အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း (၁၂၇) - ကိုယ်ပိုင်စခန်းတစ်ခု တည်ဆောက်ကြစို့
ကျူးလင်က သူတို့၏ အမူအရာများကို မြင်သောအခါ ခေါင်းလေးကို အနည်းငယ်စောင်းလျက် ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
"ဘာလို့လဲ... ကျွန်မတို့ လုပ်လို့မရဘူးလား..."
ထန်ဝေ့တစ်ယောက် ဘာမှမပြောနိုင်ခင်မှာပင် ရှို့ဝူက သူမကို ကြည့်ကာ ပြောလိုက်သည်။
"မဟုတ်ပါဘူး... ရှောင်လင်... မင်းရဲ့ စိတ်ကူးက တကယ့်ကို ကောင်းတယ်...”
“မင်းပြောသလိုပဲ သူတို့အတွက် ဒီမှာ ဘေးကင်းတဲ့နေရာ မရှိဘူးဆိုရင် ငါတို့ကပဲ သူတို့အတွက် တည်ဆောက်ပေးလိုက်ရုံပဲပေါ့..."
သူ့စကားကို ကြားရသောအခါ သူငယ်ချင်းနှစ်ယောက်လုံးက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။
"လောင်ရှို့... မင်း တကယ်ပြောနေတာလား..."
ရှို့ဝူက ခေါင်းညိတ်ပြကာ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"အင်း... ငါတို့ ကိုယ်ပိုင်စခန်းတစ်ခု တည်ဆောက်ကြမယ်..."
သူ့စကား ဆုံးသွားသည်နှင့် မီးဖိုချောင်တစ်ခုလုံး တိတ်ဆိတ်သွားချေသည်။
ရှည်လျားသော တိတ်ဆိတ်မှုအပြီးတွင် ကျီယန်က ပြောလိုက်သည်။
"လောင်ရှို့... စခန်းတစ်ခု တည်ဆောက်ဖို့ဆိုတာ မလွယ်ကူဘူးနော်... ငါတို့မှာ အရင်းအမြစ်တွေနဲ့ လူအင်အား အများကြီး လိုအပ်လိမ့်မယ်..."
ရှို့ဝူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ငါ သိပါတယ်..."
ထန်ဝေ့က ရှို့ဝူ၏ တည်ငြိမ်သော မျက်နှာပေးကို စဉ်းစားတွေးတောစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
"လောင်ယန်... ဒီလိုပဲ လုပ်ကြရအောင်... ငါ လောင်ရှို့ကို ယုံတယ်... သူက ဒီလိုပြောရဲတယ်ဆိုရင် သူ့မှာ အစီအစဉ် ရှိပြီးသား ဖြစ်ရမယ်..."
အတူတူ ကြီးပြင်းလာခဲ့သည့် ငယ်သူငယ်ချင်းဖြစ်သည့်အားလျော်စွာ ထန်ဝေ့က ရှို့ဝူကို အသိဆုံးပင် ဖြစ်သည်။
ရှို့ဝူက ပြောရဲလျှင် ဧကန်မုချ လုပ်ဆောင်မည့်သူ ဖြစ်ချေသည်။ ထန်ဝေ့ကပင် ထိုသို့ ပြောလိုက်ပြီဖြစ်ရာ ကျီယန်လည်း သူတို့နှင့် သဘောတူရန်သာ ရှိတော့သည်။
သူက သူ၏ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့တွေ လုပ်ချင်တယ်ဆိုမှတော့ ငါ့ကိုလည်း ထည့်တွက်လိုက်ပါဦး..."
သူ့ထံမှ သဘောတူညီသည့် အဖြေကို ရရှိပြီးနောက် ထန်ဝေ့က ပြုံးကာ မေးလိုက်သည်။
"လောင်ရှို့... မင်း စခန်းဆောက်မယ့်နေရာကို ဆုံးဖြတ်ပြီးပြီလား..."
ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ငါ့မှတ်ဉာဏ် မမှားဘူးဆိုရင် ဒီကနေ ကီလိုမီတာ တစ်ရာလောက်အကွာမှာ အပန်းဖြေစခန်းတစ်ခု ရှိရမယ်..."
ကျီယန်က ခေါင်းညိတ်ကာ မေးလိုက်သည်။
"မင်း အဲဒီနေရာမှာ စခန်းဆောက်ချင်တာလား..."
ရှို့ဝူက တည်ငြိမ်စွာ ပြောလိုက်သည်။
"အင်း... အဲဒီအပန်းဖြေစခန်းက အသစ်ဆောက်ထားတဲ့ နေရာတစ်ခုဆိုတော့ အဆောက်အအုံတွေကလည်း အသစ်စက်စက်တွေပဲ...”
“ဒါကြောင့် အစကနေ ပြန်ဆောက်ဖို့အတွက် ကုန်ကြမ်းတွေနဲ့ အချိန်တွေကို အများကြီး သက်သာစေလိမ့်မယ်...”
