အခန်း ၁၁၀
Vol. 11 Ch. 110
အပိုင်း ၁၁၀ - မိမိစိုက်သည့်အတိုင်း ပြန်လည်ရိတ်သိမ်းရခြင်း
ဤတစ်ကြိမ်တွင်တော့ ဖုန်ကျောက်တစ်ယောက် ကြက်ခိုးရန်ကြိုးစားကာမှ ဆန်ပါဆုံး ဆိုသကဲ့သို့ အခြေအနေနှင့် တကယ်ပင် တိုးနေတော့သည်။
လင်းစုယွီကို ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင် အမြတ်ထုတ်ရန် ကြံစည်ခဲ့သော်လည်း၊ အဆုံးသတ်တွင် သူမကိုယ်တိုင်သာလျှင် ကိုယ်ကျင့်တရားဆိုသည့် နိဒါန်းများကြားတွင် ပိတ်မိသွားခဲ့ရသည်။ ဦးလေးဖော့ကဲ့သို့ ဖောက်ပြန်နေသည့် လောင်းကစားသမား၊ သွေးစုပ်ဖုတ်ကောင်တစ်ယောက် အနားမှာရှိနေသရွေ့ ဖုန်ကျောက်တစ်ယောက် သူမ၏ ပိုင်ဆိုင်သမျှ အကုန်အစင် အခြွေမခံရမချင်း ဤကိုယ်ကျင့်တရားစင်မြင့်ထက်မှ လွယ်လွယ်နှင့် ဆင်းသက်နိုင်တော့မည် မဟုတ်ပေ။
လင်းစုယွီကတော့ ဖုန်ကျောက်ကို ဤမျှအထိ အထိနာအောင် လုပ်လိုက်ခြင်းဖြင့် သတိပေးပြီးပြီဟု ထင်မှတ်ထားခဲ့သည်။ အသိဉာဏ် အနည်းငယ်ရှိသူဆိုလျှင်ပင် သူမနှင့် ဝေးဝေးနေသင့်သည်ကို သိကြပေလိမ့်မည်။ သို့သော်လည်း အရှုံးနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဖုန်ကျောက်မှာ ပို၍ပင် လက်မလျှော့ချင်ဖြစ်လာပြီး ဤအတိုင်း အရေးနိမ့်သွားသည်ကို အသိအမှတ်မပြုနိုင်သလို၊ လင်းစုယွီကိုလည်း လွယ်လွယ်နှင့် လွှတ်ပေးရန် ဆန္ဒမရှိခဲ့ပေ။
"မိန်းကလေးလင်းက မကူညီဘဲ ဒီအတိုင်းပဲ သွားတော့မလို့လား။ ကြည့်ရတာ မိန်းကလေးလင်းက ပညာတတ်တစ်ယောက်ပဲ၊ ဦးလေးဖော့နဲ့ ကျွန်မထက်လည်း အများကြီး ပိုသိမှာပါ။ မိန်းကလေးလင်းသာ ကူညီဖို့ နေခဲ့ပေးမယ်ဆိုရင် အများကြီး ပိုအဆင်ပြေမှာ အသေအချာပါပဲ"
ဘေးက ဝိုင်းကြည့်နေသူများကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေကြသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် အသိပညာရှိသူတစ်ဦး ရှိနေခြင်းက စိတ်အေးရသည် မဟုတ်ပါလား။ လင်းစုယွီသည် ဖုန်ကျောက်ကို အတော်ကြာအောင် စိုက်ကြည့်နေမိသည်။
