← Chapters

ပုံရိပ်တစ်သောင်းကောင်းကင်ဘုံနတ်ဆိုးတာအို…

Vol. 015 Ch. 729

ပုံရိပ်တစ်သောင်းကောင်းကင်ဘုံနတ်ဆိုးတာအို…

Vol. 015 Ch. 729

ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင်ကို ပြန်သိမ်းဆည်းကာ ရွင်ယွမ်ဂြိုဟ်ပေါ်သို့ ခြေချလိုက်၏။ သူက လေထုထဲသို့ ဝင်လိုက်သည့်အခိုက်တွင် သူ့မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖျပ်ခနဲ ပေါ်ထွက်လာသည်။

သူက အပြင်ဘက်မှာကတည်းက ဂြိုဟ်က ပျက်စီးနေသည်ကို သတိပြုမိခဲ့ပေသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်လှိုင်းများကလည်း သည်ဧရိယာတွင် ပဲ့တင် ထပ်လို့နေသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခုက သည်နေရာတွင် ဖြစ်ပွားခဲ့သည်မှာ ရှင်းလင်းနေပေ၏။

သူက အသက်ဝဝရှူသွင်းကာ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ ရွင်ယွမ်ဂြိုဟ်၏ တောင်ဘက်ပိုင်း၌ လျိုမေ၏ပုံရိပ်ကို တွေ့မြင်လိုက်ရသည်။

လျိုမေအသွင်က တစ်ခုခုပြောင်းလဲသွားသည့်ပုံပင်။ သူမက အရင်ထက်ပို၍ ဉာဏ်များလာသည်ဟု ဆိုရမည်။

အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ဝမ်လင်းက ရှေ့သို့ လှမ်း၍ ပျောက်ကွယ်လို့သွားသည်။ သည့်နောက် သူက ဂြိုဟ်၏ တောင်ဘက်ပိုင်း လျိုမေနှင့် ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာခဲ့သည်။

လျိုမေက သူနှင့် ပေတစ်ထောင်အကွာရှိ ပုံရိပ်ကို စူးစိုက်ကြည့်လိုက်၏။ သူမက သူ့ကို ဂြိုဟ်နှင့် နီးကပ်လာချိန်ကတည်းက သတိပြုမိခဲ့ပြီး ဖြစ်သည်။သူမက ထိုသူနှင့် ပတ်သတ်၍ ဝိုးတဝါးရင်းနှီးမှုကို ခံစားမိနေ၏။သို့သော် သူ့အသွင်အပြင်က သူမနှင့် အစိမ်းသပ်သပ် ဖြစ်နေချေသည်။

သူမက စကားမဆိုဘဲ ဝမ်လင်းထံသို့သာ တိတ်တဆိတ် ကြည့်လို့နေ၏။

ဝမ်လင်းကလည်း လျိုမေ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “နင်က သူတို့ကို သတ်ခဲ့ပြီး ဖြစ်တဲ့အတွက် အခု ထွက်သွားနိုင်ပြီ…”

သူက သည်နေရာသို့ ရောက်လာခြင်းက လျိုမေ ဂြိုဟ်၏ တောင်ဘက်ပိုင်းတွင် ဘာကြောင့် ရှိနေသည်ကို သိချင်သောကြောင့် ဖြစ်၏။ သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါပ စွန်ရှီ၏ ကိုယ်ပွားကို ချက်ခြင်း တွေ့မြင်လိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြစ်ပျက်ခဲ့သမျှကို နားလည်သွား၏။

သူတို့သုံးယောက်က သူ့အား ကိုယ်ပွားများနှင့် ပတ်သတ်၍ လိမ်ညာခဲ့ကတည်းက သည်ပြဿနာကို ဆက်၍ ကြားဝင်ပေးဖို့ မလိုတော့ချေ။ သူက အကောင်းဆုံးကြိုးစားပေးပြီး ဖြစ်သည့်အတွက် သည်အရာက လုံလောက်နေခဲ့ချေပြီ။

သည့်အပြင် ဝမ်လင်း စိတ်နှလုံးကို တုန်လှုပ်သွားစေသည့် အရာက လျိုမေသည် အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခြင်းပင် ဖြစ်၏။သည်ကျင့်ကြံမှုအဆင့်မျိုးက ဝမ်လင်းမျက်လုံးသူငယ်အိမ်ကိုပင် ကျုံ့သွားစေခဲ့သည်။

