← Chapters

အခန်း ၇၉၁

Vol. 39 Ch. 791

အခန်း ၇၉၁

Vol. 39 Ch. 791

အခန်း (၇၉၁) အလှည့်အပြောင်း

ချင်ယွမ်ဖုန်းသည် ပြိုင်ပွဲတွင် မဲစာရင်းအရ အလိုအလျောက် ပတ်ကူးခွင့်ရရှိသဖြင့် အေးချမ်းစွာ အနားယူခွင့် ရနေသော်လည်း ဖူလီနှင့် အခြားတစ်ပါးကျွန်းသား မိစ္ဆာတစ်ဦးတို့မှာမူ ယှဉ်ပြိုင်တိုက်ခိုက်ရတော့မည် ဖြစ်ပေသည်။

ထိုနှစ်ယောက်လုံးသည် အလွန်အမင်း စွမ်းအားကြီးမားကြသော်လည်း ဖူလီက အနိုင်ရရှိရန် အခွင့်အလမ်း ပိုမိုများပြားနေရာ ချင်ယွမ်ဖုန်းအနေဖြင့် ဖူလီနှင့် ယှဉ်ပြိုင်ရမည့် နောက်ဆုံးဗိုလ်လုပွဲအတွက်သာ ပြင်ဆင်ထားရန် လိုအပ်ပေသည်။

ချင်ယွမ်ဖုန်းသည် နောက်ဆုံးရလဒ်အတွက် အသင့်ပြင်ထားပြီး ဖြစ်သကဲ့သို့ ထိုလျှို့ဝှက်ဆန်းကြယ်လှသော ပျော်ရွှင်ခြင်း မင်းသားနှင့် ရင်ဆိုင်ရန်လည်း အဆင်သင့် ဖြစ်နေခဲ့ပြီ။

“ကဲ စကြစို့”

ချင်ယွမ်ဖုန်းက မေဘက်သို့ လှည့်၍ ပြောလိုက်သည်။

“ပြိုင်ပွဲ ပြီးဆုံးတဲ့အထိ မစောင့်တော့ဘူးလား” မေက သိလိုစိတ်ဖြင့် မေးမြန်းရှာသည်။

ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ရင်း “မလိုတော့ပါဘူး၊ ရလဒ်က ဘာမှ ထူးခြားပြီး ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ ငါပြောသလိုပဲ အခုပဲ ထွက်ခွာကြစို့” ဟု ဆို၏။

ချင်ယွမ်ဖုန်းနှင့် မေတို့သည် ကြိုတင်၍ တိုင်ပင်ထားပြီး ဖြစ်ကြသည်။ အကယ်၍ ချင်ယွမ်ဖုန်းသာ ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပါက မေသည် ကာရီမြို့မှ အမြန်ဆုံး ထွက်ခွာသွားရမည်။

ထို့နောက် ရပ်နားခြင်းမရှိဘဲ မြောက်ဘက်သို့ ဦးတည်သွားရမည်ဖြစ်ပြီး ချင်ယွမ်ဖုန်းက သူမနောက်သို့ လိုက်ရှာမည် ဖြစ်သည်။

အကယ်၍ ချင်ယွမ်ဖုန်းက မြို့တွင်း၌ မင်းသားကာရီကို လုပ်ကြံဆန်းဖြတ်မည်ဆိုပါက မေပါ အန္တရာယ်ကြီးစွာ ကြုံတွေ့ရနိုင်ပေသည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် မေ့ကို အရင်ဆုံး ထွက်ခွာသွားစေလိုခြင်းဖြစ်ပြီး ထိုမှသာ သူ၏စိတ်တွင် မည်သည့် နောက်ဆံတင်းစရာ နှောင်ကြိုးမျှ ရှိတော့မည်မဟုတ်ပေ။

မေက ခေါင်းညိတ်လိုက်သော်လည်း ချင်ယွမ်ဖုန်းကို စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်ကာ “ဒါဆိုရင် စောင့်နေမယ်၊ ညီမနောက်ကို အမြန်ဆုံး လိုက်လာရမယ်နော်”

“စိတ်မပူပါနဲ့” ချင်ယွမ်ဖုန်းက သူ၏ရင်ဘတ်ကို ပုတ်ပြရင်း “ငါ မင်းကို ဘယ်တုန်းက ညာဖူးလို့လဲ” ဟု ပြောလိုက်၏။

