစ်ခုသို့ လမ်းကျွမ်းကျင်စွာဖြင့် လျှောက်လှမ်းလာခဲ့သည်။ လူတစ်ရပ်ကျော်မြင့်သည့် ကောင်တာနောက်ကွယ်မှ အပေါင်ဆိုင်စာရေးသည် ရွှမ်ဖုန်းကို မြင်သည်နှင့် ထူးထူးခြားခြား စိတ်အားထက်သန်စွာ ဆီးကြိုတော့သည်။
"ဆရာကြီး ကြွလာတာပဲ။ ဒီတစ်ခေါက်ရော ဘယ်လို ရတနာမျိုးတွေ ယူလာခဲ့တာလဲ။ ကျွန်တော် အခုပဲ ဆိုင်ရှင်ကို သွားခေါ်လိုက်ပါ့မယ်"
"ရှင် ဒီမှာ ပစ္စည်းတွေ ခဏခဏ လာပေါင်တာလား။ အဲဒီစာရေးက ကြည့်ရတာ အရမ်းကို လှိုက်လှိုက်လဲလဲကြိုဆိုနေတာပဲ" လင်းစုယွီက မေးလိုက်သည်။
ရွှမ်ဖုန်းကမူ "သူတို့ ဒီလောက် စိတ်အားထက်သန်နေရတာက ကျွန်တော် တစ်ခါက ဒီအပေါင်ဆိုင်ကို ဖုန်းရွှေ ပြင်ပေးဖူးလို့လေ။ သူတို့ ဒီလောက် ငွေ တွေ အလုံးအရင်းနဲ့ ဝင်နေတာ ကျွန်တော့်ကြောင့်ပဲ" ဟု ပြန်ဖြေ၏။
တကယ်တော့ သူရသမျှ ဗေဒင်ဟောခတွေက သူ့လက်ထဲမှာ တစ်ရက်ထက် ပိုမမြဲခဲ့ပေ။ ပေါင်စရာ ပစ္စည်းတွေဆိုသည်မှာလည်း သူ့တွင် အဘယ်မှာ ရှိပါမည်နည်း။ နောက်ပိုင်းတွင် အပေါင်ဆိုင်တံခါးဝရှေ့၌ပင် ဗေဒင်ဆိုင်းဘုတ်ထောင်ပြီး ဟောခဲ့သော်လည်း ပေါင်နှံနိုင်လောက်သည့် ကောင်းမွန်သည့် ပစ္စည်းမျိုး သူ တစ်ခါမျှ မရရှိခဲ့ဖူးချေ။
"ဆရာကြီးရွှမ်ဖုန်း... အခုတလော ဆရာကြီး ဗေဒင်ဟောတာ မတွေ့မိပါလား။ ဘယ်အရပ်မှာများ လာဘ်တွေ ရွှင်နေလို့လဲ" ဟု ဆိုင်ရှင်က ဆိုသည်။
ဤဆရာကြီးသည် အပေါင်ဆိုင်ရှေ့တွင် ဗေဒင်ဟောလေ့ရှိပြီး ကံဇာတာ အလွန်ကောင်းလွန်းသဖြင့် အိမ်သာထဲမှာပင် ငွေ ကောက်ရနိုင်သူဖြစ်သည်ဟု နာမည်ကြီးသူဖြစ်သည်။ ထို့ကြောင့် သူ ဗေဒင်မဟောတော့ဟု သိရလျှင် နှမြောစရာပင် ကောင်းလှပေလိမ့်မည်။
