← Chapters

အခန်း ၇၈၇

Vol. 39 Ch. 787

အခန်း ၇၈၇

Vol. 39 Ch. 787

အခန်း(၇၈၇)မပြတ်နိုင်သော ဝိညာဉ်ဆိုး

လောင်းကစား ပြုလုပ်ရာ နေရာအား ရှာဖွေရသည်မှာ လွယ်ကူလှပြီး ထိုနေရာ၌ လောင်းကြေး ထပ်နေကြသော လူအုပ်ကြီးမှာလည်း စည်ကားနေဆဲပင် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းနှင့် မေတို့သည် လူအုပ်ကြားထဲ တိုးဝှေ့ဝင်ရောက်သွားကြစဉ် အလွန် ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

“တိုက်ဆိုင်လိုက်တာ ခင်ဗျား ဖြစ်နေတာပဲလား။” ချင်ယွမ်ဖုန်းသည် ပြုံးလိုက်ပြီး ထိုလူ၏ ရှေ့တည့်တည့်သို့ လျှောက်လှမ်း သွားလိုက်တော့သည်။

ထိုလူလိမ်သည် လက်ထဲ၌ ကုန်ပစ္စည်း အစုအပုံလိုက် ပိတ်မိနေပြီး အချိန်တိုအတွင်း ပြန်လည် မရောင်းချနိုင်သဖြင့် ဆုံးရှုံးမှုများကို ပြန်လည် ကုစားနိုင်ရန် အခြား နည်းလမ်း ရှာဖွေနေခြင်း ဖြစ်ပေသည်။

အချိန်ကိုက်ပင် သေမျိုးအဆင့် စိန်ခေါ်ပွဲကြီး စတင်လာသဖြင့် သူသည် လောင်းကစားဒိုင်အသေးစားလေးတစ်ခု ဖွင့်လှစ်လိုက်ခြင်း ဖြစ်ချေသည်။

လောင်းကြေး ထပ်သူများ တစ်စတစ်စ များပြားလာသည်ကို မြင်သောအခါ ထိုလူလိမ်သည် စည်းစိမ်ဥစ္စာများ ဒလဟော ဝင်တော့မည်ကို သိရှိသဖြင့် ဝမ်းမြောက်မဆုံး ဖြစ်နေရှာသည်။

သို့သော် ထိုခဏ၌ သူသည် ရင်းနှီးလှသော အရှိန်အဝါတစ်ခုကို အာရုံခံမိသဖြင့် မော့ကြည့်လိုက်ရာ ထိုပြုံးဖြဲဖြဲ မျက်နှာကြီးကို မြင်တွေ့လိုက်ရလေတော့သည်။

“တောက်... မင်းက တကယ့်ကို မပြတ်နိုင်တဲ့ ဝိညာဉ်ဆိုးလိုပဲ။” လူလိမ်သည် လွန်စွာ အံ့အားသင့်သွားပြီး ရေရွတ်လိုက်မိသည်။

ချင်ယွမ်ဖုန်းက တိတ်တိတ်နေရန် အမူအရာ ပြုလုပ်လိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်၏။

“အသံကို လျှော့စမ်းပါ၊ ခင်ဗျားက ကျွန်တော့်ကို သိနေတာကို သူတပါးတွေ သိသွားမှာ စိုးလို့လား။”

“မင်း... မင်း ဒီကို ဘာလာလုပ်တာလဲ။” လူလိမ်၏ စိတ်ထဲ၌ မကောင်းသော အတိတ်နိမိတ်တစ်ခု ဝင်ရောက်လာချေပြီ။ ချင်ယွမ်ဖုန်းကို မြင်ရသည့် အကြိမ်တိုင်း၌ သူသည် ဤကဲ့သို့သော ခံစားချက်မျိုး အမြဲ ရရှိတတ်ပေသည်။

“ဒီကိုလာတာ လောင်းကြေးထပ်ဖို့ပေါ့။” ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။

“ဪ... ဒါဆို မင်းက ဘယ်သူ့အပေါ် လောင်းချင်လို့လဲ။” အခြား ကိစ္စကြီးကြီးမားမား မရှိသရွေ့ အဆင်ပြေသည်ဟု တွေးကာ လူလိမ်က အလျင်အမြန် မေးမြန်းလိုက်၏။

