တာဝန်…
Vol. 015 Ch. 732
မကျေမချမ်း စိတ်ဝိညာဉ်က ဝမ်လင်း၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သို့သော် ၎င်း၏ မျက်လုံးများက အေးစက်မှုနှင့်သာ ပြည့်နေ၏။ ၎င်းက နှစ်ရာချီ မကျေမချမ်းဖြစ်မှုကို ဝမ်လင်းအား တစ်ခါတည်း ခံစားလိုစေသည့် သဘောဖြင့် ဝမ်လင်းလက်ချောင်းကို ကိုက်ခဲထားသည်။
ဝမ်လင်းက ထိုမကျေမချမ်းစိတ်ဝိညာဉ်ကလေးငယ်ကို အချိန်အတန်ကြာ ကြည့်နေပြီးနောက် သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ထိုမကျေမချမ်းဖြစ်မှုက သူ့ခန္ဓာကိုယ်အပေါ်သက် ရောက်ခြင်းခြင်းတော့ မရှိပေ။ သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးက ယင်းမကျေမချမ်းဖြစ်မှုကို ပယ်ဖျက်ပစ်နေသောကြောင့်ပင်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ မရေမတွက်နိုင်သောအတားအဆီးများက ထိုအနက်ရောင်မြူပတ်လည်၌ ပေါ်လာခဲ့သည်။ ကောင်းကင်ဘုံသက်တော်စောင့်ကို ပြန်ရုတ်သိမ်းလိုက်ရင်း အတားအဆီးများကလည်း ရုတ်တရက် ကျုံ့လာခဲ့၏။
သည်မြူကလည်း ကျုံ့လာကာ နောက်ဆုံးတွင် အတားအဆီးဖြင့် လုံးဝ ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။
အဆုံးသပ်၌ ဝမ်လင်းက အထဲ၌ ကလေးငယ်ရှိနေသော အတားအဆီးလုံးကို သူ့နဖူးထက်သို့ ဖိနှိပ်ကာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲသို့ သိမ်းဆည်းထားလိုက်သည်။ သူက သူ့မူလစိတ်ဝိညာဉ်ကို အပိုင်းတစ်ခုခွဲကာ ပုတီးစေ့ထဲသို့ ထည့်သွားပြီး ကလေးငယ်၏ ဆက်လက်ကြီးထွားလာမည့် မကျေမချမ်းဖြစ်မှုကို ပပျောက်စေရန် ပြုလုပ်လိုက်သည်။
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အဖေက ခုလက်တစ်ကမ်း လုပ်ရမယ့် ကိစ္စကို ဖြေရှင်း ပြီးသွားရဲ့ မင်းရဲ့ မကျေမချမ်းဖြစ်မှုကို ပပျောက်စေဖို့အတွက် တံခါးပိတ်ကျင့်ကြံတော့မယ်။ ဖျင်အာ…စိတ်မပူပါနဲ့…”
ထို့နောက် သူ့ညာလက်ကို ဆန့်ထုတ်ကာ လေးခုမြောက်စိတ်ဝိညာဉ်ကို ဖမ်းယူလိုက်ကာ စိတ်ဝိညာဉ်တစ်ကုဋေအလံထဲသို့ ထည့်သွင်းလိုက်လေ၏။
“ဆရာသွန်းထျန်…တပည့်က လေးခုမြောက်စိတ်ဝိညာဉ်ရဲ့စွမ်းအားကို ပြန်ယူဆောင်ပေးပြီးပါပြီ။ စိတ်ဝိညာဉ်တစ်ကုဋေရဲ့ အစစ်အမှန်စွမ်းအားက နောက်တစ်ဖန် ပြန်ပေါ်ထွက်လာတော့မှာပါ…”
သည့်နောက် ဝမ်လင်း အကြည့်က အကွာအဝေးတစ်ခုရှိ မြို့ပေါ်သို့ ကျရောက်လို့သွားသည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ထွက်လာခဲ့…”
