အခန်း ၈၀၄
Vol. 39 Ch. 804
အခန်း(၈၀၄) ပိုင်
မေက ထိတ်လန့်တုန်လှုပ်စွာဖြင့် “ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အကွာအဝေးက ဒီလောက်တောင် ဝေးလှတာကို” ဟု ဆိုလေသည်။
“ဒါကိုပဲ ငါလည်း စဉ်းစားရကျပ်နေတာ” ချင်ယွမ်ဖုန်းက မျက်မှောင်ကုတ်လျက် “ဘာပဲဖြစ်ဖြစ် အရင်ဆုံး ပြန်ကြရအောင်” ဟု ဆို၏။
ထိုသူနှစ်ဦးသည် တည်းခိုခန်းသို့ ပြန်လာခဲ့ကြပြီးနောက် မိမိတို့အခန်းဆီသို့ ခပ်သွက်သွက်ပင် ဝင်ခဲ့ကြချေသည်။
ချင်ယွမ်ဖုန်းသည် တာရင်ထံမှ ရရှိခဲ့သော ချည်နှောင်ချည်မျှင်နှင့် အခြားသောပစ္စည်းများကို ထုတ်ယူရင်း “မင်း အဆင်သင့်ဖြစ်ပြီလား” ဟု မေးလိုက်သည်။
မေသည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချကာ ခေါင်းငြိမ့်ပြလျက် “အဆင်သင့်ပါပဲ” ဟု ဆိုလေ၏။
ချင်ယွမ်ဖုန်းသည် ဆေးဖော်စပ်ရန်ပစ္စည်း နှစ်စုံလုံးကို ထုတ်ယူလိုက်ပြီးနောက် သူ၏ နဂါးဖမ်းဆေးမီးဖိုကို ဆွဲထုတ်ကာ ပစ္စည်းအားလုံးကို အတွင်းသို့ ထည့်သွင်းလိုက်ချေသည်။
ယခုတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် ယခင်က ဆေးလုံးများ ဖော်စပ်စဉ်ကကဲ့သို့ ပေါ့ပေါ့ဆဆ သဘောထားမျိုး မဟုတ်ဘဲ အလွန်ပင် တည်ကြည်လေးနက်နေပုံရပေသည်။
သူသည် ပစ္စည်းအားလုံး လုံးဝ အရည်ပျော်သွားသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း မီးလျှံ၏ အပူချိန်ကို ဂရုတစိုက် ထိန်းညှိနေလေ၏။
ခဏမျှ စောင့်ဆိုင်းပြီးနောက်တွင်မူ ဆေးဖော်စပ်ရန်ပစ္စည်းများ အားလုံး အရည်ပျော်သွားပြီး နို့ရည်ကဲ့သို့ ဖြူဖွေးနေသောအရာဝတ္ထု အရည်အဖြစ်သို့ တဖြည်းဖြည်းချင်း အသွင်ပြောင်းကာ ရောနှောသွားသည်ကို ချင်ယွမ်ဖုန်း သတိပြုမိလိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် စိတ်ကျေနပ်မှု အတိုင်းအတာတစ်ခုအထိ ရရှိသွားကာ ဦးချိုကျိုး နှစ်ဖက်ကို မေ့ထံသို့ ကမ်းပေးလိုက်သည်။
မေသည် ဦးချိုကျိုးကို သူမ၏ ဦးခေါင်းထိပ်တွင် တင်ထားလိုက်ရာ ချင်ယွမ်ဖုန်းက ထိုဖြူဖွေးသော အရည်များ၏ တစ်ဝက်ကို မေ့ခေါင်းတစ်ခုလုံး လွှမ်းခြုံသွားစေရန် လမ်းညွှန်ထိန်းကျောင်းပေးလိုက်၏။
မကြာမီအချိန်အတွင်းမှာပင် ထိုဖြူဖွေးသောအရည်များသည် စတင်ခဲလာပြီး အမည်းရောင်သို့ ပြောင်းလဲသွားကာ အဆုံး၌ လုံးဝ တောင့်တင်းခိုင်မာသွားပေရာသည်။
