← Chapters

ချမ်ခိုင်ဇီကို တုန်လှုပ်၍ နောက်ဆုတ်စေခြင်း

Vol. 015 Ch. 733

ချမ်ခိုင်ဇီကို တုန်လှုပ်၍ နောက်ဆုတ်စေခြင်း

Vol. 015 Ch. 733

ချမ်ခိုင်ဇီက ချမ်မိသားစုဘိုးဘေးသုံးယောက်ထဲမှ တစ်ယောက် ဖြစ်၏။ သူက ဟွမ်မိသားစုဘိုးဘေးနှင့်အတူ ငယ်ရွယ်စဉ်ကတည်းက မိတ်ဆွေ ဖြစ်ခဲ့ကာ နီးကပ်သော ဆက်ဆံရေး ရှိကြသည်။ သူက အလင်းတန်းတစ်ခုကို စီးနင်းကာ ပုံရိပ်တစ်ထောင်ဂြိုဟ်ကနေ ထွက်လာခဲ့၏။ သည့်နောက် အကွာအဝေးတစ်ခုရှိ ကြယ်များကြားကို စူးစိုက်ကြည့်နေရင်း စောင့်ဆိုင်းလို့နေသည်။

သူက သည်ခရီးစဉ်တွင် ချမ်မိသားစုကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ သူ့မိတ်ဆွေ ဟွမ်မိသားစုဘိုးဘေးကိုသာ ကိုယ်ရေးကိုယ်တာ သဘောဖြင့် ကူညီခြင်း ဖြစ်သည်။ သို့ရာတွင် သူက အလာကားသပ်သပ် ကူညီခြင်းတော့ မဟုတ်ဘဲ ဟွမ်မိသားစုဘိုးဘေး၏ ရတနာများထဲမှ တစ်ခုကို မျက်စိကျမိသောကြောင့်သာ ကူညီခြင်း ဖြစ်သည်။

“ငါက ဂျူနီယာတစ်ယောက်ကို သတ်ပစ်ရုံနဲ့ ဒီရတနာကို ရနိုင်လိမ့်မယ်။ ဒီကိစ္စမှာ ပြဿနာတွေ အများကြီးတော့ ရှိနေနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီဟွမ်ဝူချင်က အမြဲတမ်း ကပ်စီးနည်းခဲ့တာ။ ဒါပေမဲ့ ခုတစ်ကြိမ်မှာတော့ သူက သိပ်ရက်ရောနေလို့ပဲ…”

ချမ်ခိုင်ဇီက အသက်လေးဆယ်ပတ်လည်လောက်သာ ထင်မှတ်ရ၏။သူ့ဦးခေါင်းထက်၌လည်း ဆံပင်ဖြူတစ်မျှင်မှ ရှိမနေပေ။ သူက ကြည့်၍ကောင်းသူ တစ်ယောက်ပင်။

“ဒီမောက်မာတဲ့ ဂျူနီယာက ကိုင်တွယ်ဖို့ ခက်ခဲကောင်း ခက်ခဲသွားနိုင်တယ်။ ဟွမ်မိသားစု အိမ်တော်မှာ ပေါ်လာခဲ့တဲ့ ကြောက်မက်ဖွယ်ဓားစွမ်းအင်က ဒီဂျူနီယာနဲ့ ဆက်နွှယ်နေရမယ်။ ငါက ဒီကိစ္စကို အထင်သေးပြီး လုပ်ဆောင်လို့တော့ မရဘူး။ ဒီဂျူနီယာ ရောက်လာတဲ့အချိန်ကြရင် ငါက သေသေချာချာ လေ့လာကြည့်မှ ဖြစ်မယ်…”

ချမ်ခိုင်ဇီက သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီးနောက် မျက်လုံးမှိတ်၍ ငြိမ်သက်စွာ ရှိနေတော့သည်။

ခုနစ်ရက်ခန့် ကြာမြင့်ပြီးသည့်နောက် ငွေရောင်အလင်းတန်းတစ်ခုက ဂြိုဟ်ထံသို့ ကြယ်ပျံတစ်စင်းအလား တိုးဝင်လာနေသည်။ ထိုငွေရောင်အလင်းပေါ်၌ ထိုင်နေရင်း ဝမ်လင်း၏ အေးစက်စက်အကြည့်က အကွာအဝေးတစ်ခုရှိ တောက်ပသော ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်သို့ ကျရောက်လို့သွားသည်။