စွန်ရှီက မြို့ထဲကနေ ဂရုတစိုက် ပျံသန်းထွက်လာ၏။ သူက စောနက တိုက်ပွဲကို ကိုယ်တိုင် မြင်ခဲ့ရပေသည်။ လျိုမေ၏ မသတီစရာနည်းလမ်းဖြစ်စေ သို့မဟုတ် ဟွမ်မိသားစုဘိုးဘေး ရောက်ရှိလာမှု ဖြစ်စေ ထိုအခြင်းအရာ နှစ်ခုလုံးက သူ့စိတ်နှလုံးကို ကဗြောင်းကဗျန် ဖြစ်သွားစေခဲ့၏။
သူ့ကျင့်ကြံမှုအဆင့်က နိမ့်ကျသွားခြင်းကြောင့် သူက ဝမ်လင်းနှင့် ရင်ဆိုင်ရချိန်တွင် သူ့နှလုံးသားက တဖျပ်ဖျပ် လှုပ်ခါ ကြောက်လန့်နေမိ၏။
“စီ…စီနီယာ…”
ဝမ်လင်းက စွန်ရှီကို ကြည့်သည်။
သည့်နောက် သက်ပြင်းချကာ ဆို၏။ “အကိုစွန်…ဒီလိုလုပ်ဖို့ မလိုပါဘူး…”
စွန်ရှီက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက အသက်ဝဝရှူသွင်းကာ လက်နှစ်ဖက်ယှကင ခါးသီးစွာပြောလိုက်သည်။ “ရှု…အကိုရှု…ငါတို့သုံးယောက်လုံးက သင့်ကို ဒီကိစ္စထဲ ဆွဲမထည့်ခင် ငါတို့ရဲ့ကိုယ်ပွားကိစ္စကို ဖုံးကွယ်ထားခဲ့ပါတယ်…ငါ…”
ဝမ်လင်းက ကြားဖြတ်ကာ ခပ်တိုးတိုး ပြောလာ၏။ “ထားလိုက်တော့…ငါတို့ ဒီကိစ္စကို မပြောဘဲ နေကြရအောင်။ ရွင်မိသားစုဘိုးဘေးနဲ့ အပူအပင်မဲ့ကျောက်တို့ကလည်း ခုချိန်မှာ လုံခြုံနေပြီ မလား…”
စွန်ရှီက မြန်ဆန်စွာ ပြောလိုက်သည်။ “ရွင်မိသားစုဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ရာချီကတည်းက ကိုယ်ပွားတစ်ခု ပြုလုပ်ခဲ့တယ်။သူက ရွင်ယွမ်ဂြိုဟ်ကနေ ထွက်သွားခဲ့ပြီး ဖြစ်တယ်။ သူဘယ်နေရာမှာ ရောက်နေလဲတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ သူက ပြဿနာရှိမှာ မဟုတ်ဘူးလို့ ငါယုံကြည်ပါတယ်။ ကျောက်ချူဝမ်ကတော့ သူကလည်း ကိုယ်ပွားတစ်ခု သန့်စင်မွန်းမံနိုင်ခြင်း မရှိပေမဲ့လည်း သူ့မှာ သူ့မူလစိတ်ဝိညာဉ်ကို ခွဲထုတ်နိုင်တဲ့ ထူးဆန်းတဲ့ မန္တာန်အချို့ ရှိနေတယ်။ငါကတော့ သူလည်း ရွင်ယွမ်ဂြိုဟ်ကနေ အချိန်အတန်ကြာကတည်းက ထွက်သွားပြီလို့ ထင်တယ်…”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “ငါက မင်းတို့ သုံးယောက်စီက ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေ လက်ခံခဲ့ပြီး ဖြစ်တယ်။ ငါက သူတို့နှစ်ယောက် ဘယ်နေရာမှ ရှိနေမှန်း မသိပေမဲ့ သူတို့မိသားစုကို ရာစုနှစ်တစ်ခုကြာ လုံခြုံအောင် ထိန်းသိမ်းပေးမယ်။ ဒီလိုနည်းနဲ့ ငါ့တာဝန်က ပြီးဆုံးပြီ…”
စွန်ရှီက ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလာ၏။ “အကိုရှု…သူတို့အစား ငါ သင့်ကို ကျေးဇူးတင်ပါတယ်…”
ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၏။ သူ့အကြည့်က ကြယ်များကို ထွင်းဖောက်ကာ ပုံရိပ်တစ်ထောင်ဂြိုဟ်အထိ ရောက်ရှိသွားသည့်အလား ထင်မှတ်မှားရ၏။ သူက ခိုင်မာစွာ ဆိုသည်။ “ဟွမ်မိသားစုက ဆက်ပြီး မတည်ရှိတော့ဘူး…”
ဤအရာက ဝမ်လင်း၏ မောက်မာခြင်းမဟုတ်ပေ။ သူ့စိတ်ထဲ၌ ပေါ်လာသည့် ရူးသွပ်ဖွယ် အတွေးသာ ဖြစ်၏။သူ လျိုမေ့ကို သတ်ခြင်းအား တားဆီးသူမှန်သမျှ သေဆုံးရပေမည်။
စွန်ရှီခန္ဓာကိုယ်က တုန်ယင်သွား၏။သူက ဝမ်လင်းခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသော သတ်ဖြတ်ချင်စိတ်ကို ခံစားမိ၏။ ထိုသတ်ဖြတ်ခြင်း စိတ်ဆန္ဒက အားကောင်းလွန်းလှရာ ပေါက်ကွဲထွက်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးတွင် သွေးလွှမ်းရပေမည်။
စွန်ရှီကျင့်ကြံမှုအဆင့်က အလွန်နိမ့်ပါးနေခဲ့ပြီ ဖြစ်၏။ ထိုအခိုက်အတန့်၌ သူ့နှလုံးသားက တုန်ယင်နေကာ ချက်ခြင်း ခေါင်းငုံ့မိသွားသည်။ သူက ဝမ်လင်းကို ကြည့်ဝံ့ခြင်းပင် မရှိတော့ချေ။
ဝမ်လင်းက ခေါင်းငုံ့ကာ စွန်ရှီကို ကြည့်၍ ပြောလိုက်၏။ “စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်အောက် ကျင့်ကြံခြင်းက ဘာနားလည်မှုမှ မလိုဘူး။ လုံလောက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်ရှိတာနဲ့ သင့် ကျင့်ကြံမှုအဆင့်ကို မြင့်တက်အောင် လုပ်နိုင်လိမ့်မယ်။ သင်က မူလခန္ဓာကိုယ်နဲ့ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့တဲ့အတွက် သင့်ကိုယ်ပိုင် နားလည်မှုလည်း ရှိပြီးသား ဖြစ်တယ်။ငါက သင့်ကို စဦးစိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်ရောက်အောင် ကူညီပေးနိုင်တယ်။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းနဲ့ အထက်အဆင့်တွေကိုတော့ သင့်ဘာသာ ချိုးဖျက် ဝင်ရောက်ရလိမ့်မယ်။ ဒီလိုနည်းနဲ့ သင်က အာဏာတက်ခြင်းအဆင့်ကို ပြန်ရောက်နိုင်လိမ့်မယ်…”
စွန်ရှီက တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် မချင့်ပြုံးပြုံး၍ ဆိုလာ၏။ “ငါက အာဏာတက်ခြင်းအဆင့်ကို ရောက်ခဲ့တာက ငါ့ကံကောင်းမှုကြောင့်လည်း ပါတယ်။ ငါက ဒီအဆင့်ကို ရောက်ဖို့ သေခြင်းရှင်ခြင်းစမ်းသပ်ချက်ကို ထပ်ပြီး ကျော်ဖြတ်ဖို့ သတ္တိမရှိတော့ဘူး…”
အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် ဖြတ်ကျော်ရသည့် သေခြင်းရှင်ခြင်းစမ်းသပ်ချက် အကြောင်းတွေးမိသည်နှင့် ဝမ်လင်းက သက်ပြင်းချကာ ပြောလာသည်။ “အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့တော့ ငါ မကူညီပေးနိုင်ဘူး။ အများစုံး သင့်ရဲ့ နားလည်မှုကြောင့် ငါက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ရောက်အောင်တော့ ကူညီပေးနိုင်တယ်။ဒါပေမဲ့လည်း ဒါက အဆင့်ရှစ်ကျင့်ကြံခြင်းဆေးလုံး လိုအပ်ပြီး သင့်ကျင့်ကြံမှုအဆင့်က ထာဝရ အဲ့အဆင့်မှာပဲ တန့်သွားလိမ့်မယ်…”
ခုချိန်တွင် ဝမ်လင်း၌ အဆင့်ရှစ်ဆေးလုံး ရှိနေပေ၏။သူ့ထိန်းချုပ်မှုအောက်၌ သူက စွန်ရှီကို ထိုဆေးလုံး၏ အကျိုးသက်ရောက်မှုကို ခံနိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိနေပေသည်။
စွန်ရှီက အံတင်းတင်း ကြိတ်၍ ဆိုလာသည်။ “အကိုရှု…ငါက အဲ့တာကိုပဲ ရွေးချယ်ပါ့မယ်…”
ဝမ်လင်းက စကားဆက်၍ မဆိုတော့ပေ။ သူက ညာလက်ကို မြှောက်ကာ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်၏။ ထိုအခါ ကောင်းကင်က ရုတ်တရက် နက်မှောင်လာပြီး တစ္ဆေလောကမြစ်ကလည်း ပေါ်ထွက်လာကာ ကမ္ဘာလောကအား လွှမ်းခြုံလာ၏။
စွန်ရှီ၏ ကျင့်ကြံမှုအဆင့်ကို တိုးမြင့်ရန် စိတ်ဝိညာဉ်စွမ်းအင်များစွာ လိုအပ်ပေ၏။ဝမ်လင်းက ထိုအရာကို သူကိုယ်တိုင် လုပ်နိုင်စွမ်း မရှိပေ။သူက သူ့ကိုယ်ပိုင်တာအိုကို ထိန်းချုပ်၍သာ ကောင်းကင်နှင့်မြေကြီးကြားရှိ စိတ်ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်သည့်နည်းကိုသာ အသုံးပြုနိုင်သည်။
တစ္ဆေလောကမြစ်က ချဲ့ထွင်လာကာ ဝမ်လင်း၏ တာအိုစိတ်ဆန္ဒက ယင်းအထဲသို့ ဝင်ရောက်ပြီးသည့်နောက် ဂြိုဟ်တစ်ခုလုံးက တုန်ယင်လာခဲ့သည်။ ကမ္ဘာမြေအောက်ရှိ စိတ်ဝိညာဉ်သွေးကြောများက စတင် စုစည်းလာကြသည်။
ဝမ်လင်းက တိုးညင်းစွာ ပြောလိုက်သည်။ “တစ္ဆေလောကမြစ်ရဲ့ တတိယမြောက်စွမ်းရည်…တစ္ဆေလောကခွန်အား…” တစ္ဆေလောကမြစ်ထံမှ တုန်ခါသံ တစ်ခု ထွက်ပေါ်လာကာ တစ်ချိန်တည်းမှာပင် ပြင်းထန်သောစုပ်အားကပါ ထွက်လို့လာခဲ့သည်။
ဂြိုဟ်တစ်ခုလုံးက စိတ်ဝိညာဉ်စွမ်းအင်များ ဆွဲထုတ်ခြင်းခံလိုက်ရကာ တုန်ခါလာ၏။ယင်းစွမ်းအင်းများကို တစ္ဆေလောကမြစ်က စုပ်ယူလိုက်လေ၏။
ဝမ်လင်းက စွန်ရှီကို ဆွဲကိုင်လိုက်ကာ တစ္ဆေလောကမြစ်ထဲသို့ ပစ်လွှတ်၍ အော်ပြောလိုက်၏။ “မင်း မျက်လုံးကို မှိတ်ပြီး ကျင့်ကြံတော့…”
တစ္ဆေလောကမြစ်အတွင်း၌ စွန်ရှီက ညည်းတွားသံများကို ကြားရကာ သူ့စိတ်ကို တုန်လှုပ်စေ၏။ သူက မျက်လုံး အမြန်ပိတ်၍ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားလိုက်သည်။ ပေါများလှသည့် စိတ်ဝိညာဉ်စွမ်းအင်များက ရူးသွပ်ဖွယ် သူ့ကိုယ်ထဲသို့ တိုးဝင်လာ၏။