မေသည် ပြန်လည်ကောင်းမွန်သွားသော ဦးချိုကို စမ်းသပ်ကိုင်တွယ်ကြည့်ရင်း ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ဝေစီသွားရချေသည်။
ဆက်စပ်ပေးလိုက်သော ဦးချိုကျိုးသည် သာမန်ဦးချိုနှင့် မခြားနားတော့သည်ကို မြင်လျှင် ချင်ယွမ်ဖုန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီးနောက် ကျန်ရှိနေသော ဦးချိုနှစ်ဖက်ကို ကိုင်ကာ သူ၏ဦးခေါင်းပေါ်တွင် တင်ထားရန် မေကို အချက်ပြလိုက်၏။
ကျန်ရှိနေသော စေးကပ်သည့် အရည်များကို သုတ်လိမ်းလိုက်ရာ ယင်းသည် တဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး ဦးချိုကို တဖြည်းဖြည်းချင်းပင် ပြန်လည် ပြည့်စုံသွားစေချေသည်။
အဆုံး၌ ချင်ယွမ်ဖုန်းနှင့် မေတို့ နှစ်ဦးစလုံးသည် မိမိတို့၏ ဦးချိုကျိုးများကို ပြန်လည်ဆက်စပ်နိုင်ခဲ့ကြသဖြင့် အလွန်ပင် စိတ်လှုပ်ရှားဝမ်းသာ သွားကြရပေသည်။
ယခုအချိန်မှစ၍ သူတို့သည် လမ်းမပေါ်၌ သွားလာလှုပ်ရှားသည့်အခါ ဝတ်ရုံရှည်များနှင့် ခေါင်းမြီးခြုံများကို ဆောင်းထားရန် မလိုတော့ပေ။
သို့ရာတွင် သူတို့၏ စိတ်လှုပ်ရှားမှုသည် ကြာရှည်မခံခဲ့ဘဲ အလွန်အမင်း ဝမ်းသာပီတိဖြစ်ရမည့် အခြေအနေမျိုးလည်း မဟုတ်ပေ။
ထိုသူနှစ်ဦးသည် လူသတ်သမားကို မည်သို့ မျှားထုတ်ရမည်၊ မည်သို့ ဖမ်းဆီးရမည်ကို စတင် ကြံဆ စဉ်းစားကြလေတော့သည်။
“တာရင်ဆီက ရခဲ့တဲ့ သတင်းအရဆိုရင် ဒီလူသတ်သမားက အလွန်ဉာဏ်များပြီး သတိကြီးတယ်၊ အန္တရာယ်ကိုလည်း ရှောင်ကွင်းနိုင်စွမ်းရှိတော့ ဖမ်းရဆွဲရတာ မလွယ်ဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆို၏။
“ဟုတ်တယ်၊ တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား” ဟု မေက မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းသည် သူတို့ ထွက်ခွာလာစဉ်က သူ၏ ဝိညာဉ်စွမ်းအားဖြင့် ထောက်လှမ်းမိခဲ့သော လူတစ်ယောက်ကို ပြန်လည် အမှတ်ရမိသွားချေသည်။
“ဒါနဲ့ စကားမစပ်၊ ကြည်လင်နီမြန်းတဲ့ ပုတီးစေ့တွေက တစ်ခုနဲ့တစ်ခု ဆွဲငင်နိုင်စွမ်း ရှိတယ်လို့ ငါ အရင်က ခန့်မှန်းခဲ့ဖူးတယ်၊ အဲဒီလူက ငါတို့ရှိတဲ့နေရာအတိအကျကို သိနေတာဟာ ဒီပုတီးစေ့တွေရဲ့ ဆွဲငင်မှုကြောင့်များ ဖြစ်နေမလား” ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ ရဲတင်းသော အတွေးတစ်ခု ဝင်လာချေသည်။
ယခင်ကလည်း ချင်ယွမ်ဖုန်းသည် အခြားသော ကြည်လင်နီမြန်းသည့် ပုတီးစေ့များကို လိုက်လံရှာဖွေရန် တိုက်တွန်းနေသကဲ့သို့ ထူးဆန်းသော ခေါ်သံခပ်ဖျော့ဖျော့ကို ခံစားခဲ့ရဖူးပေသည်။
