← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း (၁၂၃) - သမီးကို သတ်ပစ်နိုင်ပါတယ်

ရှို့ဝူက ဖုတ်ကောင်လေး ပြောလိုက်သည့် စကားကို နားမလည်သဖြင့် ကျူးလင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ကျူးလင်က ရေခဲပန်းပွင့်ဆွဲသီးထဲမှ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။

"သူ့မှာ လူသားတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေ ရှိနေသေးပေမဲ့ သူက လူသားတစ်ယောက် မဟုတ်တော့ဘူးလို့ ဖုတ်ကောင်လေးက ပြောနေတာ..."

ထိုသို့ပြောပြီးနောက် ကျူးလင်က ရှို့ဝူကို ကြည့်ကာ ပြောလိုက်သည်။

"ဒီကလေးလေးကို ခဏလောက် ချီထားဦး..."

ရင်ခွင်ထဲတွင် မွေးကင်းစကလေးငယ်လေးကို ပွေ့ပိုက်ထားရသဖြင့် ရှို့ဝူမှာ လုံးဝမလှုပ်ရှားရဲဘဲ တောင့်တောင့်ကြီးသာ ရပ်နေနိုင်တော့သည်။

သူ၏ ပျာယာခတ်နေသော အမူအရာနှင့် တောင့်တင်းနေသော ခန္ဓာကိုယ်ကို ကြည့်ကာ ကျူးလင်က ခပ်ဖွဖွ ပြုံးလိုက်မိလေသည်။

သူမက ကျောက်စိမ်းပုလင်းလေး၏ အဖုံးကို ဖွင့်လိုက်ရင်း ပြောလိုက်သည်။

"မလှုပ်နဲ့နော်..."

ကျောက်စိမ်းပုလင်းလေး၏ အဖုံးကို ဖွင့်လိုက်သည့်အချိန်တွင် လတ်ဆတ်ပြီး မွှေးပျံ့လှသော အနံ့အသက်တစ်ခုက ဂိုဒေါင်တစ်ခုလုံးသို့ ပျံ့နှံ့သွားချေသည်။

ဖုတ်ကောင်လေးသည် ထိုအနံ့ကို ရရချင်းပင် ကျူးလင်၏ လက်ထဲမှ ကျောက်စိမ်းပုလင်းလေးကို လုယူချင်စိတ်ကို မအောင့်နိုင်တော့ပေ။

သို့သော် သူ၏ အသိစိတ်များ လွတ်ထွက်မသွားမီမှာပင် ကျူးလင်က ကျောက်စိမ်းပုလင်းလေးထဲမှ ဆေးရည်တစ်စက်ကို ကလေးငယ်အား တိုက်ကျွေးနေသည်ကို မြင်တွေ့လိုက်ရလေသည်။

ကလေးငယ်အား နတ်ဘုရားစမ်းရေတစ်စက် တိုက်ကျွေးပြီးနောက် ကျူးလင်က ကျောက်စိမ်းပုလင်းလေးကို ရေခဲပန်းပွင့်ဆွဲသီးထဲသို့ ပြန်လည်ထည့်သွင်းလိုက်သည်။

ကလေးငယ်၏ အသက်ရှူသံမှာ ယခင်ကထက် ပိုမိုအားကောင်းလာသည်ကို မြင်တွေ့ရသဖြင့် ကျူးလင်က ဖုတ်ကောင်လေးကို ကြည့်ကာ မေးလိုက်သည်။

"ဒီကလေးတွေက ဘယ်သူတွေလဲ..."

သူမ၏ မေးခွန်းကို ကြားရသောအခါ ဖုတ်ကောင်လေးက အော်ဟစ်လိုက်သည်။

"ဟူး... ဟို... ဟို..."

“ဒီကလေးတွေက သမီးလိုပါပဲ...”