အနည်းငယ် ကြာပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ထဲမှ အဆင့်ရှစ်ဆေးလုံးကို ထုတ်ယူလိုက်သည်။သူက ဆေးလုံးပေါ်ရှိ ပျားဖယောင်းအကာကို ချေမွလိုက်သည့်အခါ ဆေးနံ့က ကြိုင်လှိုင်စွာ ထွက်ပေါ်လာခဲ့သည်။ သူက ထိုဆေးလုံးကို တစ္ဆေလောကမြစ်အတွင်းသို့ ပစ်ထည့်လိုက်ရာ လမ်းတစ်ဝက်မှာပင် ထိုဆေးလုံးက အစိမ်းရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲ၍ တစ္ဆေလောကမြစ်ထဲသို့ နစ်မြုပ်သွားသည်။
သုံးရက်ကြာမြင့်ပြီးနောက် တစ္ဆေလောကမြစ်အတွင်းမှ ရယ်မောသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ စွန်ရှီက မျက်လုံးဖွင့်လာခဲ့ကာ သူ့မျက်လုံး ဖျပ်ခနဲ လင်းလက်သွားသည်။သူ့ခန္ဓာကိုယ်က ဖျပ်ခနဲ တစ္ဆေလောကမြစ်ထဲကနေ အပြင်သို့ ခြေချလာခဲ့သည်။
သူက သူ့ကိုယ်သူ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ သူ့မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ ချက်ခြင်း ပြည့်နှက်လာခဲ့သည်။သူက အသက်ဝဝရှူသွင်းလိုက်ရာ သူ့တစ်ကိုယ်လုံး ပျော်ရွှင်မှုနှင့် ပြည့်လို့နေတော့၏။
သူက ဝမ်လင်းထံသို့ လေးနက်စွာ ဦးညွတ်၍ ပြောလိုက်၏။ “ငါက အကိုရှု အကူအညီပေးမှုကို တစ်သက်လုံး ကျေးဇူးတင်နေမှာပါ…”
သည်နေ့ရက်များအတွင်း ဝမ်လင်းက တစ္ဆေလောက မြစ်ကို ဆက်လက်၍ အသုံးပြုနေခဲ့၏။ စွန်ရှီ ထွက်ပေါ်လာသည့်အခါ တစ္ဆေလောကမြစ်ကလည်း ပျောက်ကွယ်သွားသည်။ သူက တည်ငြိမ်စွာ ဆိုလိုက်၏။ “သင့်ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်မှာပဲ၊ ဒါပေမဲ့လည်း ဒါက အကန့်အသတ်ပဲ။ သင်က ငါ့ကို ကျေးဇူးတင်စရာမလိုဘူး။ ဒါက ငါ တာဝန်ရှိလို့ လုပ်ပေးရုံပဲ…”
သူက ထိုသို့ပြောလိုက်ပြီးသည့်နောက် ဝမ်လင်းက ခေါင်းမော့ကြည့်သည်။ကောင်းကင်ကို မော့ကြည့်နေရင်းဖြင့် သူက တိုးညင်းစွာ ဆိုလာသည်။ “ဒီနေရာက ကိစ္စတွေအတွက် သင့်ကို ထားခဲ့မယ်။ မိသားစုသုံးစုရဲ့ မျိုးဆက်တွေကို အထိုင်ကျအောင် လုပ်ပေးပြီး ငါ ပြန်လာတာကို စောင့်နေပါ…”
သည့်နောက် ဝမ်လင်းက ရှေ့သို့လှမ်းကာ ကောင်းကင်ထက်သို့ တိုးဝင်သွားချေသည်။
ဝမ်လင်းက ဂြိုဟ်၏ လေထုကိုပါ ဖြတ်သန်းလာကာ ဂြိုဟ်ချိပ်ပိတ်ခြင်းအစီအရင်ကိုပါ ထွင်းဖောက် ထွက်လာခဲ့သည်။ ကြယ်သံလိုက်အိမ်မြှောင်ကာ ငွေရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ သူ့ကို ပုံရိပ်တစ်ထောင်ရှိရာဂြိုဟ်သို့ ခေါ်ဆောင်သွားတော့၏။
