ဝမ်ဖျင်…
Vol. 015 Ch. 731
လင်းထျန်ဟူ၏ ဓားစွမ်းအင်က အနှိုင်းမဲ့လှ၏။၎င်းက ပေါ်ထွက်လာသည်နှင့် ဓားစွမ်းအင်က ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်လို့သွားသည်။၎င်းက လျှပ်စီးအလင်းတန်းအသွင်သို့ ပြောင်းလဲသွားကာ ဝဲကတော့ ထဲသို့ တိုးဝင်သွားသည်။
၎င်းဓားစွမ်းအင်က ဟွမ်မိသားစုဘိုးဘေးနောက်သို့ လိုက်ပါသွားသည်။
ဓားစွမ်းအင် ဝင်ရောက်လာချိန်မှာပင် ဝဲကတော့က ပျက်စီးသွား၏။သည့်နောက် ဟွမ်မိသားစုဘိုးဘေးက ခပ်အုပ်အုပ် ငြီးတွားလိုက်ရသည်။
သည်အခိုက်အတန့်၌ အလွန်ဝေးကွာသော နေရာတွင် ရှိနေသော ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်ရှိ ဟွမ်မိသားစုအိမ်ထဲ၌ ဟွမ်မိသားစုဘိုးဘေးက အခန်းတစ်ခုတည်း၌ ထိုင်နေသည်။သူ့ရှေ့တွင် ဝဲကတော့ကြီးတစ်ခုလည်း ရှိလို့နေသည်။ ဝဲကတော့က အထည်ဒြပ်အဖြစ်သို့ ပြောင်းလဲသွားကာ တစ်လက်မချင်း ပြန်လည် အက်ကွဲလာခဲ့သည်။
ထိုအခိုက်အတန့်၌ ယင်းဝဲကတော့သည် လုံးဝ အက်ကွဲလာကာ အဖြူရောင်အလင်းတစ်ခုက လျိုမေ့ကို လွှမ်းခြုံထားပြီး သူမ၏ နောက်ကျောက ဝဲကတော့ကနေ ဖြတ်သန်းလာသည်။ အခန်းထဲသို့ ဝင်ရောက်လာပြီးနောက် ထိုအလင်းက လျိုမေကို့ ဘေးသို့ ပစ်ချထားလိုက်ရသည်။ ၎င်းအလင်းက လျိုမေ့နှင့်ပတ်သတ်၍ ဂရုစိုက်နေရန် အချိန်မရှိ ဖြစ်နေ၏။ ထိုအလင်းထံမှ စိုးရိမ်ကြောင့်ကြမှု အရိပ်အယောင် ထွက်ပေါ်နေကာ ၎င်းက ဟွမ်မိသားစုဘိုးဘေး၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ပြန်ဝင်ရောက်လို့သွားသည်။
ဟွမ်မိသားစုဘိုးဘေးက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်လုံးအတွင်း၌ ထိတ်လန့်မှုတို့ ရှိနေ၏။ ချက်ခြင်းပင် သူက ညာလက်ကို ပင့်မြှောက်ကာ ဝဲကတော့ပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။
စောစောပိုင်းက သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာကာ မန္တာန်တစ်ခု အသုံးပြု၍ ဟင်းလင်းပြင်ကို ဖြတ်သန်းခဲ့သည်။ပထမ၌ သူက ဝမ်လင်းနှင့် ပတ်သတ်၍ ဂရိုက်မစိုက်ပေ။သူက ဝမ်လင်း တိုက်ခိုက်မှုကို ရပ်တန့်ချိန်ကတည်းက ဝမ်လင်းအသက်ကိုပါ တစ်ပါးတည်း နှုတ်ယူရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် သူက ဝမ်လင်း၏ လက်ချောင်းတိုက်ချက်ကို ရပ်တန့်လိုက်ချိန်၌ သူ့စွမ်းအားက ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ့စွမ်းအားက ဖျက်စီးခံလိုက်ရ၏။ သူက ဝမ်လင်းကို နာကျင်အောင်သာ ပြုလုပ်နိုင်ခဲ့ပြီး သတ်ပစ်နိုင်ခဲ့ခြင်း မရှိပေ။