“သမီးတို့ကို လူတစ်စုက ပြန်ပေးဆွဲသွားပြီးတော့ ကြောက်စရာကောင်းတဲ့ အရာတွေကို လုပ်ခဲ့ကြတာ...”

"သူတို့ မင်းတို့ကို ဘာလုပ်ခဲ့ကြတာလဲ... ပြီးတော့ သူတို့က ဘယ်သူတွေလဲ..."

ကျူးလင်က ထပ်မံမေးမြန်းလိုက်သည်။

ဖုတ်ကောင်လေးက ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"ဟို... ဟို... ဂါး..."

“သူတို့က ဘယ်သူတွေလဲဆိုတာရယ်... သမီးတို့ကို ဘာလုပ်ခဲ့လဲဆိုတာရယ်ကို မသိဘူး...”

“သမီး သတိပြန်ရလာတဲ့အချိန်မှာ သမီးခန္ဓာကိုယ်က ဒီလို ဖြစ်ပျက်နေပြီ...”

သူက ကလေးများကို လှည့်ကြည့်လိုက်ရင်း ပြောလိုက်သည်။

"ဂါး... ဟို... ဟို... ဂါး..."

“အဲဒီနေရာကနေ ထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက်မှာ သမီးတို့ကို ကူညီပေးမယ့်သူကို အရင်ဆုံး ရှာဖွေခဲ့တာ...”

“ဒါပေမဲ့ လူတွေက သမီးကို မြင်တာနဲ့ ထွက်ပြေးကြတာ ဒါမှမဟုတ် သတ်ဖို့ ကြိုးစားကြတာပဲ...”

“သမီး သူတို့နဲ့ စကားပြောဖို့ ကြိုးစားပေမဲ့ သမီးပြောတာကို ဘယ်သူမှ နားမလည်ကြဘူး...”

ထိုသို့ပြောပြီးနောက် ဖုတ်ကောင်လေးက ကျူးလင်ကို ကြည့်ကာ ပြုံးပြလိုက်လေသည်။

ဤအပြုံးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ကျူးလင်က ဖုတ်ကောင်လေး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများကို မြင်တွေ့လိုက်ရ၏။

"ဂါး... ဟို... ဟို..."

“ကံကောင်းထောက်မစွာနဲ့ပဲ သမီး အစ်မနဲ့ တွေ့ခဲ့ရတယ်...”

“အစ်မက သမီးပြောတာကို နားလည်နိုင်တယ်...”

ရှို့ဝူက ကျူးလင်၏ ဘေးတွင် ရပ်နေရင်း မေးလိုက်သည်။

"သူ အခုလေးတင် ဘာပြောလိုက်တာလဲ..."

ကျူးလင်က သူ့ကို ကြည့်ကာ ဖုတ်ကောင်လေး ပြောလိုက်သည့် စကားများကို ဘာသာပြန်ပေးလိုက်လေသည်။

ဖုတ်ကောင်လေး ပြောလိုက်သည့် စကားများကို နားလည်သွားပြီးနောက် ကျီယန်က ခဏမျှ တွေးတောလိုက်ပြီး ယခင်က သူရှာဖွေတွေ့ရှိထားသော မှတ်ပုံတင်ကတ်ပြားကို ထုတ်ယူလိုက်၏။

သူက မှတ်ပုံတင်ကတ်ပြားကို ဖုတ်ကောင်လေးအား ပြသလိုက်ရင်း မေးလိုက်သည်။

"အဲဒီလူတွေရဲ့ ကိုယ်ပေါ်မှာ ဒီလိုဟာမျိုး ရှိနေတာလား..."

ဖုတ်ကောင်လေးသည် မှတ်ပုံတင်ကတ်ပြားကို မြင်သည်နှင့်တစ်ပြိုင်နက် သူ၏ ရှည်လျားပြီး ချွန်ထက်လှသော လက်သည်းများကို ကျီယန်ထံသို့ ချိန်ရွယ်ကာ အစွယ်တပြပြဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

"ဂါး... ဂါး... ဂါး..."