ဝမ်လင်းက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် တိုးဝင်လာနေခြင်းပင်။ သူ့လမ်းကို လာပိတ်ဝံ့သူမှန်သမျှ သူ့ရန်သူ ဖြစ်သွားပေလိမ့်မည်။

ငွေရောင်အလင်းတန်းက ဟင်းလင်းပြင်ကို ဖြတ်သန်းလာနေရင်း ချမ်ခိုင်ဇီက မျက်လုံးဖွင့်လာကာ ဝမ်လင်းထံသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။

ဝမ်လင်းကလည် ချမ်ခိုင်ဇီကို တွေ့မြင်ပေ၏။ သူ့မျက်လုံးသူငယ်အိမ်က အနည်းငယ် ကျုံ့ကာ အေးစက်လာခဲ့သည်။

“သူက ကူညီပေးမဲ့လူ အမှန်တကယ် ရှိနေတာပဲ…”

“ဝင်လာတဲ့လူ ရပ်လိုက်…” ချမ်ခိုင်ဇီအသံက အစဦး၌ ဖျော့တော့သော်လည်း သည့်နောက် မိုးကြိုးလျှပ်စီးတန်းကဲ့သို့ မြန်ဆန်စွာ ပျံ့နှံ့လာခဲ့သည်။ဝမ်လင်း အကြည့်က ပို၍ အေးစက်လာ၏။

“ဥပဒေသကို သယ်ဆောင်တဲ့ စကားလုံးတွေ…” ဝမ်လင်း ကြယ်သံလိုက်အိမ်မြှောင်၏ ငွေရောင်လင်းက ထိုစကားလုံးများ၏ ဖိအားအောက်တွင် မှိန်ဖျော့သွားသည်ဟု ထင်မှတ်ရ၏။ ပုံမှန်အားဖြင့် ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ထိုလူ၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။သို့ရာတွင် သူက ကောင်းကင်ဘုံသက်တော်စောင့်နှင့် ပေါင်းစည်းထားသည့်အတွက်ကြောင့် ထိုလူ၏ ကျင့်ကြံမှုအဆင့်က ယင်နှင့်ယန်အဆင့်တွင် ရှိနေကြောင်း လွယ်လင့်တကူ သိလိုက်ပေ၏။

“ကောင်းကင်ဘုံသက်တော်စောင့်က ပုံရိပ်ယောင်ယင်အဆင့်မှာ ရှိနေပေမဲ့လည်း အဲ့အဆင့်ရှိ အစစ်အမှန်ကျင့်ကြံသူတစ်ယောက်နဲ့တော့ ယှဉ်နိုင်ခြင်း မရှိဘူး…”

ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့်၏ အားနည်းချက်ကို သိပေ၏။ သို့ရာတွင် ၎င်းတွင် သီးသန့်မန္တာန်များ ရှိနေခြင်းကြောင့် အားနည်းနေမည်တော့ မဟုတ်ပေ။

ချမ်ခိုင်ဇီမျက်လုံးများက တည်ငြိမ်လျက် ရှိနေကာ သူက ဖြည်းဖြည်းချင်း ဆိုလာ၏။ “မင်းက ဟွမ်မိသားစုကြောင့် လာခဲ့တာလား…” သူ့အသံက အထင်အမြင်သေးမှုတို့နှင့် ပြည့်နေ၏။

ဝမ်လင်းကလည်း ကြယ်သံလိုက်အိမ်မြှောင်ပေါ်၌ မတ်တပ်ထရပ်လာကာ ထိုလူ့ကို အေးစက်စွာ ကြည့်၍ ပြန်ပြောလိုက်သည်။ “အတိအကျပဲ…”

