← Chapters

အခန်း ၈၀၀

Vol. 39 Ch. 800

အခန်း ၈၀၀

Vol. 39 Ch. 800

အခန်း(၈၀၀)

အတိတ်မေ့ခြင်း

ရက်အနည်းငယ် ကြာလွန်ပြီးနောက်တွင်ကား... ဖျော်ဖြေရေးနှင့် ကာမဂုဏ်ခံစားရာ ပျော်စရာမြို့တော်ကြီး၏ မြို့စားမင်း 'ပျော်ရွှင်ခြင်း မင်းသား' ကွယ်လွန်သွားသည့် သတင်းဆိုးသည် တစ်ခွင်တစ်ပြင်သော မိစ္ဆာနယ်မြေတစ်ခုလုံးသို့ ဟုန်းဟုန်းတောက် အုတ်အော်သောင်းနင်း ပျံ့နှံ့သွားချေပြီ။

အချို့ကလည်း မြို့စားမင်းအိမ်တော်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည့် မိစ္ဆာသားရဲကြီးသည် အဆောက်အအုံတစ်ခုလုံးကို အပျက်အစီးပုံဘဝသို့ ပြောင်းလဲပစ်ခဲ့ပြီး အတွင်းရှိ လူမှန်သမျှကိုလည်း တစ်ယောက်မကျန် သတ်ဖြတ်ပစ်ခဲ့သည်ဟု ဆိုကြကုန်၏။

အချို့ကမူ ထိုမိစ္ဆာသားရဲကြီးမှာ အမှန်စင်စစ်အားဖြင့် မိမိကိုယ်ကိုယ် ဖျက်ဆီးပစ်ခဲ့သည့် မင်းသား ကာရီ ပင် ဖြစ်သည်ဟု ပြောစမှတ်ပြုကြပေသည်။

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမျိုးမျိုးသော ကောလာဟလ သတင်းစကားတို့သည် မိစ္ဆာတို့အကြားတွင် ရေပန်းအစားဆုံး အပြောအဆိုခံ ခေါင်းစဉ်ကြီး ဖြစ်လာခဲ့ရလေတော့သည်။

ထိုအတောအတွင်း ချင်ယွမ်ဖုန်းသည် မေ နှင့် အခြားနှစ်ယောက်ကို အမှီလိုက်နိုင်ခဲ့ပြီးနောက် မြောက်ဘက်အရပ်ဆီသို့ ခရီးဆက်ခဲ့ကြသည်။

လူလိမ်သည် ချင်ယွမ်ဖုန်းအပေါ်၌ အလွန်အမင်း ရွံရှာတုန်လှုပ်သော စိတ်တို့ ကိန်းအောင်းလာခဲ့ချေပြီ။ ချင်ယွမ်ဖုန်းနှင့် အတူရှိနေသရွေ့ မိမိထံသို့ ကံဆိုးမိုးမှောင်မှုများသာ သီကုံးရောက်ရှိလာတတ်ကြောင်းကို သူ ရိပ်မိသွားသောကြောင့်ပင်။

ထို့ကြောင့် သူသည် မြောက်ဘက်သို့ ဦးတည်နေသည်ချင်း တူသော်ငြားလည်း ချင်ယွမ်ဖုန်းတို့ လူစုနှင့် လမ်းခွဲ၍ သီးခြားစီ ခရီးနှင်ခဲ့တော့သည်။

ဖူလီ သည်လည်း ချင်ယွမ်ဖုန်းအား မိမိအတွက် ကလဲ့စားချေပေးခဲ့သည့်အတွက် ကျေးဇူးစကား ဆိုကာ လမ်းခွဲ ထွက်ခွာသွားခဲ့ပြီး လောကအနှံ့ အခြေမဲ့ အိမ်မဲ့ လှည့်လည်သွားလာသူတစ်ဦး ဘဝသို့ ကူးပြောင်းသွားခဲ့လေသည်။