မေသည် စိတ်အေးလက်အေးဖြင့် ထွက်ခွာသွားခဲ့ပြီး ဖူလီနှင့် အခြားတစ်ပါးကျွန်းသား မိစ္ဆာတို့၏ တိုက်ပွဲမှာလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဖူလီ အနိုင်ရရှိသွားခြင်းမှာ ချင်ယွမ်ဖုန်း ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်ပေသည်။

“ဟေး၊ နောက်ဆုံးဗိုလ်လုပွဲမှာ မင်းနဲ့ တကယ်ဆုံလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” ဖူလီက ခေါင်းကို ခါယမ်းရင်း “မင်း ငါ့ကို အခွင့်အရေး လုံးဝမပေးတော့ဘူးပေါ့ ဟုတ်လား” ဟု မေးသည်။

“မပေးဘူး” ချင်ယွမ်ဖုန်းက ပြတ်သားစွာ ပြောလိုက်၏။ “ပြိုင်ပွဲပြီးတာနဲ့ ကာရီမြို့ကနေ ချက်ချင်းထွက်သွား၊ မြန်မြန်လုပ်”

“မင်း တကယ်ပဲ အဆင်ပြေရဲ့လား၊ နောက်ထပ် အကူအညီတွေ ဘာတွေ မလိုဘူးလား” ဖူလီက စိုးရိမ်တကြီး မေးမြန်းရှာသည်။

ချင်ယွမ်ဖုန်းက ခေါင်းခါပြကာ “မင်း ဒီမှာရှိနေရင် ငါ့ကို အာရုံနောက်စေလိမ့်မယ်၊ ဒါကြောင့် မင်း သေချာပေါက် ထွက်သွားရမယ်”

“ကောင်းပြီ၊ ငါနားလည်ပါပြီ၊ ငါ မြို့ပြင်မှာ စောင့်ပြီး အထဲက သတင်းတွေကို နားစွင့်ထားပါ့မယ်” ဖူလီက တည်ငြိမ်စွာ ဆို၏။

ချင်ယွမ်ဖုန်းနှင့် ဖူလီတို့ ဆုံတွေ့ပြီးကတည်းက ဖူလီသည် ပိုမိုရွှင်လန်းတက်ကြွလာပုံရပြီး မိမိကိုယ်ကိုယ် ပိတ်လှောင်ထားသည့် အတွေးအာရုံများတွင် နစ်မွန်းမနေတော့ပေ။

ဖူလီ အနားယူပြီး နာရီဝက်ခန့်အကြာတွင် နောက်ဆုံးဗိုလ်လုပွဲသည် သတ်မှတ်ထားသည့်အတိုင်း စတင်ခဲ့ချေပြီ။ ချင်ယွမ်ဖုန်းနှင့် ဖူလီတို့သည် ကာရီမြစ်ပြင်ရှိ ရေခဲစင်မြင့်ပေါ်သို့ ရောက်ရှိလာကြပြီး တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။

“ဘာပဲဖြစ်ဖြစ် ငါ အစွမ်းကုန် ကြိုးစားကြည့်ရမှာပဲ” ဖူလီက အေးဆေးစွာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ “မင်း လက်လျှော့သွားအောင် ငါ လုပ်ပြပါ့မယ်”

အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖူလီသည် လက်ညှိုးများကို တွန့်ချိုးကာ အလှုပ်ခတ်လိုက်ရာ ဝင်းလက်တောက်ပပြီး မမြင်နိုင်သော ပင့်ကူမျှင်ဆန်ဆန် ကြိုးမျှင် တစ်ဆယ်မျှသည် ချက်ချင်း ပျံသန်းထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်နှောင်ဖွဲ့လိုက်တော့သည်။

“အရမ်းမြန်တာပဲ” ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်မိပြီး သူ မည်သို့မျှ တုံ့ပြန်ရန် အချိန်မရခင်မှာပင် တင်းကျပ်စွာ တုပ်နှောင်ခြင်း ခံလိုက်ရချေပြီ။

“စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ငါ မင်းကို လွှတ်မပေးနိုင်သေးဘူး”