"ကျွန်တော် ဗေဒင်မဟောတော့ဘူး။ အခု အမြဲတမ်း... အမြဲတမ်း အလုပ်တစ်ခု ရထားပြီ။ နေစရာ စားစရာလည်း ပေးတယ်၊ ခံစားခွင့်တွေလည်း ကောင်းတယ်" ဟု ရွှမ်ဖုန်းက ဆိုလိုက်ရာ "တကယ့်ကို နှမြောစရာပဲ.." ဟု ဆိုင်ရှင်က ရေရွတ်မိသည်။
"ဘာပြောတယ်" ရွှမ်ဖုန်းက အပေါင်ဆိုင်ပိုင်ရှင်ကို စိုက်ကြည့်လိုက်၏။
"ဩော်... ကျွန်တော် ဆိုလိုတာက အနီးအနားက လူတွေအတွက် ဆရာကြီးဆီမှာ ဗေဒင်မေးဖို့ ခက်သွားပြီမို့ နှမြောတာပါ။ ရာထူးကောင်းကောင်း ရတာ ဂုဏ်ယူပါတယ် ဆရာကြီး။ ဒီနေ့ ဆိုင်ကို လာတာ ဘာများ ကူညီပေးရမလဲ"
ဆိုင်ရှင်က လင်းစုယွီကို ကြည့်ကာ မေးမြန်းလိုက်သည်။ ရွှမ်ဖုန်းက ပစ္စည်းတွေ ထုတ်ပြရန် လင်းစုယွီကို အချက်ပြလိုက်၏။
"အေး... ပစ္စည်းတချို့ ပေါင်ချင်လို့။ လုံးဝ အပြတ်ပေါင်မှာနော်။ ဘယ်လောက်ရမလဲ ကြည့်ပေးဦး။ ကျွန်တော့်ကိုတော့ လိမ်ဖို့ မကြိုးစားနဲ့" ဟု ရွှမ်ဖုန်းက ဆိုသည်။
ဆိုင်ရှင်သည် ရွှမ်ဖုန်းကို လိမ်ရန် မဝံ့ရဲသည်မှာ အမှန်ပင်။ လောကရှိ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအမျိုးမျိုးအနက် နာမ်လောကဆိုင်ရာ ပညာရှင်တစ်ဦးကို ရန်စမိခြင်းသည် အဆိုးဆုံးဖြစ်ကြောင်း သူကောင်းကောင်းသိသည်။ သူက ထိုမျှအထိ မိုက်ရူးရဲဆန်သူ မဟုတ်ပေ။
"မဝံ့ရဲပါဘူး ဆရာကြီးရယ်။ ခဏလောက် စောင့်ပေးပါဦး"
ဆိုင်ရှင်က ရွှမ်ဖုန်းကိုလည်း မငြိုငြင်စေဘဲ မိမိအတွက်လည်း အမြတ်အစွန်း ကျန်ရစ်မည့် တန်ဖိုးတစ်ခုကို လက်တွက်ပြားဖြင့် တွက်ချက်နေစဉ် အခြားဖောက်သည်တစ်ဦး ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
"အစ်ကိုကြီးရွှမ်လား။ တော်သေးတာပေါ့၊ အစ်ကိုကြီးကို ဒီမှာ တွေ့မယ်ဆိုတာ ကျွန်မ သိနေတယ်လေ။ အစ်ကိုကြီး အခုတလော ဘယ်တွေ ရောက်နေတာလဲ။ ရှောင်ယာ ထပ်ဖျားနေပြီ၊ ဆေးကုဖို့ ငွေ လည်း မရှိတော့ဘူး။ အစ်ကိုကြီး တစ်ခုခု မြန်မြန် စဉ်းစားပေးပါဦး!"