ငွေရောင်အလင်းတန်းက ကြယ်များကြား ဖြတ်သန်းကာ ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်သို့ ကျရောက်နေသည့် ပြင်းထန်သောသတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို သယ်ဆောင်လာခဲ့သည်။
ဝမ်လင်းက ထိုငွေရောင်အလင်းပေါ်၌ ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။ စွန်ရှီ ကျင့်ကြံနေသော သုံးရက်အတွင်း ဝမ်လင်းက သည်ရူးသွပ်ဖွယ်အစီအစဉ်ကို လုပ်ဆောင်ရန် ကြံစည်ခဲ့ပေသည်။ သူ့မျက်လုံးများက အလွန်အမင်း အေးစက်နေကာ ရှေ့တည့်တည့်သို့ ရှုကြည့်နေ၏။
“ဟွမ်မိသားစုက ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်မှာ ရှိခဲ့တာ နှစ်များစွာ ရှိနေခဲ့ပြီ။ ဒီမိသားစုရဲ့ စွမ်းအားက ရှုပ်ထွေးပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေမှာပဲ။ ဒါပေမဲ့လည်း ဒီမိသားစုမှာ ဒုတိယအဆင့်ကို ခြေချနိုင်တဲ့ ကျင့်ကြံသူတွေအများကြီး ရှိနေလိမ့်မယ်လို့ ငါ မယုံကြည်ဘူး…”
“ဒီဟွမ်မိသားစုဘိုးဘေးက လျိုမေကို ကာကွယ်ဖို့ သေချာ ပြင်ဆင်ထားတာဆိုရင် သူ့မှာ အကူအညီတစ်ခု ကျိန်းသေ ရှိရလိမ့်မယ်…။တကယ်တော့ ဟွမ်မိသားစုကသာ ပုံရိပ်တစ်ထောင်ဂြိုဟ်ရဲ့ တစ်ခုတည်းသောစွမ်းအား မဟုတ်ဘူးလေ…”
ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်တွင် ဟွမ်မိသားစုဘိုးဘေးက တိုက်ရိုက်မိသားစုဝင်များအားလုံးကို ဂြိုဟ်၏ တောင်ဘက်ပိုင်းတွင် လာရောက်စုစည်းရန် အမိန့်ပေးထားခဲ့ပြီး ဖြစ်သည်။ သည့်အပြင် သူက ဂြိုဟ်တောင်ဘက်ခြမ်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် မိသားစုအကာအကွယ်အစီအရင်ကိုပါ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ကာ ဂြိုဟ်၏ တောင်ဘက်ပိုင်းတစ်ခုလုံးက အလင်းမျက်နှာပြင် အကာအရံထဲ၌ ရှိလို့နေသည်။
သို့ရာတွင် ဟွမ်မိသားစုဝင်များက များပြားလွန်းလှ၏။ ထို့ကြောင့် သူတို့က အချိန်တိုအတွင်း အကုန်လုံးကို ပြန်မခေါ်နိုင်ခဲ့ပေ။ ဟွမ်မိသားစုဘိုးဘေးက စိတ်ပူပန်နေကာ စီနီယာကျင့်ကြံသူများကို မိသားစုဌာနချုပ်သို့ ပြန်ခေါ်ခဲ့ပြီ ဖြစ်သည်။
ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်တွင် မိသားစုကြီးသုံးခု ရှိ၏။ ယင်းတို့မှာ ချမ်၊ဟွမ်၊နှင့် ရှု မိသားစုတို့ ဖြစ်ကြသည်။
ထိုမိသားစု သုံးစုထဲ၌ ချမ်မိသားစုက အကြီးမားဆုံးဖြစ်ကာ ဟွမ်က ဒုတိယ၊ ရှုကတော့ နောက်ဆုံး ဖြစ်၏။