“ကျွန်တော့်ကိုယ်ကျွန်တော်ပဲ လောင်းမှာပေါ့။” ချင်ယွမ်ဖုန်းက ပြုံးလျက် “နောက်တစ်ဆင့်မှာ ကျွန်တော် အနိုင်ရပြီး နောက်ဆုံးမှာ ချန်ပီယံ ဖြစ်လာလိမ့်မယ်ဆိုတာကို အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်သိန်း လောင်းကြေးထပ်မယ်။”

“မင်း ရူးနေတာလား။” လူလိမ်သည် ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွားပြီး ချင်ယွမ်ဖုန်းအား အံ့အားသင့်ဖွယ် မျက်နှာပေးဖြင့် ကြည့်ကာ “မင်း ရှုံးသွားရင် အရာအားလုံး ဆုံးရှုံးရမှာ ။”

“ကျွန်တော် ရှုံးလိမ့်မယ်လို့ ခင်ဗျား ထင်လို့လား။” ချင်ယွမ်ဖုန်းသည် ပြုံး၍ သိုလှောင်အိတ်တစ်အိတ်ကို ပစ်ချပေးခဲ့ပြီးနောက် မေနှင့်အတူ ထွက်ခွာသွားလေတော့သည်။

လူလိမ်သည် ချင်ယွမ်ဖုန်း၏ သိုလှောင်အိတ်ကို ကောက်ယူကာ အတွင်းသို့ ကြည့်လိုက်ရာ အမှန်တကယ်ပင် အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်သိန်း ပါရှိနေသည်ကို တွေ့ရှိရသည်။

အနည်းငယ်မျှသော ချင်ယွမ်ဖုန်း၏ စကားများကို ပြန်လည် စဉ်းစားမိသောအခါ သူသည် မငိုရုံတမယ် ဖြစ်သွားရချေသည်။

“မင်းစိုးရာဇာ အနွယ်ဝင်တစ်ယောက်ကို သတ်နိုင်တဲ့ ကောင်ဆိုတော့ ဒီသေမျိုးအဆင့် စိန်ခေါ်ပွဲမှာ နိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိတာပေါ့။” လူလိမ်သည် ချင်ယွမ်ဖုန်း၏ လောင်းကြေး အချိုးအစားကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်မသာညည်းတွားစွာဖြင့် မျက်စိမှိတ်ထားလိုက်မိတော့သည်။

သူ၏ နေရာမှာ မူလကပင် လောင်းကစားဒိုင် အသေးစားလေးတစ်ခုသာ ဖြစ်ပြီး အခြား လောင်းကစားဒိုင်ကြီးများနှင့် ယှဉ်နိုင်စွမ်း မရှိပေ။

ဤနေရာသည် အချို့သော မိစ္ဆာများ ကံစမ်းကာ ငွေအနည်းငယ် ရှာဖွေလိုရုံမျှသာ ဖြစ်သဖြင့် လူလိမ်အနေဖြင့် နောက်ဆုံးတွင် ငွေအမြောက်အမြား မရရှိနိုင်ပေ။

သို့သော် ချင်ယွမ်ဖုန်းသာ အနိုင်ရရှိသွားပါက သူ ရရှိထားသော လောင်းကြေးငွေ အားလုံးကို အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်သိန်း၏ အဆမတန် အမြတ်ကြေးအဖြစ် ချင်ယွမ်ဖုန်းထံသို့ အကုန် ပေးအပ်ရမည် ဖြစ်ပေသည်။

“တကယ့် ကပ်ဆိုးပဲ... တကယ့် ကပ်ဆိုးပဲ... ငါ ဘယ်လိုလုပ်ပြီး ဒီကောင်နဲ့မှ လာတိုးရတာလဲ။” လူလိမ်သည် စိတ်ထဲကနေ ကျိန်ဆဲနေမိတော့သည်။

တစ်ရက်လျှင် ပွဲစဉ်နှစ်ပွဲသာ ယှဉ်ပြိုင်ရသဖြင့် နောက်ထပ် နှစ်ပွဲကိုမူ မနက်ဖြန်တွင် ကျင်းပမည် ဖြစ်သည်။ ချင်ယွမ်ဖုန်းနှင့် မေတို့သည် လောင်းကြေးငွေများ ပေးချေပြီးနောက် ထိုနေရာမှ ထွက်ခွာကာ တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။

