← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း (၁၂၁) - အစားအစာ ခိုးယူခြင်း

ကျူးလင်၊ ထန်ဝေ့နှင့် ကျီယန်တို့သည် ရှို့ဝူ နိုးလာမည့်အချိန်ကို စောင့်ဆိုင်းနေကြစဉ်...

ထူထူမှာမူ အသည်းအသန် လိုက်လံဖမ်းဆီးခြင်းကို ပြုလုပ်နေလေသည်။

ဖုတ်ကောင်လေးနောက်သို့ လိုက်လံဖမ်းနေသော်လည်း ထူထူသည် ဖုတ်ကောင်လေးနှင့် အကွာအဝေးတစ်ခုကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ချေသည်။

ဖုတ်ကောင်လေးမှာမူ မည်သို့ပင် ပြုလုပ်စေကာမူ ၎င်းနောက်သို့ တကောက်ကောက် လိုက်နေသော ယုန်လေးကို မည်သို့မျှ ခြေရာဖျောက်၍ မရနိုင်ဘဲ ရှိနေပေသည်။

ဖုတ်ကောင်လေးသည် ဒေါသထွက်သွားပြီး ရုတ်တရက် လှည့်ကြည့်ကာ ၎င်း၏အစွယ်များနှင့် လက်သည်းများကို ခြိမ်းခြောက်သည့်အနေဖြင့် ထုတ်ပြရင်း ထူထူကို အော်ဟစ်လိုက်လေသည်။

"ဝူး... ဝူး... ငါ့နောက်ကို လိုက်မနေနဲ့တော့... တကယ် စိတ်ရှုပ်ဖို့ကောင်းလိုက်တာ..."

ထူထူက ဖုတ်ကောင်လေးကို နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ရင်း ပြောလိုက်သည်။

"နင်က ငါတို့နောက်ကို အရင်လိုက်တာလေ... ဒီသခင်ကြီးက ငါတို့ကို ချောင်းကြည့်နေတဲ့ သူခိုးကို မောင်းထုတ်နေတာပဲ..."

ထူထူ၏ စကားများကို ကြားရသောအခါ ဖုတ်ကောင်လေးသည် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားလေသည်။

ဖုတ်ကောင်လေးက မိမိကို အံ့ဩတကြီး ကြည့်နေသည်ကို မြင်သောအခါ ထူထူက မျက်လုံးကို အပေါ်သို့ ပင့်တင်လိုက်ရင်း ပြောလိုက်သည်။

"စကားပြောနိုင်တာ နင်တစ်ယောက်တည်းလို့ ထင်နေတာလား... ဒီသခင်ကြီးလည်း စကားပြောနိုင်တယ်ဆိုတာ သိထားလိုက်ဦး..."

ဖုတ်ကောင်လေးသည် အလွန်အမင်း အံ့ဩသွားသော်လည်း တစ်ပြိုင်နက်တည်းမှာပင် အလွန်လည်း ဝမ်းသာသွားချေသည်။

ဖုတ်ကောင်လေးသည် ထူထူ၏အနီးသို့ ဖြည်းညှင်းစွာ တိုးကပ်လာပြီး မေးလိုက်သည်။

"ဝူး... နင်ကလည်း ဖုတ်ကောင်တစ်ကောင်ပဲလား..."

ထူထူသည် ဖုတ်ကောင်လေး၏ မေးခွန်းကြောင့် စိတ်ဆိုးဒေါသထွက်သွားပြီး ပြောလိုက်သည်။

"ဒီသခင်ကြီးက မြင့်မြတ်တဲ့ သတ္တဝါတစ်ကောင်ပါ... နင်က ဘယ်လိုတောင် သတ္တိရှိလို့ ငါ့ကို အဲဒီအနံ့အသက်ဆိုးတွေ ထွက်နေတဲ့ ရုပ်သေးရုပ်တွေနဲ့ နှိုင်းယှဉ်ရဲတာလဲ..."