ထိုခေါ်သံသည် ယခုတိုင် ရှိနေဆဲ ဖြစ်သော်လည်း တည်နေရာ အတိအကျကိုမူ ညွှန်ပြနိုင်ခြင်း မရှိတော့ပေ။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုကြည်လင်နီမြန်းသော ပုတီးစေ့ကို ရရှိရုံသာ ရှိသေးပြီး ယင်းကို သန့်စင်ရန် သို့မဟုတ် အသုံးပြုရန် မကြိုးစားရသေးပေ။
အကယ်၍ ယင်းကို သန့်စင်ပြီးပါက အခြားသော ပုတီးစေ့များ၏ တည်နေရာကို အတိအကျ သိရှိနိုင်ကောင်း သိရှိနိုင်ပေလိမ့်မည်။
မေပင်လျှင် ခေါင်းငြိမ့်ပြကာ ယင်းသည် အလွန်ပင် ဖြစ်နိုင်ခြေရှိသည်ဟု ယူဆနေချေသည်။
ချင်ယွမ်ဖုန်းက ရုတ်တရက် ပြုံးလိုက်ရင်း “တစ်နည်းပြောရရင်တော့ အခု ငါတို့က အကြီးမားဆုံး ငါးစာ ဖြစ်နေပြီပေါ့” ဟု ဆို၏။
အချိန်သည် မိုးချုပ်လုနီးပြီ ဖြစ်သဖြင့် ချင်ယွမ်ဖုန်းက မေကို အနားယူရန် ပြောကြားလိုက်ပြီး မနက်ဖြန်ကျမှသာ သဲလွန်စများကို ဆက်လက် ရှာဖွေကြရန် ဆုံးဖြတ်လိုက်ကြသည်။
မိုးလင်းပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် တည်းခိုခန်း၌ တစ်ခုခုကို စားသောက်ပြီးနောက် တည်းခိုခန်းပိုင်ရှင်ထံ သွားရောက်ကာ အချို့သောအကြောင်းအရာများကို စုံစမ်းမေးမြန်းလေသည်။
“အသက်အရွယ် ရောက်ပြီးသား အမျိုးသားတစ်ယောက်၊ အာဟာရချို့တဲ့နေတဲ့ ပုံစံမျိုးနဲ့ အလွန်ပိန်ပြီး ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း စုတ်ပြတ်သတ်နေတယ်”
ချင်ယွမ်ဖုန်းသည် ယမန်နေ့က သူ၏ ဝိညာဉ်စွမ်းအားကို သုံး၍ မြင်တွေ့ခဲ့ရသော လူ၏ ပုံသဏ္ဌာန်ကို ဖော်ပြနေခြင်း ဖြစ်သော်လည်း ထိုလူသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး မျက်နှာကိုလည်း မမြင်ရတော့သဖြင့် ထိုမျှသာ ဖော်ပြနိုင်ခြင်း ဖြစ်ချေသည်။
တည်းခိုခန်းပိုင်ရှင်က ပြုံးလျက် “မိတ်ဆွေ၊ ဟောမြို့တော်မှာ ဒီလိုလူမျိုးတွေ အများကြီး ရှိပါတယ်” ဟု ဆို၏။ ယမန်နေ့က ထိုသူနှစ်ဦးစလုံး ခေါင်းမြီးခြုံများ ဆောင်းထားခဲ့ကြသော်လည်း ယခုမူ ခေါင်းမြီးခြုံများကို ချွတ်ပစ်ကာ သာမန်အဝတ်အစားများ ပြောင်းလဲဝတ်ဆင်ထားကြသဖြင့် သူသည် အနည်းငယ် အံ့အားသင့်နေမိချေသည်။
ထိုသူနှစ်ဦးတွင် ထူးထူးခြားခြား ထူးခြားမှုမျိုး မရှိဘဲ အမျိုးသားက အနည်းငယ် ပို၍ ခန့်ညားကာ အမျိုးသမီးက အနည်းငယ် ပို၍ လှပနေခြင်းသာ ရှိပေသည်။