“ဒီလျိုမေရဲ့ ကျင့်ကြံမှုက ဒီအဆင့်ကို ဘယ်လိုလုပ် ရောက်သွားနိုင်ရတာလဲ။ ဒါက ဟွမ်မိသားစုဘိုးဘေးနဲ့များ ပတ်သတ်နေတာ ဖြစ်နိုင်လား…ဟုတ်တယ်…ဒီလိုပဲ ဖြစ်ရမယ်…”

ဝမ်လင်းအကြည့်က လျိုမေခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံကျရောက်သွား၏။

“သူမ ပတ်လည်မှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အချို့ ရှိလို့နေတုန်းပဲ။ဒါ့ကြောင့် လူတစ်ယောက်က သူ့ကျင့်ကြံမှုအဆင့်ကို အတင်း တိုးမြင့်ပေးလိုက်တာ ဖြစ်မယ်။ ဒါပေမဲ့လည်း ဒီလိုမျိုး ကျင့်ကြံမှုအဆင့် အတင်းမြင့်တင်ပေးမှုက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သပ်သပ်ကိုပဲ လုပ်ပေးလို့ရမယ်။ သူမရဲ့ နယ်ပယ်ကိုလည်း တူညီတဲ့အဆင့်ရောက်အောင် လုပ်ပေးဖို့ကတော့ မဖြစ်နိုင်ဘူး…”

လျိုမေက ဝမ်လင်းကို စူးစိုက်ကြည့်ကာ ညင်သာစွာမေးလိုက်၏။ “ငါတို့ အရင်က တွေ့ခဲ့ဖူးကြလား…”

ဝမ်လင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “မတွေ့ဖူးဘူး…”

လျိုမေက ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေပြီးနောက် နွေဦးလေပြေအလား အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။ သို့ရာတွင် ယင်အပြုံးက ဝမ်လင်း၏ အမြဲတမ်းတည်ငြိမ်နေသော အကြည့်ကို မည်သို့မျှ ပြောင်းလဲမသွားစေနိုင်ခဲ့ပေ။

“တော်လောက်ပြီ။ ငါ စိတ်မပြောင်းခင် ခု ထွက်သွားတော့…” ဝမ်လင်းအသံက အေးစက်လာ၏။ သူမ၏ သည်လိုအပြုံးမျိုးက သူ့ကို တော်တော်လေး စိတ်မသက်မသာ ဖြစ်စေခဲ့ပေ၏။ အတိတ်တုန်းက ဟင်္သာပြဒါးဂြိဟ်ပေါ်တွင်လည်း သူမက သည်လိုအပြုံးမျိုး ထုတ်ဖော်ခဲ့ဖူးပေ၏။

လျိုမေမျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန်တို့ ဖြစ်ပေါ်သွားကာ သူမက နူးညံစွာ ဆိုလာသည်။ “နင့်ကျင့်ကြံမှုအဆင့်က အံ့မခန်းအဆင့်ကို ရောက်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး။ ဒါက ငါတောင် ဖြတ်မြင်နိုင်စွမ်း မရှိဘူး…”

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ လျိုမေထံသို့ အေးစက်စွာ ကြည့်၍ လှည့်ထွက်ရန် ပြင်၏။ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ သုံးယောက်က သူ့အား ကိုယ်ပွားများနှင့် ပတ်သတ်၍ လိမ်ညာခဲ့ ကတည်းက သူ့က သည်ကိစ္စတွင် ဆက်လက် ပါဝင်ပေးရန် မလိုအပ်တော့ချေ။

“ဝမ်လင်း…ငါက နင့်ကို မသိနိုင်ဘူးလို နင် တကယ် ထင်နေတာလား…”

လျိုမေ အသံထဲ၌ အေးစက်မှုတို့ ပါဝင်နေ၏။

ဝမ်လင်းက ရပ်တန့်ကာ ပြန်လှည့်လာသည်။ သည့်နောက် သူ့မျက်လုံးက လုံးဝ အေးစက်လာကာ သူက ပြောလိုက်သည်။ “ငါ့ကို လာစမ်းသပ်နေစရာ မလိုဘူး။ ငါက ဝမ်လင်းပဲ။ နင်က ငါ့ကို ဟင်္သာပြဒါးဂြိုဟ်မှာတုန်းကလို စိတ်ရှုပ်အောင် လိုက်နှောင့်ယှက်နေရင် ငါ နင့်ကို သတ်တဲ့အတွက် အပြစ်မတင်ပါနဲ့…”

