အခန်း ၈၀၃
Vol. 39 Ch. 803
အခန်း(၈၀၃) စေးကပ်သော ကော်ရည်
“ဒါပေမဲ့ စိတ်မကောင်းစရာကောင်းတာကတော့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ အဲဒီစစ်သည်အဖွဲ့က လူခုနစ်ယောက်စလုံး အဲဒီမကောင်းဆိုးဝါးဆိုးရဲ့ လက်ချက်နဲ့တင် အသက်ပျောက်ခဲ့ကြရရှာတယ်၊ ငါတို့ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်သွားတဲ့အချိန်မှာတော့ အသက်ငင်နေတဲ့ စစ်သည်တစ်ယောက်က ဒါဟာ မကောင်းဆိုးဝါးကြီးတစ်ကောင်ပဲလို့ အားယူပြောပြီး ကွယ်လွန်သွားခဲ့တာပဲ”
တာရင်က ဝမ်းနည်းပူဆွေးသော လေသံဖြင့် ပြောပြလေသည်။
“အဲဒီနောက်ရော၊ အဲဒီမကောင်းဆိုးဝါးနဲ့ ထပ်ပြီး တိုးမိကြသေးလား”
မေက ချက်ချင်းပင် လှမ်း၍ မေးမြန်းလိုက်၏။
တာရင်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း—
“အဲဒီအချိန်ကစပြီး အဲဒီမကောင်းဆိုးဝါးဟာ ပိုပြီးတော့ သတိကြီးကြီးထားလာပုံရတယ်၊ စစ်သည်တွေရဲ့ ရှေ့မှောက်ကို ဘယ်တော့မှ ထပ်ပြီး ပေါ်မလာတော့ဘူး၊ ဒါပေမဲ့ သာမန်အရပ်သား အတော်များများကတော့ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ အသက်ပေးခဲ့ကြရတာပဲ”
“အရင်တုန်းကလည်း မင်းသားတစ်ပါး စေလွှတ်လိုက်တဲ့ စစ်သည်တစ်ယောက် ရောက်လာဖူးသေးတယ်၊ သူက ငါ့ထက်တောင် ပညာရပ် ပိုပြီး မြင့်မားသေးတာ၊ ဒါပေမဲ့ သူလည်း အဲဒီမကောင်းဆိုးဝါးကို ရှာမတွေ့ခဲ့တာနဲ့ပဲ ဒီကိစ္စကို ဒီအတိုင်း ပစ်ထားလိုက်ရတာပေါ့”
“ကောင်းပြီလေ၊ ငါ နားလည်ပါပြီ”
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ အနည်းဆုံးတော့ တာရင်သည် ဤကိစ္စတွင် အမှန်တကယ် စိတ်ရောကိုယ်ပါ ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ရှာမတွေ့ခဲ့ခြင်းသာ ဖြစ်ပေသည်။
တာရင်ထက် ပညာရပ် ပိုမိုမြင့်မားသည်ဆိုသော ထိုစစ်သည်တော်သည် ပဉ္စမအဆင့်မှ အဋ္ဌမအဆင့်အတွင်းရှိ ဘိုးဘေးနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်တန်ရာသည်ဟု ချင်ယွမ်ဖုန်းက ခန့်မှန်းလိုက်မိပြီး ထိုမကောင်းဆိုးဝါး၏ အစွမ်းမှာလည်း ထိုအဆင့်အတန်းအတွင်း၌သာ ရှိပေလိမ့်မည်။
ထို့ကြောင့်သာလျှင် ထိုစစ်သည်တော်၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် ကုလားထိုင်ထက်မှ ထရပ်လိုက်ရာ ထွက်ခွာတော့မည့် အမူအရာ ရှိပေသည်။