"ကောင်းပြီလေ၊ ရှင်က ဒီလောက်တောင် ရိုးရိုးသားသား ဖိတ်ခေါ်နေမှတော့ ကျွန်မ နေခဲ့ပြီး ကူညီပေးပါ့မယ်။ ဆရာဝန်ကြီး... လူနာရဲ့ အခြေအနေက အခု ဘယ်လိုရှိပါသလဲ"
ဖုန်ကျောက် အလိုရှိသည့်အတိုင်း လင်းစုယွီ နေခဲ့ပေးလိုက်သည်။ သူမသည် အရေးပေါ်ဆရာဝန်ထံ သွားရောက်မေးမြန်းပြီးနောက် အဖြေရသည်နှင့် တစ်ပြိုင်နက် မည်သည့်အားနာမှုမျိုးမှ မရှိဘဲ ညွှန်ကြားချက်များ ပေးတော့သည်။
"အခု လူနာမှာ ငွေ ရှိနေပြီဆိုတော့ ဆရာဝန်ကြီး စိတ်ကြိုက် အကောင်းဆုံး ဆေးတွေကိုသာ ညွှန်ကြားပေးပါ၊ အာနိသင် အကောင်းဆုံးနဲ့ အမြန်ဆုံး သက်သာမယ့် ဆေးမျိုးပေါ့။ ကျသင့်ငွေစာရင်းကိုတော့ ဟိုက မဖုန်ကျောက်ဆီ တိုက်ရိုက်ပေးလိုက်ပါ၊ သူက ငွေရှင်းပေးမယ့်သူပါ" ဟု ပြောလိုက်သည်။
ယွမ် ၁၂၀ ဆိုသည်မှာ သာမန်လူတစ်ယောက်အတွက် တစ်လ၊ နှစ်လစာ လစာငွေပင် ဖြစ်သည်။ လူနာ အမြန်ဆုံး ပြန်လည်ကျန်းမာလာစေရန် အကောင်းဆုံးဆေးဝါးများ သုံးစွဲခြင်းကို သူမ မကန့်ကွက်လိုပေ။
"ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ လူနာက ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် စာရွက်စာတမ်းတွေ ရေးပြီးရင်တော့ လူနာရှင်ဘက်က ငွေသွားရှင်းလို့ ရပါပြီ"
ဆရာဝန်မှာလည်း အခြေအနေကို နားလည်သဘောပေါက်သွားသည်။ စောစောက ဖုန်ကျောက်နှင့် ဦးလေးဖော့တို့က သူ့ကို အကျပ်ကိုင်ခဲ့ကြပြီး၊ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်မရှိဟု ဝေဖန်ခဲ့ကြသဖြင့် စိတ်ထဲတွင် ဒေါသများ အောင့်အီးထားခဲ့ရသည် မဟုတ်ပါလား။
ယခုမူ အကွက်ဆိုက်လေပြီ။ သူသည် လူနာကို အကောင်းဆုံး ဝန်ဆောင်မှု၊ အကောင်းဆုံး ဆေးဝါးများဖြင့် အလေးအနက်ထား ကုသပေးခြင်းအားဖြင့် ဆေးရုံ၏ ကျင့်ဝတ်သိက္ခာကို သက်သေပြတော့မည်ဖြစ်သည်။ သူနာပြုဆရာမက ဆေးရုံတက်ရန် ငွေပေးသွင်းရမည့် ဖြတ်ပိုင်းကို ဖုန်ကျောက်ထံ ယူဆောင်လာသည်။
