← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) - ကျေးဇူးပြုပြီး သူတို့ကို ကယ်တင်ပေးပါ

အကယ်၍ ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့သည် အစားအစာများကို ပြန်လည်မရယူနိုင်ပါက ထိုဖုတ်ကောင်လေးသည် သူတို့အား အနိုင်ကျင့်ရလွယ်ကူသူများအဖြစ် ထင်မှတ်သွားပေလိမ့်မည်။

ထိုဖုတ်ကောင်လေးက သူတို့၏ အစားအစာများကို နောက်တစ်ကြိမ် ထပ်မံခိုးယူရန် ပြန်လာခဲ့ပါက မည်သို့ဖြေရှင်းရမည်မှာ စိုးရိမ်စရာ ဖြစ်လာချေသည်။

ထိုသို့ဆိုလျှင် နောင်အနာဂတ်တွင် သူတို့အနေဖြင့် လေကိုသာ စားသုံးရတော့မည် မဟုတ်ပါလော။

ကျီယန်က ပစ္စည်းအားလုံးကို သူ၏နေရာလွတ်ထဲသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီးနောက် ပြောလိုက်လေသည်။

"သွားကြစို့..."

ကျီယန်က ထိုသို့ပြောပြီးနောက် သူတို့သည် အပြင်သို့ အပြေးအလွှား ထွက်ခွာခဲ့ကြပြီး ဖုတ်ကောင်လေးနောက်သို့ လိုက်လံဖမ်းဆီးကြလေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ထူထူက စွန့်ပစ်ထားသော ဂိုဒေါင်ပျက်ကြီးတစ်ခုကို ညွှန်ပြရင်း ပြောလိုက်ချေသည်။

"အဲဒီနေရာက ဖုတ်ကောင်လေးရဲ့ အနံ့ထွက်လာတဲ့ နေရာပဲ..."

ထန်ဝေ့က ဂိုဒေါင်ပျက်ကြီးဆီသို့ ဦးတည်ပြေးသွားရင်း ပြောလိုက်ပေသည်။

"သွားကြစို့... ငါ အဲဒီသူခိုးလေးကို အမိဖမ်းရမယ်..."

ထန်ဝေ့က တံခါးကို မဖွင့်ရသေးမီမှာပင် ဖုတ်ကောင်လေးက ရုတ်တရက် ပေါ်လာပြီး သူ့ကို တိုက်ခိုက်လေတော့သည်။

ဒုန်း...

ရှို့ဝူ၏ လျင်မြန်သော တုံ့ပြန်မှုကြောင့်သာ ထန်ဝေ့သည် ထိုချောင်းမြောင်းတိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်သွားခဲ့ရခြင်း ဖြစ်ပေသည်။

သူက မော့ကြည့်လိုက်သောအခါ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရှို့ဝူ၏ အတားအဆီးတစ်ခု ဝန်းရံထားသည်ကို မြင်တွေ့လိုက်ရလေသည်။ ထန်ဝေ့က သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်၏။

"ကျေးဇူးပဲ လောင်ရှို့..."

ရှို့ဝူက သတိပေးလိုက်ပြီးနောက် အတားအဆီးကို ဖယ်ရှားလိုက်ပေသည်။

"သတိမလွတ်စေနဲ့..."

ရှို့ဝူက ထန်ဝေ့၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အတားအဆီးကို ဖယ်ရှားလိုက်ပြီးနောက် ဖုတ်ကောင်လေးကို စိုက်ကြည့်လိုက်သည်။

ခဏအကြာတွင် သူသည် နေရာလွတ်ဓားသွား ဆယ်ခုထက်မက ဖန်တီးလိုက်ပြီး ဖုတ်ကောင်လေးဆီသို့ ပစ်လွှတ်လိုက်လေသည်။

လေထုအတွင်းရှိ လှုပ်ခတ်မှုကို အာရုံခံမိသွားသော ဖုတ်ကောင်လေးသည် ချက်ချင်းပင် နောက်ပြန်ဂျွမ်း အကြိမ်ကြိမ် ထိုးလိုက်တော့၏။

ဝုန်း... ဝုန်း... ဝုန်း...