တာရင်သည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်မိ၏။
မိမိရှေ့မှ လူများသည် မိမိကို မျက်စိတစ်မှိတ်အတွင်း အသက်ပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိသည်ကို သူ အကြွင်းမဲ့ ယုံကြည်နေသဖြင့် ၎င်းတို့က မိမိအား ဘေးအန္တရာယ် မပြုသည်ကို မြင်ရသောအခါမှသာ စိတ်အနည်းငယ် အေးသွားရတော့သည်။
သို့သော်လည်း တစ်ဆက်တည်းမှာပင် သူသည် တွေးတောမရ ဖြစ်သွားရပြန်သည်။ ဤမျှ အစွမ်းထက်လှသော ပုဂ္ဂိုလ်ထူးသည် မိစ္ဆာနယ်မြေအတွင်းသို့ ဘယ်အချိန်က ရောက်ရှိလာသနည်း၊ ထို့ပြင် သူ၏အနားတွင်လည်း အမျိုးသမီးတစ်ဦး ပါဝင်နေသေးသည်။
“ဒါနဲ့... နောက်ထပ် မေးစရာတစ်ခု ရှိသေးတယ်၊ မင်းဆီမှာ ‘ချည်နှောင်ချည်မျှင်’ ရှိလား”
ချင်ယွမ်ဖုန်းက ရုတ်တရက် လှမ်း၍ မေးလိုက်၏။
တာရင်သည် ဆတ်ခနဲ တုန်သွားပြီး ဝတ်ရုံနက်ဝတ်ဆင်ထားသူ နှစ်ဦးကို ဝေခွဲမရသော မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်မိသည်။
ချည်နှောင်ချည်မျှင်ဟူသည် အလွန်တရာ အဖိုးတန်လှသော ရတနာပစ္စည်းဖြစ်သော်လည်း ယင်း၏ အသုံးဝင်ပုံမှာ အလွန် အကန့်အသတ် ရှိလှပေရာ ကျိုးပဲ့သွားသော ဦးချိုများကို ပြန်လည်ဆက်စပ်သည့် နေရာတွင်သာ တစ်ခုတည်းသော အသုံးချမှု ရှိပေသည်။
သို့ဆိုလျှင် မိမိရှေ့မှ လူနှစ်ယောက်သည် မကြာသေးမီက ဦးချိုကျိုးသွားခဲ့သည့်သူများ ဖြစ်နေကြသလော။
“ဦးချိုကျိုးတာ ဟုတ်လား၊ ဒါဆို မကြာသေးမီက ‘မိစ္ဆာ’ လို့ အမည်ပြောင်ပေးထားတဲ့သူများ ဖြစ်နေမလား၊ သူ့ရဲ့ဘေးမှာ အမြဲတမ်း လှပတဲ့ အမျိုးသမီးတစ်ယောက် ပါနေတတ်တယ်လို့ ငါ ကြားဖူးတယ်”
တာရင်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရတော့သည်။
ထိုမိစ္ဆာသည် ကျေးကျွန်ပိုင်ရှင်များ၊ မှူးမတ်မျိုးနွယ်များနှင့် မြို့စားမင်း အမြောက်အမြားကို သုတ်သင်ခဲ့သူ ဖြစ်ရုံမျှမက ကာမဂုဏ်ဘုရင် ကွယ်လွန်ခဲ့ရသည့် ကိစ္စတွင်လည်း ပတ်သက်မှု ရှိနေသည်မဟုတ်လော။
“ရှိပါတယ်၊ အရင်တုန်းက ငါ မသေမျိုးဘုရင်ဆီကနေ နှစ်စုံ တောင်းခံထားတာ ရှိတယ်၊ အခုတော့ ငါ့ရဲ့ ဘဏ္ဍာတိုက်ထဲမှာ သိမ်းဆည်းထားတာပေါ့၊ အသုံးပြုဖို့ အခွင့်အရေး မကြုံသေးလို့ပါ”