ခုလက်ရှိ၌ လျိုမေစိတ်နှလုံးက သူမ အပြင်ပိုင်းအသွင်နှင့် အလွန်ကွာခြားနေခဲ့ပြီ ဖြစ်သည်။ ခုချိန်၌ သူမနှလုံးသားက ဆူပွက်လို့နေ၏။ သူမက ဝမ်လင်းနှင့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် လာရောက်ဆုံရလိမ့်မည်ဟု လုံးဝ စိတ်ကူးထားမိခြင်း မရှိပေ။သည့်အပြင် သူ့ကျင့်ကြံမှုအဆင့်က သူမ ထွင်းဖောက်မမြင်နိုင်သည့် အဆင့်သို့ ရောက်လို့နေသေး၏။

အတိတ်မြင်ကွင်း ပုံရိပ်များက သူမမျက်လုံးထဲ၌ တဖျပ်ဖျပ် ဖြစ်ပေါ်လို့သွားသည်။ သူမက ဝမ်လင်းကို စူးစိုက် ကြည့်နေရင်း သူမမျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုများက ပို၍ အားကောင်းလာခဲ့သည်။ သူမက တိုးညင်းစွာ ပြောလိုက်၏။ “နင်ကလွဲလို့ ဒီလို အေးစက်စက် အကြည့်မျိုး ဘယ်သူမှာမှ မရှိဘူး။ နင်က နင့်ရဲ့ ပုံပန်းသွင်ပြင်နဲ့ အရာအားလုံးကို ပြောင်းလဲထားရင်တောင် နင့် ဒီအေးစက်စက်အကြည့်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး…”

ဝမ်လင်းက လျိုမေကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “ငါ နင့်ကို တစ်ကြိမ် ထပ်ပြောမယ်…ခု ထွက်သွား…”

လျိူမေက လှပသောအပြုံးတစ်ခုကို ထုတ်ဖောလိုက်သည်။ သည့်နောက် သူမမျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုများက ပျောက်ကွယ်လို့သွားကာ မထူးခြားနားပုံစံက ပြန်လည် အစားထိုးဝင်ရောက်လာခဲ့သည်။ သူမက နူးညံ့စွာ ပြောလာသည်။ “နင့်ကျင့်ကြံမှုအဆင့်က ငါ့ထက် ကျန်းသေပေါက် မြင့်မားမှာ မဟုတ်ဘူး။ နင်က နင့်ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ ရတနာတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်။ ဒီနေ့ နင် ထွက်မသွားနိုင်တော့ဘူး…”

လေပြင်းတစ်ခုနှင့်အတူ မရဏလက်ချောင်းက ထိုးထွက်လာ၏။ လျိုမေအသွင်ကတော့ ပုံမှန်အတိုင်းပင် ရှိနေကာ သူမ၏ ကျောက်စိမ်းလိုလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို မြန်ဆန်စွာ ဖြစ်ပေါ်စေလိုက်ပြီး မရဏလက်ချောင်းနှင့် ထိပ်တိုက်တွေ့ဆုံ စေလိုက်သည်။ထိုအခါ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်သွား၏။ လျှပ်စီးအလင်းများက နေရာတိုင်း၌ တဖျပ်ဖျပ် လင်းလက်သွားကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ထိုအလင်းပြင်ပေါ်၌ ပေါ်လာခဲ့သည်။

လျိုမေက ခေါင်းယမ်းကာ တိုးညင်းစွာ ပြောလာသည်။ “ငါ ထင်တာ မမှားဘူး။ နင့်ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအစောပိုင်းအဆင့်ပဲ ရှိသေးတယ်…”

ဝမ်လင်းအသံက မထူးခြားနားဟန်နှင့် ပြည့်နေကာ သူက ဖြည်းဖြည်းချင်း ဆိုလာသည်။ “ကျင့်ကြံမှုကို အတင်းမြှင့်တင်တဲ့အတွက် တန်ပြန်ဒဏ်တွေတော့ ရှိမှာပဲ။ ငါစိုးရိမ်တာက နင့်ဆရာမှာ တစ်ခြားရည်ရွယ်ချက်တွေ ရှိနေမှာကိုပဲ…”