“လူငယ်တစ်ယောက်က မိသားစုတစ်ခုလုံးကို အမြစ်ဖျက်သတ်ချင်နေတယ်လို့ ပြောနေတယ်။ မင်းရဲ့ အကြီးအကဲက ဒီလို မလုပ်သင့်ကြောင့် မသင်ပေးခဲ့ဘူးလား။ ငါ့ကို မင်းအကြီးအကဲရဲ့ နာမည် ပြောပါ။ ငါက မင်းအကြီးအကဲနဲ့တောင် သိချင်သိနေနိုင်တယ်၊ ဒါဆိုရင် မင်းက အသတ်ခံရတာကနေ လွတ်ကောင်းလွတ်နိုင်လိမ့်မယ်…”

ချမ်ခိုင်ဇီက ဝမ်လင်းကို ကြည့်၍ သေချာလေ့လာကြည့်နေသည်။

သူ့အမြင်တွင် သည်ကောင်လေးက ဘာမှ ထူးဆန်းတာ ရှိမနေပေ။ သည်ကောင်လေး၏ ကျင့်ကြံမှုအဆင့်ကလည်း နိမ့်ပါးလှကာ အာဏာတက်ခြင်းအလယ်အဆင့်သို့ပင် မရောက်သေးပေ။ ချမ်ခိုင်ဇီမျက်လုံးများက ဝမ်လင်းခြေထောက်အောက်ရှိ အရိပ်ပေါ်သို့ ကျရောက်သွားစဉ် သူ့မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။

“ပုံရိပ်ယောင်ယင်ရုပ်သေး…” ချမ်ခိုင်ဇီ၏ အကြည့်က တည်ငြိမ်နေသေးသော်လည်း သူ့စိတ်ထဲတွင်တော့ ပင့်သက်ရှိုက်မိနေ၏။

“ဘယ်လိုမိသားစုမျိုးကများ အားကောင်းတဲ့ ယင်ယန်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ရုပ်သေးအဖြစ်ပြောင်းပြီး ဂျူနီယာတစ်ယောက်ကို ပေးထားခဲ့ရတာလဲ။ ဒါ…ဒါက တော်တော်လေး ကြောက်မက်ဖွယ် ကောင်းနေပြီ…”

ချမ်ခိုင်ဇီက ဝမ်လင်းအောက်ရှိ အရိပ်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးထဲ၌ လောဘတက်သည့် အရိပ်အယောင်တို့ ပေါ်ထွက်လာသည်။

ဝမ်လင်းက တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်၏။ “စီနီယာ…ဒါက ပုဂ္ဂိုလ်ရေး ရန်ကြွေးပါ။ ကျေးဇူးပြုပြီး ကြားမဝင်ပါနဲ့…”

ချမ်ခိုင်ဇီက စိတ်ထဲ၌ ရုန်းကန်နေ၏။ တစ်ဖက်တွင်လည်း သူက သည်ရုပ်သေးရုပ်ကို လိုချင်နေသည်။သို့သော် အခြားတစ်ဖက်တွင်လည်း သည်လူ့၏ မိသားစုနောက်ခံနှင့် ပတ်သတ်၍ စိုးရိမ်နေမိသည်။ တစ်ဖြည်းဖြည်းဖြင့် သူ့ လောဘကသာ သူ့အား ကြီးစိုးလို့သွားသည်။

သူ့အမြင်တွင် ပုံရိပ်ယောင်ယင်ရုပ်သေးရုပ်၏ တန်ဖိုးက ကြီးမားလွန်းလှ၏။ တကယ်တော့ သူက ဟွမ်မိသားစုအတွက် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ သည်ဂျူနီယာ၏ မိသားစုက ယခုကိစ္စနှင့် ပတ်သတ်၍ ရှာတွေ့သွားချိန်တွင်ပင် သူက ထိုကိစ္စကို ဟွမ်မိသားစုအပေါ်သို့ အပြစ်လွှဲချနိုင်၏။

ချမ်ခိုင်ဇီ၏မျက်လုံးက တလက်လက် ဖြစ်နေကာ သူက ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်းရဲ့ ရုပ်သေးရုပ်ကို ငါ့ရှိ ပေးလိုက်ပါ။ ဒါဆိုရင် ဒီအဘိုးအိုက ဒီကိစ္စကို ဝင်မစွက်ဖက်တော့ဘူး…”

