← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း (၁၂၈) - မိတ်ဆွေတစ်ဦးထံမှ လက်ဆောင်

ကျူးလင်သည် သူမ၏ ရေခဲပြာရောင်ဝတ်ရုံနှင့် အနီးကပ်ထိတွေ့ဖူးသူတိုင်း ထိုဝတ်ရုံအပေါ် အမြဲတမ်း စူးစမ်းလိုစိတ် ပြင်းပြနေကြသည်ကို သတိပြုမိလေသည်။

သူမက ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒီဝတ်ရုံကို နှစ်တစ်ထောင် ရေခဲပိုးထည်စနဲ့ ချုပ်လုပ်ထားတာပါ..."

ထန်ပိုင်က ထပ်မံမေးမြန်းလိုက်သည်။

"အဲဒီရေခဲပိုးထည်စကို ဘယ်ကနေ ဝယ်ယူခဲ့တာလဲ..."

ကျူးလင်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ပြောလိုက်သည်။

"ကျွန်မ ဒီရေခဲပိုးထည်စကို ဝယ်ခဲ့တာ မဟုတ်ပါဘူး...”

“အရင်တုန်းက ပျင်းနေတာနဲ့ ကိုယ်တိုင် ရက်လုပ်ထားခဲ့တာပါ... အိမ်ကနေ ထွက်လာတုန်းက ယူဖို့ မေ့ကျန်ခဲ့လို့ အစ်ကိုတော်က အထုပ်အပိုးတွေထဲ ထည့်ပေးလိုက်တာ..."

သူမ၏ အဖြေကို ကြားရသောအခါ ထန်ပိုင်မှာ ဆွံ့အသွားရလေသည်။

သူသည် ကျူးလင်ကို ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

'ဒီမိန်းကလေးကျူးကတော့ တကယ့်ကို ထူးခြားဆန်းပြားတဲ့ လူတစ်ယောက်ပဲ...'

ကျူးလင်သည် သူ သူမ၏စကားကို မယုံကြည်ကြောင်း ရိပ်မိသဖြင့် ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ဆက်မပြောတော့ချေ။

သူတို့ ၁၀ ထပ်သို့ ရောက်ရှိသွားသောအခါ ထန်ပိုင်က ပြောလိုက်သည်။

"မိန်းကလေးကျူး... မင်းဆီမှာ ရေခဲပိုးထည်စတွေ ကျန်သေးလား..."

သူမက ခေါင်းညိတ်ပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်မဆီမှာ နည်းနည်း ကျန်ပါသေးတယ်..."

ပုံမှန်အားဖြင့်ဆိုလျှင် လူအများစုသည် တစ်ဖက်လူအား ထိုအထည်စကို လိုချင်သလားဟု မေးမြန်းကြမည် ဖြစ်သော်လည်း ကျူးလင်ကမူ ထန်ပိုင်၏ မေးခွန်းကိုသာ ဖြေဆိုပြီးနောက် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

ထန်ပိုင်မှာ ဆက်မေးရန် အနည်းငယ် ရှက်ရွံ့နေသော်လည်း လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီးနောက် မေးလိုက်သည်။

"မိန်းကလေးကျူး... အဲဒီအထည်စကို ရောင်းဖို့ရှိမလား..."

သူ့စကားကို ကြားရသောအခါ ကျူးလင်က လှည့်ကြည့်လိုက်ရင်း မေးလိုက်သည်။

"ဗိုလ်ကြီးထန်... ရှင် ရေခဲပိုးထည်စကို လိုချင်လို့လား..."

