← Chapters

အခန်း ၈၀၁

Vol. 39 Ch. 801

အခန်း ၈၀၁

Vol. 39 Ch. 801

အခန်း(၈၀၁) ဟောမြို့တော်

ချင်ယွမ်ဖုန်းနှင့် မေတို့သည် မြောက်ဘက်ဆီသို့ ခရီးနှင်လာခဲ့ကြရာ လမ်းခရီးတစ်လျှောက်တွင် မြို့ပြများစွာကို ဖြတ်ကျော်ခဲ့ကြပြီး ကျွန်ပိုင်ရှင်ကြီး အမြောက်အမြားကိုလည်း သုတ်သင်ချေမှုန်းခဲ့ကြလေသည်။

ထိုကျွန်ပိုင်ရှင်များသည် မိစ္ဆာနယ်မြေတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် အပြောပလောက်သော အရေအတွက်သာ ဖြစ်သော်လည်း ၎င်းတို့သည် မကောင်းမှုအကုသိုလ်ပေါင်းများစွာကို ကျူးလွန်ထားကြသဖြင့် သေထိုက်သူများဖြစ်ကြောင်း ချင်ယွမ်ဖုန်းက ယုံကြည်ထားပေရာ ၎င်းတို့ သေဆုံးသွားခြင်းမှာ နှမြောစရာမရှိချေ။

သို့သော်လည်း ထိုကျွန်ပိုင်ရှင်များ၏ ကျင့်စဉ်အဆင့်အတန်းမှာ မြင့်မားလှသည်တော့မဟုတ်ချေ။

ချင်ယွမ်ဖုန်းအနေဖြင့် မိမိကိုယ်ကိုယ် အန္တရာယ်တွင်းထဲသို့ သက်ဆင်းစေကာ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့သော်လည်း အဋ္ဌမအဆင့် ဘိုးဘေး နယ်ပယ်သို့ ဖောက်ထွက်နိုင်ခြင်း မရှိသေးပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးလတာအချိန်ကာလက ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်းတို့ လူစုသည် နောက်ဆုံးတွင် မသေမျိုးဘုရင်၏ လက်အောက်ခံဖြစ်သော ဟောမြို့တော်ဟု ခေါ်တွင်သည့် နေရာတစ်ခုသို့ ဆိုက်ရောက်လာခဲ့ကြတော့သည်။

ချင်ယွမ်ဖုန်း မူလက ရှိနေခဲ့သော ဆီယာမြို့သည် နတ်ဘုရားဝိညာဉ် ဘုရင်၏ နယ်မြေဖြစ်ပြီး ကာရီမြို့သို့ သွားရာလမ်းတွင် သူသည် နတ်ဆိုးဘုရင်၏ နယ်မြေကို ဖြတ်သန်းခဲ့ရသည်။

ယခုမူ ကာရီမြို့၊ ပျော်ရွှင်ခြင်း မင်းသား၏ နယ်မြေနှင့် ဖျက်ဆီးရေးဘုရင်၏ နယ်မြေတို့ကို ဖြတ်ကျော်ပြီးနောက် ချင်ယွမ်ဖုန်းသည် မသေမျိုးဘုရင် စိုးစံရာ နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် မြူနှင်းဂိုဏ်း၏ တားမြစ်နယ်မြေ အနက်ရှိုင်းဆုံးအပိုင်းတွင် မသေမျိုးဘုရင်၏ ဝိညာဉ်အစအနတစ်ခုနှင့် ဆုံတွေ့ခဲ့ဖူးပြီး နောက်ဆုံးတွင် မသေမျိုးဘုရင်၏ နှစ်ပေါင်းသောင်းချီကြာအောင် ကြံစည်ခဲ့သော အစီအစဉ်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

သို့သော် မသေမျိုးဘုရင်အနေဖြင့် တစ်ကျော့ပြန် ခေါင်းထောင်လာဦးမည်လား၊ မြူနှင်းဂိုဏ်းကကော ပြင်ဆင်မှု ရှိမရှိဆိုသည်ကိုမူ မသိနိုင်ချေ။

မသေမျိုးဘုရင်၏ နယ်မြေထဲသို့ ဝင်ရောက်လာသောအခါ ချင်ယွမ်ဖုန်းသည် မသေမျိုးဘုရင်က သူ့ကို မှတ်မိသွားမည်ကို စိုးရိမ်စိတ်ဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