ထိုအရာက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ သည့်နောက် သူက ကောင်းကင်ဘုံသက်တော်စောင့်ကိုပါ တွေ့မြင်သွားခဲ့၏။ ထိုရုပ်သေးရုပ်၏ ယင်ယန်အဆင့်ကျင့်ကြံမှုက ဟွမ်မိသားစုဘိုးဘေးကို ကြီးစွာ တုန်လှုပ်သွားစေမိသည်။ သူက သူ့ကိုယ်သူ အားအနည်းဆုံး အခြေအနေတွင် ရှိနေကြောင်း သိနေ၏။ သူ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကနေ ယင်ယန်အဆင့်သို့ လျော့ကျနေချိန် ဖြစ်သည်။ သူက ထိုရုပ်သေးကို အနိုင်ယူနိုင်မည် ဖြစ်သော်လည်း တိုက်ခိုက်ပါက သူ့ကျင့်ကြံမှုအဆင့်ကို နောက်တစ်ဖန် လျော့ကျသွားစေနိုင်၏။
သည့်အပြင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က အလွန်ထူးဆန်းလှသည်မှာ သိသာနေသေးသည်။ ထိုအရာက သူ့ကို စိတ်ပူပန်စေ၏။ သူ့ကျင့်ကြံမှုအဆင့်သာ လျော့ကျသွားခဲ့ခြင်း မရှိပါက သူက မည်သည့်အရာကိုမျှ စိတ်ပူနေမည် မဟုတ်ဘဲ ဝမ်လင်းကို တိုက်ရိုက် သတ်ပစ်ပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေ သူက ဝမ်လင်း၏ အေးစက်စက် စကားများကိုလည်း စိတ်ထဲထည့်မထားခဲ့သေးပေ။ဝမ်လင်းတွင် ကောင်းကင်ဘုံသက်တော်စောင့် ရှိနေလျှင်ပင် သူက သူ့၌ ကိုယ်ပိုင်အစီအစဉ် ရှိသေး၏။
ထို့ကြောင့်လည်း သူက လျိုမေ့ကို သယ်ဆောင်ကာ ဝမ်လင်း၏ ကြမ်းကြုတ်ရက်စက်သော စကားများကို ထည့်မတွက်ခဲ့ခြင်းပင်။
လျိုမေက သူများစွာ အားစိုက်ထုတ်ထားရသည့် တစ်စုံတစ်ယောက် ဖြစ်သည်။ သူက လျိုမေနှင့် ပတ်သတ်၍ အများသိရန် ပြောပြထားသည့် အချက်များအပြင် သူ့ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များလည်း ရှိနေသေး၏။သူက သူမ ကျင့်ကြံခြင်းဒုတိယအဆင့်သို့ မရောက်ခင် မည်သူကမျှ သူမအား သတ်ဖြတ်ခြင်းကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ဟွမ်မိသားစုဘိုးဘေးက ဝမ်လင်း၌ ဓားစွမ်းအင်တန်းတစ်ခု ရှိနေလိမ့်မည်ဟု လုံးဝခန့်မှန်းနိုင်ခြင်း မရှိပေ။ပထမ၌ သူက ယင်းဓားစွမ်းအင်တန်းကို ထိတ်လန့်စရာဟု မယူဆခဲ့ပေ။သို့သော် ယင်းစွမ်းအင် နီးကပ်လာသည့်အခါတွင် ၎င်းက ဝဲကတော့ထဲရှိ သူ့မူလစိတ်ဝိညာဉ်ကို ပျက်စီးလုနီးပါးပင် ဖြစ်သွားစေခဲ့၏။ သည်အရာက သူ့နှလုံးသားကို ကြီးစွာတုန်လှုပ် ကြောက်ရွှံ့သွားစေ၏။