အထူးတပ်ဖွဲ့၏ ဗိုလ်ကြီးတစ်ဦး ဖြစ်သည့်အားလျော်စွာ ထန်ပိုင်သည် လျှို့ဝှက်တာဝန်များကို ထမ်းဆောင်ရန် အပြင်သို့ မကြာခဏ ထွက်ရလေ့ရှိသည်။

သူသည် သဘာဝလွန်စွမ်းအားရှင်တစ်ဦးဖြစ်သဖြင့် သာမန်လူများထက် ပိုမိုခံနိုင်ရည်ရှိသော်လည်း ပြင်းထန်သော အပူရှိန်နှင့် ရေပြတ်လပ်မှုဒဏ်ကိုမူ အလူးအလဲ ခံစားရဆဲပင် ဖြစ်သည်။

အကယ်၍ သူသည်လည်း ကျူးလင်ကဲ့သို့ ဝတ်ရုံမျိုးရှိပါက တာဝန်ထမ်းဆောင်ရန် အပြင်ထွက်သည့်အခါ ဒုက္ခနည်းပါးသွားပေလိမ့်မည်။

သူမ ဝတ်ဆင်ထားသော ရေခဲပြာရောင်ဝတ်ရုံအနီးသို့ ကပ်သွားချိန်တွင် ခံစားလိုက်ရသည့် သက်တောင့်သက်သာရှိမှုကို ပြန်လည်တွေးတောမိရင်း ထန်ပိုင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟုတ်ပါတယ်..."

သူ၏ တည်ငြိမ်သော မျက်ဝန်းများအောက်တွင် ဖုံးကွယ်ထားသည့် မျှော်လင့်တောင့်တမှုကို ရိပ်မိလိုက်သဖြင့် ကျူးလင်က ခဏမျှ စဉ်းစားပြီးနောက် ရေခဲပိုးထည်စတစ်လိပ်ကို ထုတ်ယူလိုက်သည်။

ဤအထည်စလိပ်မှာ သူမ၏ အဖွဲ့ဝင်များအတွက် ဝတ်ရုံ ၅ ထည် ချုပ်လုပ်ပြီးနောက် ကကလေးငယ်များအတွက် အဝတ်အချို့ ဖြတ်တောက်ပေးပြီး ကျန်ရှိနေသော အပိုင်းအစ ဖြစ်သည်။

သူမက ရေခဲပိုးထည်စကို ထန်ပိုင်ထံ ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။

"ဗိုလ်ကြီးထန်... ဒါက ကျွန်မရဲ့ အဖွဲ့ဝင်တွေအတွက် ဝတ်ရုံတွေ ချုပ်ပြီး ကျန်တဲ့ရေခဲပိုးထည်စပါ... ရှင် စိတ်မရှိဘူးဆိုရင် ဒါကို လက်ခံပေးပါ..."

ကျူးလင်က ရေခဲပိုးထည်စလိပ်ကို သူ့ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သောအခါ ထန်ပိုင်သည် မိမိပတ်ဝန်းကျင်ရှိ အပူချိန် ရုတ်တရက် ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။

အေးမြပြီး သက်တောင့်သက်သာရှိလှသော အပူချိန်ကို ခံစားလိုက်ရသဖြင့် ထန်ပိုင်၏ မျက်လုံးများမှာ ရေခဲပိုးထည်စပေါ်သို့သာ စူးစိုက်ကျရောက်သွားတော့သည်။

အထည်စလိပ်၏ အထူကို ကြည့်ရသလောက် အနည်းဆုံး ၃၀ မီတာကျော်ခန့် ကျန်ရှိနေသေးသည်။

ဤမျှများပြားသော အထည်စများဖြင့်ဆိုလျှင် ပစ္စည်းကို ချွေတာရန်အတွက် လည်စည်းပဝါများ ပြုလုပ်ကာ သူ၏ အဖွဲ့ဝင်များကိုပါ ဝေငှပေးနိုင်ပေလိမ့်မည်။

အပူချိန်ကို အနည်းငယ်မျှ လျှော့ချပေးနိုင်ရုံမျှဖြင့် သူတို့အတွက် လုံလောက်ပြီ ဖြစ်သည်။

ကျူးလင် လှေကားထစ်များအတိုင်း ဆင်းသွားပြီးနောက်မှ ထန်ပိုင်သည် သတိပြန်ဝင်လာကာ သူမနောက်သို့ အပြေးအလွှား လိုက်သွားလေသည်။

သူသည် ကျူးလင်ကို ကြည့်ရင်း မေးလိုက်သည်။

"မိန်းကလေးကျူး... ဒီအထည်စတစ်လိပ်ကို ဘယ်လောက် ကျသင့်ပါလဲ..."