လင်းစုယွီသည် ထိုသူကို မှတ်မိနေသည်။ သူမ ဟောင်ကောင်ကို ရောက်သည့် ပထမဆုံးနေ့က အဖမ်းခံရပြီး ပြည်နှင်ဒဏ် အပေးခံရလုနီးပါး ဖြစ်ခဲ့သည့် အမျိုးသမီး ဖြစ်နေသည်။ တစ်လအတွင်းမှာပင် ထိုအမျိုးသမီးမှာ ယခင်ကလို ဖရိုဖရဲ ဖြစ်မနေတော့ဘဲ လှပသပ်ရပ်သည့် ဝတ်စုံဖြင့် နူးညံ့သိမ်မွေ့သော ပုံစံမျိုး ပေါက်နေလေသည်။
"ဖုန်ကျောက်... ရှောင်ယာ နေမကောင်းတာက ငါ့တာဝန် မဟုတ်ဘူး။ အရင်က ငါ ကူညီခဲ့တာက ကုသိုလ်ရအောင် ကောင်းမှုပြုခဲ့တာပဲ ရှိတယ်။ အဲဒါကို ရှင်းရှင်းလင်းလင်း နားလည်စေချင်တယ်" ဟု ရွှမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။
"ဒါပေမဲ့ ရှောင်ယာက အစ်ကိုကြီးကို အရမ်းချစ်တာလေ၊ အစ်ကိုကြီးကလည်း သူ့ကို အမြဲ ကူညီနေကျပဲကို။ အစ်ကိုကြီးတို့ နှစ်ယောက်က... အစ်ကိုကြီးရွှမ်၊ ရှောင်ယာ့ကို မဂရုစိုက်တော့ဘူးလား။ အစ်ကိုကြီးက သူ့ကို မကြည့်ရင် သူ့ရဲ့ အနာဂတ်က ဘယ်လိုလုပ်မလဲ"
ထိုစကားများကို ကြားရသူတိုင်းသည် ရည်းစားဟောင်းကို စွန့်ပစ်လိုက်သည့် ယုတ်မာသော ယောက်ျားတစ်ဦးအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်ကားတစ်ကားကို မျက်စိထဲ မြင်ယောင်လာပေလိမ့်မည်။
"ငါ ဘာလို့ သူ့ကို ဂရုစိုက်ရမှာလဲ။ ကော့လွန်းခံတပ်မြို့ ထဲမှာ ငါ ကူညီခဲ့ဖူးတဲ့လူတွေ အများကြီးပဲ။ ငါ သူ့ကို ကူညီခဲ့ဖူးလို့ သူ့ရဲ့ အနာဂတ်ကိုပါ ငါ တာဝန်ယူရမှာလား။ ဖုန်ကျောက်... ငါ ဘာလို့ ခံတပ်မြို့ကနေ ထွက်လာခဲ့လဲဆိုတာ သူများတွေ မသိရင်တောင် နင် တော့ သိမှာပါ"
ယခင်က ရွှမ်ဖုန်းရရှိသည့် ဗေဒင်ခများသည် ထူးဆန်းသည့် နည်းလမ်းမျိုးစုံဖြင့် အမြဲ ကုန်ဆုံးသွားလေ့ရှိသည်။ ထို့ကြောင့် အလကား မကုန်ဆုံးစေရန် ခံတပ်မြို့ထဲက စိတ်ထားကောင်းသူတချို့ကို သူ ရွေးချယ်ကူညီခဲ့သည်။ အချို့က အကူအညီရပြီးနောက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကာ ဘဝသစ်ကို တည်ဆောက်နိုင်ကြသော်လည်း အချို့ကမူ သူ့ကို ကယ်တင်ရှင်တစ်ဦးလို ဆုပ်ကိုင်ထားပြီး အမြဲတမ်း မှီခိုရန်သာ ကြိုးစားကြတော့သည်။