တာရင်က ပျာပျာသလဲပင် ပြောလိုက်ရ၏။ သူသည် မိစ္ဆာ၏ လက်ချက်ဖြင့် အသက်ပျောက်ရမည့် နောက်ထပ် မြို့စားမင်းတစ်ယောက် မဖြစ်ချင်ပေ။
“ငါတို့ကို အဲဒီနေရာကို ခေါ်သွားစမ်း”
ချင်ယွမ်ဖုန်းက ရင်ထဲမှ ဝမ်းသာအားရဖြစ်မှုကို ထိန်းချုပ်ရင်း အမိန့်ပေးလိုက်သည်။
တာရင်က ခေါင်းညိတ်ပြလိုက်ပြီး ချင်ယွမ်ဖုန်း၊ မေတို့နှင့်အတူ စာကြည့်ခန်းအတွင်းမှ ထွက်ခွာခဲ့ကြလေသည်။
အပြင်ဘက်တွင် ကင်းစောင့်နေကြသော စစ်သည်များသည် တာရင်နှင့်အတူ ဝတ်ရုံနက်ဝတ်ဆင်ထားသူ နှစ်ဦး ပါလာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြပြီး ဤလူနှစ်ယောက်သည် မြို့စားမင်းအိမ်တော်အတွင်းသို့ မည်သည့်အချိန်က ဝင်ရောက်သွားကြသည်ကို တွေးတောမရ ဖြစ်နေကြတော့သည်။
သို့သော်လည်း မြို့စားမင်း တာရင်၏ အမူအရာမှာ ထူးခြားမှုမရှိဘဲ တည်ငြိမ်နေသဖြင့် ၎င်းတို့အနက် မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ။
မကြာမီအချိန်၌ ၎င်းတို့သည် မြို့စားမင်းအိမ်တော်၏ နောက်ကွယ်ရှိ နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။
ဤနေရာတွင် စစ်သည်အမြောက်အမြား ရှိနေပြီး ကာကွယ်ရေးစနစ်မှာလည်း မြို့စားမင်းအိမ်တော်ထက်များစွာ ပိုမိုတင်းကျပ်လှပေသည်။
အမှန်စင်စစ်အားဖြင့် ဘဏ္ဍာစည်းစိမ်ဟူသည် အရေးအကြီးဆုံးအရာ မဟုတ်လော။
တာရင် ရောက်ရှိလာသည်ကို မြင်သောအခါ ကင်းစောင့်စစ်သည်များသည် လမ်းဖယ်ပေးကြပြီး ချင်ယွမ်ဖုန်းနှင့် မေတို့သည် တာရင်၏ နောက်မှ လိုက်ပါ၍ ဘဏ္ဍာတိုက်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
မြို့စားမင်းတစ်ယောက်၏ ဘဏ္ဍာတိုက်ပီပီ ရတနာပစ္စည်းများမှာ တကယ့်ကို စုံလင်ပြည့်စုံလှပေသည်။
အတ္တကြီးပြီး ရက်စက်ကြမ်းကြုတ်လှသော ဘတ်ခ်နှင့် နှိုင်းယှဉ်၍မရသော်လည်း အခြားသော မှူးမတ်မျိုးနွယ်ကြီးများ၏ ဘဏ္ဍာတိုက်ထက်မူ များစွာ ပိုမိုကြွယ်ဝလှပေသည်။
ချင်ယွမ်ဖုန်းသည် လမ်းခရီးတစ်လျှောက်တွင် မှူးမတ်များနှင့် ကျေးကျွန်ပိုင်ရှင် အမြောက်အမြားကို သုတ်သင်ခဲ့ပြီး ရရှိသမျှ စည်းစိမ်ချမ်းသာများကို ဆင်းရဲသားများအားလုံးကို ဝေငှပေးခဲ့ဖူးသဖြင့် ဘဏ္ဍာတိုက်အမြောက်အမြားကို မြင်တွေ့ဖူးပြီး ဖြစ်ပေသည်။