“ငါတို့ လုပ်ဖို့လိုတာက သန္ဓေပြောင်းသားရဲတွေ... ဖုတ်ကောင်တွေနဲ့ သဘာဝလွန်စွမ်းအားရှင်တွေရဲ့ ရန်ကနေ ကာကွယ်နိုင်လောက်အောင် ခိုင်ခံ့တဲ့ တံတိုင်းတစ်ခု ဆောက်ဖို့ပဲ...”
“အဲဒီအပန်းဖြေစခန်းမှာ ပြည့်စုံတဲ့ အသုံးအဆောင်တွေ... လွတ်နေတဲ့ မြေကွက်တွေနဲ့ ရေအရင်းအမြစ်တွေလည်း ရှိတယ်..."
ထန်ဝေ့က သူ့စကားကို စဉ်းစားဆင်ခြင်ကြည့်ပြီး ပြောလိုက်သည်။
"အဲဒီနေရာက တော်တော်ကောင်းတယ်လို့ ငါထင်တယ်..."
“အဲဒါက ကုန်းမြင့်ပေါ်မှာ ရှိပြီး တခြားစခန်းတွေနဲ့လည်း ဝေးတော့... အဲဒီနေရာမှာ စခန်းဆောက်တာက နောင်တစ်ချိန် တိုက်ခိုက်ခံရရင် ကာကွယ်ဖို့ ပိုပြီး လွယ်ကူလိမ့်မယ်..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျီယန်က မေးလိုက်သည်။
"ငါတို့ စခန်းဆောက်ဖို့ ဘယ်တော့ စတင်ကြမလဲ..."
ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ဖြစ်နိုင်ရင်တော့ အမြန်ဆုံး စချင်တာပဲ... ဆောင်းရာသီ မရောက်ခင် ဒီစခန်းကနေ ငါတို့ ပြောင်းရွှေ့သွားသင့်တယ်..."
ကျီယန်က ထပ်မံမေးလိုက်သည်။
"ဒါဆို ကုန်ကြမ်းတွေနဲ့ အလုပ်သမားတွေကကော... ကုန်သွယ်ရေးခန်းမကနေ ကုန်ကြမ်းတွေဝယ်ပြီး တာဝန်ပေးခန်းမမှာ အလုပ်သမားခေါ်ယူတဲ့ ခေါ်စာ တင်ချင်တာလား..."
ရှို့ဝူ ပြန်မဖြေနိုင်ခင်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာချေသည်။ ရှို့ဝူက သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ရာ ညဆယ်နာရီ ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဤစစ်တပ်စခန်းတွင် နေထိုင်ကြသော အသက်ရှင်ကျန်ရစ်သူများအတွက်မူ ဤအချိန်သည် အပြင်ထွက်ကာ သူတို့၏ နေ့သစ်ကို စတင်ရမည့် အချိန်ပင် ဖြစ်သည်။
ထန်ဝေ့က သူ့ထိုင်ခုံမှ ထရပ်လိုက်ပြီး ပြောလိုက်သည်။
"ငါ သွားဖွင့်လိုက်မယ်..."
ထန်ဝေ့က တံခါးကို ဖွင့်လိုက်ရင်း မေးလိုက်သည်။
"ဘယ်သူလဲ..."
တံခါးပွင့်သွားသည်နှင့် အပြင်ဘက်တွင် ရပ်နေသော ထန်ပိုင်ကို သူ မြင်လိုက်ရသည်။ ထန်ဝေ့က အံ့အားသင့်စွာ မေးလိုက်သည်။
"ဗိုလ်ကြီးထန်... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ..."
ထန်ပိုင်က ဧည့်ခန်းထဲတွင် အိပ်ပျော်နေကြသော ကလေးငယ်များကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။
"မိန်းကလေးကျူး အိမ်မှာ ရှိလား..."
သူ့မေးခွန်းကို ကြားရသောအခါ ထန်ဝေ့က မေးလိုက်သည်။
"ရှောင်လင်နဲ့ ကိစ္စရှိလို့လား..."
သူတို့သည် အဖွဲ့တစ်ဖွဲ့တည်းဖြစ်ကြောင်း သိထားသဖြင့် ထန်ပိုင်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဗိုလ်ချုပ်မော့ရန်နဲ့ မိန်းကလေးကျူးတို့ သဘောတူညီမှုတစ်ခု ရှိခဲ့ကြတယ်... ကျုပ်က သူမကို ထောက်ပံ့ရေးဌာနခွဲဆီ ဖိတ်ခေါ်ဖို့ လာခဲ့တာပါ..."
ထန်ဝေ့က သူတို့၏ သဘောတူညီချက်မှာ မည်သည့်အရာဖြစ်ကြောင်း မသိသဖြင့် ပြောလိုက်သည်။
"ခဏလောက် စောင့်ပါဦး... ကျွန်တော် ရှောင်လင်ကို သွားခေါ်ပေးပါ့မယ်..."