ဝဲကတော့ ကွဲကြေပျက်စီးသွားရုံဆိုရင်ပင် တော်သေးသည်ဟု ဆိုရပေမည်။သို့သော် ထိုဓားစွမ်းအင်က သူ့မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက်တိုးဝင်လာခဲ့၏။ သည်ဓားစွမ်းအင်၏ စွမ်းအားက ဟွမ်မိသားစုဘိုးဘေး၏ ဦးရေပြားကို ကျိန်းစပ်သွားစေသည်။
သူက ၎င်း၏စွမ်းအင်ကို အာရုံခံလိုက်မိချိန်၌ နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို ရေးတေးတွေး ခံစားမိခဲ့သည်။ သည်ကြောက်မက်ဖွယ်ကောင်းသော အော်ရာက သူ့နှလုံးသားကို တင်းကြပ်သွားစေ၏။သူက ၎င်းစွမ်းအင်ကို ထိပ်တိုက်မတွေ့ဝံ့တော့ဘဲ အကြောက်အလန့် ပြန်ပြေးလာခဲ့ရခြင်း ဖြစ်တော့၏။
သူက သူ့မူလစိတ်ဝိညာဉ်ကို အမြန်ဆုံးနှုန်းကို အသုံးပြုပြီး ဝဲကတော့ကို ဖြတ်သန်းကာ လျိုမေကို ပြန်ခေါ်လာခဲ့ရပေသည်။သည့်နောက် သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ချက်ခြင်း ပြန်ဝင်ရောက်လိုက်ခြင်းဖြစ်ကာ ဝဲကတော့ကိုလည်း လုံးဝ ဖျက်စီးပစ်ရန် ကြိုးစားခဲ့၏။သို့မှသာ ထိုဓားစွမ်းအင်က လေဟာနယ်ထဲ၌ ပိတ်လှောင်မိမည် ဖြစ်၏။
ဝဲကတော့က လုံးဝ ပျက်စီးသွားသည့်အခါကျမှ ဟွမ်မိသားစုဘိုးဘေးက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။သို့သော် သူ့အသွင်က ချက်ခြင်း ပြောင်းလဲသွားပြီး စိတ်ထဲ၌ ကျိန်ဆဲမိလိုက်တော့၏။သူက ရုတ်တရက် ရုန်းထကာ လျိုမေ့ကို ဖမ်းဆွဲ၍ နောက်သို့ မြန်ဆန်စွာ ဆုတ်လိုက်ရ၏။
ရွှေရောင်အလင်းတန်းတစ်ခုက ဝဲကတော့ လုံးဝပျက်စီးသွားသည့် အခိုက်အတန့်၌ ရုတ်တရက် ထိုးထွက်လာခြင်းကြောင့် ဖြစ်လေ၏။
၎င်းက ပေါ်ထွက်လာသည်နှင့် မရေမတွက်နိုင်သော ဓားစွမ်းအင်တန်းများက လျှို့ဝှက်ခန်းထဲတွင် ပေါ်ထွက်လာကြသည်။
ဟွမ်မိသားစုဘိုးဘေး၏ လျှို့ဝှက်ခန်းက ထိုဓားစွမ်းအင်ဖိအားကြောင့် ပေါက်ကွဲထွက်သွားကာ တုန်ခါလှိုင်းကို ဖြစ်စေ၏။ထိုတုန်ခါလှိုင်းက ၎င်း၏ လမ်းတစ်လျှောက် အဆောက်အဦများကိုပါ ပျက်စီးသွားစေကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားစေသည်။ဟွမ်မိသားစုဘိုးဘေးက ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာခဲ့၏။ သူက သနားစရာကောင်းသော အခြေအနေသို့ စိုက်ရောက်နေကာ လျိုမေကို ကိုင်ဆွဲင လွတ်မြောက်ရန် ပြင်၏။