ထူထူ၏ စကားကို ကြားရသောအခါ ဖုတ်ကောင်လေးသည် ချစ်စရာကောင်းသော ယုန်လေးကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ မေးလိုက်သည်။

"ဝူး... ဝူး... နင်က ဖုတ်ကောင်မဟုတ်ဘူးဆိုရင် ငါပြောတာကို ဘယ်လိုလုပ် နားလည်နေတာလဲ..."

ထူထူက ၎င်း၏ အမွေးပွပွ ခြေဖဝါးလေးကို ဝှေ့ယမ်းလိုက်ရင်း ပြောလိုက်သည်။

"ငါက နင်ပြောတာကို ဘယ်လိုနားလည်လဲဆိုတာ နင် သိစရာမလိုပါဘူး... နင် မသေချင်ဘူးဆိုရင် ငါမေးတာကို သေသေချာချာ ရိုးရိုးသားသား ဖြေစမ်း..."

ထူထူ၏ နီရဲသော မျက်လုံးများကို ကြည့်ရင်း ဖုတ်ကောင်လေးသည် အနည်းငယ် ကြောက်ရွံ့ထိတ်လန့်သွားလေသည်။

ဖုတ်ကောင်တစ်ကောင် ဖြစ်သည့်အတွက် ၎င်းသည် လူသားတစ်ဦး ဖြစ်စဉ်ကထက်စာလျှင် ဉာဏ်ရည်အချို့ ဆုံးရှုံးသွားခဲ့ရပေသည်။

ထို့ကြောင့် လက်ရှိ ဖုတ်ကောင်လေးသည် အသက်ဆယ်နှစ်အရွယ် ကလေးတစ်ဦး၏ ဉာဏ်ရည်မျိုးမရှိဘဲ အမှန်တကယ်တွင်မူ အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး၏ ဉာဏ်ရည်မျိုးသာ ရှိတော့ချေသည်။

ထူထူ၏ ဖိအားပေးမှုကို ခံလိုက်ရသဖြင့် ဖုတ်ကောင်လေးသည် ငိုချင်စိတ် ပေါက်သွားသော်လည်း မျက်ရည်ထွက်မလာပေ။

နောက်ဆုံးတွင် ဖုတ်ကောင်လေးသည် ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"ဝူး... ဝူး... ကောင်းပါပြီ... ငါ မေးခွန်းတွေကို ရိုးရိုးသားသား ဖြေပါ့မယ်..."

ထူထူသည် ဖုတ်ကောင်လေး၏ အဖြေကို ကျေနပ်သွားသဖြင့် ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"ပြောစမ်း... နင် ဘာလို့ ငါတို့နောက်ကို လိုက်နေတာလဲ..."

ထူထူ၏ မေးခွန်းကို ကြားရသောအခါ ဖုတ်ကောင်လေးသည် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။

"ဝူး... ဝူး... ဝူး... သူက ငါပြောတာကို နားလည်နိုင်ပြီး ငါ့ကို ကူညီပေးနိုင်တဲ့ တစ်ဦးတည်းသောသူမို့လို့ပါ... ဒါကြောင့်... ငါ သူ့နောက်ကို လိုက်ခဲ့တာ..."

ထူထူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"နင့်ကို ကူညီရမယ်... နင်က ငါ့သခင်မဆီက ဘယ်လိုအကူအညီမျိုးကို လိုချင်လို့လဲ..."

ဖုတ်ကောင်လေးသည် ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

"ဝူး... ဝူး... ငါ မပြောခင်မှာ နင်က ငါ့ကို အရင်ဆုံး ကူညီပေးမယ်လို့ ကတိပေးရမယ်..."

ဖုတ်ကောင်လေး၏ စကားကို ကြားရသောအခါ ထူထူက မျက်လုံးကို အပေါ်သို့ ပင့်တင်လိုက်ရင်း ပြောလိုက်သည်။

"မပြောချင်လည်း နေလိုက်ပေါ့... ငါ နင့်ကို သတိပေးထားမယ်... ငါတို့နောက်ကို ထပ်ပြီး လိုက်မလာနဲ့တော့..."