လျိုမေက ယောင်ယောင်လေး ပြုံး၍ ပြောလိုက်သည်။ “ဘာပဲ ဖြစ်ဖြစ်ပါ။ နင် ဒီနေ့တော့ ထွက်သွားနိုင်စွမ်း မရှိတော့ဘူး။ နင်က အာဏာတက်ခြင်းအဆင့်ကို မရောက်ရှိခဲ့ရင်တော့ ဒါက ကိစ္စရှိတော့မှာ မဟုတ်ဘူး။ဒါပေမဲ့ နင်က ခုလိုအဆင့် ရောက်လာတဲ့အတွက် ဟင်္သာပြဒါးဂြိုဟ်ပေါ်က ငါတို့ရဲ့ ရန်ကြွေးကို အဆုံးသပ်ကြရအောင်။ ငါက နင့်ကို လီမူဝမ်နဲ့အတူ ပြန်ပေါင်းထုတ်ခွင့် ပေးလိုက်မယ်…”

“နင် သေချင်နေတာပဲ…” ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကြယ်ခုနစ်ခုဓားအစီအရင်ကို ထုတ်ယူလိုက်သည်။ ၎င်းက အလင်းတန်းခုနစ်ခုအဖြစ်သို့ ပြောင်းလဲ၍ လျိုမေထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

လျိုမေက သူမမျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရဦ အနီရောင်အလင်းတန်းတစ်ခုက သူမမျက်ခုံးကြားမှ ထိုးထွက်လာခဲ့သည်။သည်အနီရောင်အလင်းက သူမခန္ဓာကိုယ်ကို ရုတ်တရက် ဝန်းရံသွားပြီး သူမအား အခြားအမျိုးသမီးတစ်ယောက်၏ အသွင်သို့ ပြောင်းလဲသွားစေသည်။

ထိုအမျိုးသမီးက အလွန်မောက်မာလှ၏။သူမမျက်လုံးက ကြမ်းကြုတ်နေ၏။သူမက အလွန်လည်းလှသည်။ ဖီးနစ်လိုမျက်ဝန်းတစ်စုံက ဝမ်လင်းကို သတ်ဖြတ်ချင်စိတ်ဖြင့် ကြည့်လို့လာသည်။

“အနီရောင်လိပ်ပြာ…” ဝမ်လင်းမျက်လုံးထဲကနေ ရွှေရောင်အလင်းတစ်ခု ထုတ်လွှတ်လာသည်။

သည်အမျိုးသမီးက အနီရောင်လိပ်ပြာပင်။

အနီရောင်လိပ်ပြာက ဝမ်လင်းကို စူးစိုက်ကြည့်ကာ တည်ငြိမ်စွာ ဆိုလာ၏။ “ငါတို့ကြားက ရန်ကြွေးက သေတဲ့အထိပဲ…”

ထိုသို့ပြောပြီးသည့်နောက် သူမက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနီရောင်နှင်းဆီပန်းတစ်ပွင့် ပေါ်လာခဲ့တော့သည်။ သူမက ၎င်းပန်းကို ရှေ့သို့ ပစ်လွှတ်လိုက်ရာ ပွင့်ချပ်များက ပြန့်ကျဲလို့သွားသည်။ထိုပွင့်ချပ်များက ဝမ်လင်းထံသို့ ထူးဆန်းသောအားတစ်ခုနှင့်အတူ ဝဲလွင့်လာ၏။

“ဒါက ဘယ်လို မန္တာန်မျိုးလဲ…” ဝမ်လင်းက မျက်လုံးသူငယ်အိမ်ပင် ကျုံ့မိသွားသည်။ သူ့ရှေ့ရှိ လျိုမေက ရုတ်တရက် အနီရောင်လိပ်ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ဝမ်လင်းနတ်ဘုရားအာရုံကြောင့် သူက သည်အမျိုးသမီးသည် လျိုမေ၏ အော်ရာ တစ်စက်ပင်မရှိသော အနီရောင်လိပ်ပြာ စစ်စစ်ဖြစ်နေကြောင်း သေချာသွား၏။