ချင်ယွမ်ဖုန်းသည် မေ နှင့်အတူ မြောက်ဘက်သို့ ဆက်လက်ချီတက်ခဲ့ရာ... ဆန်းကြယ်လှသော မမြင်နိုင်သည့် အင်အားစုတစ်ခုက သူ့ကို ထိုနေရာဆီသို့ သံလိုက်ဓာတ်ကဲ့သို့ ဆွဲဆောင်ခေါ်ယူနေသယောင် ခံစားနေရ၏။

ယင်းက ကြည်လင်နီမြန်းသော ပုတီးစေ့များ၏ စွမ်းအားကြောင့် ဖြစ်တန်ရာသည်ဟု သူ တွေးဆမိသည်။ ထိုအနီရောင် ပုတီးစေ့များသည် တစ်ခုနှင့်တစ်ခု ဆွဲငင်တတ်သည့် သဘောရှိပေရာ ထို့ကြောင့်ပင် ချင်ယွမ်ဖုန်းသည် မြောက်ဘက်သို့ တစိုက်မတ်မတ် ဦးတည်နေခြင်း ဖြစ်ပေလိမ့်မည်။

မင်းသား ကာရီသည်လည်း ထိုခေါ်သံကို ခံစားမိခဲ့ဖူးဟန်တူသော်လည်း ကာရီမြို့မှ လုံးဝခွာရက်ခြင်း မရှိခဲ့ပေ။

မင်းသား ကာရီနှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် ချင်ယွမ်ဖုန်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသော်လည်း ရလဒ်ကောင်းများကိုလည်း များစွာ ရရှိခဲ့ကြသေးသည်။

မင်းသား ကာရီသည် စစ်မှန်သော အဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ် ကျင့်စဉ်အဆင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ ယင်းစွမ်းအားများသည် ချင်ယွမ်ဖုန်းအတွက် အားဆေးတစ်ခွက် ဖြစ်သွားခဲ့ပြီး ချင်ယွမ်ဖုန်းအား သတ္တမအဆင့် ဘိုးဘေးနယ်ပယ်၏ အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားစေခဲ့သည်။

အခွင့်ကောင်း တစ်ကြိမ်တစ်ခါမျှ ရရှိရုံမျှဖြင့် ချင်ယွမ်ဖုန်းသည် အဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ်၏ နယ်ပယ်အတွင်းသို့ ခြေစုံပစ် ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ဤမျှ လျင်မြန်လှသော ကျင့်စဉ်တိုးတက်မှုနှုန်းကို အလွန် ကျေနပ်မိ၏။ သူ မိစ္ဆာနယ်မြေသို့ ရောက်ရှိလာခဲ့သည်မှာ သန်းခေါင်ကျော် ခြောက်လခန့်သာ ရှိသေးသော်လည်း ကျင့်စဉ်အဆင့် တစ်ဆင့် တိုးတက်ခဲ့ပြီးပြီ ဖြစ်ကာ မကြာမီလည်း ထပ်မံ၍ အဆင့်တက်လှမ်းနိုင်ဦးမည် မဟုတ်လော။

ဘုရင်နယ်ပယ်သို့ ရောက်ရှိရန်မှာလည်း သူ့အတွက် သိပ်ပြီး မဝေးတော့ချေ။

သို့သော်ငြားလည်း ချင်ယွမ်ဖုန်းသည် မင်းသား ကာရီနှင့် တိုက်ခိုက်စဉ်က ရရှိခဲ့သော ဒဏ်ရာများမှာ ယခုတိုင် အရှင်းမပျောက်ကင်းသေးချေ။

ကြည်လင်နီမြန်းသော ပုတီးစေ့၏ စွမ်းအားကို တောင့်ခံနိုင်ရန်အတွက် နဂါးကျောရိုးဓားမကြီးပင်လျှင် အပိုင်းပိုင်းအပြတ်ပြတ် ပျက်စီးသွားခဲ့ရရှာသည်။