သို့သော် ပြန်လည်တွေးတောကြည့်လျှင် သူသည် မသေမျိုးဘုရင်နှင့် ဆုံတွေ့နိုင်စရာ အကြောင်းမရှိသလို မသေမျိုးဘုရင်အနေဖြင့်လည်း အဝေးကြီးကနေ သူ့ကို မှတ်မိနိုင်စရာ အကြောင်းမရှိချေ။

ယခုအခါတွင် သူက ဦးချိုကျိုးနေသည့် တရားဝင် မိစ္ဆာတစ်ကောင် ဖြစ်နေပြီ မဟုတ်လော။

လမ်းခရီးတစ်လျှောက်တွင် ချင်ယွမ်ဖုန်းသည် ကျွန်ပိုင်ရှင်များစွာကို သတ်ဖြတ်ခဲ့သဖြင့် သူ၏ ကျော်စောမှုသတင်းက အလျင်အမြန်ပင် ပြန့်နှံ့သွားခဲ့လေသည်။

လူအများအပြားက ကာရီမြို့စားမင်း၏ အိမ်တော်တွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သိချင်နေကြသော်လည်း မည်သူမျှ ချင်ယွမ်ဖုန်းကို ရှာမတွေ့ကြချေ။

သူသည် အန္တရာယ်ကို ကြိုတင်သိမြင်နိုင်စွမ်း ရှိပုံရပြီး အန္တရာယ်မကျရောက်မီအချိန်တိုင်းတွင် အမြဲတမ်း သီသီလေး ရှောင်တိမ်းသွားနိုင်ခဲ့သည်။

ဒါက ချင်ယွမ်ဖုန်း၏ ကြီးမားလှသော ဝိညာဉ်စွမ်းအားကြောင့် ဖြစ်ပေရာ မည်သူမဆို ရန်ငြိုးအာဃာတ ထားရှိလာပါက သူက ကြိုတင်သိရှိနိုင်ပြီး ရှောင်တိမ်းခြင်း သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ခြင်းတို့ကို ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

“ငါ နည်းနည်းပန်းနေပြီ၊ သွားပြီး အနားယူကြစို့”

ချင်ယွမ်ဖုန်းက ရှေ့မှ မြို့တော်ကို တည်ငြိမ်စွာ ကြည့်ရင်း ခပ်အေးအေး ပြောလိုက်သည်။

မေက ခေါင်းညိတ်ပြ၏။ ယခုအခါ သူမက ပို၍ ရင့်ကျက် တည်ငြိမ်လာပုံရသည်။

လမ်းခရီးတစ်လျှောက်တွင် ချင်ယွမ်ဖုန်းနှင့်အတူ အတွေ့အကြုံများ ဆည်းပူးလာခဲ့ရာ ယခုအခါ ပဉ္စမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် မည်သူမျှ မလေးမစား မလုပ်ရဲသော အင်အားစုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

မြို့ထဲသို့ ဝင်ရောက်လာသောအခါ ချင်ယွမ်ဖုန်းနှင့် မေတို့သည် တစ်ခုခု လွဲချော်နေသည်ကို သိသိသာသာ ခံစားလိုက်ရပြီး မြို့တော်တစ်ခုလုံးက အသက်မဲ့ကာ မှောင်မိုက်အုံ့မှိုင်းနေပုံရသည်။

မသေမျိုးဘုရင်ဟူသော ဘွဲ့နာမအရ ၎င်းသည် သေမင်းအတတ်ပညာနှင့် ဆက်စပ်နေနိုင်သဖြင့် ဤသည်မှာ မသေမျိုးဘုရင်ကြောင့် ဖြစ်မဖြစ်ကိုမူ ချင်ယွမ်ဖုန်း မသိချေ။

သို့သော် သူကိုယ်တိုင်လည်း သေမင်းအတတ်ပညာနှင့် ပေါင်းစပ်ထားသူ ဖြစ်သော်လည်း မြို့ထဲတွင် မည်သည့် သေမင်းအရှိန်အဝါကိုမျှ အာရုံမခံမိချေ။