ပွင့်ချပ်များကို ရင်ဆိုင်ရန် ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။အတွေးတစ်ချက်ဖြင့်ပင် ကြယ်ခုနစ်ခုဓားအစီအရင်က နီးကပ်သွားသည်။ ဓားခုနစ်လက်က စက်ဝန်းအသွင် ဖြစ်ပေါ်ပြီး မြန်ဆန်စွာ လှည့်လည်ပြီး ပြင်းထန်သော ဓားလေပြင်းကို ဖြစ်စေကာ ပန်းပွင့်ချပ်များကို ပျက်စီးသွားစေသည်။

အနီရောင်လိပ်ပြာ၏မျက်လုံးထဲရှိ မောက်မာမှုက ပို၍ပင် အားကောင်းလာကာ သူမ လက်ချောင်းကို ဆက်ခနဲ တောက်ထုတ်လိုက်ပြန်၏။ထိုအခါ ပန်းပွင့်ဝတ်ဆံက ပျံသန်းထွက်သွား၏။ သူမဘယ်လက်ဖြင့် အကြိမ်အနည်းငယ် ညွှန်လိုက်သည့်အခါ ပန်းဝတ်ဆံသည် ရုတ်တရက် မှော်စာလုံးတစ်ခုအဖြစ်သို့ ပေါင်းဖွဲ့သွားသည်။ သူမက သူမလက်ကို အောက်သို့ ဖိချလိုက်ပြီး ထိုစာလုံးကို ချက်ခြင်း ပျံသန်းထွက်သွားစေသည်။မှော်စာလုံးက မြန်ဆန်စွာ ချဲ့ထွက်လာပြီး ပေတစ်ထောင်ကျော်ကျယ်ဝန်းသည့် အထိ ဖြစ်လာကာ ဝမ်လင်းအပေါ်သို့ ဧရာမတောင်ကြီးတစ်ခုအလား ဖိနှိပ်ကျလာ၏။

ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သူက ညာလက်ကို ပင့်မြှောက်၍ ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။ မိုးကြိုးလျှပ်စီးတန်းတစ်ခုက ကောင်းကင်ထက်၌ ဖြတ်သန်းသွားကာ တစ္ဆေလောကမြစ်က ရုတ်တရက် ပေါ်လာပြီး မှော်စာလုံးကို ရိုက်ခတ်ချေမွလာခဲ့သည်။ တစ္ဆေလောကမြစ်က နီရဲလို့နေ၏။ဝမ်လင်း ထိန်းချုပ်မှုအောက်၌ တစ္ဆေလောကမြစ်သည် မာန်ဖီသောနဂါးတစ်ကောင်ကဲ့သို့ အနီရောင်လိပ်ပြာအား ချက်ခြင်း ဝန်းရံလာခဲ့သည်။သူမ တစ်ကိုယ်လုံးကို တစ္ဆေလောကမြစ်ထဲသို့ ဆွဲသွင်းလုမတက်ပင်။

အနီရောင်လိပ်ပြာမျက်လုံးများက အလွန်တောက်ပလာပြီး သူမက တည်ငြိမ်စွာ ပြောလိုက်သည်။ “တာအိုစိတ်ဆန္ဒ…နင်က နင့်ကိုယ်ပိုင်တာအိုတောင် ပိုင်ဆိုင်ထားတာပဲ…”

ဝမ်လင်းက အေးစက်စက် နှာခေါင်းရှုံ့၏။ တစ္ဆေလောကမြစ်က ရွှေ့လျားနေခြင်းနှင့်အတူ ကောင်းကင်သည် နက်မှောင်လာခဲ့သည်။ တစ္ဆေလောကမြစ်အတွင်း၌ လျှပ်စီးများက တလက်လက် ဖြစ်ပေါ်နေကာ ပို၍ စွမ်းအားကောင်းအောင် ပြုလုပ်ပေးနေ၏။

အနီရောင်လိပ်ပြာက သေခြင်းရှင်ခြင်းအခိုက်အတန့်ကို ခံစားမိလိုက်ကာ သူမလက်ကို မျက်ခုံးနှစ်ခုကြားထဲသို့ ညွှန်လိုက်ပြန်၏။ သည်တစ်ကြိမ်၌ အဝါရောင်အလင်းတစ်ခုက သူမခန္ဓာကိုယ်အား ဝန်းရံလို့သွားသည်။ ၎င်းက ပျောက်ကွယ်သွားချိန်၌ ပိန်သွယ်သွယ်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ချေသည်။