“လူဆိုးကြီး...”

“သမီးတို့နဲ့ ဝေးဝေးမှာနေ...”

“ထွက်သွားစမ်း...”

ကျီယန်မှာ ဖုတ်ကောင်လေး၏ ရုတ်တရက် ရန်လိုလာမှုကြောင့် လန့်ဖျပ်သွားပြီး မှတ်ပုံတင်ကတ်ပြားကို အလျင်အမြန် ပြန်သိမ်းလိုက်ရသည်။

ဖုတ်ကောင်လေးက ကျီယန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်ရသဖြင့် ကျူးလင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"စိတ်အေးအေးထားပါ... ငါတို့က အဲဒီအရာကို ဒီရွာထဲက အိမ်တစ်အိမ်မှာ ရှာတွေ့ခဲ့တာပါ..."

သူမ၏ စကားကို ကြားရသောအခါ ဖုတ်ကောင်လေးမှာ အနည်းငယ် စိတ်အေးသွားသော်လည်း ကျီယန်ကိုမူ သတိကြီးစွာဖြင့် စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

ဖုတ်ကောင်လေး၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် ကျီယန်မှာ မတရားသဖြင့် ခံရသလို ခံစားလိုက်ရသော်လည်း ဘာမျှမတတ်နိုင်ချေ။

ဖုတ်ကောင်လေး၏ ရန်လိုသော တုံ့ပြန်မှုကို မြင်တွေ့ရသဖြင့် ရှို့ဝူက သူ၏ သူငယ်ချင်းနှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။

"ငါတို့ အဲဒီထူးဆန်းတဲ့ ဖုတ်ကောင်နဲ့ တိုက်ခိုက်နေတုန်းက လူတစ်စုက ငါတို့ကို စောင့်ကြည့်နေတာကို မင်းတို့နှစ်ယောက် မြင်ခဲ့တယ်လို့ ပြောခဲ့တယ် မဟုတ်လား..."

ထန်ဝေ့က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။

"အင်း... မင်း အဲဒီထူးဆန်းတဲ့ ဖုတ်ကောင်နဲ့ တိုက်ခိုက်နေတုန်းက ဓာတ်ခွဲခန်းဝတ်စုံဝတ်ထားတဲ့ လူတွေ ချောင်းမြောင်းနေတာကို ငါ မြင်လိုက်ရတယ်...”

“သူတို့ရဲ့ လှုပ်ရှားပုံတွေကို ကြည့်ရသလောက်တော့ အဲဒီထူးဆန်းတဲ့ ဖုတ်ကောင်နဲ့ တစ်ခုခု ပတ်သက်မှုရှိနေတာ သေချာတယ်..."

သူ၏ စကားကို ကြားရပြီးနောက် ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ရင်း ပြောလိုက်သည်။

"ဒီရွာကို လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုအနေနဲ့ အသုံးပြုနေတာထင်တယ်...”

“တကယ်လို့ ဖုတ်ကောင်လေး ပြောတာသာ အမှန်ဆိုရင်တော့ ငါတို့ ဒီကိစ္စကို စခန်းဆီ အစီရင်ခံရလိမ့်မယ်..."

ဤကိစ္စမှာ သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်သည့်အရာ မဟုတ်ကြောင်း ကျီယန်က သိရှိသဖြင့် ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။

"ငါလည်း လောင်ရှို့ရဲ့ သဘောထားကို သဘောတူတယ်..."

"ဒါဆို အဲဒီကလေးတွေနဲ့ ဒီဖုတ်ကောင်လေးကိုကျ ဘယ်လိုလုပ်ကြမလဲ..."