ကျူးလင်က သူ့ကို လှည့်မကြည့်ဘဲ ပြန်လည်ဖြေကြားလိုက်သည်။

"ဒါက လက်ဆောင်ပါ... ဗိုလ်ကြီးထန်အနေနဲ့ စိတ်အေးလက်အေးပဲ လက်ခံလိုက်ပါ..."

စစ်သားတစ်ဦး ဖြစ်သည့်အားလျော်စွာ သူသည် မည်သူ့ထံမှ လာဘ်လာဘ သို့မဟုတ် လက်ဆောင်များကို တစ်ခါမျှ လက်မခံခဲ့ဖူးချေ။

သူသည် အလွန်ပင် နှမြောတသ ဖြစ်နေသော်လည်း ပြတ်သားစွာ ပြောလိုက်သည်။

"မိန်းကလေးကျူး... ကျုပ် ဒါကို လက်မခံနိုင်ပါဘူး..."

ကျူးလင်က လှည့်ကြည့်လိုက်ရာ သူ၏ တည်ကြည်လေးနက်သော မျက်နှာပေးကို မြင်တွေ့လိုက်ရသည်။

နောင်တစ်ချိန်တွင် သူတို့၏ ကိုယ်ပိုင်စခန်းကို တည်ထောင်ရန်အတွက် ရှို့ဝူအနေဖြင့် ထန်ပိုင်၏ အကူအညီနှင့် အဆက်အသွယ်များကို လိုအပ်နိုင်သည်ဟု တွေးတောမိသဖြင့် သူမက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဗိုလ်ကြီးထန်က ကျွန်မကို အရင်က ကူညီပေးခဲ့ဖူးပါတယ်... ဒီရေခဲပိုးထည်စလိပ်ကို မိတ်ဆွေတစ်ယောက်ဆီက ပေးတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ...”

“တကယ်လို့ ဗိုလ်ကြီးထန်က ကျွန်မကို မိတ်ဆွေတစ်ယောက်လို့ သတ်မှတ်တယ်ဆိုရင်ပေါ့..."

ကျူးလင်က ဤမျှအထိ ပြောဆိုလာသဖြင့် ထန်ပိုင်သည်လည်း ရေခဲပိုးထည်စကို ပြန်ပေးရန် ဇွတ်မတောင်းဆိုတော့ချေ။

သူသည် သူမကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ရိုးသားစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေးကျူး...တကယ်လို့ ကျုပ်ရဲ့ အကူအညီ လိုအပ်တာမျိုး ရှိရင်လည်း အချိန်မရွေး ပြောပါ..."

ကျူးလင်သည် ဤစကားကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

သူမက ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"ကောင်းပါပြီ..."

ထို့နောက် သူတို့နှစ်ဦးသည် တိုက်ခန်းအဆောက်အအုံအတွင်းမှ ထွက်လာခဲ့ကြပြီး အဆောက်အအုံရှေ့တွင် စောင့်ဆိုင်းနေသော စစ်သုံးယာဉ်ပေါ်သို့ တက်လိုက်ကြသည်။

မိနစ် ၂၀ ကျော်ခန့် မောင်းနှင်ပြီးနောက် သူတို့သည် ထောက်ပံ့ရေးဌာနခွဲ၏ ဂိုဒေါင်သို့ ရောက်ရှိလာခဲ့ကြလေသည်။

ကားပေါ်မှ ဆင်းပြီးနောက် ထန်ပိုင်က ပြောလိုက်သည်။

"မိန်းကလေးကျူး... ဒီဘက်ကို ကြွပါ..."