“ဦးလေး…”

သည်စကားလုံးက ထူးဆန်းသောစွမ်းအား တစ်ခု ပါဝင်နေကာ ဝမ်လင်း၏ တစ္ဆေလောကမြစ်ကို ရုတ်တရက် တန့်သွားစေသည်။

“ကျိုးယု…”

ထိုပိန်သွယ်သွယ်ပုံရိပ်က ကျိုးယုပင်။သူမက ဝမ်လင်းကို မျက်လုံးအပြူးသားနှင့် မဝံ့မရဲ ကြည့်လို့နေ၏။ သူမမျက်နှာပေါ်တွင်လည်း ကြောက်ရွှံ့မှုတို့ ပြည့်နေသည်။

“ဦးလေး…နောက်ဆုံးတော့ ငါ နင့်ကို ရှာတွေ့နိုင်ခဲ့ပြီ။ “ကျေးဇူးပြုပြီး ငါ့ကို ထပ်ပြီး ပစ်မသွားပါနဲ့တော့နော်…နော်…”

ဝမ်လင်းမျက်လုံးထဲ၌ နာကျင်ဟန်တို့ ဖြစ်ပေါ်လာကာ သူက လှမ်းအော်သည်။ “တော်လောက်ပြီ…လျိုမေ…”

တစ္ဆေလောကမြစ်က တဝီဝီလှည့်ပတ်လာကာ ကျိုးယုသည်လည်း အထဲသို့ ဆွဲချခြင်း ခံလိုက်ရသည်။ကျိုးယုမျက်လုံးများက ကြောက်လန့်မှု စိတ်ရှုပ်ထွေးမှုတို့နှင့် ကြည့်နေကာ ဝမ်လင်းကို ကြည့်နေ၏။ သူမမျက်လုံးထဲမှ မျက်ရည်များပင် စီးကျလာကာ တိုးညင်းစွာ ပြောလာ၏။ “ဦးလေး…ဦးလေးက ယုအာကို သတ်ချင်နေတာလား…”

“ဒါက အတုအယောင်ပဲ…” ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။ သူ့နှလုံးသားက ပြတ်သားလာခဲ့သည်။ တစ္ဆေလောကမြစ်က သတ်ဖြတ်ဖို့အတွက် ကျိုးယုခန္ဓာကိုယ်ထံသို့ တရကြမ်းတိုးဝင်သွားသည်။ သူမက တစ္ဆေလောကမြစ်ထဲသို့ လုံးဝ နစ်မြုပ်လုလုဆဲဆဲ ဖြစ်နေ၏။

ထိုအခိုက်အတန့်မှာပင် တိုးညင်းအားပျော့သော့ အသံတစ်ခုက ပဲ့တင်ထပ်လာပြန်သည်။

“ထေ့ကျူး…”

(ဘာသာပြန်သူမှတ်ချက်….ထေ့ကျူးက ဝမ်လင်းမိဘနှစ်ပါး ပေးထားသည့် သူ့ အိမ်နာမည်၊ငယ်နာမည်ပင် ဖြစ်သည်)

ထိုတိုးညင်းသောအသံက ဝမ်လင်းခန္ဓာကိုယ်ထဲ၌ ခေါင်းလောင်းထိုးသကဲ့သို့ ပဲ့တင်ထပ်လို့နေသည်။ သူက တစ္ဆေလောကမြစ်ထဲကနေ သူ့ကို ကြင်နာစွာ ကြည့်နေသော နှစ်ပေါင်းရှစ်ရာကျော် သူနှင့် ခွဲခွာခဲ့ရသော သူ့အမေကို မြင်နေရသည်။

ဝမ်လင်း နှလုံးသားက တုန်ယင်နေ၏။

သူ့လက်က တုန်ယင်နေ၏။သည့်နောက် တစ္ဆေလောကမြစ်က ပျက်စီးသွားကာ မည်သို့မျှ မရှိသကဲ့သို့ ပျောက်ကွယ်သွားလေသည်။