ရှို့ဝူ၏ နေရာလွတ်ဓားသွားများသည် မမြင်နိုင်သောကြောင့် ဖုတ်ကောင်လေးက မော့ကြည့်လိုက်ချိန်တွင် မြေပြင်ပေါ်၌ နက်ရှိုင်းသော အက်ကြောင်းကြီးများကိုသာ မြင်တွေ့လိုက်ရချေသည်။

မိမိရှေ့ရှိ အမျိုးသားကို အနိုင်ယူရန် မလွယ်ကူကြောင်း ဖုတ်ကောင်လေးက သိရှိသွားသဖြင့် ကျူးလင်ကို တစ်ချက်လှမ်းကြည့်ကာ ဂိုဒေါင်ထဲသို့ ပြေးဝင်သွားလေသည်။

ကျူးလင်က ဖုတ်ကောင်လေး၏ အကြည့်ကို သတိပြုမိလိုက်သဖြင့် ပြောလိုက်ပေသည်။

"သူ့နောက်ကို လိုက်သွားကြစို့..."

ရှို့ဝူက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်လေသည်။

"ထောင်ချောက်တွေကို သတိထားဦး..."

သူ၏ စကားကို ကြားရသောအခါ ကျီယန်နှင့် ထန်ဝေ့တို့က ခေါင်းညိတ်လိုက်ကြပြီး စွန့်ပစ်ထားသော ဂိုဒေါင်ပျက်ကြီးထဲသို့ သတိကြီးစွာဖြင့် ဝင်ရောက်သွားကြသည်။

ဟဟလေး ပွင့်နေသော တံခါးကို ကြည့်ရင်း ရှို့ဝူက ညင်သာစွာ တွန်းဖွင့်လိုက်သည်။ သံတံခါးမှာ သံချေးတက်နေသဖြင့် တွန်းဖွင့်လိုက်သောအခါ ကျိကျိတက် မြည်သံ ထွက်ပေါ်လာချေသည်။

ကျိ...

တိတ်ဆိတ်ပြီး မှောင်မိုက်နေသော ဂိုဒေါင်ကြီးအတွင်း ထိုကဲ့သို့သော ကြောက်မက်ဖွယ် ကျိကျိတက် မြည်သံသည် လူကို ကြက်သီးမွေးညင်းထစေပေသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရှို့ဝူက ရုတ်တရက် ရပ်တန့်လိုက်ရင်း ပြောလိုက်၏။

"ဒီနေရာမှာ ဖုတ်ကောင်လေးအပြင် တခြားလူတွေ အများကြီး ရှိနေသေးတယ်..."

သူ၏ စကားဆုံးသည်နှင့် ဂိုဒေါင်၏ နောက်ဘက်ရှိ အခြားတံခါးတစ်ခုမှ ဖုတ်ကောင်လေးက ခေါင်းပြူထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဖုတ်ကောင်လေးသည် သူတို့အား စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ပြီးနောက် ပြေးထွက်သွားပြန်လေသည်။

ကျီယန်က သံသယစိတ်ဖြင့် မေးလိုက်ချေသည်။

"သူက ငါတို့ကို သူ့နောက်လိုက်ခဲ့စေချင်တာလား..."

ယခင်က ထူထူပြောခဲ့ဖူးသည်များကို ပြန်လည်တွေးတောရင်း ရှို့ဝူက ပြောလိုက်ပေသည်။

"ဖြစ်နိုင်တယ်... အရင်ဆုံး သူ့နောက်ကို လိုက်ကြည့်ရအောင်..."

ရှို့ဝူက အရှေ့မှ ဦးဆောင်လမ်းပြပြီး ထန်ဝေ့က အနောက်မှ ကာကွယ်ပေးလျက် ၎င်းတို့သည် ဂိုဒေါင်နောက်ဘက်ရှိ တံခါးဆီသို့ လျှောက်လှမ်းသွားကြလေသည်။

ယခုတစ်ကြိမ်တွင်မူ တံခါးကို မဖွင့်ရသေးမီမှာပင် စူးရှပြင်းထန်သော အနံ့ဆိုးတစ်ခုက ၎င်းတို့အား ဆီးကြိုလိုက်သဖြင့် အသက်ပင် ရှူရကျပ်မတတ် ဖြစ်သွားရလေသည်။

ထန်ဝေ့က နှာခေါင်းကို ပိတ်လိုက်ရင်း မေးလိုက်၏။

"ဒါက ဘာအနံ့ကြီးလဲ... စစ်တပ်စခန်းရဲ့ အပြင်ဘက်အလွှာထက်တောင် ပိုပြီး နံစော်နေတာပဲ..."