ဝမ်လင်းမျက်လုံးက ပို၍ပင် အေးစက်သွား၏။ သူ့တွင် လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်းနှစ်ခု ကျန်ရှိနေသေး၏။

ဝမ်လင်း၏ အောက်ခြေရှိ အရိပ်က ဖျပ်ခဲ လင်းလက်သွားကာ ကောင်းကင်ဘုံသက်တော်စောင့် ပေါ်ထွက်လာ၏။ ၎င်း၏ မျက်လုံးထဲ၌ တိုက်ပွဲစိတ်ဆန္ဒ ဖြစ်ပေါ်ကာ ချမ်ခိုင်ဇီကို စူးစိုက်ကြည့်နေသည်။

ဝမ်လင်းက နှာခေါင်းရှုံ့၍ ဆို၏။ “သတ်…” ကောင်းကင်ဘုံသက်တော်စောင့်၏ မျက်လုံးက တောက်ပသွားပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးသွားသည်။ တစ်ချိန်တည်းမှာပင် သူ့လက်နှစ်ဖက်လုံးက လှုပ်ရှားသွားရဦ ဟင်းလင်းပြင်ကို စုတ်ဖြဲလိုက်သည်။

ချမ်ခိုင်ဇီ၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားခဲ့သည်။ သို့သော် သူက ထရပ်လာခြင်း မရှိဘဲ ထိုင်လျက်သာ ရှိနေဆဲ ဖြစ်၏။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်များကို ဖော်ထုတ်လိုက်သည်။သည့်နောက် မှော်စာလုံးများ တစ်ခုပြီးတစ်ခုကို ထွေးထုတ်သည်။ ယင်းစာလုံးများက သူ့အား ချက်ခြင်းဝန်းရံလာကာ စာလုံးတစ်လုံးချင်းစီက အားကောင်းသော အော်ရာကို ပေးစွမ်းရင်း ကောင်းကင်ဘုံသက်တော်စောင့် ထံသို့ နီးကပ်သွားသည်။

ကောင်းကင်ဘုံ သက်တော်စောင့်က ကောင်းကင်ဘုံအင်ပါယာချင်လင်းက ရှေးဟောင်းနတ်ဘုရားကို တုပကာ ပြုလုပ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် ၎င်း၏ စွမ်းရည်အများစုက ခန္ဓာကိုယ်ပေါ်တွင် မှီတည်ပေ၏။ သည်အခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့်၏ လက်က ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုက သူ့လက်ထဲ၌ ပေါက်ကွဲထွက်လာ၏။ သိပ်မကြာခင်တွင် ထိုရွှေရောင်အလင်းက ၎င်း၏ တစ်ကိုယ်လုံးကို ဝန်းရံသွားပြီးနောက် ရွှေရောင်လူသားတစ်ယောက်ကဲ့သို့ ဖြစ်လာသည်။သည့်နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်ချေသည်။

သည်လက်သီးချက်က ကြယ်များအကြား အသံပေါက်ကွဲမှုများကိုပင် ဖြစ်ပေါ်သွားစေသည်။ မရေမတွက်နိုင်သော အက်ကွဲကြောင်းများလည်း ပေါ်လာခဲ့ကာ ထိုလက်သီးချက်က မှော်စာလုံးများ၏ ၎င်းကြောင်းကို ပျက်စီးသွားစေ၏။

ချမ်ခိုင်ဇီ၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာကာ သူက ပြုံး၍ ပြောလိုက်သည်။ “ဒါက ခန္ဓာကိုယ်သန့်စင်ခြင်းအပေါ်မှာ စူးစိုက်ထားတဲ့ ရုပ်သေးပဲ။ ဒီအဘိုးအိုက ဒီရုပ်သေးကို ပိုင်ဆိုင်စေရမယ်…” ထိုသို့ပြောလိုက်ပြီးသည့်နောက် သူက မန္တာန်ရွတ်ဆိုမှုကို ပြောင်းလိုက်၏။ သည်တစ်ကြိမ်၌ သူ့မန္တာန်က ပို၍ အားကောင်းသော အသံများကို ထွက်ပေါ်လာစေ၏။