အော်ဟစ်ကြုံးဝါးသံနှင့်အတူ သူ၏လက်ဝါးများထဲမှ ပိုမိုများပြားလှသော ကြိုးမျှင်များ ထွက်ပေါ်လာပြီး ထက်မြက်လှသော လှံစွပ်ဦးအသွင် စုစည်းကာ ချင်ယွမ်ဖုန်းဆီသို့ ပြင်းထန်စွာ ထိုးစိုက်တိုက်ခိုက်လိုက်တော့သည်။

ဝုန်း

ထိုပင့်ကူမျှင်ကြိုးများကို မမြင်နိုင်သော်လည်း ချင်ယွမ်ဖုန်း၏ ရင်ဘတ်ဆီမှ ထိုင်းမှိုင်းသော အသံကြီး ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှာ နောက်သို့ လျှောကျသွားကာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာကြီး နှစ်ခု ထင်ကျန်ရစ်ခဲ့သည်။

သူ၏ရင်ဘတ်ပေါ်တွင် သွေးချင်းချင်းနီသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားခဲ့ချေပြီ။

ထိုတိုက်ခိုက်ရေးစင်မြင့်၏ အစွန်းနားသို့ ရောက်ခါနီးတွင် ချင်ယွမ်ဖုန်းသည် အံကိုကြိတ်ကာ ရပ်တန့်လိုက်ရသည်။

ယင်းက သူသည် ဖူလီ၏ ရက်စက်ပြင်းထန်လှသော တိုက်ကွက်ကို ရင်ဆိုင်တိုက်ရိုက် ခံလိုက်ရခြင်းပင်။

“လက်လျှော့လိုက်စမ်း”

ဖူလီက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ခန္ဓာကိုယ်နောက်ကွယ်မှ ပိုမိုများပြားလှသော ကြိုးမျှင်များ ရုတ်တရက် ထွက်ပေါ်လာပြန်သည်။

ထိုကြိုးမျှင်များသည် ထက်မြက်လှသော မြားချက်များအသွင် စုစည်းသွားကြပြီး မိစ္ဆာအရှိန်အဝါများက ထိုကြိုးမျှင်များကို မဟူရာရောင်အဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။

ယခုအချိန်တွင် ဖူလီသည် အဆိပ်စွယ်များကို ဖြန့်ကျက်ထားသည့် မဟူရာပင့်ကူကြီးတစ်ကောင်ကဲ့သို့ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေချေပြီ။

“နဂါးသတ်ချက်”

မဟူရာမြားချက်များသည် ချင်ယွမ်ဖုန်းဆီသို့ ရုတ်ချည်း ပြင်းထန်စွာ ပျံသန်းသွားရာ လေထုပင် တုန်ခါသွားပြီး စူးရှလှသော အသံကြီး ထွက်ပေါ်လာသည်။

မြစ်နှစ်ဖက်ကမ်းရှိ ကြည့်ရှုသူ လူအုပ်ကြီးသည် ရင်တမမဖြင့် ချင်ယွမ်ဖုန်းကို စိုးရိမ်တကြီး ကြည့်ရှုနေကြပြီး အောင်ပွဲခံအော်ဟစ်ရန်ပင် မေ့လျော့နေကြကုန်၏။

အတော်အတန် ဝေးကွာသောနေရာသို့ ရောက်ရှိနေပြီဖြစ်သော မေသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိပုံရသဖြင့် ခေါင်းကိုလှည့်ကာ ပြိုင်ပွဲကျင်းပရာ အရပ်သို့ တစ်ချက်ကြည့်ပြီးနောက် ရှေ့သို့ ခပ်သွက်သွက် ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။

သို့သော်လည်း သူမ သတိမထားမိခဲ့သည်မှာ မဟူရာရိပ်တစ်ခုက သူမ၏နောက်ကွယ်မှ ဖြည်းညှင်းစွာ လိုက်ပါနေခြင်းပင်။

မဟူရာပင့်ကူမျှင်မြားများသည် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ချင်ယွမ်ဖုန်း၏ အခြေအနေမှာ အလွန်ပင် အန္တရာယ်ကြီးမားလှပေသည်။ သို့သော်လည်း သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။

“မင်း တကယ်ပဲ အစွမ်းထက်တာပဲ၊ ရှေ့က တိုက်ပွဲတွေမှာ မင်းရဲ့အစွမ်းကို လျှို့ဝှက်သိုဝှက်ထားပြီး ငါ့ကို နှိမ်နင်းဖို့ ပြင်ဆင်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ မင်း ငါ့ကို သေးသိမ်အောင် ကြည့်နေတုန်းပဲ”