“ဒါက ချည်နှောင်ချည်မျှင်ပါပဲ”
တာရင်သည် ဘဏ္ဍာတိုက်အတွင်းသို့ သွက်သွက်လက်လက် ဝင်ရောက်သွားပြီး ရတနာပုံများထဲမှ သစ်သားသေတ္တာ နှစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုသစ်သားသေတ္တာများထဲတွင် ချည်နှောင်ချည်မျှင်အပြင် အခြားသော ပစ္စည်းအချို့လည်း ပါရှိနေသေးသည်။
ဤအရာများသည် ကျိုးပဲ့နေသော ဦးချိုကို ပြန်လည်ဆက်စပ်ရန် လိုအပ်သည့် ပစ္စည်းများဖြစ်ကြပေရာ ယခုအခါတွင် ချင်ယွမ်ဖုန်းအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှာဖွေနေရန် မလိုအပ်တော့ပေ။
“ကျိုးသွားတဲ့ ဦးချိုကို ဘယ်လိုမျိုး ပြန်ဆက်ရမှာလဲ”
ချင်ယွမ်ဖုန်းက သစ်သားသေတ္တာကို ယူဆောင်၍ သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းလိုက်ပြီးနောက် မေးမြန်းလိုက်သည်။
“ဒီပစ္စည်းတွေက စေးကပ်တဲ့ ကော်ရည်တွေပါပဲ၊ အဆင့်ဆင့် ကျိုချက်ပြီးတဲ့နောက်မှာတော့ ကျိုးပဲ့နေတဲ့ ဦးချိုတွေကို ပြန်လည်ဆက်စပ်ဖို့ အသုံးပြုနိုင်ပါတယ်၊ အဲဒီလို ဆက်စပ်ပြီးရင်တော့ ရလာတဲ့ အဆစ်က ပိုပြီးတော့ ခိုင်မာသွားပြီး နောက်ထပ် ကျိုးပဲ့ဖို့ မလွယ်ကူတော့ပါဘူး”
တာရင်က ရိုးသားစွာပင် ရှင်းပြလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်၏။ မင်းသားကာရီ၏ စိတ်အမှတ်သညာထဲတွင် သူ မြင်တွေ့ခဲ့ရသော အခမ်းအနားများဟူသည် ဤပစ္စည်းများကို ကျိုချက်ရန်အတွက်သာ ဖြစ်ကြောင်း သူ သဘောပေါက်သွားတော့သည်။
အစောပိုင်းကမူ သူသည် တစ်စုံတခုသော ဆန်းကြယ်လှသည့် ကျင့်စဉ်ပညာရပ်များ လိုအပ်သည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်ပေသည်။
“ဪ... ဒါနဲ့”
ချင်ယွမ်ဖုန်းက ရုတ်တရက် အရေးကြီးသော မေးခွန်းတစ်ခုကို သတိရသွားပြီး—
“မင်းဆီမှာ ကျိုးပဲ့နေတဲ့ ဦးချိုတွေ ရှိသေးလား”
ထိုစကားကို ကြားသောအခါ တာရင်သည် အံ့အားသင့်သွားရပြန်သည်။
မိမိရှေ့မှ လူနှစ်ယောက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဦးချိုများ ပျောက်ဆုံးနေခဲ့ကြသဖြင့် ချန်ထားခဲ့မိမည့် ဦးချိုများ ရှိနိုင်မည်မဟုတ်ကြောင်း ရုတ်တရက် တွေးမိသွားကာ ခေါင်းကို အမြန်ပင် ညိတ်ပြလိုက်ပြီး ဘဏ္ဍာတိုက်အတွင်း လိုက်လံရှာဖွေကာ ကျိုးပဲ့နေသော ဦးချိုလေးခုကို ထုတ်ပေးလိုက်လေသည်။