ချက်ခြင်းပင် မှော်စာလုံးများအားလုံးက လျှပ်စီးတန်းများကို ထုတ်လွှတ်လို့လာ၏။ မျက်စိတစ်မှိတ်အတွင်း စာလုံးများက လျှပ်စီးတန်း သောင်းချီ အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ဘုံ သက်တော်စောင့်ထံသို့ ပစ်ခတ်လာ၏။

သည်လျှပ်စီးတန်းများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့်အလားပင်။

ကြယ်သံလိုက်အိမ်မြှောင်ပေါ်တွင် မတ်တပ်ရပ်နေရင်း ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားက ပျံသန်းထွက်လာသည်။၎င်းက မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းလဲသွားကာ ဟိန်းသံပြု၍ ကြမ်းကြုတ်စွာ ထိုးထွက်လာခဲ့သည်။

ဟိန်းသံ ထွက်ပေါ်လာသည်နှင့်တူ လျှပ်စီးတန်း သောင်းချီက တန့်လို့သွား၏။ ချမ်ခိုင်ဇီပင်မှင်သက်သွားရ၏။ သည့်နောက် လျှပ်စီးများအားလုံးက စုဝေးသွားပြီး မိုးကြိုးသားရဲ၏ ဝါးမြိုခြင်းကို ခံလိုက်ရချေသည်။

မိုးကြိုးသားရဲ ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာ၏။ ၎င်း၏ မျက်လုံးထဲ၌လည်း လျှပ်စီးတန်းများနှင့် ပြည့်လို့နေသည်။

“ဒါ…ဒါက…မိုးကြိုးသားရဲ…” ချမ်ခိုင်ဇီက ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားချေသည်။ သူက မိုးကြိုးသားရဲကို စူးစိုက်ကြည့်နေရင်း ပင့်သက်ရှိုက်နေမိ၏။

“ဒါပဲ ဖြစ်ရမယ်။ ဒါ့ကြောင့် မင်းမှာ ဓားစွမ်းအင်နဲ့ ပုံရိပ်ယောင်ယင်ရုပ်သေး ရှိနေတာ ဖြစ်ရမယ်။ဘာလို့မင်းမှာ ဒီအရာတွေ ရှိနေတာလည်း ဆိုတော့ မင်းက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က တစ်စုံတစ်ယောက် ဖြစ်နေလို့ပဲ…”

ချမ်ခိုင်ဇီက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်၏။ သူက ချက်ခြင်းပင် သူ့မှော်စာလုံးများကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့နှလုံးသားထဲရှိ ရုပ်သေးအပေါ် လိုချင်နေမှုသည်လည်း ဆက်၍ မတည်ရှိတော့ပေ။

ချမ်ခိုင်ဇီအသွင်က ဖြူရောနေကာ သူက မြန်ဆန်စွာ ပြောလာ၏။ “မိတ်ဆွေလေး…ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ။ ဒီအဘိုးအိုက အဆင်အခြင်မဲ့ခဲ့ပါတယ်။ ဒါက နားလည်မှု လွဲတာပါ၊ တကယ့်ကို နားလည်မှုလွဲတာပါ…”

သူ့တွင် အားကောင်းသောကျင့်ကြံသူတစ်ယောက်၏ ဟန်ပန်ပင် ဆက်၍ မရှိတော့ချေ။

“ငါက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တစ်စုံတစ်ခုကို ဓားပြုတိုက်ဖို့ တကယ်လုပ်ခဲ့တာပဲ။ ဒါက…” ချမ်ခိုင်ဇီမျက်နှာပေါ်၌ ခါးသီးမှုနှင့် ပြည့်လို့နေလေ၏။

သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးထဲရှိ မည်သည့် မိသားစုကိုမဆို ရန်စဝံ့ပေသည်။သို့သော် သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကိုတော့ ထိုသို့ ရန်စ ဝံ့ခြင်း မရှိပေ။ သူက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်အပေါ် အနည်းငယ်မျှပင် မလေးမစား မပြုဝံ့ပေ။ သူ့အတွက် “မိုးကြိုး ကောင်းကင်ဘုံ ကျောင်းတော်” ဆိုသည့်စကားသုံးလုံးက ဘယ်တော့မှ မစော်ကားဝံ့သည့် တည်ရှိမှုမျိုး ဖြစ်နေ၏။