“သေစမ်း…ဒီဂျူနီယာက ဘယ်လိုလုပ် ဒီလိုမျိုး ဓားစွမ်းအင် ရှိနေရတာလဲ။ဘယ်လို နိဗ္ဗာနသန့်စင်ခြင်းအဆင့် စီနီယာကများ ဒီဂျူနီယာကို ခုလိုမျိုး ဓားစွမ်းအင် ပေးခဲ့ရတာလဲ။ ဒါက လုံးဝ အနိုင်ကျင့်တာပဲ…”
ဟွမ်မိသားစုဘိုးဘေးက စိတ်ထဲ၌ ကျိန်ဆဲနေမိသည်။ထိုသို့ ကျိန်ဆဲရခြင်းက သူသည် သည်ဓားစွမ်းအင်ကို မခုခံနိုင်သောကြောင့် မဟုတ်ပေ။သို့သော် သူက အားနည်းသောအခြေအနေတွင် ရှိနေကာ သူ့ကျင့်ကြံမှုအဆင့်ကလည်း လျော့ကျနေခဲ့၏။ သူက ထိုဓားစွမ်းအင်ကို ခုခံရန်ကြိုးစားလိုက်လျှင် သူ့ကျင့်ကြံမှုက ပို၍ မတည်မငြိမ် ဖြစ်လာမည်ကို စိုးရိမ်နေသောကြောင့်သာ ဖြစ်သည်။
လျို့ဝှက်ခန်းက ပျက်စီးသွားသည့်နောက် ဓားစွမ်းအင်က ထိုးထွက်လာကာ ဟွမ်မိသားစုဘိုးဘေးထံသို့ တိုက်ရိုက် တိုးဝင်လာပြန်သည်။ သည်ဓားစွမ်းအင်ထဲ၌ လင်းထျန်ဟူ၏ ကြီးစိုးချယ်လှယ်ခြင်းနယ်ပယ် ပါဝင်နေ၏။သည်အခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီးသည် လွှမ်းမိုးကြီးစိုးနိုင်မှုအော်ရာနှင့် ပြည့်နှက်နေတော့သည်။
ဓားစွမ်းအင်က ပို၍ အားကောင်းလာခဲ့ကာ ၎င်း၏ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။ ဓားစွမ်းအင်ပေါ်လာသည့်အခိုက်၌ ကမ္မာလောကပင် ရပ်တန့်သွားသလား မှတ်ထင်ရသည်။
ကောင်းကင်နှင့်မြေကြီးက ယင်းဓားစွမ်းအင်နှင့်ပြည့်လို့နေ၏။ ဓားစွမ်းအင်ထဲမှ ထွက်ပေါ်နေသည့် နယ်ပယ်ကလည်း ကြီးစိုးနိုင်လှ၏။
သည်လိုမျိုး မောက်မာကြီးစိုးမှုမျိုးက ကောင်းကင်ဘုံ၏ခွန်အားပင် ဖြစ်၏။
ထိုဓားစွမ်းအင်က ကောင်းကင်ထက်၌ အလင်းတန်းအသွင်ဖြင့် ဖြတ်သန်းလာကာ ဟွမ်မိသားစုဘိုးဘေးနောက်သို့ လိုက်ပါလို့လာသည်။
ဓားစွမ်းအင်က မြန်ဆန်လွန်းလှ၏။
ဟွမ်မိသားစုဘိုးဘေး၏ အသွင်က သုန်မှုန်နေကာ သူက လျိုမေကို နောက်သို့ ပစ်လိုက်သည်။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေလိုက်ရာ အဖြူရောင်အလင်း ဖျပ်ခနဲ လင်းလက်သွားသည်။သူ့တာအိုက ပုံရိပ်တစ်သောင်းအမည်မဲ့တာအို ဖြစ်၏။ ၎င်းတာအိုက ကမ္ဘာလောကထဲရှိ အရာအားလုံးကို ပုံရိပ်ယောင်ထဲသို့ ဆွဲသွင်းနိုင်၏။