ရှို့ဝူက မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်စကားမျှ မဆိုပေ။

သူက တံခါးကို ဖွင့်လိုက်သောအခါ မိမိရှေ့ရှိ မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ရပေသည်။

ကျီယန်က သူ လှုပ်ရှားမှုမရှိဘဲ ရပ်နေသည်ကို မြင်တွေ့ရသဖြင့် မေးလိုက်ချေသည်။

"ဘာဖြစ်လို့လဲ... အထဲမှာ ဘာရှိလို့လဲ..."

သူက မေးခွန်းထုတ်လိုက်ရင်း အခန်းထဲသို့ လှမ်းကြည့်လိုက်သောအခါ ကျီယန်လည်း ဆွံ့အသွားရပြန်လေသည်။

အခန်းတွင်းရှိ ညစ်ပတ်ပေရေနေသော မြေပြင်ပေါ်တွင် ကလေးငယ် သုံးဆယ်ကျော်ခန့်သည် ခိုးယူလာသော ကန်စွန်းဥကင်များကို ထိုင်စားနေကြသည်။

၎င်းတို့က ကလေးငယ်များကို ကြည့်ရှုနေစဉ်မှာပင် ဖုတ်ကောင်လေးသည် မျက်နှာကျက်ပေါ်မှ တွားဆင်းလာလေသည်။

ဖုတ်ကောင်လေးသည် ကလေးငယ်များ၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်ပေသည်။

"ဝူး... ဝူး..."

“ကျေးဇူးပြုပြီး သူတို့ကို ကယ်တင်ပေးပါ...”

ရှို့ဝူက ကျူးလင်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။

"သူ ဘာပြောနေတာလဲ..."

ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်လေသည်။

"သူက အဲဒီကလေးတွေကို ကယ်တင်ပေးဖို့ တောင်းဆိုနေတာ..."

သူမ၏ စကားကို ကြားရသောအခါ ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့သည် အံ့အားသင့်သွားကြချေသည်။

သူတို့သည် ဖုတ်ကောင်လေးကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြရာ ဖုတ်ကောင်လေးသည် ဂိုဒေါင်၏ ထောင့်တစ်နေရာမှ မွေးကင်းစကလေးငယ်တစ်ဦးကို ပွေ့ချီလိုက်သည်ကို မြင်တွေ့လိုက်ရပေသည်။

၄င်းသည် ကလေးငယ်ကို ဂရုတစိုက် ပွေ့ပိုက်ထားရင်း သူတို့ထံသို့ သတိကြီးစွာဖြင့် တဖြည်းဖြည်း ချဉ်းကပ်လာလေသည်။

သူတို့နှင့် သုံးမီတာခန့် အကွာအဝေးသို့ ရောက်ရှိလာသောအခါ ဖုတ်ကောင်လေးသည် ကလေးငယ်ကို ညစ်ပတ်ပေရေနေသော မြေပြင်ပေါ်သို့ ညင်သာစွာ ချထားလိုက်၏။ ထို့နောက် ကလေးငယ်နှင့် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားပြီး အော်ဟစ်လိုက်လေသည်။

"ဝူး... ဝူး..."

“ကျေးဇူးပြုပြီး သမီးမောင်လေးကို ကယ်တင်ပေးပါ...”