ထိုပြဿနာများကို သတိပြုမိပြီးနောက် ရွှမ်ဖုန်းသည် ကူညီမည့်သူများကို ဂရုတစိုက် ရွေးချယ်လာခဲ့သည်။ ရှောင်ယာသည် ရွှမ်ဖုန်း လက်တွဲဖြုတ်ရန် ဆုံးဖြတ်လိုက်သည့် လူများထဲမှ တစ်ဦးပင်ဖြစ်သည်။
"ဒါပေမဲ့... အခု ရှောင်ယာက အရမ်းသနားဖို့ ကောင်းနေတာလေ။ နေမကောင်းဖြစ်ပြီး ဆေးကုဖို့ ငွေ တောင်မရှိရှာဘူး အစ်ကိုကြီးရွှမ်က အနည်းဆုံးတော့ သူမ နေပြန်ကောင်းတဲ့အထိ စောင့်ပြီးမှ ခပ်ခွာခွာနေလို့ မရဘူးလား"
"သူ့ရဲ့ ဆင်းရဲဒုက္ခက သူ့ဘာသာ ဖန်တီးခဲ့တာပဲ။ သူတစ်ပါးရဲ့ သနားစိတ်ကို အသုံးချဖို့ မကြိုးစားနဲ့။ ဖုန်ကျောက်... နင့်ကို ငါ အကြံပေးမယ်၊ ဒီကိစ္စထဲမှာ အရမ်းမပါနဲ့။ လူတိုင်းက ကူညီရကျိုး နပ်တာ မဟုတ်ဘူး"
ရွှမ်ဖုန်း၏ စကားကို ကြားရသောအခါ လင်းစုယွီ အခြေအနေကို ရိပ်မိလိုက်သည်။ ဤသည်မှာ ရိုးသားသူကို စိတ်ခံစားချက်ဖြင့် ခြိမ်းခြောက်အမြတ်ထုတ်ခြင်း ပင် ဖြစ်သည်။
"ရွှမ်ဖုန်း... ရှင် ဒီလောက်အထိ စိတ်နှလုံးရက်စက်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး။ အရင်က ရှင် ပိုက်ဆံမရှိတုန်းကတောင် ခံတပ် မြို့က အိမ်နီးနားချင်းတွေကို ကူညီခဲ့သေးတာပဲ။ အခု ရှင် ပိုက်ဆံရှိလာတော့မှ အေးစက်စက်နဲ့ လျစ်လျူရှုထားနိုင်တယ်ပေါ့"
ဆိုင်ရှင်သည် ငွေ ထုပ်ကို ကိုင်လျက် ထွက်လာသည်ကို ဖုန်ကျောက် မြင်လိုက်သည်။ ထူထဲလှသော ငွေစက္ကူထုပ်ကြီးက ရွှမ်ဖုန်းမှာ ယခင်ကထက် ပိုချမ်းသာနေပြီဟု သူမကို ထင်မှတ်စေကာ သူ့အကျင့်စရိုက်တွေ ပြောင်းလဲသွားသည်ဟု ယူဆမိစေသည်။
"ဆရာကြီး... ဒါ ပေါင်နှံထားတဲ့ ပစ္စည်းတွေအတွက် ငွေ ပါ။ ယူလိုက်ပါဦး"
"ဆိုင်ရှင်... အဲဒီငွေကို ကျွန်တော့်ဘေးက မိန်းကလေးဆီ တိုက်ရိုက် ပေးလိုက်ပါ"
ရွှမ်ဖုန်းသည် ဆိုင်ရှင်ကမ်းပေးသော ငွေကို လက်ဖျားနှင့်ပင် မထိရဲသည်ကို မြင်သောအခါ ဖုန်ကျောက် ပို၍ပင် ဒေါသထွက်သွားသည်။ ရှောင်ယာက ဖျားနာနေပြီး ပစ္စည်းတွေ ပေါင်နေရချိန်တွင် ရွှမ်ဖုန်းက ထိုမိန်းကလေးကို ငွေ အများကြီး ပေးနေသည်ကို သူမ မကြည့်ရက်နိုင်ပေ။
"ရွှမ်ဖုန်း... ဒီလောက် ငွေ တွေအများကြီးထဲက ရှောင်ယာ့ကို နောက်ဆုံးတစ်ခေါက်လောက် မကူညီနိုင်ဘူးလား။ ဟေ့ မိန်းကလေး... အဲဒီငွေ တွေကို ယူရတာ နင် မရှက်ဘူးလား"