ထူထူက ထိုသို့ပြောပြီး အမှန်တကယ်ပင် ထွက်ခွာသွားသည်ကို မြင်သောအခါ ဖုတ်ကောင်လေးသည် ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ပေ။

ဖုတ်ကောင်လေးသည် ထူထူ၏ သတိပေးချက်ကို လျစ်လျူရှုကာ ထူထူ၏နောက်သို့ အပြေးအလွှား လိုက်ပါသွားလေသည်။

ခဏအကြာတွင် ထူထူသည် ဖုတ်ကောင်လေးက ၎င်းနောက်သို့ ဆက်လက်လိုက်ပါလာဆဲဖြစ်ကြောင်း သိရှိသွားချေသည်။

ထူထူသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်ကာ ပြောလိုက်သည်။

"ငါ့နောက်ကို လိုက်မလာနဲ့လို့ ငါ ပြောထားတယ်မဟုတ်လား..."

ထူထူ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ယုန်လေးသည် ဖုတ်ကောင်လေးထံသို့ မြင့်မြတ်သော သတ္တဝါ၏ အငွေ့အသက်များကို ထုတ်လွှတ်လိုက်လေသည်။

မိမိ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ပြင်းထန်သည့် ဖိအားနှင့် အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် ဖုတ်ကောင်လေးသည် ဗီဇစိတ်အရ ထူထူနှင့် ဝေးရာသို့ နောက်ဆုတ်သွားချေသည်။

ဝူး...

နောက်တစ်စက္ကန့်တွင် ဖုတ်ကောင်လေးက မော့ကြည့်လိုက်သောအခါ ထူထူသည် ထိုနေရာ၌ မရှိတော့ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်ပေသည်။

မိမိကို စောင့်ဆိုင်းနေမည့်သူကို တွေးတောမိရင်း ဖုတ်ကောင်လေးသည် ပျာယာခတ်သွားလေသည်။

၎င်းသည် လေထုကို နမ်းရှုပ်ကြည့်သော်လည်း မည်သည့်အနံ့ကိုမျှ မရရှိတော့ချေ။

ဖုတ်ကောင်လေးသည် စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို လိုက်လံရှာဖွေနေစဉ်...

ရှို့ဝူမှာမူ နိုးလာခဲ့ပြီ ဖြစ်ပေသည်။

ကျူးလင်က သူ့ကို ကြည့်ကာ မေးလိုက်သည်။

"ရှင် ဘယ်လိုနေသေးလဲ..."

ရှို့ဝူသည် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားကြည့်ပြီးနောက် ပြောလိုက်သည်။

"ကိုယ် အဆင်ပြေပါတယ်..."

သူ့အခြေအနေ ကောင်းမွန်နေသည်ကို မြင်သောအခါ ကျူးလင်က ပြောလိုက်သည်။

"အခု မွန်းတည့်နေပြီ... ရှင် တစ်ခုခု စားသင့်တယ်..."

"အင်း..."

ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျူးလင်၏ ကူညီတွဲထူပေးမှုဖြင့် ကုတင်ပေါ်မှ ထရပ်လိုက်လေသည်။

၎င်းတို့နှစ်ဦးသည် အိပ်ခန်းထဲမှ ထွက်လာကြသောအခါ ကျီယန်၊ ထန်ဝေ့နှင့် ထူထူတို့သည် မီးဖိုငယ်ပေါ်တွင် ကန်စွန်းဥများကို ကင်နေကြသည်ကို မြင်တွေ့လိုက်ရပေသည်။

၎င်းတို့နှစ်ဦးကို မြင်သောအခါ ထူထူက ပြောလိုက်သည်။

"သခင်မ... အဲဒီဖုတ်ကောင်လေးက ကျွန်တော်တို့နောက်ကို ထပ်ပြီး လိုက်လာတော့မှာ မဟုတ်ဘူး..."