ချင်ယွမ်ဖုန်းက ကျေနပ် အားရသော မျက်နှာပေးဖြင့် ခေါင်းညိတ်လိုက်ရင်း—
“ကောင်းပြီလေ၊ မင်းက ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ခဲ့တာပဲ၊ ဒီတစ်ကြိမ်တော့ မင်းကို ဘေးအန္တရာယ်မပြုဖို့ ငါ ဆုံးဖြတ်လိုက်မယ်၊ ဒါပေမဲ့ ဘဏ္ဍာတိုက်ထဲက ပစ္စည်းတွေကိုတော့ အဲဒီလူသတ်သမားကို ရှာဖွေပေးမယ့် အဖိုးအခအဖြစ် ငါ ယူဆောင်သွားရလိမ့်မယ်”
တာရင်သည် ချွေးစေးများ ပြန်လာရပြီး ခေါင်းကို အမြန်ပင် ညိတ်ပြလိုက်ရရှာသည်၊ မည်သို့လျှင် ငြင်းဆန်ရဲပါအံ့နည်း။
မကြာမီအချိန်၌ ချင်ယွမ်ဖုန်းနှင့် မေတို့သည် ကြီးမားလှသော ဘဏ္ဍာတိုက်ကြီးတစ်ခုလုံးကို ပြောင်စင်အောင် သိမ်းဆည်းကာ ထွက်ခွာသွားကြတော့သည်။
“ဟူး...”
ချင်ယွမ်ဖုန်းနှင့် မေတို့ အမှန်တကယ်ပင် ထွက်ခွာသွားကြောင်း အတည်ပြုပြီးနောက်တွင်မှ တာရင်သည် သက်ပြင်းတစ်ချက်ကို အဝဝ ချနိုင်တော့သည်။
“တကယ်လို့ သူတို့တွေ အဲဒီမကောင်းဆိုးဝါးကို အမှန်တကယ် သုတ်သင်နိုင်မယ်ဆိုရင်တော့ ငါ့ဘက်က ဆုံးရှုံးရတာလည်း တန်ပါတယ်၊ အနည်းဆုံးတော့ ငါ မြို့စားမင်းအဖြစ် ဆက်ရှိနေနိုင်ပြီး နောက်ထပ် ရတနာပစ္စည်းတွေကို ပိုပြီးတော့ စုဆောင်းလို့ရတာပေါ့”
တာရင်သည် ဤကိစ္စကို သဘာဝကျကျပင် တွေးတောလိုက်တော့သည်။
အဓိကအကြောင်းအရင်းမှာ ချင်ယွမ်ဖုန်းသည် တာရင်၌ လွန်ကဲလှသော ရက်စက်ယုတ်မာမှုမျိုး ရှိမနေကြောင်း သတိပြုမိခဲ့ခြင်းကြောင့် ဖြစ်ပေသည်၊ သို့မဟုတ်ပါက ရတနာပစ္စည်းများကိုသာမက တာရင်၏ အသက်ကိုပါ တစ်ပါးတည်း နုတ်ယူသွားခဲ့မည် ဖြစ်ပေသည်။
မြို့စားမင်းအိမ်တော်မှ ထွက်ခွာလာပြီးနောက် ချင်ယွမ်ဖုန်းသည် တာရင်တစ်ယောက် သတင်းများ ချက်ချင်း ပေးပို့လိမ့်မည်ကို စိုးရိမ်သဖြင့် မိမိ၏ ဝိညာဉ်စွမ်းအားကို အဆုံးစွန်အထိ ဖြန့်ကြက်ထားလိုက်၏။
ကြာမြင့်စွာ အကဲခတ်ပြီးနောက်တွင်မူ တာရင်သည် မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ အိပ်ဆောင်ဆီသို့ ပြန်လည်၍ အိပ်စက်သွားကြောင်း တွေ့ရှိရသဖြင့် သူ၏ရင်ထဲ၌ စိတ်အေးသွားရတော့သည်။