ချမ်မိသားစုတွင် ဒုတိယအဆင့်သို့ ခြေချနိုင်ခဲ့သည့်သူ စုစုပေါင်းသုံးယောက် ရှိနေပေသည်။ သည်လို ကြိးမားသည့်စွမ်းအားကြောင့် ထိုမိသားစုက ဂြိုဟ်၏ မြောက်ပိုင်းနှင့်အရှေ့ပိုင်း တို့ကို ထိန်းချုပ်လို့ထားသည်။
ဟွမ်မိသားစုတွင်တော့ ဒုတိယအဆင့်ကျင့်ကြံသူ နှစ်ယောက်ရှိသည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်သည့်အချိန် လွန်ခဲ့သော နှစ်ထောင်ချီက သေဆုံးသွားခဲ့ပြီး ဖြစ်သည်။ အခြားတစ်ယောက်ကတော့ ခုလက်ရှိ ဟွမ်မိသားစုဘိုးဘေး ဖြစ်၏။
ခွန်အားခြင်းယှဉ်လျှင် ဟွမ်မိသားစုက ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်၌ ဒုတိယအဆင့်ရှိနေရန် လုံလောက်သော စွမ်းအား မရှိတော့ပေ။ သို့ရာတွင် သူတို့မိသားစု မျိုးနွယ်က အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ ကောင်းကင်ဘုံသား တစ်ယောက်နှင့် ဆက်နွှယ်နေခဲ့ပေသည်။
ပြောကြသည်က လွန်ခဲ့သော မရေမတွက်နိုင်လောက်သော နှစ်များက မိုးကြိုးကောင်းကင်ဘုံနယ်မြေ မပျက်စီးခင် ကောင်းကင်ဘုံသား တစ်ယောက်က အမွေအနှစ်ကောင်းကင်ဘုံရတနာတစ်ခု ချန်ထားခဲ့ကာ မိသားစု၏ဌာနချုပ်တွင်လည်း အကာအကွယ် ကျောက်စိမ်းပြားတစ်ခု ချန်ထားခဲ့သည်ဟု ဆိုသည်။
ထိုကျောက်စိမ်းပြားထဲ၌ ကောာင်းကင်ဘုံသားထံမှ မန္တာန်တစ်ခု ပါဝင်၏။
ထို့အတွက်ကြောင့်လည်း ဟွမ်မိသားစုဘိုးဘေးက သူ့အဆင့်အတန်းကို ဆက်၍ ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။
ရှုမိသားစုကတော့ သူတို့၏ ကိုယ်ပိုင် ထူးဆန်းသောသဘာဝက ကျန်မိသားစုနှစ်ခုကို ကြောက်လန့်စေပေ၏။ သည်ရှုမိသားစုက တန်လင်းဂြိုဟ်မှ ကျော်ကြားလှသည့် ရှုမိသားစုနှင့် ဆက်နွှယ်နေသည်ဟု သဲလွန်စများက ညွှန်ပြနေခဲ့သည်။
တန်လင်းဂြိုဟ်က အလွန်ကြီးမားလှသည့် နောက်ခံ ဖြစ်ရာ ရှုမိသားကလည်း ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်တွင် တတိယအင်အားစုဖြစ်ရန် အတွက် ထိုက်တန်နေပေ၏။ ကံကောင်းစွာဖြင့် သည်ရှုမိသားစုက မထင်မပေါ်နေတက်ကာ ပုံမှန်အားဖြင့် ဂြိုဟ်နှင့် ပတ်သတ်သော ကိစ္စရပ်များတွင်လည်း ပါဝင် ပတ်သတ်ခြင်း မရှိပေ။သည်လိုနှင့် မိသားစုသုံးခု၏ အင်အားက တစ်စုနှင့်တစ်စုကြား ဟန်ချက်ညီညီ ဖြစ်နေခဲ့သည်။
သည်နေ့တွင် ချမ်မိသားစုမှ ဒုတိယအဆင့်သို့ ရောက်ရှိပြီးသော ဘိုးဘေးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သူ ယင်ယန်အဆင့်ကျင့်ကြံသူက ချမ်မိသားစုဌာနချုပ်ကနေ ထွက်လာကာ ကြယ်များထံသို့ ဦးတည်လာခဲ့သည်။
သူ့ပစ်မှတ်ကတော့ ဝမ်လင်းပင် ဖြစ်၏။
***