သူ့လက်ချောင်းထိပ်၌ အဖြူရောင်အလင်းက ပို၍တောက်ပလာခြင်းနှင့်အတူ သူ့တာအိုစိတ်ဆန္ဒကလည်း ရူးသွပ်ဖွယ် တိုးတက်လာခဲ့သည်။ဟွမ်မိသားစုဘိုးဘေးက သူ့မူလစွမ်းအင်ကို အသက်သွင်းကာ လက်ချောင်းထိပ်၌ စုဝေးစေသည်။သည့်နောက် သူက ရှေ့သို့ ညွှန်လိုက်၏။
ထိုအခါ အဖြူရောင်အလင်းက ထိုးထွက်သွားပြီး လင်းထျန်ဟူ၏ ဓားစွမ်းအင်နှင့် ထိပ်တိုက်တွေ့သည်။ အဖြူရောင်အလင်းက ပျောက်ပျက်သွားကာ ဓားစွမ်းအင်က ထိုးထွက်လာ၏။၎င်းက လျှပ်စီးတန်းအလား ရွှေ့လျားလာပြီး ဟွမ်မိသားစုဘိုးဘေး၏ လက်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ဟွမ်မိသားစုဘိုးဘေး၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့အသွင်က ချက်ခြင်း ဖြူရောသွားသည်။ သူ့မျက်လုံးထဲရှိ ထိတ်လန့်မှုကလည်း ပိုအားကောင်းလာခဲ့ချေ၏။ ခုချိန်တွင် သူက ထိုဂျူနီယာ ပြောခဲ့သည့်စကားကို ပြန်တွေးမိသွားလေ၏။
“သင်က သူမကို ကယ်တာနဲ့ ဟွမ်မိသားစုက အမြစ်ဖျက်သုတ်သင်ခြင်း ခံရလိမ့်မယ်…”
အစောပိုင်းတုန်းကတော့ သူက သည်စကားလုံးများကို လျစ်လျူရှုထားခဲ့၏။သို့သော် ခုချိန်တွင်တော့ သည်စကားလုံးများက သူ့နားထဲ၌ မိုးခြိမ်သံအလား မြည်ဟီးနေတော့သည်။
သူ့ကို ပို၍ ကြောက်လန့်စေသော အရာက သည်ဂျူနီယာတွင် ဓားစွမ်းအင် မည်မျှ များများ ပိုင်ဆိုင်ထားသနည်း ဆိုသည့်အတွေးပင်။
“သူ့မှာ ဓားစွမ်းအင်တန်း ခြောက်ခုထက် ပိုရှိရင် ငါ့ကျင့်ကြံမှုကလည်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ပြန်မကောင်းခဲ့ရင်တော့ ငါ ကျိန်းသေပေါက် သေရလိမ့်မယ်။ ဒါက ကြောက်စရာအကောင်းဆုံး အချက် မဟုတ်သေးဘူး။ အမှန်တကယ် ကြောက်ဖို့ကောင်းတာက ဒီဓားစွမ်းအင်ရဲ့ ပိုင်ရှင်ပဲ…ဒီလိုဓားစွမ်းအင်မျိုးကို ဂျူနီယာတစ်ယောက်ထံ ပေးထားတယ်ဆိုတဲ့ အဓိပ္ပာယ်က သူတို့နှစ်ယောက် ဆက်နွှယ်မှုက အလွန်နီးကပ်လို့ပဲ ဖြစ်ရမယ်…”
ဟွမ်မိသားစုဘိုးဘေး၏ ဦးရေပြားက ထုံထိုင်းသွားမိသည်။သူ့စိတ်ခွန်အားဖြင့်ပင် သူက မကြောက်လန့်မိဘဲ မနေနိုင် ဖြစ်ရ၏။
သူက ဟွမ်မိသားစု၏ ဘိုးဘေး ဖြစ်ကာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သဖြင့် နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပို၍ သိနေပေသည်။ကျင့်ကြံခြင်း ဒုတိယအဆင့်က ပထမအဆင့်နှင့် လုံးဝ မတူညီပေ။