ဤတာရင်ဟူသောသူသည် အခြေအနေကို ကောင်းမွန်စွာ နားလည်တတ်သူဖြစ်ပုံရသည်။ အကယ်၍ မကောင်းဆိုးဝါးကြီး၏ ပြဿနာကို မဖြေရှင်းနိုင်ပါက သူသည် မြို့စားမင်းအဖြစ် ဆက်လက်တည်ရှိနေရန် မလွယ်ကူပေ၊ ယခုအခါတွင် တစ်စုံတစ်ဦးက ဤအမှုကို ကူညီဖြေရှင်းပေးမည်ဖြစ်ရာ သူသည် အမှန်စင်စစ်အားဖြင့် ဝမ်းမြောက်နေရခြင်း ဖြစ်ပေသည်။
“သွားကြစို့၊ အားလုံး အဆင်ပြေသွားပြီ”
ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုလိုက်သည်။
မေက ခေါင်းညိတ်လိုက်ရင်း
“ ဒီည ဆက်ပြီးတော့ မရှာတော့ဘူးလား”
“အရင်ဆုံး ပြန်ပြီးတော့ ငါတို့ရဲ့ ဦးချိုတွေကို ပြန်ဆက်ကြတာပေါ့၊ ဒါဆိုရင် အရာရာက ပိုပြီးတော့ အဆင်ပြေသွားလိမ့်မယ်”
ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။
သို့သော်လည်း သူသည် မိမိ၏ ဝိညာဉ်စွမ်းအားကို ပြန်လည်ရုပ်သိမ်းတော့မည့် အခိုက်အတန့်တွင် မိမိတို့နှင့် လမ်းအနည်းငယ်မျှသာ ကွာဝေးသော နေရာ၌ တစ်စုံတစ်ဦးက မိမိတို့ရှိရာဘက်သို့ စိုက်ကြည့်နေကြောင်း ရုတ်တရက် အာရုံခံမိသွားတော့သည်။
ချင်ယွမ်ဖုန်းသည် ဝိညာဉ်စွမ်းအားကို ထိုနေရာဆီသို့ ချက်ချင်း ဖြန့်ကြက်လိုက်သော်လည်း ထိုသူသည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရကာ ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအား အာရုံခံနယ်ပယ်အတွင်းမှ လျင်မြန်စွာ ရုန်းထွက်၍ ပျောက်ကွယ်သွားတော့သည်။
ချင်ယွမ်ဖုန်းနှင့် မေတို့ ထိုနေရာဆီသို့ သွက်သွက်လက်လက် လိုက်ပါသွားချိန်တွင်မူ မည်သည့်ခြေရာလက်ရာမျှ ကျန်ရစ်ခြင်း မရှိတော့ပေ။
“တကယ့်ကို ထူးဆန်းတာပဲ”
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
“အကိုဖုန်း... ဘာဖြစ်လို့လဲ၊ အဲဒီမကောင်းဆိုးဝါးကို တွေ့လိုက်တာလား”
မေက လှမ်း၍ မေးမြန်းသည်။
ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ရင်း
“မဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့ မြို့စားမင်းအိမ်တော်မှာ ရှိနေတုန်းကတည်းက ဒီလူ့ကို ငါ သတိထားမိခဲ့တာ၊ သူက မြို့စားမင်းအိမ်တော်ရှိရာဘက်ကို စိုက်ကြည့်နေခဲ့တာမို့ ငါ အများကြီး မတွေးခဲ့မိဘူး၊ ဒါပေမဲ့ ငါတို့ အပြင်ကို ထွက်လာတဲ့အခါမှာတော့ သူက ငါတို့ရှိရာဘက်ကို လှမ်းကြည့်နေပြန်တယ်၊ ဒါဟာ ငါတို့ကို စောင့်ကြည့်နေတာပဲ ဖြစ်ရမယ်”