ဖုန်ကျောက်သည် ဖြတ်ပိုင်းပေါ်ရှိ ဂဏန်းများကို ကြည့်ကာ "ဆရာမ... ဒီဖြတ်ပိုင်းအရ ကျွန်မ ဘယ်လောက် ပေးရမှာလဲဟင်?" ဟု မေးလိုက်သည်။
သူမ မျက်စိများ မှားနေတာလား။ စောစောက ဆေးရုံတက်ဖို့ စရန်ငွေ ယွမ် ၅၀ ပဲ လိုတယ်ဆိုပြီး အခုကျမှ ဘယ်လိုဖြစ်လို့ ယွမ် ၁၂၀ တောင် ဖြစ်သွားရတာလဲ။
"သာမန်လူနာဆောင်တွေက လူပြည့်နေလို့ ဆရာဝန်က လူနာကို ပိုကောင်းတဲ့ အဆောင်ကို ပြောင်းပေးလိုက်တာပါ။ ဒီပိုက်ဆံက နောက်ဆက်တွဲ ကုသစရိတ်တွေအတွက်တောင် လောက်ချင်မှ လောက်မှာနော်! လူနာရှင်တို့ဘက်က ပိုက်ဆံ ထပ်ရှာထားတာ ပိုစိတ်ချရလိမ့်မယ်"
ထိုအချိန်က ဟောင်ကောင်မြို့သည် ဆင်းရဲသားများအတွက် ဆေးကုသစရိတ်မှာ အလွန်ပင် ကြီးမားလှသည့် ခေတ်ကာလဖြစ်သည်။ ဖုန်ကျောက်မှာလည်း ဆရာဝန်ကို ပြဿနာရှာမိခဲ့သည်ဖြစ်ရာ စိတ်ထဲတွင် မတင်မကျ ဖြစ်လာတော့သည်။
"ဘာလို့ ဒီလောက်တောင် ဈေးကြီးရတာလဲ။ ဆရာမ... သာမန်လူနာဆောင်မှာ ခုတင်တစ်ခုလောက် ရှာပေးလို့ မရဘူးလား"
"သာမန်ဆောင်မှာ နေရာလွတ်ရင် ကျွန်မတို့ အရင်ဆုံး အကြောင်းကြားပေးပါ့မယ်။ အချိန်မဆွဲပါနဲ့တော့၊ မြန်မြန်သွားပေးချေလိုက်ပါ။ ဆရာဝန်က ဆေးညွှန်ဖို့အတွက် ငွေပေးချေပြီးတဲ့ ဖြတ်ပိုင်းကို စောင့်နေတာ"
ဖုန်ကျောက်မှာ ဆေးရုံလုပ်ထုံးလုပ်နည်းများကို နားမလည်သူဖြစ်ရာ သူနာပြုက စကားအနည်းငယ်ဖြင့်ပင် ခပ်လွယ်လွယ် စကားဖြတ်ကာ ငွေအရင်ပေးသွင်းရန် တိုက်တွန်းလေတော့သည်။
လူနာ ရှောင်ယာကို သူနာပြုက စစ်ဆေးရန် တွန်းထုတ်သွားချိန်တွင် လင်းစုယွီနှင့် အခြားသူများက စောင့်ဆိုင်းနေကြသည်။ ထိုစဉ် ဦးလေးဖော့မှာ လင်းစုယွီနှင့် ကျန့်ဖိန့်ဖိန့်တို့အား မျက်နှာချိုသွေးရန် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပျာပျာသလဲ ဖြစ်နေသည်။ ဤမိန်းကလေးနှစ်ဦးမှာ သူဌေးသမီးများ ဖြစ်သည်မှာ ထင်ရှားလှပေသည်။ သူတို့နှင့်သာ အဆက်အသွယ်ရလိုက်လျှင် နောင်အနာဂတ် အကျိုးအမြတ်အတွက် ပူစရာလိုတော့မည် မဟုတ်ပေ။
"မိန်းကလေးတို့..."