ချင်ယွမ်ဖုန်းနှင့် မေတို့ကို မြင်သောအခါ မြို့ထဲက လူများသည် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားကြပုံရပြီး ၎င်းတို့ရှိရာ အနီးအနားမှ အဝေးသို့ ရှောင်ဖယ်သွားကြကုန်သည်။

“ထူးဆန်းလိုက်တာ၊ ငါတို့တွေက အခု ဝတ်ရုံရှည်တွေနဲ့ မျက်နှာဖုံးထားတာလေ၊ တို့ပုံတူ ပန်းချီကားတွေလည်း ဒီအထိ မရောက်သေးလောက်ပါဘူး၊ သူတို့က တို့ကို ဘာလို့ ဒီလောက်တောင် ကြောက်နေကြတာလဲ”

မေက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ချင်ယွမ်ဖုန်းလည်း သံသယများဖြင့် ပြည့်နှံ့နေမိရာ ဤမြို့တော်က ထူးဆန်းကျောချမ်းဖွယ် အငွေ့အသက်များ လွှမ်းခြုံနေသည်ဟု ခံစားနေရသည်။

“အရင်ဆုံး စားစရာတစ်ခုခု ရှာရအောင်”

၎င်းတို့နှစ်ဦးသည် မြို့ထဲရှိ တည်းခိုခန်းတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ တည်းခိုခန်းထဲတွင် လူအလွန်နည်းပါးလှပြီး အရောင်းအဝယ် မကောင်းပုံရချေ။

ချင်ယွမ်ဖုန်းနှင့် မေတို့ကို မြင်သောအခါ တည်းခိုခန်းပိုင်ရှင်က ခဏမျှ ကြောင်အသွားပြီးနောက် အပြေးအလွှား ရောက်ရှိလာခဲ့သည်။

“မိတ်ဆွေတို့က အဝေးကလာကြတာ ထင်တယ်၊ ဘာများ သုံးဆောင်မလဲခင်ဗျာ”

တည်းခိုခန်းပိုင်ရှင်က အတင်းအကျပ် ပြုံးလျက် မေးလိုက်သည်။

“ကျွန်တော်တို့ကို အခန်းနှစ်ခန်းပေးပါ၊ ပြီးတော့ စားစရာတချို့ ယူလာပေးပါဦး”

ချင်ယွမ်ဖုန်းက ပြောလိုက်သည်။

တည်းခိုခန်းပိုင်ရှင်က ခေါင်းညိတ်ကာ “ကောင်းပါပြီခင်ဗျာ၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးကြပါဦး” ဟု ဆိုသည်။

၎င်းတို့သည် ဒုတိယထပ်သို့ တက်လာခဲ့ကြပြီး အိမ်ရှင်က ဘေးချင်းကပ် အခန်းနှစ်ခန်းကို ပေးအပ်ပြီးနောက် အောက်ထပ်သို့ အလောတကြီး ပြန်ဆင်းသွားတော့သည်။

“တကယ် ထူးဆန်းတာပဲ၊ တည်းခိုခန်းမှာ ဝေယျာဝစ္စလုပ်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး၊ အားလုံးကို တည်းခိုခန်းပိုင်ရှင် ကိုယ်တိုင်ပဲ လုပ်နေတာလား”

မေက ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြရင်း သူ၏ ဝိညာဉ်စွမ်းအားကို အပြင်သို့ ဖြန့်ကြက်ကြည့်လိုက်ရာ မကြာမီမှာပင် တည်းခိုခန်းပိုင်ရှင်က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည်။

“အလုပ်သမားတွေ မရှိရုံတင်မကဘူး၊ အိမ်ရှင်ကိုယ်တိုင်က မီးဖိုချောင်မင်းကြီးလည်း ဖြစ်နေတာပဲ”

ချင်ယွမ်ဖုန်းက မတတ်နိုင်သည့်အလား ခေါင်းကို ရမ်းရင်း ပြောလိုက်သည်။

“ဒီမြို့မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ မသိဘူးနော်”

မေက မျက်မှောင်ကြုတ်ကာ ဆိုသည်။

“ပြောရခက်တယ်၊ အရေးကြီးတဲ့ ကိစ္စတစ်ခုခုတော့ ရှိရမယ်”