ဒီဒေါသတွေက သူမဆီကို ဘာလို့ ကူးစက်လာရသနည်းဟု လင်းစုယွီ စိတ်ထဲတွင် နားမလည်နိုင်အောင် ဖြစ်သွားသည်။
"ငါက ဘာလို့ ရှက်ရမှာလဲ။ ဒီပစ္စည်းတွေက နင့်ဟာလား။ ဒါမှမဟုတ် သူများတွေ ပိုက်ဆံ ဘယ်လိုသုံးရမယ်ဆိုတာကို နင်ကပဲ ဆုံးဖြတ်ပေးပိုင်ခွင့် ရှိနေလို့လား" ဟု သူမက ပြန်လည် တုန့်ပြန်လိုက်သည်။
လင်းစုယွီသည် မေးခွန်းသုံးခုဖြင့် ဖုန်ကျောက်ကို အနားပေးလိုက်ပြီး ငွေ များကို တဖျပ်ဖျပ်နှင့် စတင် ရေတွက်နေတော့သည်။ ဖုန်ကျောက်သည် လင်းစုယွီကိုပါ ရန်ရှာချင်နေသည်ကို မြင်သောအခါ ရွှမ်ဖုန်း စိတ်မသက်မသာ ဖြစ်သွားသည်။ သူ့ရဲ့ အနာဂတ်သူဌေးမလေးနဲ့ အမြဲတမ်း ထမင်းကျွေးမယ့်သူကို ဖုန်ကျောက်က ဘာအကြောင်းမှမရှိဘဲ လာပြီး အပြစ်တင်နေသည် မဟုတ်ပါလား။
"ဖုန်ကျောက်... ငါ ရှောင်ယာ့ကို မချစ်ဘူး။ သူ့ကို အထင်လွဲစေမယ့် စကားမျိုးလည်း တစ်ခါမှ မပြောခဲ့ဘူး။ ငါ သူ့ကို ကူညီခဲ့တာက တစ်ကြိမ်နှစ်ကြိမ်ပဲ ရှိတယ်၊ ကျေးဇူးဆပ်ဖို့လည်း မမျှော်လင့်ခဲ့ဘူး။ ဒါပေမဲ့ ငါ သူ့ကို ကြိုက်နေပါတယ်ဆိုတဲ့ ကောလာဟလတွေကို ခံတပ်မြို့ထဲမှာ သူ လျှောက်ဖြန့်နေတာကိုတော့ ငါ ခွင့်မပြုနိုင်ဘူး။ ပြီးတော့ ငါ သူ့ကို မချစ်ဘူးဆိုတာကိုလည်း ဟိုးအရင်ကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပဲ"
"ဒါ့အပြင် သူက ငါ့ကို လူတစ်ယောက်အနေနဲ့ တကယ်ချစ်တာ မဟုတ်ဘူးလို့ ငါထင်တယ်။ ဖုန်ကျောက်... နင် တကယ် ထက်မြက်တယ်ဆိုရင် ရှောင်ယာ့ကိစ္စတွေမှာ ဝင်မပါတာ အကောင်းဆုံးပဲ။ မဟုတ်ရင် နင် နောင်တရလိမ့်မယ်။ နင့်အစ်ကိုကိုလည်း ဂရုစိုက်ဦး"
ထိုသို့ပြောပြီးနောက် ရွှမ်ဖုန်းသည် ဖုန်ကျောက်ကို ဆက်လက် စကားမပြောတော့ဘဲ လင်းစုယွီ၏ လက်ကိုဆွဲကာ အပေါင်ဆိုင်ထဲမှ ထွက်လာခဲ့တော့သည်။
"မမလေးစုယွီ... ကျွန်တော်နဲ့ အဲဒီရှောင်ယာနဲ့က တကယ်ကို ဘာပတ်သက်မှုမှ မရှိပါဘူး"
လင်းစုယွီက စူးစမ်းလိုစိတ်ဖြင့် မမေးရသေးမီမှာပင် ရွှမ်ဖုန်းက ကပျာကယာ ရှင်းပြနေသဖြင့် လင်းစုယွီမှာပင် ပြန်ပြီး စနောက်ရန် အားနာသွားရသည်။