ချင်ယွမ်ဖုန်းနှင့်အတူ ကာလရှည်ကြာစွာ လက်တွဲဖော်အဖြစ် ဖြတ်သန်းခဲ့သည့် ဤအဖိုးတန် ရတနာလက်နက်သည် နောက်ဆုံးတွင်တော့ ၎င်း၏ သက်တမ်းကုန်ဆုံးရာ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ရချေပြီ။

မှောင်မိုက်ခြင်းအရိပ်တို့ ဖုံးလွှမ်းနေသော နန်းဗိမာန်တစ်ခုအတွင်း၌ ဧရာမ သဏ္ဍာန်ကြီးတစ်ခုသည် ရာဇပလ္လင်ထက်တွင် ခန့်ညားထည်ဝါစွာ ထိုင်နေချေသည်။

"ဘာ... ကာရီ သေပြီ ဟုတ်လား... ဘယ်သူက လုပ်တာလဲ..." မင်းသား ကာရီ သေဆုံးသွားသည့် သတင်းကို ကြားလိုက်ရသောအခါ ထိုသဏ္ဍာန်ကြီးသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။

"ကျွန်တော်မျိုးတို့လည်း မသိရပါဘူး... မြို့စားမင်းအိမ်တော်တစ်ခုလုံးမှာ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိပါဘူး... ဒါပေမဲ့ ကာရီမြို့က လူတွေဆီက ကြားရတာတော့ မင်းသား ကာရီ မသေဆုံးခင်မှာ 'ဖုန်း' ဆိုတဲ့ နာမည်ကို အော်ဟစ်သွားခဲ့တယ်လို့ ဆိုပါတယ်"

"ဖုန်း... အဲဒါ ဘယ်သူလဲ... ငါ တစ်ခါမှ မကြားဖူးပါလား..."

"ဘယ်ကမှန်းမသိ ပေါ်လာတဲ့ မိစ္ဆာတစ်ကောင်ပါပဲ... သူက အစဦးမှာ ဆီယာမြို့ရဲ့ မြို့စားမင်း ဘက်ခ် ကို သတ်ခဲ့ပြီးတော့ ကာရီမြို့ကို ရောက်လာကာ သေတွင်းစိန်ခေါ်ပွဲမှာ အနိုင်ရခဲ့တာပါ"

"ဒီ ဖုန်း ဆိုတဲ့ကောင်က အဓိကသော့ချက် ဖြစ်လိမ့်မယ်... ဘာပဲဖြစ်ဖြစ် အဲဒီ ဖုန်း ဆိုတဲ့ကောင်ကို ငါ့အတွက် ရှာတွေ့အောင် ရှာခဲ့စမ်း..." ထိုသဏ္ဍာန်ကြီးက အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်၏။

"အမိန့်တော်အတိုင်းပါ နတ်ဆိုးဘုရင် အရှင်မြတ်..."

"အကိုဖုန်း... ညီမတို့ နောက်ထပ် ဘယ်ကို သွားကြမလဲဟင်..." မေ က ချင်ယွမ်ဖုန်းအား ပြုံးရွှင်သော မျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က ချင်ယွမ်ဖုန်း မိမိတို့နောက်သို့ အမှီလိုက်လာသည်ကို မြင်တွေ့ခဲ့ရပြီးကတည်းက မေ သည် ရင်ထဲ၌ အတိုင်းအဆမရှိ ပျော်ရွှင်နေခဲ့ရသည်။

ချင်ယွမ်ဖုန်း အသက်ရှင်လျက် ပြန်လည်ရောက်ရှိလာသောကြောင့် ဖြစ်သည်ဟု သူမ ထင်မှတ်ထားသော်လည်း သူမကိုယ်တိုင် သတိမထားမိသေးသည့် အခြားသော အကြောင်းရင်းတစ်ခုလည်း ရှိနေသေးပေသည်။

"ငါလည်း မသိသေးဘူး... အဲဒီ ခေါ်သံနောက်ကို လိုက်သွားပြီး တခြား ကြည်လင်နီမြန်းတဲ့ ပုတီးစေ့တွေကို ရှာတွေ့နိုင်မလားလို့ စမ်းကြည့်ချင်တာ..." ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။