ပုံမှန်အားဖြင့် သူ့ကျင့်ကြံမှုအဆင့်နှင့် စိတ်အင်အားကြောင့် သူက ဝမ်လင်းကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တစ်စုံတစ်ယောက် ဖြစ်လိမ့်မည်ဟု ယုံကြည်လိမ့်မည် မဟုတ်ပေ။ သို့သော် သူ့ကို ထိုသို့ ယုံကြည်သွားစေသည့်အရာက မိုးကြိုးသားရဲ ကြောင့်ပင်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကသာ မိုးကြိုးသားရဲများ ပိုင်ဆိုင်ပေ၏။ မိုးကြိုးသားရဲက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်တစ်ယောက်၏ သင်္ကေတတစ်ခုပင် ဖြစ်နေ၏။

ချမ်ခိုင်ဇီက နှစ်သောင်းနှင့် ချီ၍ ကျင့်ကြံခဲ့သူ ဖြစ်သည်။သို့သော် သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကလွဲ၍ ကျန်သည့် တစ်စုံတစ်ယောက်ထံ၌ မိုးကြိုးသားရဲ ပိုင်ဆိုင်သည့် ဟူသော အကြောင်းကို လုံးဝ မကြားသိခဲ့ဖူးပေ။ မိုးကြိုးသားရဲက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ လူတစ်ယောက်သာ ပိုင်ဆိုင်နိုင်သည့်အရာ ဖြစ်နေပေ၏။

ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက ချမ်ခိုင်ဇီကို စူးစိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “နားလည်မှု လွဲတာလား…”

ချမ်ခိုင်ဇီက ခါးသီးစွာ ပြုံးလိုက်၏။သို့သော် သူ့စိတ်ထဲတွင်တော့ ဒေါသပုန်ထနေ၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကောင်လေးကို တွေ့လျှင်ပင် ယခုလို ပြောစရာ မလိုပေ။ ပုံမှန်အားဖြင့် သူက ယခုလိုပုံစံကို သူနှင့်အဆင့်တူများနှင့် ရင်ဆိုင်ရချိန်၌သာ ပြောတက်ပေ၏။

သို့ရာတွင် ခုချိန်၌ သူက အရင်ဆုံး သွားရောက်ရန်စခဲ့သည့်သူ ဖြစ်နေပေ၏။ သူ့စိတ်ထဲ၌ သည်ကောင်လေးက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တွင် အဆင့်အတန်းအချို့ ရှိလိမ့်မည်ဟု တွေးထင်နေမိသည်။ မဟုတ်လျှင် သူ့ထံ၌ သူ့ကို အကာအကွယ်ပေးမည့် ပုံရိပ်ယောင်ယင်ရုပ်သေး မည်သို့ ရှိနေနိုင်ပါ့မည်နည်း။

အနည်းငယ် တုံ့ဆိုင်းပြီးနောက် ချမ်ခိုင်ဇီက မချင့်ပြုံးပြုံးလာခဲ့သည်။ “မိတ်ဆွေလေး…ငါက ဟွမ်မိသားစုကို တူညီတဲ့ဂြိုဟ်တစ်ခုတည်းမှာ တူတူ ဖြစ်နေတဲ့အတွက် ဆန့်ကျင်ဘက် လုပ်လို့ မရပါဘူး။ ဒါ့အပြင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကလာတဲ့ မိတ်ဆွေလေးအတွက်လည်း ငါ့ အကူအညီလိုမယ် မထင်ဘူး။ ဒါပေမဲ့ မိတ်ဆွေလေး…ချမ်မိသားစုကတော့ ဒီကိစ္စမှာ မပါဝင်ခဲ့ပါဘူး။ ငါက ဟွမ်မိသားစုနဲ့ ပတ်သတ်သမျှကို ဖြတ်တောက် ပစ်ပါ့မယ်…”

“ငါ ကောင်းကင်ဘုံကျောက်စိမ်းပြား လိုချင်တယ်…” ဝမ်လင်းက ချမ်ခိုင်ဇီကို တည်ငြိမ်စွာ ကြည့်နေ၏။