ထိုညနေ၌ ချင်ယွမ်ဖုန်းသည် မေအား သူ၏ အခန်းသို့ ခေါ်ယူကာ မည်ကဲ့သို့ ထွက်ပြေးရမည်ကို အသေးစိတ် မှာကြားလေသည်။

မေသည် ချင်ယွမ်ဖုန်းအား စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်ကာ “အန္တရာယ် များလား... ညီမတို့ မသွားလို့ မရဘူးလား။” ဟု မေးရှာသည်။

ချင်ယွမ်ဖုန်းက ပြုံး၍ “အခုချိန်မှာ စစ်ဆင်ရေးကို စတင်ဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိတော့ဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ မင်းသား ကာရီက အသက်ဘေးကို လွန်စွာ ကြောက်ရွံ့တတ်ပြီး သူ့ဘေးမှာ ကိုယ်ရံတော်တွေ အများကြီး ရှိနေပေမဲ့ ငါ ပျက်ကွက်ခဲ့ရင်တောင် လွတ်အောင် ပြေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် မင်းက ငါ့ စကားကို သေချာ နားထောင်ရမယ်။”

မေက ခေါင်းညိတ်လိုက်သည်။ “ညီမ နားလည်ပါပြီ၊ ဒါပေမဲ့ အကိုဖုန်းလည်း သတိထားရမယ်နော်၊ညီမ စောင့်နေပါ့မယ်။”

“သိပါပြီ။” ချင်ယွမ်ဖုန်းက မေ၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးရင်း ဆိုလိုက်သည်။

ထိုခဏ၌ပင် ချင်ယွမ်ဖုန်းသည် မေအား ချက်ချင်း ဆွဲပွေ့ကာ မိမိ၏ ရင်ခွင်ထဲသို့ သွင်းလိုက်စဉ် မေ၏ ဆံနွယ်များ ဘေးမှ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားလေသည်။

ဆံပင်အချို့ မြေပြင်ပေါ်သို့ လွင့်စင်ကျသွားသော်လည်း မေမှာမူ ဘာဖြစ်သွားသည်ကို မသိရှိသေးဘဲ ရှက်သွေးဖြာကာ မျက်နှာနီမြန်းနေရှာသည်။

“အို... အရေးတကြီး ဘာလို့ နှိပ်စက်နေတာလဲ၊ ပြောရုံပြောပါ၊ ညီမ အကုန် လိုက်လျောမှာပါ။” မေသည် သူမ၏ မျက်ဝန်းအစုံကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြောလိုက်သည်။

ချင်ယွမ်ဖုန်းအနေဖြင့် ဤအခိုက်အတန့်တွင် မေသည် လွန်စွာ ဆွဲဆောင်မှု ရှိနေသည်ကို ဝန်ခံရမည် ဖြစ်သော်လည်း ယခုအချိန်မှာ အခြားအရာများကို လျှောက်တွေးရမည့် အချိန်မဟုတ်ပေ။

“သတိထားပါ။” ချင်ယွမ်ဖုန်းသည် ပြတင်းပေါက်ထံသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ ပြတင်းပေါက်တွင် အပေါက်ငယ်လေးတစ်ခု ရှိနေပြီး စောစောက အေးစက်သော အလင်းတန်းသည် ထိုအပေါက်မှတစ်ဆင့် ဝင်ရောက်လာခြင်း ဖြစ်ပေသည်။

“ဒါ ဘာကြီး။” မေသည် နောက်ကျမှ သတိဝင်ကာ မေးလိုက်သည်။

ချင်ယွမ်ဖုန်းက မတတ်သာသလို ခေါင်းခါယမ်းကာ “အချို့လူတွေက ပြိုင်ပွဲမှာ မနိုင်နိုင်တော့ အောက်လမ်းနည်းတွေကို သုံးလာကြတာပေါ့၊ မစိုးရိမ်ပါနဲ့၊ အဆင်ပြေပါတယ်။”