“ဒါလည်း အတုအယောင်ပဲ…” ဝမ်လင်းမျက်လုံးက နီရဲတက်လာ၏။

“အတုအယောင်…ဝမ်လင်း…ငါ့ ပုံရိပ်တစ်သောင်းကောင်းကင်နတ်ဆိုးတာအိုကြောင့် သူတို့က အစစ်အမှန်ကော အတုကော ဖြစ်တယ်…” လျိုမေအသံက ပုံရိပ်ယောင်ဆန်ကာ အရပ်မျက်နှာအနှံ့ကနေ ထွက်ပေါ်လို့နေသည်။

ကျိုးယုနှင့် အနီရောင်လိပ်ပြာတို့သည်လည်း လေဟာနယ်ထဲကနေ ထွက်ပေါ်လာပြန်၏။ တစ်ချိန်တည်းမှာပင် ဝမ်လင်းအဖေကလည်း ထွက်ပေါ်လာက သူ့အား နူးညံ့စွာ ကြည့်နေသည်။

“ဝမ်လင်း…မင်း ငါ့ကို မှတ်မိသေးရဲ့လား…” ထိုအသံနှင့်အတူ သူ့ညီကို ဝမ်ကျိုးကလည်း ထွက်ပေါ်လာ၏။ သည့်အပြင် အဘိုးအိုတစ်ယောက်လည်း ထွက်ပေါ်လာပြန်သည်။

“တပည့်…မင်းက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ရဲ့ အောင်မြင်မှုကို ပြန်ရအောင် လုပ်ပေးဖို့ မေ့နေတာလား…” သွန်းထျန်၏ ပုံရိပ်ကလည်း လေဟာနယ်ထဲကနေ ထွက်ပေါ်လာပြန်သည်။

သိပ်မကြာခင်တွင် ဝမ်လင်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော ပုံရိပ်များအားလုံးက တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။ သူတို့အကြည့်များကလည်း ခြားနားလို့နေသည်။ တစ်ချို့က စိတ်ရှုပ်ထွေးနေသောအကြည့်၊ တစ်ချို့က ပျော်ရွှင်နေသောအကြည့်၊ တစ်ချို့က ဝမ်းနည်းနေသောအကြည့်…စသဖြင့် ရှိလို့နေကြသည်။

ကောင်းကင်ထက်၌ အပြာရောင်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်ထွက်လာကာ အမျိုးသမီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ ထိုအမျိုးသမီးကတော့ လီမူဝမ်ပင်။

လီမူဝမ်က ဝမ်လင်းကို နူးညံ့ကြင်နာစွာ ကြည်၍ တိုးညင်းစွာ ဆိုလာသည်။ “ဝမ်လင်း…ငါကရောင် အတုအယောင်လား…”

သူမက ဝမ်လင်းအမေဘေးတွင် ရပ်လို့နေသည်။ထိုပုံစံက အမေနှင့်သမီးက ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်နေသကဲ့သို့ပင်။

“ပုံရိပ်တစ်သောင်းကောင်းကင်နတ်ဆိုးတာအို…” ဝမ်လင်းက သူ့ရှေ့ရှိ သူနှင့် ရင်းနှီးသောပုံရိပ်များကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ နာကျင်မှုတို့ ဖြစ်ပေါ်နေသည်။ သူက မျက်လုံးမှိတ်ကာ ပြောလိုက်သည်။ “ပုံရိပ်တစ်ထောင်ကောင်းကင်နတ်ဆိုးတာအိုက ကောင်းကင်နတ်ဆိုးမိစ္ဆာတစ်ကောင် ခန္ဓာကိုယ်ထဲ တိုးဝင်လာပြီး အဲ့လူရဲ့ မူလစိတ်ဝိညာဉ်ကို မီးမြှိုက်ပြီး သူ့စိတ်နဲ့ခန္ဓာကို လောင်ကျွမ်းစေတာနဲ့ တူတယ်။ လျိုမေ…နင်က ငါ့အပေါ်ဘယ်လောက်တောင် များတဲ့ အမုန်းတရားတွေ စုဆောင်းထားရတာလဲ…”

သူ့ပတ်လည်ရှိ ပုံရိပ်တိုင်းက ရုတ်တရက် အစိမ်းရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ တရပ်ကြမ်း ဝင်ရောက်လို့လာသည်။

***

All Chapters