ထိုကြည်လင်နီမြန်းသော ပုတီးစေ့များထဲ၌ ကြီးမားလှသော လျှို့ဝှက်ချက်တစ်ခု ကိန်းဝပ်နေရမည်မှာ အမှန်ပင်ဖြစ်ပြီး ၎င်းထဲတွင် ပါရှိသော စွမ်းအားများသည် ချင်ယွမ်ဖုန်းအား လွန်စွာ လောဘတက်စေပေသည်။

မင်းသား ကာရီသည် ထိုပုတီးစေ့ထဲမှ စွမ်းအားများကို အလိုရှိခဲ့သကဲ့သို့ ချင်ယွမ်ဖုန်းသည်လည်း ထိုနည်းတူစွာ အလိုရှိနေမိသည်။

သို့သော်လည်း သူသည် မင်းသား ကာရီကဲ့သို့ မိစ္ဆာသားရဲကြီးတစ်ကောင် ဘဝသို့ ပြောင်းလဲသွားခြင်းမျိုးကိုမူ အဖြစ်မခံနိုင်ပေ။

ကြည်လင်နီမြန်းသော ပုတီးစေ့အားလုံးကို စုဆောင်းလိုက်နိုင်ပါက ထိုဘေးအန္တရာယ်မှ ရှောင်လွှဲနိုင်လိမ့်မည်ဟု သူ တွေးတောနေမိသည်။

"ဒါနဲ့... လမ်းခရီးတစ်လျှောက်လုံးမှာ အကိုဖုန်း အဲဒီ အနီရောင် ပုတီးစေ့အကြောင်း ခဏခဏ ပြောနေတာ ကြားရတယ်... ညီမကို တစ်ချက်လောက် ပြလို့ရမလား..." မေ က တောင်းဆိုလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ရင်း... "သတိထားဦးနော်... ဒီကျောက်တုံးက အရမ်း ထူးဆန်းတယ်... မင်းသား ကာရီကိုတောင် မိစ္ဆာသားရဲကြီးအဖြစ် ပြောင်းလဲသွားစေနိုင်တာ..."

"နားလည်ပါတယ်..." မေ က စိုးရိမ်စိတ်နှင့် စုစုဆောင်းဆောင်း စပ်စုလိုစိတ်တို့ ရောပြွမ်းနေသည့် မျက်နှာပေးဖြင့် ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းသည် ကြည်လင်နီမြန်းသော ပုတီးစေ့ကို ထုတ်ယူလိုက်ရာ ယင်း၏ ပုံသဏ္ဍာန်မှာ မိစ္ဆာကျောက်တုံးများနှင့် ဆင်တူပြီး ထောင့်ပေါင်းများစွာ ပါရှိကာ အနီရောင် တောက်ပနေခြင်းသာ ကွာခြားပေသည်။

မေ သည် ထိုအနီရောင် ပုတီးစေ့ကို မြင်လိုက်ရသည့် ခဏချင်းတွင်ပင်... သူမ၏ ဦးနှောက်ထဲ၌ ပုံရိပ်အဟောင်းများစွာသည် ဒီရေအလား တိုးဝှေ့ဝင်ရောက်လာခဲ့သော်လည်း မည်သည့်အရာကိုမျှ ပီပီပြင်ပြင် ဖမ်းဆုပ်၍ မရခဲ့ချေ။

နောက်ဆုံးတွင်တော့ မေ ၏ မျက်စိရှေ့မှောက်၌ အမှောင်ထုက ဖုံးလွှမ်းသွားခဲ့ရပြီး သတိလစ်ကာ လဲပြိုသွားခဲ့ရရှာတော့သည်။

"မေ..." ချင်ယွမ်ဖုန်းသည် အနီရောင် ပုတီးစေ့ကို ကပျာကယာ ပြန်သိမ်းလိုက်ရင်း လဲကျလုဆဲဆဲ ဖြစ်နေသော မေ ကို အမြန်ဆုံး လှမ်း၍ တွဲထူလိုက်ရသည်။