ချင်ယွမ်ဖုန်း ပြတင်းပေါက်မှ ခုန်ထွက်တော့မည့်အခြင်းအရာကို မြင်သောအခါ မေသည် အရှေ့သို့ အပြေးအလွှား တက်လာပြီး “အကိုဖုန်း... ဘယ်သွားမလို့လဲ။” ဟု မေးလိုက်၏။

“ဒီမှာပဲ စောင့်နေပါ၊ ငါချက်ချင်း ပြန်လာခဲ့မယ်။” ချင်ယွမ်ဖုန်းသည် ပြတင်းပေါက်မှ ခုန်ချလိုက်ပြီး ညကောင်းကင်ယံထဲသို့ ပျံသန်းသွားလေတော့သည်။

မေသည် အပြင်ဘက်သို့ လှမ်းကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ရတော့ပေ။ ထို့ကြောင့် သူမသည် ရင်ဘတ်ပေါ်သို့ လက်နှစ်ဖက် တင်ကာ ကြည်ညိုသန့်ရှင်းစွာဖြင့် ဆုတောင်းလိုက်မိသည်။

“ကြီးမြတ်လှတဲ့ မိစ္ဆာဘုရင်ကြီး အရှင်မြတ် စောင့်ရှောက်တော်မူပါ၊ အကိုဖုန်းကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်လာခွင့် ပေးသနားတော်မူပါ။”

ချင်ယွမ်ဖုန်းသည် အခန်းထဲ၌ လူတစ်ယောက် ရှိနေသည်ကို သတိပြုမိစဉ်ကပင် သူ၏ ဝိညာဉ်စွမ်းအားကို အပြင်ဘက်သို့ အလျင်အမြန် ဖြန့်ကြက်လိုက်ရာ အပြင်ဘက်တွင် ပုန်းကွယ်နေသော အရိပ်တစ်ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သူ ပျံသန်း ထွက်ခွာလာပြီးနောက်တွင်လည်း သူ၏ ဝိညာဉ်စွမ်းအားသည် မေ၏ ဘေးပတ်ဝန်းကျင်ကို ဆက်လက် စောင့်ကြပ်နေဆဲ ဖြစ်ပေရာ တစ်စုံတစ်ယောက်က မေအား ဖမ်းဆီး၍ ခြိမ်းခြောက်လာမည်ကို ကာကွယ်ရန် ဖြစ်သည်။

မမြင်နိုင်သောဓားသည် မေ မမြင်နိုင်သော နေရာတစ်ခုတွင် ဝဲပျံလျက် ရှိနေချေသည်။

မေ၏ ဆုတောင်းသံကို ကြားရသောအခါ ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။

“မိစ္ဆာဘုရင်ကြီးလား... မိစ္ဆာဘုရင်ကြီးက ကွယ်လွန်သွားတာ ကြာပြီ မဟုတ်ဘူးလား၊ မေက ဘာလို့ ဒီလို ရှေးဟောင်း ဆုတောင်းနည်းကို သိနေရတာလဲ။”

သူသည် သံသယများကို ခေတ္တ ဘေးဖယ်ထားကာ အရှေ့မှ ပြေးလွှားနေသော အရိပ်နှစ်ခုနောက်သို့ အရှိန်အကုန်မြှင့်၍ လိုက်လံ ဖမ်းဆီးတော့သည်။

နောက်ဆုံးတွင် မြို့ရိုးအောက်ခြေ၌ ချင်ယွမ်ဖုန်းသည် ထိုလူနှစ်ယောက်၏ ရှေ့မှောက်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်လေသည်။

“ဘာလို့ ပြေးနေကြတာလဲ၊ ရောက်တုန်းရောက်ခိုက် ခေတ္တနားပြီး ထိုင်ပါဦးလား။” ချင်ယွမ်ဖုန်းသည် အရှေ့မှ လူနှစ်ယောက်ကို ပြုံးလျက် ဆိုလိုက်သည်။

ထိုလူနှစ်ယောက်မှာ ဦးချိုကျိုးနေသော လူသားနှစ်ဦး ဖြစ်ပြီး ၎င်းတို့၏ မျက်နှာပေါ်ရှိ အမာရွက်များက မည်မျှအထိ ရက်စက်ကြမ်းကြုတ်ကြောင်း သက်သေထူနေသကဲ့သို့ ရှိချေသည်။