ကျူးလင်သည် ထောက်ပံ့ရေးဌာနခွဲ၏ နောက်ဘက်ဧရိယာတွင် တည်ရှိသော ဂိုဒေါင်ဆီသို့ သူ၏နောက်မှ လိုက်ပါသွားခဲ့သည်။

သူတို့ ထိုနေရာသို့ ရောက်ရှိသွားသောအခါ စုန့်ချန်စုသည် ကျန့်ရိမုနှင့်အတူ ဂိုဒေါင်ရှေ့တွင် စောင့်ဆိုင်းနေနှင့်ပြီး ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

မျိုးစေ့များကို ကိုယ်တိုင်ကိုယ်ကျ အမျိုးအစားခွဲခြားပြီး ရေတွက်ရန် လိုအပ်သဖြင့် ယခုတစ်ကြိမ်တွင် ထောက်ပံ့ရေးဌာနခွဲနှင့် အကူအညီပေးရေးဌာနခွဲတို့သည် အထူးတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

မတူညီသော ဌာနခွဲများမှ ဗိုလ်ကြီးသုံးဦး တစ်ပြိုင်နက်တည်း ပူးပေါင်းလုပ်ဆောင်ရခြင်းမှာ အလွန်ရှားပါးလှသဖြင့် သူတို့သုံးဦးကို ကြည့်ရင်း ကျူးလင်က မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

ဗိုလ်ကြီးသုံးဦးကို တစ်ပြိုင်နက်တည်း တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း ကျူးလင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။

သူတို့နှစ်ဦး ရောက်ရှိလာသည်ကို မြင်သောအခါ စုန့်ချန်စုက ကျူးလင်ကို ပြုံးပြရင်း ပြောလိုက်သည်။

"မိန်းကလေးကျူး... မတွေ့ရတာ ကြာပြီနော်... နေကောင်းရဲ့လား... ကျုပ်တို့ စခန်းမှာ နေရတာ အဆင်ပြေရဲ့လား..."

ကျူးလင်က သူ့ကို ခေါင်းညိတ်ပြလိုက်ရင်း ယဉ်ကျေးစွာ ပြောလိုက်သည်။

"ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်... ကျွန်မ နေကောင်းပါတယ်..."

သူမက သူ၏ ပထမဆုံးမေးခွန်းကိုသာ ဖြေဆိုသည်ကို သတိပြုမိလိုက်သဖြင့် စုန့်ချန်စုက စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။

"မျိုးစေ့တွေအားလုံး ဂိုဒေါင်ထဲမှာ ရှိပါတယ်... မိန်းကလေးကျူး အရင်ဆုံး စစ်ဆေးကြည့်နိုင်ပါတယ်..."

သူ ပြောပြီးနောက် စစ်သားများက ဂိုဒေါင်တံခါးကို ဖွင့်ပေးလိုက်ကြသဖြင့် သူတို့အားလုံး ဂိုဒေါင်ထဲသို့ လျှောက်လှမ်းဝင်ခဲ့ကြသည်။

သူမ၏ ဘေးတွင် ယှဉ်တွဲလျှောက်လှမ်းရင်း ကျန့်ရိမုက မျိုးစေ့စာရင်းကို ကမ်းပေးကာ ပြောလိုက်သည်။

"ဒါက မျိုးစေ့စာရင်းပါ... မိန်းကလေးကျူး အရင်ဆုံး စစ်ဆေးကြည့်ပါဦး..."

ကျူးလင်သည် ဤကမ္ဘာ၏ စာပေများကို မဖတ်တတ်သေးသဖြင့် ယဉ်ကျေးမှုအရ စာရင်းကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ကျန့်ရိမုထံသို့ ပြန်လည်ပေးအပ်လိုက်သည်။

သူမက စာရင်းကို ပေါ့ပေါ့ပါးပါးသာ ကြည့်ရှုသည်ကို မြင်တွေ့ရသဖြင့် ဗိုလ်ကြီးသုံးဦးမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့သုံးဦးသည် သူမ၏ ပြုမူပုံကြောင့် ဇဝေဇဝါ ဖြစ်နေကြစဉ်မှာပင် ကျူးလင်သည် မြင့်မားစွာ ပုံထားသော မျိုးစေ့အိတ်များဆီသို့ လျှောက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

All Chapters