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာဖြင့်ပင် ဆက်ပြောသည်မှာ “ဒါပေမဲ့ ငါတို့တွေက အခုထိ ဦးချိုကျိုးတွေ ဖြစ်နေတုန်းပဲ၊ ဒါက ကာရီမြို့ မဟုတ်ဘူး၊ ဦးချိုကျိုးတွေအပေါ် သိပ်ပြီး လိုက်လျောညီထွေရှိလှတာ မဟုတ်ဘူးနော်”

“ညီမအနေနဲ့ ဦးချိုကျိုးဖြစ်နေရတဲ့ အဆင့်အတန်းကို မုန်းတီးတာမျိုး မဟုတ်သလို၊ ဟိုမျိုးရိုးမြင့် မင်းစိုးရာဇာတွေကို သဘောကျတာလည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ ဦးချို အကောင်းအတိုင်း ရှိနေရင်တော့ တို့တွေ သွားလာလှုပ်ရှားရတာ ပိုပြီး လွယ်ကူတာပေါ့”

မေက ဆိုသည်။

လမ်းခရီးတစ်လျှောက်တွင် ၎င်းတို့၌ ဦးချိုများ မရှိကြသဖြင့် အေးစက်စက် အကြည့်များစွာနှင့် ရင်ဆိုင်ခဲ့ရပြီး အချို့လူများကမူ ဆုလာဘ်ငွေကြေးနှင့် လဲလှယ်ရန် ကျွန်ပိုင်ရှင်များထံ တိုက်ရိုက် တိုင်ကြားခဲ့ကြသေးသည်။

ချင်ယွမ်ဖုန်း ခဏမျှ စဉ်းစားမိသွားသည်။ သူသည် မေအတွက် ဦးချိုနှစ်ဖက်ကို ပြန်လည်ဆက်ပေးချင်ခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခုအခါတွင် ဤကိစ္စကို နှောင့်နှေးကြန့်ကြာနေ၍ မဖြစ်တော့ချေ။

ချင်ယွမ်ဖုန်းသည် မင်းသားကာရီကို သတ်ဖြတ်စဉ်က မင်းသားကာရီ၏ အသိဉာဏ်မှတ်ဉာဏ်များထဲတွင် ပြတ်တောက်သွားသော ဦးချိုကို မည်သို့ ပြန်လည်ဆက်ရမည်နည်းဆိုသည်ကို မြင်တွေ့ခဲ့ရသည်။

၎င်းမှာ အလွန်တန်ဖိုးကြီးမားသော ပစ္စည်းများကို လိုအပ်သည့် လျှို့ဝှက်ဆန်းကြယ်သော အခမ်းအနားတစ်ခု ဖြစ်သည်။

သို့သော်လည်း ထိုမိသားစု၏ ရတနာတိုက်တော်နှင့် အရာခပ်သိမ်းသည် အနီရောင် ပုံဆောင်ခဲ၏ စွမ်းအားကြောင့် ပျက်စီးသွားခဲ့ရသဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် ဘာမျှ မရရှိခဲ့ချေ။

သိရှိထားသည်မှာ ထိုတန်ဖိုးကြီးပစ္စည်းများသည် အလွန်ထွက်နှုန်းနည်းပါးပြီး မင်းသားများထံတွင်သာ ရှိတတ်ကာ မင်းသားကလည်း သူ၏ လက်အောက်ခံ မျိုးရိုးမြင့် မင်းစိုးရာဇာများထဲမှ ရင်းနှီးယုံကြည်ရသူများကိုသာ ဆုလာဘ်အဖြစ် ပေးသနားတတ်ခြင်း ဖြစ်သည်။

သို့သော် ချင်ယွမ်ဖုန်းသည် လမ်းခရီးတစ်လျှောက်တွင် ရှာမတွေ့ခဲ့ချေ။

မကြာမီမှာပင် တည်းခိုခန်းပိုင်ရှင်က စားစရာများကို သယ်ဆောင်လာပြီး ချင်ယွမ်ဖုန်း၏ အခန်းထဲသို့ ယူဆောင်လာပေးသည်။

“သခင်လေးတို့၊ ပူပူနွေးနွေးလေး သုံးဆောင်ပါဦးခင်ဗျာ၊ ကျွန်တော် နောက်ထပ် ဟင်းပွဲအချို့ကို သွားချက်ပေးပါဦးမယ်”