လိုက်လံ အမီဖမ်းခြင်း ခံရသော်လည်း ထိုဦးချိုကျိုးနှစ်ယောက်သည် စိုးရိမ်ပူပန်ခြင်း အလျင်းမရှိဘဲ ယုတ်မာသော အပြုံးများဖြင့် ပြုံးနေကြလေသည်။

“ဟားဟားဟား... ဖုန်း... မင်းက ငါတို့နောက်ကို မှီလာတယ်လို့ ထင်နေတာလား၊ အမှန်တော့ ငါတို့က မင်းကို ပိတ်ဆို့ စစ်ကူခေါ်ထားတာကွ။” ဦးချိုကျိုးတစ်ယောက်က ရက်စက်စွာ ပြောဆိုလိုက်သည်။

ရုတ်တရက်ပင် ပတ်ဝန်းကျင်၌ မီးတောက်များ ထိန်လင်းသွားပြီး မီးရှူးတိုင် အများအပြားကို ထွန်းညှိလိုက်ကြရာ ဆယ်ဂဏန်းခန့်ရှိသော လူရိပ်များ ဖြည်းဖြည်းချင်း ထွက်ပေါ်လာကြလေသည်။

ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် ဤနေရာ၌ ပုန်းကွယ်နေသော မိစ္ဆာများကို စောစောကပင် အာရုံခံမိပြီး ဖြစ်သော်လည်း သူသည် အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိဘဲ ၎င်းတို့၏ ဝိုင်းရံမှုအောက်သို့ တမင်တကာ ဝင်ရောက်ပေးခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ ဤသို့ မပြုလုပ်ပါက ၎င်းတို့၏ စီမံကိန်းများ ပျက်ပြားသွားပေလိမ့်မည်။

ဤနေရာသည် မြို့ရိုးနှင့် နီးကပ်ပြီး အလွန် ဝေးလံခေါင်သီကာ အနီးအနားတွင် အဆောက်အအုံ မရှိပေ။

၎င်းသည် ကာရီမြို့တော်အတွင်းရှိ လူသူကင်းမဲ့သော နေရာတစ်ခု ဖြစ်သဖြင့် လူသတ် လုယက်ရန်အတွက် အလွန် သင့်တော်လှသော နေရာကောင်းတစ်ခု ဖြစ်ချေသည်။

“ဟားဟားဟား... ဖုန်း... သေဖို့သာ ပြင်ပေတော့၊ လာမယ့်နှစ် ဒီလိုနေ့ဟာ မင်းရဲ့ သေနေ့ အထိမ်းအမှတ် ဖြစ်လာစေရမယ်။” ဦးချိုကျိုး ခေါင်းဆောင်က မကောင်းဆိုးဝါး အပြုံးကြီးဖြင့် ရယ်မောကာ ပြောလိုက်၏။

ချင်ယွမ်ဖုန်းသည် သေချာ ကြည့်ရှုလိုက်ရာ ဤနေရာရှိ ဆယ်ဂဏန်းခန့်သော ဦးချိုကျိုးများထဲတွင် နေ့လယ်က ပြိုင်ပွဲ၌ တွေ့ခဲ့ရသော ရင်းနှီးသည့် မျက်နှာတစ်ခုမျှ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။

“ကျွန်တော် တကယ် သိချင်လို့ပါ၊ ခင်ဗျားတို့ကို ဘယ်သူ စေခိုင်းလိုက်တာလဲ၊ ပြီးတော့ ခင်ဗျားတို့က ဘယ်သူတွေလဲ။” ချင်ယွမ်ဖုန်းက ပြုံးလျက် မေးမြန်းလိုက်သည်။

“ဟွန်း... သေခါနီး လူတစ်ယောက်အတွက် ဒါတွေကို သိနေလည်း ဘာထူးမှာလဲ၊ အဝိဇ္ဇာ ဖုံးလွှမ်းပြီး သေသွားတာကမှ ပိုကောင်းဦးမယ်။”

ထိုသို့ ပြောပြီးနောက် ဦးချိုကျိုးလူသားသည် ကျောပြင်မှ ပုဆိန်တစ်လက်ကို ဆွဲထုတ်ကာ ချင်ယွမ်ဖုန်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင် တိုက်ခိုက်လေတော့သတည်း။

All Chapters