ထန်ဝေ့က ဖုတ်ကောင်လေးကို ကြည့်ရင်း မေးလိုက်သည်။

ရှို့ဝူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ရင်း ပြောလိုက်သည်။

"ငါတို့ ကလေးတွေကိုတော့ စခန်းဆီ ခေါ်သွားလို့ရတယ်... ဒါပေမဲ့ ဒီဖုတ်ကောင်လေးကတော့ ထူးဆန်းလွန်းတယ်...”

“တကယ်လို့ ငါတို့ သူ့ကို ခေါ်သွားရင် သူက အစမ်းသပ်ခံတစ်ဦး ထပ်ဖြစ်သွားလိမ့်မယ်... သူ့ကို လွှတ်ပေးလိုက်တာက အကောင်းဆုံးပဲ..."

ကျီယန်က ဖုတ်ကောင်လေးကို ကြည့်ကာ ပြောလိုက်သည်။

"ဒီဖုတ်ကောင်လေးက အနည်းဆုံးတော့ အဆင့် ၄ ကို ရောက်နေပြီ... သူ့စွမ်းအားနဲ့ဆိုရင် သူ့ကို လွှတ်ပေးလိုက်တာက အန္တရာယ်များလွန်းတယ်...”

“သူ့ရဲ့ စွမ်းအားတစ်ခုတည်းနဲ့တင် စခန်းအသေးစားလေးတစ်ခုကို ဖျက်ဆီးပစ်နိုင်တယ်... ငါ့အမြင်အရတော့ သူ့ကို စခန်းဆီ လွှဲပြောင်းပေးလိုက်တာက ပိုကောင်းလိမ့်မယ်..."

ရှို့ဝူ စကားမပြောမီမှာပင် ကျူးလင်က ဦးစွာပြောလိုက်လေသည်။

"ဒီဖုတ်ကောင်လေးက လူသားတွေရဲ့ အသားကို ဘယ်တော့မှ မစားဘူး... တကယ်တော့ သူက သူ့ကိုယ်သူ လူသားတစ်ယောက်အနေနဲ့ သတ်မှတ်ထားတုန်းပဲ..."

သူမ၏ စကားကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြပြီး သူမထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

ကျီယန်က ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။

"ရှောင်လင်... ဒါကို ဘယ်လိုသိတာလဲ... ဒီဖုတ်ကောင်လေးက နောင်အနာဂတ်မှာ လူသားမစားဘူးလို့ သေချာပေါက် ပြောနိုင်လို့လား...”

“ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းလဲသူတွေ အဆင့်တက်ဖို့ တစ်ခုတည်းသော နည်းလမ်းက လူသားတွေကိုစားတာ ဒါမှမဟုတ် ပုံဆောင်ခဲအမြုတေတွေကို စုပ်ယူတာဆိုတာ သိတယ်မဟုတ်လား..."

“ဒီဖုတ်ကောင်လေး အဆင့် ၄ ကို ရောက်ဖို့အတွက် ပုံဆောင်ခဲအမြုတေတွေ ဒါမှမဟုတ် လူသားတွေ ဘယ်လောက်တောင် စားခဲ့လဲဆိုတာ မသိနိုင်ဘူး..."

ဖုတ်ကောင်လေးသည် ၎င်းတို့ ပြောဆိုနေကြသည်ကို နားလည်ပုံရပြီး အော်ဟစ်လိုက်သည်။

"ဟို... ဟို..."

“သမီးရဲ့ မောင်လေးနဲ့ ဒီကလေးတွေကို ကယ်တင်ပေးပြီးရင်...”

“အစ်မတို့ သမီးကို သတ်ပစ်နိုင်ပါတယ်...”

ဖုတ်ကောင်လေး ပြောလိုက်သည့် စကားကို ကြားရသောအခါ ကျူးလင်က သူ့ဘက်သို့ လှည့်ကြည့်လိုက်ရင်း မေးလိုက်သည်။

"မင်း သေချာလား..."

ဖုတ်ကောင်လေးက ခေါင်းညိတ်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ဂါး..."

“ဟုတ်ကဲ့...”

All Chapters