ချမ်ခိုင်ဇီက မှင်သက်သွားသည့်ဟန်ဖြင့် ပြောလာသည်။ “မိတ်ဆွေလေးတို့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှာ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ အဲ့လောက်တောင် ရှားနေတာလား။ ကောင်းပါပြီ…ငါ ပေးပါ့မယ်…”

သူက စိတ်ထဲ၌ ခါးသီးနေမိသည်။ သူက စိတ်ထဲ၌ သည်အရာက သူ့လောဘကြီးမည်သည့်အတွက် အပြစ်ဟု တွေးနေမိ၏။သူကသာ ထိုကျောင်းတော်မှ သည့်လူကို သတ်လိုက်ပါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတစ်ခုလုံး၌ပင် သူ့ချမ်မိသားစုအတွက် နေစရာ မရှိဖြစ်သွားပေလိမ့်မည်။

“ဒီလူက ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ လိုချင်တယ်ပြောတော့…သူက အများကြီး လိုချင်တာ ဖြစ်ရမယ်။ သူက အရေအတွက် အတိအကျလည်း မပြောဘူး။ဒါ့ကြောင့် သူက ငါ့ကို ငါ့ဘာသာ ဆုံးဖြတ်စေချင်တာ ဖြစ်ရမယ်…”

ချမ်ခိုင်ဇီက အံတင်းတင်းကြိတ်ကာ သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်၏။ သူက ထိုသိုလှောင်အိတ်ကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်ချိန်၌ သူ့နှလုံးသားက ဓားနှင့် မွှန်းသလို ခံစားနေရသည်။သည့်နောက် သူက ပုံရိပ်တစ်ထောင်ဂြိုဟ်ရှိရာသို့ လှည့်၍ ပျံသန်းသွားတော့၏။

သူက ပုံရိပ်တစ်ထောင်ဂြိုဟ်ထဲသို့ ခြေချလိုက်ချိန်တွင် သူ့အသွင်က လွန်စွာနက်မှောင်လို့နေသည်။ သူက ဂြိုဟ်ထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်၌ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ဟွမ်မိသားစု၏ ပိုင်နက်တစ်ခုလုံးအား ဝန်းရံပြီး နတ်ဘုရားအာရုံဖြင့် သုန်မှုန်စွာ သတင်းတစ်ခု ပို့လွှတ်လိုက်သည်။

“ဟွမ်ဝူချင်…သင်က ငါ့ကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တစ်စုံတစ်ယောက်ကို သွားရန်စမိအောင် လုပ်ခဲ့တယ်။ ငါ ဒါကို မှတ်ထားတယ်…”

ဟွမ်မိသားစုဘိုးဘေး အိမ်တော်ထဲရှိ ဟွမ်မိသားစုဘိုးဘေးက မျက်မှောင်ကြုတ်သွားကာ နတ်ဘုရားအာရုံတစ်ခုကို ပြန်ပို့လွှတ်လိုက်သည်။

“သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က မဟုတ်ဘူး။ သူက ငါ့မွေးစားသမီးလိုမျိုး မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ ရောက်လာတဲ့သူသာ ဖြစ်တယ်…”

“အဓိပ္ပာယ် မရှိလိုက်တာ။ မင်း နတ်ဘုရားအာရုံက အလုပ်မလုပ်တော့ဘူးလား။ မင်းက မိုးကြိုးသားရဲကို မတွေ့လိုက်ဘူးလား။ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ တည်ရှိတဲ့ မိုးကြိုးသားရဲက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က တမန်တော်တွေရဲ့ သင်္ကေတ တစ်ခု မဟုတ်ဘူးလား…”

ချမ်ခိုင်ဇီက အလွန်ဒေါသထွက်နေလေ၏။ သူက တွေးနေသည်။ “ဟွမ်ဝူချင်…ဟွမ်ဝူချင်…မင်းက ငါ့ကို ဖုံးကွယ်ဖို့ ကြိုးစားနေသေးတယ်…ငါ…ဒါကို မှတ်ထားလိုက်မယ်…”

***

All Chapters