"ဦးလေး... ကျွန်မ ဆရာဝန်ကို အကောင်းဆုံး ဆေးတွေနဲ့ ကုသပေးဖို့ ပြောထားပါတယ်။ ဒါကြောင့် စိတ်မပူပါနဲ့၊ လူနာက မကြာခင် ပြန်ကောင်းလာမှာပါ။ ကုသစရိတ်ကတော့ မိန်းကလေး ဖုန်ကျောက်ရဲ့ လက်ထဲမှာရှိတဲ့ ပိုက်ဆံနဲ့ဆို လုံလောက်တာထက်တောင် ပိုပါတယ်" ဟု လင်းစုယွီက ဖြတ်ပြောလိုက်သည်။
ဦးလေးဖော့မှာ ဖုန်ကျောက်လက်ထဲရှိ ယွမ် ၁၂၀ ကို မတွေးဘဲ မနေနိုင်တော့ပေ။
"မိန်းကလေးဖုန်ကျောက်က စိတ်ထားကောင်းသူတစ်ယောက်ပါ။ နောက်နောင် ဘာအခက်အခဲပဲရှိရှိ မိန်းကလေးဖုန်ကျောက်ဆီ တိုက်ရိုက်သွားလို့ ရပါတယ်။ သူမက ကူညီဖို့ အမြဲအသင့်ရှိမှာပါ။ ဒါ့အပြင် မိန်းကလေးဖုန်ကျောက်ရဲ့ အစ်ကိုကလည်း အတော်လေး စွမ်းဆောင်ရည်ရှိတဲ့သူ တစ်ယောက်ပဲလေ"
လင်းစုယွီ၏ သွေးထိုးပေးမှုကြောင့် ဦးလေးဖော့သည် စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် ပိုကြီးမားသော အကျိုးအမြတ်များ ရရှိရန်အတွက် ဖုန်ကျောက်၏ စေတနာကို အသုံးချရပေလိမ့်မည်။ ဤသူဌေးသမီးလေး ပြောသလိုပင် ဖုန်ကျောက်တွင် စွမ်းဆောင်ရည်ရှိသော အစ်ကိုတစ်ယောက် ရှိသေးသည် မဟုတ်ပါလား။ ဦးလေးဖော့တစ်ယောက် စိတ်ကူးယဉ် အိပ်မက်များထဲတွင် နစ်မြောနေစဉ် လင်းစုယွီသည် ကျန်းဖိန့်ဖိန့်ကို ဆွဲကာ ထိုနေရာမှ လစ်ထွက်ခဲ့တော့သည်။
"စုယွီ... နင်က ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား။ ငါသာဆိုရင်တော့ ငါ့ကို လာပြီး ပရိယာယ်ဆင်တဲ့အတွက် နောင်တရသွားအောင် လုပ်လိုက်မှာ"
ကျန်းဖိန့်ဖိန့်က လင်းစုယွီကို စိတ်ပျော့လွန်းသည်ဟု ထင်နေမိသည်။ သို့သော် လင်းစုယွီက ပို၍ မရက်စက်ရခြင်းတွင် အကြောင်းရင်း နှစ်ခုရှိသည်။ ပထမအချက်မှာ ပိုင်မိသားစုသည် သူတို့၏ အာဏာကို အသုံးပြု၍ တစ်ပါးသူအား မည်သည့်အခါမျှ မနှိပ်စက်သောကြောင့် ကောင်းသတင်းဖြင့် ကျော်ကြားခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ ရွှမ်ဖုန်းနှင့် သူတို့၏ သိကျွမ်းမှုကို ထောက်ထား၍ လင်းစုယွီက အသာအယာသာ ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရွှမ်ဖုန်းသည် ပိုင်ချီမင်အတွက် အလုပ်လုပ်ပေးနေပြီး ပိုင်မိသားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီဖြစ်ရာ မိမိလူ၏ မျက်နှာကို ထောက်ထားရမည်ဖြစ်သည်။ ရွှမ်ဖုန်းတစ်ယောက် ကော့လွန်းခံတပ်မြို့သို့ ပြန်သွားသည့်အခါ သူ၏ အလုပ်ရှင်သစ်မှာ လူမှုရေးမရှိဘဲ သူ၏ အိမ်နီးချင်းဟောင်းများကို နှိပ်စက်သည်ဟု အပြောမခံစေလိုခြင်းကြောင့်လည်း ပါဝင်သည်။