သူမ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သောအခါတွင်မူ မေ မှာ ရိုးရိုးတန်းတန်း သတိလစ် မူးမေ့သွားခြင်းသာ ဖြစ်ကြောင်း သိလိုက်ရ၏။

"သူက ဘာဖြစ်လို့ ရုတ်တရက် မူးလဲသွားရတာလဲ... မေ က ဒီ အနီရောင် ပုတီးစေ့ကို အရင်က မြင်ဖူးခဲ့တာများလား... မဖြစ်နိုင်တာ... မေ က ဦးချိုကျိုး မိစ္ဆာမလေးတစ်ယောက်ပဲလေ... ဒီလို အရာမျိုးကို ဘယ်လိုလုပ်ပြီး အရင်က မြင်ဖူးမှာလဲ..."

ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ သံသယဖြစ်ဖွယ် မေးခွန်းတွေးစများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

ခဏမျှ ကြာပြီးနောက်တွင် မေ သည် ဖြည်းညင်းစွာ နိုးထလာခဲ့လေသည်။

"မေ... နေလို့ ကောင်းရဲ့လား..." ချင်ယွမ်ဖုန်းက စိုးရိမ်တကြီး မေးမြန်းလိုက်၏။

မေ က ခေါင်းကို ခါယမ်းလိုက်ရင်း... "ညီမ ဘာမှမဖြစ်ပါဘူး... ခေါင်းထဲမှာ နည်းနည်း မူးနောက်နောက် ဖြစ်သွားတာပါ..."

"ဘာဖြစ်သွားတာလဲ... ဘာလို့ ရုတ်တရက်ကြီး မူးလဲသွားရတာလဲ..." ချင်ယွမ်ဖုန်းက စူးစမ်းလိုစိတ်ဖြင့် ထပ်မံ မေးမြန်းမိသည်။

"ညီမလည်း မသိဘူး... ရုတ်တရက်ကြီး ညီမ ခေါင်းထဲမှာ ပုံရိပ်တွေ အများကြီး ပေါ်လာတယ်... အဲဒီ ပုံရိပ်တွေက ညီမအတွက် လုံးဝ စိမ်းနေတာပဲ... အဲဒီအထဲမှာ... အရင်က မင်းသား ကာရီနဲ့တောင် ဆုံဖူးတယ် ထင်တယ်..."

မေ က လေးလံသော လေသံဖြင့် ဆိုရှာ၏။

ချင်ယွမ်ဖုန်းသည် ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက်... "မင်း အရင်က ကာရီမြို့မှာ ကျွန်အဖြစ် အရောင်းစားခံခဲ့ရဖူးလို့ နေမှာပေါ့..."

မေ က ခေါင်းကို ထပ်မံခါယမ်းလိုက်ပြန်ရင်း... "ညီမ အမှတ်မရတော့ဘူး... ညီမရဲ့ အတိတ်မှတ်ဉာဏ်တွေ အများကြီး ပျောက်ဆုံးနေခဲ့ပုံရတယ်... ပြီးတော့ မင်းသား ကာရီ သေဆုံးသွားတာကို သိရတော့ ကျွန်မ ရင်ထဲမှာ တစ်မျိုးကြီး ဝမ်းသာသလို ခံစားရတယ်... သူ နောက်ဆုံးတော့ လွတ်မြောက်သွားရပြီဆိုပြီး ဝမ်းသာနေမိသလိုပဲ..."

"ထူးဆန်းလိုက်တာ..." ချင်ယွမ်ဖုန်း မျက်မှောင်ကုတ်သွားမိသည်။ မင်းသား ကာရီ၏ အမှတ်ဉာဏ်များထဲတွင် ကာရီအတွက် အလွန်အမင်း အရေးပါလှသော မိတ်ဆွေသူငယ်ချင်းဟူ၍ ချင်ယွမ်ဖုန်း မတွေ့ရှိခဲ့ရပေ။