“ဒီလိုလား” ချင်ယွမ်ဖုန်းက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။ ဤကဲ့သို့သော ဖော်ပြချက်မျိုးဖြင့်မူ ထိုလူကို ရှာဖွေရန် ခဲယဉ်းလိမ့်မည်ဟု သူက တွေးတောမိသောကြောင့် ဖြစ်ပေရာသည်။
“ဒါပေမဲ့ ခင်ဗျားပြောတဲ့ ပုံစံနဲ့ ကွက်တိတူတဲ့လူတစ်ယောက်တော့ ရှိတယ်၊ ဟောမြို့တော်ကလူတိုင်းလည်း သူ့ကို သိကြတယ်” ဟု တည်းခိုခန်းပိုင်ရှင်က ရုတ်တရက် ဆိုလာချေသည်။
“ဘယ်သူလဲ” ချင်ယွမ်ဖုန်းက အလျင်အမြန် မေးလိုက်၏။
“သူက ဟောမြို့တော်က ပိုင်လို့ခေါ်တဲ့ လူအ၊ လူရူးတစ်ယောက်ပဲ၊ ဒီမှာပဲ ကြီးပြင်းလာပြီး မိဘမဲ့အဖြစ်နဲ့ တောင်းရမ်းစားသောက်နေတာ၊ ဟောမြို့တော်က လူတွေက သူ့ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ကြည့်ပြီး မငတ်သေရုံတမယ် အစားအစာတွေ ပေးလေ့ရှိကြတယ်” ဟု တည်းခိုခန်းပိုင်ရှင်က ပြောပြလေသည်။
“အခု သူ ဘယ်မှာလဲ” ဟု မေက အလောတကြီး မေးမြန်းလိုက်သည်။
တည်းခိုခန်းပိုင်ရှင်က ခေါင်းခါပြလျက် “သူ့ကို မမြင်ရတာ တော်တော်ကြာပြီ၊ ဒါပေမဲ့ ဟောမြို့တော်က ဒီလောက်ကြီးတာပဲ၊ သူ တခြားတစ်နေရာရာမှာ ရှိနေတာလည်း မဆန်းပါဘူး၊ ဘာပဲဖြစ်ဖြစ် သူ့မှာ အိုးအိမ်မှ မရှိတာ” ဟု ဆို၏။
“ကောင်းပါပြီ၊ ငါ နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်” ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြကာ မေကိုခေါ်၍ တည်းခိုခန်းထဲမှ ထွက်ခွာခဲ့ကြလေသည်။
“ဒီပိုင်ဆိုတဲ့လူက အလွန် သံသယဖြစ်စရာကောင်းတယ်၊ ငယ်စဉ်ကတည်းက ဟောမြို့တော်မှာ နေထိုင်လာတဲ့ လူရူးတစ်ယောက်၊ သူတောင်းစားတစ်ယောက်ဆိုရင် လူတိုင်းက သူ့အပေါ် သတိလက်လွတ် ဖြစ်နေကြမှာ အသေအချာပဲ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆို၏။
“ဒါပေမဲ့ သူက ဟောမြို့တော်မှာ ကြီးပြင်းလာတာဆိုရင် ဘာဖြစ်လို့ လွန်ခဲ့တဲ့ သုံးနှစ်ကမှ မကောင်းမှုတွေကို စပြီး လုပ်လာရတာလဲ” ဟု မေက မေးလိုက်သည်။
“ဖြစ်နိုင်တာကတော့ သူလည်း လွန်ခဲ့တဲ့ သုံးနှစ်က ကြည်လင်နီမြန်းတဲ့ ပုတီးစေ့ကို ရရှိခဲ့ပြီး အဲဒီပုတီးစေ့က သူ့ရဲ့ စိတ်နေစိတ်ထားကို လွှမ်းမိုးကာ ကြီးမားတဲ့ စွမ်းအားတွေကို ပေးအပ်ခဲ့တာ နေမှာပေါ့” ချင်ယွမ်ဖုန်းက အေးစက်စွာ သုံးသပ်လိုက်ချေသည်။
ထို့နောက်တွင်မူ ချင်ယွမ်ဖုန်းနှင့် မေတို့သည် မြို့အတွင်း၌ ပိုင်ကို စတင်ရှာဖွေကြလေတော့သည်။