"သတိပေးရုံလောက် အပြစ်ပေးလိုက်ရင် ရပါပြီ။ ရွှမ်ဖုန်းက သူတို့နဲ့ အိမ်နီးချင်းဟောင်းတွေပဲလေ"
လင်းစုယွီက ဤသို့ပြောလိုက်သောအခါ ကျန့်ဖိန့်ဖိန့်လည်း သဘောပေါက်သွားပြီး လင်းစုယွီ အဘယ်ကြောင့် ဤသို့ ပြုမူရသည်ကို နားမလည်သွားတော့သည်။
"နင်တို့ ပိုင်မိသားစုရဲ့ နာမည်ဂုဏ်သတင်းက ငါတို့ ကျန့်မိသားစုထက် ဘာလို့ ပိုကောင်းနေလဲဆိုတာ အံ့သြစရာမရှိတော့ပါဘူး။ ဒီလို သေးငယ်တဲ့ ကိစ္စလေးကိုတောင် နင်တို့က သေသေချာချာ စဉ်းစားပြီး ကိုင်တွယ်တာကိုး"
လင်းစုယွီ ဆေးရုံက ထွက်သွားပြီး မကြာမီမှာပင် ဖုန်ကျောက်သည် ဦးလေးဖော့အား လင်းစုယွီကို သွားရောက်နှောင့်ယှက်ရန် မည်သို့ ဖျောင်းဖျရမည်ကို စဉ်းစားနေခဲ့သည်။ ဆေးရုံစရိတ်က အလွန်ကြီးလှသဖြင့် နာရီပေါင်ထားသည့် ပိုက်ဆံများ အကုန်ကုန်သွားခဲ့ပြီ။ လင်းစုယွီက ကူညီရန် နေခဲ့သည်ဖြစ်ရာ သူမဘက်ကလည်း ငွေကြေးအချို့ ထည့်ဝင်သင့်သည်ဟု ဖုန်ကျောက်က တွေးနေသည်။
"ဦးလေးဖော့... မမလေးလင်းရော ဘယ်မှာလဲ"
"သူ တစ်ခုခုလုပ်စရာရှိလို့ သွားပြီထင်တယ်! ရှောင်ကျောက်... ဦးလေးကို ပိုက်ဆံနည်းနည်းလောက် ချေးပါဦး၊ ရှောင်ယာအတွက် အာဟာရဖြစ်မယ့် အစားအစာတွေ ပြင်ပေးချင်လို့ပါ။ အင်း... အရင်ဆုံး ယွမ် ၃၀ လောက် ချေးပါဦး!"
ဖုန်ကျောက်တစ်ယောက် ဒေါသထွက်ချိန်တောင် မရလိုက်ဘဲ ဦးလေးဖော့က ပိုက်ဆံတောင်းလိုက်ခြင်းမှာ သူမ၏ ဒေါသကို ယမ်းမီးကဲ့သို့ တောက်လောင်စေလိုက်တော့သည်။
"ဦးလေးဖော့... ရှောင်ယာ့အတွက် ဆေးရုံစရိတ် ကျွန်မ ဘယ်လောက် ပေးလိုက်ရလဲ သိရဲ့လား။ ယွမ် ၁၂၀ အပြည့်ပဲ! နာရီကရတဲ့ ပိုက်ဆံတွေ အကုန်ပါသွားပြီ။ ဦးလေးကို ချေးဖို့ ဘယ်မှာ ပိုက်ဆံပိုရှိမှာလဲ?!"
လောင်းကစားသမားကို ပိုက်ဆံချေးရမည်လား။ ဖုန်ကျောက်သည် ဘဏ်ဖွင့်ထားသူလည်းမဟုတ်၊ ပိုက်ဆံရိုက်ထုတ်နေသူလည်း မဟုတ်ပေ။ သူမတွင် ပိုက်ဆံရှိလျှင်ပင် ချေးမည်မဟုတ်သလို၊ ယခုကဲ့သို့ အကြွေအနည်းငယ်သာ ကျန်တော့သည့် အခြေအနေမျိုးတွင် ပို၍ပင် မဖြစ်နိုင်ပေ။
"အို... ရှောင်ယာလေးရယ်၊ သနားစရာ ကောင်းလိုက်တာ! နေမကောင်းတာတောင် အသားဆန်ပြုတ် တစ်ခွက်မှ မသောက်ရဘူးလား။ ငါ့လို အဖေမျိုးကလည်း အသုံးမကျ၊ မင်းရဲ့ သူငယ်ချင်းကောင်းကလည်း မကူညီနိုင်ဘူးတဲ့။ မင်းဘဝက ဘာလို့ ဒီလောက် ခါးသီးရတာလဲ!"