မေ ၏ အတိတ်က အဆင့်အတန်းသည် မရိုးရှင်းခဲ့လျှင်ပင်... သူမသည် မင်းသား ကာရီနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေရန်နှင့် မင်းသား ကာရီ၏ လွတ်မြောက်မှုအတွက် ပျော်ရွှင်နေရန်မှာ မဖြစ်နိုင်ချေ။

"ငါ့ခေါင်းထဲမှာလည်း အရင်က ပုံရိပ်တွေ အများကြီး ပေါ်လာဖူးတဲ့ အခြေအနေမျိုး ကြုံဖူးတယ်... ဒါပေမဲ့ အဲဒါက ငါ အတိတ်မေ့နေတုန်းက မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပြန်ပွင့်လာတဲ့ အချိန်တုန်းကပဲ..."

ချင်ယွမ်ဖုန်းသည် အမြစ်မဲ့ကျွန်းများ ပေါ်တွင် ကြုံတွေ့ခဲ့ရသော မိမိ၏ အတွေ့အကြုံများကို ပြန်လည်အောက်မေ့မိသွားသည်။

သူ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိလာစဉ်အခါကလည်း မေ ယခု ကြုံတွေ့နေရသကဲ့သို့ပင်... မှတ်ဉာဏ်စအစအနလေးများ တစစချင်း ပြန်လည် ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်လော။

​

"မင်းလည်း အတိတ်မေ့နေတာ ဖြစ်နိုင်တယ်... မင်းက အရင်ကတည်းက ဦးချိုကျိုး မိစ္ဆာတစ်ကောင်သက်သက် မဟုတ်ခဲ့ဘဲ အခုမှ မင်းရဲ့ မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပြန်ပွင့်လာတာ ဖြစ်လိမ့်မယ်..."

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရှင်းပြလိုက်ရင်း... "ဒါက မင်းအတွက် အလားအလာကောင်း တစ်ခုပဲလေ..."

"ဟုတ်ပါတယ်... ညီမလည်း အတိတ်က ညီမက ဘယ်သူလဲ... ညီမအပေါ် ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို သိချင်လှပါပြီ..." မေ က လေးနက်စွာ ဆိုရှာ၏။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်မိရင်း ရင်ထဲ၌ မတတ်သာခြင်းများ ခံစားလိုက်ရသည်။ မိစ္ဆာနယ်မြေသို့ ရောက်ရှိလာပြီးနောက် သူသည် ကျွန်အဖြစ် အဖမ်းခံခဲ့ရပြီး မေ နှင့် ဆုံတွေ့ခဲ့ရပေရာ... ယခုမူ မေ ၏ နောက်ကြောင်းမှာ မြင်တွေ့နေရသည့် အသွင်သဏ္ဍာန်ကဲ့သို့ ရိုးရှင်းလှသည်မဟုတ်ကြောင်း သိမြင်လာရချေပြီ။

ယင်းက ကွယ်ရာမှ မမြင်နိုင်သော လက်တစ်စုံက အရာရာကို ကြိုးကိုင်ခြယ်လှယ်နေသကဲ့သို့ပင်... အလွန် ဆန်းကြယ်လွန်းလှပေသည်။

"ကဲပါ... အဲဒါတွေကို အများကြီး မတွေးပါနဲ့ဦး... မှတ်ဉာဏ်တွေ ပြန်ပွင့်လာဖို့ဆိုတာ အချိန်ယူရတာပဲ... လောလို့လည်း မရဘူးလေ..." ချင်ယွမ်ဖုန်းက ဖျောင်းဖျလိုက်၏။

" နားလည်ပါတယ်..." မေ က ခေါင်းညိတ်ပြလိုက်ရင်း... "ဒီ ကြည်လင်နီမြန်းတဲ့ ပုတီးစေ့တွေက ညီမနဲ့လည်း အများကြီး ပတ်သက်နေလိမ့်မယ်လို့ ထင်တယ်... တခြား ပုတီးစေ့တွေကို ထပ်ရှာတွေ့ရင် ညီမအတွက်လည်း အထောက်အကူ ဖြစ်စေမှာပါ..."

All Chapters