ကျူးလင်က ဝင်ထိုင်လိုက်ရင်း ကင်ထားသော ကန်စွန်းဥတစ်လုံးကို ကောက်ယူကာ မေးလိုက်သည်။

"နင် အဲဒီဖုတ်ကောင်လေးဆီက ဘာတွေသိခဲ့ရလဲ..."

ကျူးလင်က ကင်ထားသော ကန်စွန်းဥ အခွံကို ခွာနေစဉ် ထူထူက ပြောလိုက်သည်။

"အဲဒီဖုတ်ကောင်လေးက ကျွန်တော်တို့ကို အကူအညီတောင်းချင်နေတာ..."

ကျူးလင်က အခွံနွှာပြီးသား ကန်စွန်းဥကင်ကို ရှို့ဝူထံသို့ ကမ်းပေးလိုက်ပြီး နောက်ထပ်တစ်လုံးကို ထပ်မံကောက်ယူရင်း မေးလိုက်သည်။

"သူက ငါတို့ဆီက ဘယ်လိုအကူအညီမျိုးကို လိုချင်နေတာလဲ..."

ထူထူက ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။

"ကျွန်တော် မေးကြည့်ပေမဲ့ အဲဒီဖုတ်ကောင်လေးက မပြောဘူးလေ... ဒါကြောင့် ကျွန်တော်လည်း ကျွန်တော်တို့နောက်ကို မလိုက်ဖို့ ပြောပြီး ပြန်လာခဲ့တာ..."

ထူထူ၏ စကားကို ကြားပြီးနောက် ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။

"သူက မင်းရဲ့ သတိပေးချက်ကို တကယ်ပဲ နားထောင်ပါ့မလား..."

ထူထူက တစ်စုံတစ်ခုကို ထပ်မံမပြောနိုင်သေးမီမှာပင် ဖုတ်ကောင်လေးသည် အိမ်ထဲသို့ အတင်းအဓမ္မ တိုးဝင်လာခဲ့ပြီ ဖြစ်ချေသည်။

ဖုတ်ကောင်လေးသည် ကြမ်းပြင်ပေါ်ရှိ ကင်ထားသော ကန်စွန်းဥများကို မြင်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့ကို အမြန်ဆုံး ဆွဲယူကာ ထွက်ပြေးသွားလေတော့သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ထန်ဝေ့သည် နောက်ဆုံးတွင် သတိဝင်လာပြီး မေးလိုက်သည်။

"အခုလေးတင် အဲဒီဖုတ်ကောင်လေးက ငါတို့ရဲ့ အစားအစာတွေကို လာခိုးသွားတာလား..."

သူ၏ မေးခွန်းကို ကြားရသောအခါ ကျီယန်က ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"အဲဒီလို ထင်ရတာပဲ..."

စက္ကန့်အနည်းငယ် ကြာပြီးနောက် ထန်ဝေ့သည် သူ၏ ပေါင်ကို ရိုက်လိုက်ရင်း ဒေါသတကြီး ပြောလိုက်သည်။

"တောက်... ငါတို့ အဲဒီအစားအစာတွေကို ပြန်လုရမယ်... သူက ဘယ်လိုတောင် သတ္တိရှိလို့ ငါတို့ အစားအစာတွေကို ခိုးရဲတာလဲ..."

ကျူးလင်သည် မျိုးစေ့များစွာကို စိုက်ပျိုးနိုင်စွမ်း ရှိသော်လည်း ထိုအစားအစာများသည် သူမ၏ ပိုင်ဆိုင်မှုများသာဖြစ်ပြီး သူတို့၏ ပိုင်ဆိုင်မှုများ မဟုတ်ပေ။

ထန်ဝေ့၊ ကျီယန်နှင့် ရှို့ဝူတို့အတွက်မူ ငါးကီလိုဂရမ်ကျော် အလေးချိန်ရှိသော ကန်စွန်းဥပုံကြီးကို မဆိုထားနှင့်...

ဘီစကစ်မုန့်တစ်ပြားသည်ပင် သူတို့၏ အသက်ကို ကယ်တင်နိုင်ပေသည်။

All Chapters