“လမ်းမပေါ်မှာ ဗြောင်ကျကျ လျှောက်သွားနိုင်တာ တကယ်ကို ကောင်းတာပဲ” မေက အနည်းငယ် ခံစားချက်ပါစွာဖြင့် ရေရွတ်လိုက်၏။ ဤအချိန်၌ သူမ၏ ဦးချိုကျိုးသည် ပြန်လည် ပြည့်စုံသွားပြီ ဖြစ်သဖြင့် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုတော့ပေ။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း “တကယ်လို့ သူတို့သာ မင်းကို ဖျက်ဆီးရေးဘုရင်ရဲ့ အပေါင်းအပါလို့ သိသွားရင် မင်းကို မြင်တာနဲ့တင် လန့်ပြေးကြလိမ့်မယ်” ဟု ဆို၏။
မေသည် ချင်ယွမ်ဖုန်း၏ စကားကြောင့် ရယ်မောမိသွားချေသည်။ လူအများအပြားသည် “ဖျက်ဆီးရေးဘုရင်” ဟူသော အမည်ပြောင်ကို သိကြသော်လည်း ဒုက္ခရောက်ခဲ့ဖူးသူများသာ ချင်ယွမ်ဖုန်း၏ ရုပ်သွင်အစစ်အမှန်ကို သိရှိကြပြီး ဤသတင်းမှာ အခြားသောနေရာများသို့ မပျံ့နှံ့သေးပေ။
သူတို့သည် လမ်းမများအတိုင်း ဦးတည်ချက်မရှိ လှည့်လည်သွားလာရင်း ဟောမြို့တော်ရှိ လူများကို ရံဖန်ရံခါ မေးမြန်းကြည့်ရာ ထိုနေရာရှိ လူတိုင်းသည် ပိုင်ဟုခေါ်သော လူရူးအကြောင်းကို အနည်းနှင့်အများ သိရှိကြကြောင်း တွေ့ရှိရပေသည်။
ထို့အပြင် သူတို့သည် အလွန်အရေးကြီးသော သတင်းအချက်အလက်တစ်ခုကိုလည်း သိရှိခဲ့ရသေးသည်။ ပိုင်သည် ရူးသွပ်နေပြီး ဉာဏ်ရည်မပြည့်မီသူ ဖြစ်သောကြောင့် ဆိုးသွမ်းသော ကလေးသူငယ်အများအပြားက သူ့ကို နှိပ်စက်ညှဉ်းပန်း ခဲ့ကြဖူးချေသည်။
“ဒါကြောင့်ပဲ ပိုင်က ကလေးတွေကိုပဲ သီးသန့် ပစ်မှတ်ထားနေတာလား” မေက ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။
“အလွန် ဖြစ်နိုင်ခြေရှိတယ်” ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လိုက်၏။
ထိုစဉ်မှာပင် လူရိပ်တစ်ခုသည် ချင်ယွမ်ဖုန်းတို့၏ နောက်ကျောဘက်မှ ဖြတ်ကျော်သွားချေသည်။
ဤအချိန်၌ ချင်ယွမ်ဖုန်းနှင့် မေတို့သည် လမ်းဘေးရှိလူကို မေးမြန်းပြီးခါစ ဖြစ်သဖြင့် လှည့်မကြည့်မိကြသေးပေ။
ထိုသူသည်လည်း ထိုနေရာ၌ တုံ့ဆိုင်းမနေဘဲ တည့်တည့်ပင် ဖြတ်လျှောက်သွားခဲ့သည်။
ချင်ယွမ်ဖုန်းသည် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို သတိပြုမိသွားကာ ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး ထိုလူရိပ် တဖြည်းဖြည်းချင်း ထွက်ခွာသွားသည်ကို စောင့်ကြည့်နေမိချေသည်။
“ဖုန်း၊ ဘာဖြစ်လို့လဲ၊ သိတဲ့လူနဲ့ တိုးလို့လား” ဟု မေက မေးမြန်းလိုက်လေတော့သတည်း။