ကျင့်ကြံခြင်းပထမအဆင့်၌ လူတစ်ယောက်က ကောင်းကင်ဘုံကိုဆန့်ကျင်သော ရတနာ သို့မဟုတ် အစွမ်းထက်မန္တာန်များ ရှိနေလျှင် သူ့ထက် မြင့်မားသည့် ကျင့်ကြံမှုအဆင့်ရှိသူကို စိန်ခေါ်ဖို့ ဖြစ်နိုင်သေး၏။ ထိုအဖြစ်က ရှားသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့ရာတွင် ဒုတိယအဆင့်ကျင့်ကြံခြင်းတွင်တော့ တစ်စုံတစ်ယောက်က သူ့ထက်ပိုမြင့်မားသည့် ကျင့်ကြံမှုအဆင့်ရှိသူကို အနိုင်ယူရန် လုံးဝ မဖြစ်နိုင်တော့ပေ။ကျင့်ကြံခြင်း ဒုတိယအဆင့်၌ သေးငယ်သောအဆင့်လေးတစ်ခုကပင် ကောင်းကင်နှင့်မြေကြီးလောက် ရှိပေ၏။
နိဗ္ဗာနကြိုမြင်ခြင်းအဆင့်နှင့် နိဗ္ဗာနသန့်စင်ခြင်းအဆင့်တို့ကြား ကွာခြားမှုဆိုရင်တော့ ပြောနေစရာပင် မလိုတော့ချေ။ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၏ အစောပိုင်းနှင့် အလယ်ပိုင်းအဆင့်ဆိုရင်ပင် ကွာဟမှု ကြီးကြီးမားမား ရှိလို့နေပေ၏။ ထို့ကြောင့် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ၏ ဓားစွမ်းအင်က သူ့ကို အလွန်ကြောက်လန့်မိနေ စေခြင်းပင်။
သည်အချိန်၌ အကောင်းဆုံးရွေးချယ်မှုက လျိုမေကို လက်လွှဲပေးရန် ဖြစ်သည်။ဟွမ်မိသားစုဘိုးဘေးက လျိုမေကို ကြည့်လိုက်၏။ သည့်နောက် ထိုအတွေးကို ချက်ခြင်း စွန့်လွှတ်လိုက်သည်။
“ဒီလူက လျိုမေကို သိတယ်ဆိုတော့…သူက မဟာမိတ်ကြယ်အဖွဲ့အစည်းက လာတာပဲ ဖြစ်ရမယ်။ သူ့ဆရာက ဘယ်လောက်ပဲ သန်မာပါစေ…အလုံးစုံကောင်းကင်ကျောက်တုံး မရှိဘဲ၊ သူ့ကိုယ်ပိုင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် မရှိဘဲ ငါတို့ ကြယ်အဖွဲ့အစည်းကို ဝင်လာနိုင်မှာ မဟုတ်ဘူး။ဒါပေမဲ့လည်း သူ့ဆရာက ဒီနေရာကို ရောက်လာပါစေဦးတော့ ဒါက သူနဲ့ငါ့ကြားရဲ့ကိစ္စတစ်ခု မဟုတ်တော့ဘူး။ ကြယ်အဖွဲ့အစည်းနှစ်ခုကြားက စစ်ပွဲ ဖြစ်သွားပြီ။ အဲ့အချိန်ကြရင် မိုးကြိုးကောင်းကင်ဘုံခန်းမရဲ့ အားကောင်းတဲ့ကျွမ်းကျင်သူတွေပါ ပါဝင်လာကြလိမ့်မယ်…”
“တကယ်တော့ ဒီအဘိုးအိုရဲ့ လျိုမေအပေါ်ချမှတ်ထားတဲ့ အစီအစဉ် အောင်မြင်ခဲ့ရင် ဒီအဘိုးအိုရဲ့ ကျင့်ကြံမှုအဆင့်ကလည်း နိဗ္ဗာနသန့်စင်ခြင်းအဆင်ကို ရောက်သွားနိုင်လိမ့်မယ်။ ဒီလို မဟုတ်ရင်တောင် ငါက နိဗ္ဗာနကြိုမြင်ခြင်းရဲ့ နောက်ဆုံးအထွတ်အထိပ်အဆင့်ကို ရောက်သွားနိုင်လိမ့်မယ်…”
သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီးသည့်နောက် ဟွမ်မိသားစုဘိုးဘေးက ချက်ခြင်းပင် သူ့နတ်ဘုရားအာရုံကို ဂြိုဟ်တစ်ခုလုံးသို့ ဖြန့်ကျက်လိုက်သည်။
“ချမ်မိသားစုရဲ့ မိတ်ဆွေဟောင်း အကိုရှု…ငါ့မှာ တောင်းဆိုစရာ တစ်ခုရှိလို့ပါ…”
ရွင်ယွမ်ဂြိုဟ်ပေါ်တွင် ဝမ်လင်းက ပျက်စီးသွားသော ဝဲကတော့ကို စူးစိုက်ကြည့်နေသည်။ သည့်နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့အကြည့်က ကောင်းကင်ဘုံသက်တော်စောင့် ဝန်းရံပေးထားသည့် အနက်ရောင်မြူပေါ်သို့ ကျရောက်လို့သွားသည်။ ထိုအနက်ရောင်မြူထဲကနေ နာကျင်သောအော်သံ တစ်ခုက ထွက်ပေါ်လို့နေသည်။
ယင်းအသံက ထက်ရှသော ဓားတစ်လက်အလား ဝမ်လင်းနှလုံးသားကို ထိုးစွနေသည်။
ဝမ်လင်းက အနက်ရောင်မြူကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ နာကျင်ဟန်တို့ ဖြစ်ပေါ်လာကြသည်။ မပီမပြင် မျက်လုံးတစ်စုံက ဝမ်လင်းအကြည့်နှင့် ဆုံသွားသည့် အချိန်တိုင်း မကျေမချမ်းဖြစ်မှုကို ထုတ်လွှတ်လာသည်။
‘ဒါက ငါ့ကလေးပဲ…ဒါက ဒီကမ္ဘာမှာ ငါ့ရဲ့ တိုက်ရိုက်မျိုးဆက်ပဲ…”
ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့် ဝန်းရံ ဖန်တီးထားသော အရိပ်ထဲသို့ လှမ်းလျှောက် ဝင်လာသည်။ သူ့မျက်လုံးထဲ၌ နူးညံ့မှုအရိပ်အယောင်တို့ ရှိနေ၏။သူက အနည်းငယ်စဉ်းစားပြီးနောက် သူ့ညာလက်ကို ပင့်မြှောက်ကာ မြူထဲသို့ ဆန့်သွင်းလိုက်သည်။
မကျေမချမ်းစိတ်ဝိညာဉ်က ချက်ခြင်းပင် ဝမ်လင်းလက်ချောင်းကို ကိုက်ခဲလိုက်၏။ ထက်ရှသောသွားများက သူ့အရေပြားကို စုတ်ဖြဲလိုက်ကာ အေးစက်စက် မကျေမချမ်းအော်ရာက ချက်ခြင်းပင် ဝမ်လင်းလက်၏ သွားကိုက်ရာမှ တစ်ဆင့် ဝင်ရောက်လာခဲ့သည်။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မျက်လုံးများက နူးညံနေဆဲ ဖြစ်ကာ သူက သူ့သွေးကို အဆက်မပြတ် စုပ်နေသော မြူထဲမှကလေးငယ်ကို တိတ်တဆိတ်သာ ကြည့်လို့နေသည်။
“ဒါက အဆင်ပြေသွားပါလိမ့်မယ်…။သားနာမည်က လီအာ…။လီက ကောင်းတဲ့ စကားမဟုတ်ဘူး၊ ဒါ့ကြောင့် ဒီနာမည်စာလုံးကို ပြောင်းပြီး ဝမ်ဖျင်လို့ အစားထိုးလိုက်မယ်…အဖေက သားဘဝတစ်လျှောက်လုံး အဖေ့လို မဟုတ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေရဖို့ မျှော်လင့်မိပါတယ်…”
***