ကလေးငယ်၏ အားနည်းလှသော အသက်ရှူသံကို အာရုံခံမိလိုက်သဖြင့် ကျူးလင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပေသည်။

သူမသည် ဖုတ်ကောင်လေး၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသော အမူအရာကို ကြည့်ရင်း ကလေးငယ်ကို သွားရောက်ပွေ့ချီလိုက်၏။ သူမက အဝတ်ထုပ်ကို ဖွင့်ကြည့်လိုက်သောအခါ ပိန်လှီပြီး အသက်ဓာတ် ကင်းမဲ့လုနီးပါး ဖြစ်နေသော ကလေးငယ်ကို မြင်တွေ့လိုက်ရချေသည်။

ကလေးငယ်ထံမှ အားနည်းလှသော အသက်ရှူသံများ ရံဖန်ရံခါ ထွက်ပေါ်မလာပါက ကျူးလင်အနေဖြင့် ထိုကလေးငယ်သည် သေဆုံးသွားပြီဟုပင် ထင်မှတ်မိပေလိမ့်မည်။

ကလေးငယ်၏ အခြေအနေအရ အသက်ရှင်သန်ရန် အခွင့်အလမ်း အလွန်နည်းပါးလှပေသည်။ ကလေးငယ်၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ကျူးလင်က ဖုတ်ကောင်လေးကို ကြည့်ကာ ပြောလိုက်လေသည်။

"မောင်လေးရဲ့ အခြေအနေက အရမ်းကို စိုးရိမ်ရတယ်... ငါ သူ့ကို ကယ်တင်နိုင်မလားဆိုတာ မသေချာဘူး..."

ထိုကလေးငယ်သည် ဖုတ်ကောင်လေး၏ မောင်လေးဖြစ်ကြောင်း ကြားလိုက်ရသောအခါ ကျီယန်က အံ့အားသင့်စွာ ပြောလိုက်၏။

"ဒီဖုတ်ကောင်လေးက လူသားဘဝတုန်းက အမှတ်တရတွေကို မှတ်မိနေသေးတာလား..."

ထန်ဝေ့က ကျီယန်ကို ကြည့်ကာ ပြောလိုက်ချေသည်။

"မဖြစ်နိုင်တာ... ကမ္ဘာပျက်ကပ်ဗိုင်းရပ်စ်ရဲ့ ပထမဆုံးပစ်မှတ်က လူသားတွေရဲ့ ဦးနှောက်ပဲ..."

“လူသားတွေ ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့အခါ သူတို့ရဲ့ ဦးနှောက်က သေဆုံးသွားပြီ..."

“လူသားဘဝက အမှတ်တရတွေကို မှတ်မိနေဖို့ဆိုရင် အနည်းဆုံးတော့ အဲဒီဖုတ်ကောင်ရဲ့ ဦးနှောက်က လူသားဦးနှောက်လိုမျိုး အလုပ်လုပ်နေဖို့ လိုအပ်လိမ့်မယ်..."

ထိုသို့ပြောပြီးနောက် ထန်ဝေ့က ဖုတ်ကောင်လေးကို စဉ်းစားတွေးတောဟန်ဖြင့် ကြည့်ကာ ပြောလိုက်ပေသည်။

"တစ်စုံတစ်ယောက်က ဖုတ်ကောင်ရဲ့ ဦးနှောက်ကို တမင်တကာ ပြုပြင်မွမ်းမံထားတာမျိုးမဟုတ်ရင် ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့သူတွေက သူတို့ရဲ့ အမှတ်တရတွေကို ထိန်းသိမ်းထားနိုင်ဖို့ မဖြစ်နိုင်ဘူး..."

ထန်ဝေ့၏ စကားဆုံးသည်နှင့် ရှို့ဝူက ဖုတ်ကောင်လေးကို စဉ်းစားတွေးတောဟန်ဖြင့် ကြည့်လိုက်လေသည်။

သူ၏ အကြည့်များက မိမိထံသို့ ရောက်ရှိလာသည်ကို သတိပြုမိလိုက်သော ဖုတ်ကောင်လေးသည် ခေါင်းညိတ်ပြကာ အော်ဟစ်လိုက်၏။

"ဝူး... ဝူး... ဝူး..."

“မင်းသူငယ်ချင်း ခန့်မှန်းတာ မှန်တယ်... သမီးမှာ လူသားဘဝတုန်းက အမှတ်တရတွေ ရှိနေသေးပေမဲ့ သမီးက လူသားတစ်ယောက် မဟုတ်တော့ဘူး...”

All Chapters