လင်းစုယွီ၏ တည်ငြိမ်နေသော မျက်နှာကို မြင်သောအခါမှ မိမိ၏ ရှင်းပြချက်မှာ ပိုနေပြီဖြစ်ကြောင်း ရွှမ်ဖုန်း သိလိုက်ရသည်။ ထားလိုက်ပါတော့လေ... သူ စိတ်ရှည်ရှည်နဲ့ပဲ စောင့်ရတော့မှာပေါ့။ ထိုအချိန်တွင် သတင်းစောင့်နေသည့် ကောကျားရှင်းနှင့် လီကျယ်တို့သည် အကြံအစည် အောင်မြင်ကြောင်း အချက်ပြချက်ကို ရရှိလိုက်ကြသည်။
"အစ်ကိုကြီးလီကျယ်... ကျန့်ဖိန့်ဖိန့် အပြင်သွားတုန်း အလစ်တိုက်ခိုက်ခံရလို့ ဒဏ်ရာရပြီး ဖရိုဖရဲနဲ့ ထွက်ပြေးသွားရတယ်လို့ ကြားတယ်၊ ဟားဟား... ကျန့်ဖိန့်ဖိန့်ကတော့ ဟောင်ကောင်ရဲ့ လူကုံထံလောကမှာ နောက်တစ်ကြိမ် လှောင်စရာ ဖြစ်တော့မှာပဲ"
ကျန့်ဖိန့်ဖိန့်ကို ဒုက္ခပေးနိုင်လိုက်သဖြင့် ကောကျားရှင်းမှာ အောင်ပွဲခံသည့်အနေဖြင့် ရှန်ပိန်ပင် ဖောက်ချင်စိတ် ပေါက်နေလေသည်။
"ရှင်းရှင်း ပျော်ရင် ပြီးတာပါပဲ"
လီကျယ်က အားနည်းစွာ ပြုံးလိုက်သည်။ သူ၏ ရင်ထဲတွင်မူ နှမြောတသ ဖြစ်နေမိသည်။ တန်ဖိုးရှိလှသော ကျေးဇူးကြွေး တစ်ခုကို ဤကဲ့သို့ အလွယ်တကူ အသုံးချလိုက်ရသည် မဟုတ်ပါလား။
"အစ်ကိုကြီးလီကျယ်... အဲဒီလူတွေကရော စိတ်ချရရဲ့လား။ အစ်ကိုကြီးကို ပြန်ဖော်မှာ မဟုတ်ဘူးမလား"
"မဖော်ပါဘူး၊ စိတ်မပူနဲ့။ အဲဒီလူတွေက သစ္စာရှိကြပါတယ်။ ငါ သူတို့ကို အကူအညီ အကြီးကြီး ပေးခဲ့ဖူးလို့ အခု ငါ့အတွက် လုပ်ပေးတာနဲ့တင် ကျေသွားပြီ"
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ ကျန့်မိသားစုသာ သူတို့ကို ဖမ်းမိသွားရင် လွတ်ဖို့ မလွယ်ဘူးလေ။ အစ်ကိုကြီးကို သစ္စာဖောက်မှာ ကျွန်မ ကြောက်နေတာ။ ဒါနဲ့ ကျန့်ဖိန့်ဖိန့် ဒုက္ခရောက်နေတာကို ကိုယ်တိုင် မမြင်လိုက်ရတာ တကယ့်ကို နှမြောစရာပဲနော်"
"မပူပါနဲ့... ဓာတ်ပုံတွေ ရှိတယ်လေ။ သူ့ရဲ့ ရုပ်ပျက်ဆင်းပျက် ဓာတ်ပုံတွေကို ကူးပြီးရင် ရှင်းရှင်း စိတ်ကြိုက် ကြည့်လို့ရပြီ"
လူယုတ်မာနှစ်ဦးသည် ဝမ်းသာအားရ ဖြစ်နေကြသော်လည်း ကျန့်ဖိန့်ဖိန့်ကလည်း သူတို့အတွက် အကြီးစား လက်တုံ့ပြန်မှုတစ်ခုကို ပြင်ဆင်နေကြောင်း သူတို့ မသိရှိကြပေ။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း