တည်းခိုခန်းပိုင်ရှင်က အားနာဟန်ဖြင့် ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းကို ရမ်းလိုက်ရင်း အဆင့်မြင့် မိစ္ဆာကျောက်တုံးတစ်တုံးကို တည်းခိုခန်းပိုင်ရှင်ထံသို့ ပစ်ပေးလိုက်ကာ “မလိုတော့ပါဘူး၊ ဒါတင် အလုံအလောက် ဖြစ်ပါပြီ” ဟု ဆိုသည်။

“ဒါနဲ့ ဆရာကြီး၊ မြို့ထဲမှာ တစ်ခုခု ထူးဆန်းနေသလိုပဲနော်၊ တို့တွေက တခြားနေရာကနေ လာကြတာမို့လို့ပါ၊ မြို့ထဲမှာ တစ်ခုခု ဖြစ်ပွားခဲ့လို့လား”

မေက မေးလိုက်သည်။

ဤမေးခွန်းကို ကြားသောအခါ တည်းခိုခန်းပိုင်ရှင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး “မိတ်ဆွေတို့ မသိလို့ပါ၊ ငါတို့တွေရဲ့ ဟောမြို့တော်မှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ ကိစ္စကြီး တစ်ခု ဖြစ်ပျက်ခဲ့လို့ပါဗျာ” ဟု ပြောရှာသည်။

“လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြို့ထဲမှာ ထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်၊ ကလေးတစ်ယောက် လမ်းပေါ်မှာ ကစားနေရင်းနဲ့ ရုတ်တရက်ကြီး ပျောက်ဆုံးသွားခဲ့တယ်၊ မြို့ထဲက သိုင်းပညာရှင်တွေနဲ့ အရပ်သားတွေက ဝိုင်းဝန်းကူညီ ရှာဖွေပေးခဲ့ကြပေမဲ့ ဘာရလဒ်မှ မရှိခဲ့ဘူး”

“အဲဒီနောက်ပိုင်း ပျောက်ဆုံးသွားတဲ့ ကလေးအရေအတွက်က ပိုပြီး များပြားလာသလို ပိုပြီးတော့လည်း စိတ်ချောက်ချားစရာ ကောင်းလာခဲ့တယ်၊ ဒီကလေးတွေ ဘယ်ကို ရောက်သွားမှန်းတောင် ဘယ်သူမှ မသိကြဘူးဗျာ၊ သက်ပြင်းပဲ ချရတော့တာပေါ့”

တည်းခိုခန်းပိုင်ရှင်က သက်ပြင်း ထပ်မံချလိုက်ရင်း ဆက်ပြောသည်မှာ “ဒါကြောင့်မို့လို့ ဘေးအန္တရာယ်ကနေ ကင်းဝေးအောင် မြို့ထဲက လူတွေဟာ တစ်ယောက်ပြီးတစ်ယောက် ဟောမြို့တော်ကနေ စွန့်ခွာသွားကြတော့တာပေါ့၊ ငါတို့တည်းခိုခန်းက စားဖိုမှူးကြီးတောင် ထွက်သွားပြီလေ၊ မြို့ထဲက အရောင်းအဝယ် လုပ်ငန်းအားလုံးလည်း အထိနာကုန်ကြတာပေါ့”

နေ့ခင်းဘက်တွင် ဟောမြို့တော်၌ လူအလွန်နည်းပါးနေပြီး အားလုံးက အသက်မဲ့နေသကဲ့သို့ ဖြစ်နေရခြင်းမှာ အံ့ဩစရာ မရှိတော့ချေ။

“ကလေးတွေ ပျောက်ဆုံးနေတာလား”

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်မိပြီး ဤကိစ္စက ထင်သလောက် မရိုးရှင်းနိုင်ကြောင်း အာရုံခံမိလိုက်လေတော့သည်။

“ကဲပါလေ၊ သခင်လေးတို့ အစားအသောက် ပျက်မှာစိုးလို့ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး၊ လိုအပ်တာရှိရင် ခေါ်လိုက်ပါဗျာ”

တည်းခိုခန်းပိုင်ရှင်က မိစ္ဆာကျောက်တုံးကို သိမ်းဆည်းလိုက်ပြီး အခန်းထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွားတော့သည်။

All Chapters