ချင်ယွမ်ဖုန်း၏ ကြွက်သားများသည် ရုတ်ချည်း ဖောင်းကြွလာပြီး သွေးကြောကြီးများသည် အရေပြားအောက်တွင် တီကောင်များ တွားသွားနေသကဲ့သို့ ရုန်းကြွလာကာ ပေါက်ကွဲထွက်လုမတတ် စွမ်းအားများကို ဆောင်ကြဉ်းလာခဲ့သည်။

သေးငယ်လှသော ကြိုးမျှင်များသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ တုပ်နှောင်ထားပြီး နက်ရှိုင်းသော စွဲထင်ရာများကို ဖြစ်ပေါ်စေသော်လည်း ချင်ယွမ်ဖုန်း၏ အရေပြားကိုမူ ဖောက်ထွင်းနိုင်ခြင်း မရှိပေ။

“ဟူး”

ချင်ယွမ်ဖုန်းသည် ဟိန်းဟောက်လိုက်ပြီး သူ၏လက်မောင်းများကို ရုတ်ချည်း ရုန်းဖယ်လိုက်ရာ သူ့ကို တုပ်နှောင်ထားသည့် ပင့်ကူမျှင်ကြိုးများသည် တိခနဲ ပြတ်တောက်သွားကြတော့သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဖူလီက မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး မျက်လုံးအစုံ ပြူးကျယ်လျက် ချင်ယွမ်ဖုန်းကို စိုက်ကြည့်နေမိသည်။

“ငါ မင်းကို ပြောပြီးပြီပဲ၊ မင်း ငါ့ကို လျှော့တွက်နေခဲ့တာ”

ခရမ်းရောင်မီးလျှံများက သူ၏လက်သီးကို ဖုံးလွှမ်းသွားခဲ့ချေပြီ။

ချင်ယွမ်ဖုန်းသည် ဟိန်းဟောက်၍ ပြင်းထန်လှသော လက်သီးချက်တစ်ချက်ကို ရှေ့သို့ ထိုးနှက်လိုက်ရာ ခရမ်းရောင်မီးလျှံများသည် လှိုင်းလုံးကြီးများကဲ့သို့ တဟုန်းဟုန်း တောက်လောင်လျက် ရှေ့သို့ အဟုန်ပြင်းစွာ ပြေးဝင်သွားပြီး သူ့ထံသို့ ဦးတည်လာသော မဟူရာမြားချက်များကို တစ်ခဏချင်းအတွင်း ပြာကျသွားစေတော့သည်။

ဖူလီသည် မသိလိုက်မသိဘာသာဖြင့် နောက်သို့ နှစ်ခြေလှမ်းမျှ ဆုတ်ခွာသွားမိပြီး သူ၏စိတ်နှလုံး အောက်ခြေမှ ကြောက်ရွံ့တုန်လှုပ်မှုများ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်ကျမှသာ သူ၏ရှေ့တွင်ရှိနေသော လူသားသည် မည်မျှအထိ အစွမ်းထက်မြက်ကြောင်းကို သူ သေချာစွာ သိရှိနားလည်သွားတော့သည်။

သူ အပတ်တကုတ် ပြင်ဆင်ထားခဲ့သော အပြင်းထန်ဆုံး တိုက်ကွက်များသည် ထိုလူသား၏ မျက်ဝန်းထဲတွင်မူ မည်သည့် ခြိမ်းခြောက်မှုမျှ မရှိသည့်အလား ဖြစ်နေခဲ့ချေပြီ။

ထိုစဉ် မီးလျှံများထဲမှ လူရိပ်တစ်ခု ရုတ်ချည်း ပြေးထွက်လာခဲ့သည်။ ချင်ယွမ်ဖုန်းသည် တစ်ခဏချင်းအတွင်း ဖူလီ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး သူ၏ကြီးမားလှသော လက်ဝါးကြီးဖြင့် ဖူလီ၏မျက်နှာကို အုပ်မိုးကာ တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ ပြင်းထန်စွာ ဖိချပစ်လိုက်တော့သည်။

ဤအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်ပေသည်။ မြစ်ကမ်းပါးပေါ်ရှိ ကြည့်ရှုသူ လူအုပ်ကြီးတစ်ခုလုံး ဆိတ်ငြိမ်သွားကြသည်။

အခြေအနေကြီးက အလွန်ပင် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သဖြင့် သူတို့အားလုံးမှာ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိကြတော့ပေ။

ခဏမျှ ကြာပြီးနောက်တွင် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လှသော အောင်ပွဲခံ ဟစ်ကြွေးသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ တစ်စိတ်တစ်ပိုင်းမှာ ချင်ယွမ်ဖုန်း၏ ပြောင်မြောက်လှသော တိုက်ခိုက်မှုအတွက် ဖြစ်သကဲ့သို့ ကျန်တစ်စိတ်တစ်ပိုင်းမှာမူ သူ၏နောက်ဆုံး အောင်ပွဲအတွက် ဖြစ်ပေသည်။

ဦးချိုကျိုးနေသော အခြားတစ်ပါးကျွန်းသား မိစ္ဆာတစ်ဦးသည် ထိုကဲ့သို့သော ပွဲကြီးမှတစ်ဆင့် သူ၏ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ခဲ့ချေပြီ။

ဖုန်း ဆိုသည့် အမည်နာမသည် ကာရီမြို့၏ ဂုဏ်ပြုကျောက်စာတိုင်ပေါ်တွင် ထာဝရ မော်ကွန်းတင် ကျန်ရစ်တော့မည် ဖြစ်သည်။

“မင်း ရှုံးသွားပြီ” ချင်ယွုန်းဖုန်းက ဖူလီကို ဖိချထားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ သိပါတယ်” ဖူလီက ချင်ယွမ်ဖုန်း၏ လက်ဝါးကြီးကို သူ၏မျက်နှာပေါ်မှ ခက်ခဲစွာ ဖယ်ရှားရင်း တိုးတိုးလေး ဆိုရှာသည်။

“မင်းက ငါ ထင်ထားတာထက် အများကြီး ပိုပြီး သန်မာတာပဲ”

“ဟဲဟဲ” ချင်ယွမ်ဖုန်းက ခပ်ဖွဖွ ရယ်မောလိုက်ရင်း “အခုတော့ မင်း ငါ့ကို ယုံကြည်သွားပြီ မဟုတ်လား၊ ကာရီမြို့ကနေ မြန်မြန် ထွက်ခွာတော့၊ ဒီနေရာမှာ မကြာခင် အပြောင်းအလဲကြီး တစ်ခု ဖြစ်တော့မယ်” ဟု ဆို၏။

လူလိမ်သည် ချင်ယွမ်ဖုန်း၏ အောင်နိုင်သူ အရှိန်အဝါကို ကြည့်ရှုရင်း ခါးသက်စွာဖြင့် နှုတ်ခမ်းကို မဲ့လိုက်ကာ “ဒါက ဘာများ အဆန်းလဲ၊ ငါ့ရဲ့ မိစ္ဆာကျောက်တုံးတွေကို နှမြောစရာကြီး၊ ငါ ခက်ခက်ခဲခဲနဲ့ အနည်းငယ်လောက် ရှာဖွေစုဆောင်းထားရတာကို အခုတော့ အဲဒီ ယုတ်မာတဲ့ကောင်ကို အကုန်ပေးလိုက်ရတော့မယ်” ဟု ညည်းတွားနေတော့သည်။

အောင်နိုင်သူသည် မင်းသားကာရီနှင့် မတွေ့ဆုံမီတွင် များပြားလှသော လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ဖြတ်သန်းရဦးမည် ဖြစ်သည်။

မင်းသားကာရီနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခွင့်ရခြင်းသည် ကာရီမြို့တွင် အလွန်ပင် ကြီးမားလှသော ဂုဏ်သရေတစ်ခု ဖြစ်ပေသည်။

ဘာပဲဖြစ်ဖြစ် သူသည် မိစ္ဆာနယ်ပယ်၏ မင်းသားတစ်ပါး ဖြစ်သည်မဟုတ်ပါလား၊ သူ၏လက်အောက်တွင် မြို့တစ်မြို့သာ ရှိနေစေကာမူ သူသည် သေချာပေါက် မင်းသားတစ်ပါးပင် ဖြစ်ပေတော့သည်။

All Chapters