ထိုသို့ပြောပြီးနောက် ထန်ဝေ့က မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့ပြီး ထန်ပိုင်ကမူ ပွင့်နေသော တံခါးဝတွင် ရပ်လျက် အိပ်ပျော်နေကြသော ကလေးငယ်များကို စိတ်ဝင်တစား ကြည့်နေချေသည်။
မီးဖိုချောင်ထဲသို့ ပြန်ရောက်သောအခါ ထန်ဝေ့က ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
"ရှောင်လင်... ဗိုလ်ကြီးထန်က မင်းကို လာရှာနေတာ...”
“မင်းကို ထောက်ပံ့ရေးဌာနခွဲဆီ လာဖိတ်တာတဲ့..."
“လွန်ခဲ့တဲ့ရက်က ဗိုလ်ချုပ်မော့ရန်နဲ့ မင်းတို့ သဘောတူထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ထင်တယ်..."
သူ့စကားကို ကြားရသောအခါ ကျူးလင်က ခေါင်းညိတ်ပြကာ ထိုင်ခုံမှ ထရပ်လိုက်ပြီး ပြောလိုက်သည်။
"အင်း... ဟုတ်တယ်... ထန်ဝေ့..."
သူမ မီးဖိုချောင်ထဲမှ ထွက်သွားသည်ကို ကြည့်ပြီးနောက် ရှို့ဝူက ကျီယန်နှင့် ထန်ဝေ့တို့ကို ကြည့်ကာ မေးလိုက်သည်။
"သူမက ဗိုလ်ချုပ်မော့ရန်နဲ့ ဘာသဘောတူညီချက် ရှိထားတာလဲ..."
သူ မေးလိုက်သောအခါ ထန်ဝေ့နှင့် ကျီယန်က ပခုံးတွန့်ပြကာ ခေါင်းခါလိုက်ကြသည်။ မီးဖိုချောင်ထဲမှ ထွက်လာသောအခါ ကျူးလင်သည် အိမ်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ထန်ပိုင်ကို တွေ့လိုက်ရသည်။
သူမက သူ့ကို အနည်းငယ် ပြုံးပြကာ မေးလိုက်သည်။
"ဗိုလ်ကြီးထန်... ကျွန်မ ကူညီပေးရမယ့် ကိစ္စရှိလို့လား..."
ထန်ပိုင်က သူမကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"မင်္ဂလာညချမ်းပါ... မိန်းကလေးကျူး... ကျုပ်က မင်းကို ထောက်ပံ့ရေးဌာနခွဲဆီ ဖိတ်ခေါ်ဖို့ လာတာပါ..."
“ကျုပ်တို့ မျိုးစေ့တွေကို ပြင်ဆင်ပြီးပါပြီ... မိန်းကလေး လာရောက်စစ်ဆေးပြီး အရောင်းအဝယ် အပြီးသတ်ဖို့ပဲ ကျန်တော့တာ..."
သူ့စကားကို ကြားရသောအခါ ကျူးလင်သည် ဗိုလ်ချုပ်မော့ရန်နှင့် သဘောတူညီခဲ့သည်ကို သတိရသွားချေသည်။ သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ... ခဏလောက် စောင့်ပေးပါဦး... ကျွန်မ သူငယ်ချင်းတွေကို အရင်ပြောလိုက်ပါဦးမယ်..."
ထိုသို့ပြောပြီးနောက် သူမက မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားကာ ပြောလိုက်သည်။
"ကျွန်မ ဗိုလ်ကြီးထန်နဲ့အတူ အပြင်ကို ခဏသွားလိုက်ဦးမယ်... ကျွန်မကို စောင့်မနေကြနဲ့တော့နော်..."
သူတို့သုံးယောက်လုံး ဘာမှမမေးနိုင်ခင်မှာပင် သူမသည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ရေခဲပြာရောင်ဝတ်ရုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်ပြီး ထန်ပိုင်နှင့်အတူ တိုက်ခန်းထဲမှ ထွက်ခွာသွားချေသည်။
လှေကားအတိုင်း ဆင်းလာကြစဉ် ထန်ပိုင်က သူမ၏ ရေခဲပြာရောင်ဝတ်ရုံကို မကြာခဏ ခိုးကြည့်နေသည်။
သူ့အကြည့်ကို အာရုံခံမိသဖြင့် ကျူးလင်က မေးလိုက်သည်။
"ဗိုလ်ကြီးထန်... ကျွန်မကို ပြောစရာ စကားရှိလို့လား..."
ထန်ပိုင်က သူ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန် အသာအယာ ချောင်းဟန့်လိုက်ပြီးနောက် မေးလိုက်သည်။
"မိန်းကလေးကျူး... ကျုပ် မေးပါရစေ... မိန်းကလေးရဲ့ ဝတ်ရုံကို ဘယ်လိုပိတ်စနဲ့ ချုပ်ထားတာလဲ... ပြီးတော့ ဒီဝတ်ရုံကို ဘယ်ကနေ ဝယ်ယူခဲ့တာလဲ..."