အသံနေအသံထားဖြင့် ငိုယိုမြည်တမ်းသံကြောင့် အမှန်တရားကို မသိကြသည့် ဘေးလူများမှာ ချက်ချင်းပင် ဝိုင်းကြည့်လာကြတော့သည်။ ဖုန်ကျောက်က လင်းစုယွီကို ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်ခဲ့သကဲ့သို့ ယခုအခါ ဦးလေးဖော့က သူမကို ပြန်လည်အကျပ်ကိုင်နေခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် ရှောင်ယာမှာ ဆရာဝန်၏ ကုသမှုပြီးမြောက်၍ လူနာဆောင်သို့ ပြောင်းရွှေ့ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သူမ ပြန်ရောက်လာချိန်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ သူမ၏အဖေနှင့် ဖုန်ကျောက်တို့ ထိပ်တိုက်တွေ့နေကြခြင်းပင်။
"အဟွတ်... အဟွတ်... ကျောက်ကျောက်၊ အဖေက တစ်ခုခု ပြဿနာရှာနေပြန်ပြီလား။ သူ့ကို စိတ်ထဲမထားပါနဲ့။ ငါသာ မရှိတော့ရင် သူ ဒီလောကကြီးမှာ တစ်ယောက်တည်း ကျန်ခဲ့မှာကို သူ ကြောက်နေလို့ပါ" ဟု ရှောင်ယာက အားနည်းသောအသံဖြင့် ပြောလိုက်သည်။
လူဆိုသည်မှာ အားနည်းသူကို သနားတတ်ကြသည် မဟုတ်ပါလား။ ဤသားအဖနှစ်ဦးမှာ တကယ့်ကို သနားစရာပင်။ တစ်ယောက်က ခြေမသန်၊ နောက်တစ်ယောက်က ဖျော့တော့ပြီး နာမကျန်းဖြစ်နေသည်။ ဖုန်ကျောက်မှာမူ သူမဘက်က ကောင်းမှုများစွာ လုပ်ဆောင်ခဲ့ပါလျက်နှင့် ယခုအခါတွင်တော့ သူမနှင့် မသက်ဆိုင်သည့် သူစိမ်းများ၏ ဝေဖန်ကဲ့ရဲ့မှုကို ခံနေရသဖြင့် အလွန်ပင် မတရားသလို ခံစားရပြီး စိတ်ပျက်အားငယ်နေတော့သည်။
သူမ ဒေါသထွက်ချင်သော်လည်း သူမ၏ သူငယ်ချင်းကောင်းမှာ နာမကျန်းဖြစ်နေသည့်ကြားမှ သူမကို နူးညံ့စွာ တောင်းပန်နေရှာသည်။
"ရှောင်ယာ... ငါ အဆင်ပြေပါတယ်။ မြန်မြန် လူနာဆောင်ကို ပြန်ပြီး အနားယူလိုက်ပါ! ဦးလေးဖော့က ဆေးရုံမှာ မင်းကို စောင့်ပေးလိမ့်မယ်၊ ငါ အိမ်ပြန်ပြီး နင်စားဖို့ တစ်ခုခု ပြင်ဆင်ပေးမယ်လေ"
ဖုန်ကျောက်မှာ ထိုနေရာမှ ထွက်ပြေးချင်နေသော်လည်း ဦးလေးဖော့နှင့် ရှောင်ယာတို့ကတော့ သူမကို အလွယ်တကူ လွှတ်ပေးချင်ပုံ မရတော့ပေ။